ဒီတပတ် စဉ်းစားထားတဲ့အစီအစဉ်ကတော့ မြန်မာနိုင်ငံမှာ ပုဂ္ဂိုလ်ရေးနဲ့ နိုင်ငံရေးဆိုတာ ကွဲရဲ့လား။ လူတွေဟာ ပုဂ္ဂိုလ်ကိုခင်လို့ တရားမင်တဲ့ အဖြစ်မျိုး ဖြစ်နေကြသလား။ တကယ့် နိုင်ငံရေးအသိနဲ့ လှုပ်ရှားနေကြသလား ဆိုတာ စဉ်းစားမိပါတယ်။ ကျနော်မြင်မိတာကတော့ အာဏာရှိတဲ့လူတယောက်ကိုဆိုရင် ဘယ်သူမှ မပြောရဲဘူး။ သြဇာအာဏာရှိသူဆို သူ့ရဲ့ဆန္ဒအတိုင်းသာ အကုန်လုံးဖြစ်နေတယ်။ သက်ရှိထင်ရှားကို ထားလိုက်ပါတော့။ ဗိုလ်ချုပ်အောင်ဆန်းလိုပုဂ္ဂိုလ် လူတိုင်းလေးစားတဲ့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး သူရဲကောင်းလည်း ဖြစ်ပါတယ်။ လူပုဂ္ဂိုလ်တဦးချင်းအနေနဲ့ သူ့မှာလည်း မှားတာ၊ အားနည်းတာ ရှိကောင်း ရှိမှာပေါ့။ ဆိုတော့ သူ့ရဲ့အားနည်းချက်ကို ပြောမယ်ဆိုရင် ဘယ်သူမှ မပြောရဲကြဘူး။ ပြောရင် လူတိုင်း ဆန့်ကျင်တယ်။ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို ဝေဖန်ရေးသားထားတဲ့ စာအုပ် Breakthrough in Burma ထဲမှာ ဒေါက်တာဘမော်က နည်းနည်းပါးပါး ရေးထားတာ ဖတ်ဖူးပါတယ်။ ဗမာပြည်ထဲမှာအဲဒီ စာအုပ်ကို ဖြန့်ဝေခွင့်တောင် မရှိဘူးလို့ ထင်ပါတယ်။
ဆိုတော့ မြန်မာနိုင်ငံမှာ ဒီလို လူပုဂ္ဂိုလ်ရေးနဲ့ နိုင်ငံရေး မကွဲဘူးဆိုတာရော ဆရာတို့လက်ခံပါသလား။ တကယ်လို့ အဲလိုဖြစ်နေတယ်ဆိုရင် ဒါဟာ အာဏာရှင်စနစ် ကြောင့်ဖြစ်နေရသလား၊ သို့တည်းမဟုတ် ပဒေသရာဇ် အစဉ်အလာက ဆင်းသက်လာတဲ့ မြန်မာ့ယဉ်ကျေးမှု ကြောင့်လား ဆိုတာကို ပထမဦးဆုံး ဆရာဦးဝင်းဖေရဲ့ သဘောထားကို သိချင်ပါတယ်။
ဦးဝင်းဖေ ။ ။ (၁) ကတော့ လူဆိုတာရှိနေသရွေ့ နိုင်ငံရေးနဲ့ ပုဂ္ဂိုလ်ရေး ရောထွေးယှက်တင် ဖြစ်နေမှုကတော့ ရှိနေမှာပဲလို့ ကျနော်ပြောချင်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးက ဘာလဲ၊ ပုဂ္ဂိုလ်ရေးက ဘာလဲဆိုတာကို ခွဲခွဲခြားခြား သိစေနိုင်တဲ့ ပညာရေး အသိဉာဏ်တွေ ရှိလာမယ်ဆိုရင် ရှိလာတဲ့ အတိုင်းအတာအလျှောက် အဲဒီလို ရောထွေး ယှက်တင်ဖြစ်မှုက သက်သာသွားလိမ့်မယ်လို့ ထင်ပါတယ်။
ဗမာပြည်မှာဖြစ်တာကတော့ ဘယ်လိုမှ မဆန်းပါဘူးဗျာ။ သမိုင်းကနေပြီးတော့ ဒီကနေ့ခေတ်အထိ ကျနော်တို့မှာ လူမှုရေး တည်ငြိမ်မှု၊ ဒါမှမဟုတ်ရင် နိုင်ငံရေး တည်ငြိမ်မှု၊ ဒါမှမဟုတ် စီးပွားရေးတည်ငြိမ်မှု ဘာမှ ပီပီပြင်ပြင် မရှိခဲ့ဘူးလို့ သုံးသပ်လို့ ရနိုင်ပါတယ်။ ကမ္ဘာ့အတိုးတက်ဆုံး နိုင်ငံတွေမှာတောင်မှ ပုဂ္ဂိုလ်ရေးနဲ့ နိုင်ငံရေး ရောထွေးယှက်တင် ဖြစ်နေမှုကတော့ ရှိနေတာပါပဲ။ မကောင်းတာတော့ အမှန်ပဲပေါ့ဗျာ။ ရောထွေးယှက်တင် ဖြစ်နေမှတော့ ဘယ်ကောင်းပါ့မလဲ။
ဦးကျော်ဇံသာ ။ ။ ကမ္ဘာ့နိုင်ငံတွေမှာ ရှိတယ်ဆိုပေမဲ့လည်း သူတို့နိုင်ငံမှာ ပုဂ္ဂိုလ်ရေးကို ထိန်းသိမ်းနိုင်မယ့် နိုင်ငံရေး structure ဒီမိုကရေစီစနစ်တို့၊ လွတ်လပ်စွာ ပြောဆိုဝေဖန်ခွင့်တို့ ရှိနေတော့ ထိန်းနိုင်တာပေါ့ ဆရာ၊ ဒီအပိုင်းကိုတော့ ကျနော်တို့ နောက်ပိုင်းမှာ ဆွေးနွေးကြတာပေါ့။ ဆရာ ဦးအောင်ခင်ရဲ့သဘောထားကို ကျနော် မေးချင်ပါတယ်။ ဒီလို ပုဂ္ဂိုလ်ရေးနဲ့ နိုင်ငံရေး မကွဲရတဲ့ မြန်မာနိုင်ငံရဲ့အဖြစ်ဟာ သမိုင်းအစဉ်အလာကြောင့်လား၊ လောလောဆယ် ဖြစ်ထွန်းနေတဲ့ နိုင်ငံရေးစနစ်ကြောင့်လား ဆရာ။
ဦးအောင်ခင်။ ။ ဒီမိုကရေစီဓလေ့ မရင့်သန်တဲ့နိုင်ငံတွေမှာ များသောအားဖြင့် ဖြစ်တတ်တယ်။ အနောက် နိုင်ငံတွေမှာလည်း အရင်ကတော့ ရှိခဲ့တယ်လေ။ ဒါပေမဲ့ နောက်ပိုင်းမှာ ပုဂ္ဂိုလ်ရေးနဲ့ နိုင်ငံရေး တသီးတခြား ဖြစ်သွားတယ်ပေါ့ဗျာ။ နိုင်ငံရေးလုပ်ထုံးလုပ်နည်း ရင့်သန်လာတာကိုး။ အဲဒီတော့ ဘယ်သူပဲလုပ်လုပ် ဒီ နိုင်ငံရေး လုပ်ထုံးလုပ်နည်း ရင့်သန်နေရင် လုပ်ထုံးလုပ်နည်းအတိုင်း လုပ်နေရင် လူသာပြောင်းသွားမယ် ဒီလုပ်ထုံးလုပ်နည်းက ရှိနေတာကိုးဗျ။ အဲဒီတော့ အနောက်တိုင်းဓလေ့မှာ လူကို ကိုးကွယ်တဲ့ဥစ္စာ နည်းသွားတာပေါ့လေ။
အရှေ့တိုင်းမှာရှိတယ်၊ ဗမာပြည်မှာလည်း များတာပဲ။ ဥပမာ- ဒေါ်အောင်ဆန်းစုကြည်ကိစ္စကို ကြည့်ပေါ့ဗျာ။ ၁၉၉ဝ မှာ NLD အနိုင်ရလာတာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး၊ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူလူထုက ထောက်ခံလို့ရတာ။ ဗိုလ်ချုပ်အောင်ဆန်းကို ပုဂ္ဂိုလ်ရေးအရ ကိုးကွယ်နေတာက ပြောင်းပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ ကိုးကွယ်တယ်လို့ ယူဆတာပေါ့ဗျာ။ အဲဒါလည်း ပါတာပေါ့လေ။ ဒါကြောင့်မို့လို့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံမယ့်သူ နည်းသွားအောင်ဆိုပြီး စစ်တပ်က ခင်ဗျားတို့လည်း သတိထားမိမှာပေါ့။ ဗိုလ်ချုပ်အောင်ဆန်းပါတဲ့ ရုပ်ပုံတွေ၊ ငွေစက္ကူတွေကို သိမ်းပစ်တာ။ သြဇာ ပေါ့ဗျာ။
ဒီနေရာမှာတချို့ မနုဿဗေဒပညာရှင်တွေကတော့ သြဇာနဲ့ အာဏာဆိုပြီးတော့ ခွဲထားတယ်။ ဗိုလ်ချုပ် အောင်ဆန်း မရှိတော့ပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သြဇာရှိတယ်။ အဲဒီ သြဇာကို ဆက်ခံတာက ဒေါ်အောင်ဆန်းစုကြည်ပဲ။ ဒေါ်အောင်ဆန်းစုကြည်က သြဇာရှိတဲ့ပုဂ္ဂိုလ်ပေါ့ဗျာ။ သြဇာရှိတယ်ဆိုတာ သူများကို လွှမ်းမိုးနိုင်တဲ့ပုဂ္ဂိုလ်ပေါ့။ သူရှိလို့ရှိရင် အများဆန္ဒနဲ့ ပတ်သက်တဲ့ကိစ္စ ရွေးကောက်ပွဲတုန်းက လုပ်လို့မရဘူး။ လုပ်လို့ရှိရင် မဲ ကလိမ်ကကျစ် လုပ်တဲ့နေရာမှာလည်း အခုလောက် ဖြောင့်ဖြောင့်ဖြူးဖြူး ဖြစ်မှာမဟုတ်ဘူးပေါ့။ ဒါကြောင့်မို့လို့ သူ့ကို ဒုတိယအကြိမ် ရွေးကောက်ပွဲ လုပ်တဲ့အခါကျတော့ ဒေါ်အောင်ဆန်းစုကြည် မပါအောင်လို့ တမင်တကာ ကလိမ်ကကျစ်လုပ်ပြီးတော့ ပ, ထုတ်လိုက်တာပေါ့ဗျာ။
စစ်တပ်မှာ ဆရာ - တပြည့်မွေးတဲ့ကိစ္စပေါ့ဗျာ။ စစ်ဗိုလ်တွေမှာ သြဇာမရှိဘူး။ အာဏာတော့ရှိမယ်။ သူတို့ တပြည့်တွေမွေးပြီး အားလုံးကလည်း လက်နက်ကိုင်ထားရတယ်ဆိုတော့ ကိုယ့်တပြည့်ကျမှ ကိုယ်ယုံတာ ပေါ့ဗျာ။ ဆရာသွားတဲ့အခါကျတော့ တပြည့်တွေအကုန်လုံး ထောင်ထဲရောက်တာပေါ့။ ဗိုလ်ချုပ်ခင်ညွန့်တို့ ဒီအတိုင်းပဲ။ ဆိုတော့… စောစောက စကား ပြန်ဆက်ရရင် ဒေါ်စုကို ပုဂ္ဂိုလ်စွဲအရ ကိုးကွယ်တယ်လို့ စစ်တပ်က ပြောတယ်။ အပြင်က ပြောတာတွေလည်းရှိတယ်။ ဒါက သူတယောက်ထဲ လုပ်လာတဲ့အချိန်မှာ ဒါမျိုး ဖြစ်လာတာ။ ဒါမျိုးကို ဒေါ်စုကို အခုလို မလုပ်ဘဲနဲ့ စစ်တပ်က တဘက်ကလည်း အာဏာရှင်စနစ် လုပ်ပီးတော့ နေမယ်။ ဒေါ်စု ကလည်း သူ့ရဲ့ သိက္ခာ၊ သမာဓိနဲ့ ဆက်ပြီးတော့ လူမှုရေးအရ တိုင်းပြည်အကျိုးကို သယ်ပိုးနေ မယ်ဆိုရင် သူ့ရဲ့ သြဇာကတော့ တက်လာမှာပဲ။ အဲဒီတော့ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေ မရှိအောင်၊ သြဇာ အာဏာမတက်အောင် ဘယ်လိုလုပ်မလဲဆိုလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားသြဇာရှိတဲ့ အရပ်သား ခေါင်းဆောင်တွေအားလုံးကို အစိုးရအဖွဲ့ထဲ ပါဝင်ခွင့်ပေးလိုက်လို့ရှိရင် ပုဂ္ဂိုလ်စွဲကိုးကွယ်မှုဟာ နိဂုံးချုပ် သွားလိမ့်မယ်လို့ မနုဿဗေဒ ပညာရှင်တွေက ယူဆတာပေါ့။ အင်ဒိုနီးရှားမှာကြည့်လေ။ အင်ဒိုနီးရှားမှာ အရင်တုန်းက ဆူကာနိုရဲ့သမီး သမ္မတ ဖြစ်လာတယ်။ အရင်တုန်းက သူ့ကိုကိုးကွယ်တာတွေ များတယ်။ ရာထူးရ သမ္မတဖြစ်ပြီးတဲ့နောက်ပိုင်းမှာ သူ့ကို ပုဂ္ဂိုလ်ရေးအရ ကိုးကွယ်တာတွေ ဘာတွေ မရှိတော့ဘူး။
ဦးကျော်ဇံသာ။ ။ ဟုတ်ကဲ့။ ဒီလို သြဇာကြောင့် ပုဂ္ဂိုလ်ရေး ကိုးကွယ်ခြင်းခံရတဲ့သူနဲ့ အာဏာကြောင့် ပုဂ္ဂိုလ်ရေး ကိုးကွယ်ခြင်းခံရတဲ့ နိုင်ငံရေးတွေ စင်ပြိုင်ထွန်းကားနေမယ်ဆိုရင် တိုင်းပြည်အတွက် ဘယ်လိုများ အခက်အခဲတွေ၊ အနှောင့်အယှက်တွေ ရှိနိုင်ပါသလဲ။ တချို့က တိုင်းပြည်တည်ငြိမ်မှုအတွက် ပိုတောင်မှ အထောက်အကူဖြစ်မယ်လို့ သုံးသပ်သူတွေလည်း ကြားဖူးပါတယ်။ ဆရာ ဦးဝင်းဖေ ဘယ်လိုသဘောရပါသလဲ။
ဦးဝင်းဖေ ။ ။ ကျနော်ကတော့ အဲဒီသဘောတရားကို ထောက်ခံပြီး ပြောရမှာပဲဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံရေးအရ ကျွမ်းကျင်မှုရော၊ သြဇာအာဏာရှိမှုရော- နောက်တခုတောင် ထည့်လိုက်ချင်ပါသေးတယ်။ စန်း- ဆိုပီးတော့ပေါ့ဗျာ။ ဒါတွေက အားလုံးပြည့်စုံနေရင်တော့ ပိုကောင်းတာပေါ့ဗျာ။ ဒေါ်အောင်ဆန်းစုကြည် ကိစ္စမှာ ဆိုရင် ဆရာဦးအောင်ခင် ဆွေးနွေးသွားသလို မြန်မာပြည်က ဗိုလ်ချုပ်အောင်ဆန်းကို ပုဂ္ဂိုလ်ရေးအရ ကြည်ညိုသလို သူ့သမီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပုဂ္ဂိုလ်ရေး အရ ဘာ..ညာ ဆိုတာတွေဟာ အမှန်ပါပဲ။ အဲဒီအတိုင်း ဖြစ်နေတယ်။
ဒါပေမဲ့ ကျနော်တို့က ဆန်းစစ်သင့်တာပေါ့လေ။ သူ့မှာ အရည်အသွေးအရပေါ့လေ- သူ့လုပ်ဆောင်ချက်အရ၊ သူ့အသိဉာဏ်အရ ကမ္ဘာကနေပြီးတော့ အနည်းဆုံး၊ အပေါ့ဆုံး စာလုံးနဲ့ပြောရရင် စန်းပွင့်တာပေါ့။ မြန်မာ ပြည်သူ ပြည်သားတွေ လေးစားတာ တန်ဖိုးထားတာတော့ မဆန်းဘူးပေါ့ဗျာ။ ကမ္ဘာကနေ တန်ဖိုးထားနေတယ် ဆိုတဲ့ကိစ္စကတော့ တော်တော်ဆန်းတယ်။ အဲဒီတော့ ဒါ အရည် အသွေးလည်းဖက်လာတယ်လို့ အဓိပ္ပာယ်ရ တယ်။ ကမ္ဘာကတော့ စန်းသက်သက်နဲ့တော့ မရဘူးပေါ့ဗျာ။
အဲဒီလိုဖြစ်ပြီဆိုတော့ကာ ဒါဟာ နိုင်ငံရေးအရရော၊ ပုဂ္ဂိုလ်ရေးအရရော အများက လက်ခံတယ်ပေါ့။ ကြည်ညိုတယ်၊ တန်ဖိုးထားတယ်၊ လေးစားတယ်ပေါ့ဗျာ။ သို့သော် တိုင်းပြည်တပြည်ကို အုပ်ချုပ်တယ်ဆိုတာ နိုင်ငံရေးကတော့ တစ် ပဲ ထားရမှာပဲဗျ။ နှစ်က ပုဂ္ဂိုလ်ရေးက ဒုတိယထားရမှာပဲ။ ဗမာပြည်မှာက နိုင်ငံရေးကို စနစ်တကျ သင်ပေးနေတဲ့၊ ပညာရေးပိုင်းကနေ နိုင်ငံရေးပိုင်းပါ အသိဝင်လာအောင် ဆိုပြီးတော့ ကြိုးပမ်းတဲ့ ကိစ္စတွေက တော်တော်နည်းတယ်။
ဦးအောင်ခင် ။ ။ ဦးဝင်းဖေ။ ကျနော် ဒီမယ် ကြားဖြတ်ပြီးပြောစရာရှိတယ်။ အဲဒီတော့ ယုံကြည်ချက်နဲ့ လုပ်တဲ့ နိုင်ငံရေးက မရှိခဲ့ဘူး။ ယုံကြည်ချက်နဲ့လုပ်ရင် ဒီမိုကရေစီသဘောက မူဝါဒကို ယုံကြည်တာပဲဗျ။ မူဝါဒကို ယုံကြည်ပြီး ဒီမူဝါဒအတိုင်း လုပ်တာပဲ။ ခေါင်းဆောင်က ဘယ်လောက်ပြောင်းသွားသွား၊ ဒီမူဝါဒက ကျန်နေ တယ်။ ဒီဝါဒကို ယုံကြည်သူတွေများလေ ကောင်းလေပဲ။ အဲဒီတော့ ဗမာပြည်မှာ အခုဖြစ်နေတာက ဒေါ်အောင်ဆန်းစုကြည် ဖမ်းသွားလို့ရှိရင် NLD ပါတီက သေသွားရော၊ ဒေါ်အောင်ဆန်းစုကြည်လွတ်လာရင် ပါတီ ရှင်သန်လာပြန်ရော။ အဲဒီတော့ သူတယောက်ထဲ အပေါ်မှာ မူတည်နေတဲ့ ပါတီလိုဖြစ်နေတယ်။ မူဝါဒကို ယုံကြည်တဲ့ ပါတီဖြစ်ဖို့ လိုနေတယ်ပေါ့လေ။
ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့။ အဲဒီတော့ ပုဂ္ဂိုလ်ရေးကိုအခြေခံပြီးတော့ တည်ဆောက်ထားတဲ့ နိုင်ငံတွေ ရယ်၊ တချို့အာဏာရှင်နိုင်ငံတွေမှာလည်း အဲဒီ သြဇာအာဏာရှိတဲ့လူတယောက် ကျသွားပြီးပြီဆိုရင် လူထု ပါဝင်တဲ့ နိုင်ငံရေးမဟုတ်တော့ဘူး၊ သြဇာအာဏာ လက်ပြောင်းလက်လွှဲ လုပ်ရတဲ့ကိစ္စမှာလည်း တိုင်းပြည် မတည်ငြိမ်မှု ရှိတာတွေ အများကြီးတွေ့ရပါတယ် ဆရာ။ ဆိုတော့ အဲဒီဟာတွေအတွက်ကော မြန်မာနိုင်ငံလို အခြေအနေ မျိုးမှာဆိုရင် ဘယ်လိုပြုပြင်လို့ရမလဲဆရာ။ လူထုနဲ့ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာတဲ့ နိုင်ငံရေးဖြစ်အောင်။
ဦးအောင်ခင် ။ ။ ဒီဥစ္စာ အချိန်ကြာမှာပဲ။ အခု ဒီလိုမျိုးစလုပ်တာ အနှစ် နှစ်ဆယ်လောက်ပဲ ရှိသေးတာ ကိုး။ အနှစ်နှစ်ဆယ်မှာလည်း လွတ်လပ်တဲ့အချိန်လေးရှိတယ်။ မလွတ်လပ်တဲ့အချိန်လည်းရှိတယ်။ တဖြည်းဖြည်း နဲ့တော့ ရလာမှာပဲ။ ဂျပန်မှာတောင် ဒီလိုပဲ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေရှိတာပဲ။ လူပုဂ္ဂိုလ်ကို အဓိက ထားတာ ပေါ့ဗျာ။
ဥပမာပြောရရင် အရင်တုန်းက ဂျပန်ဝန်ကြီးချုပ် အိုဘူဂျီ (Obuchi Keizō) သေသွားတဲ့အခါမှာ သူ့သမီးက အသက်အစိတ်လောက်ပဲ ရှိသေးတယ်။ ယူကို အိုဘူဂျီ (Yūko Obuchi) က သူ့အဖေနေရာမှာ ဝင်ပြီးရွေးတယ်။ တခါတည်း ရွေးကောက်ခံရတာပဲ။ ဝန်ကြီးချုပ် တာနာကာ (Kakuei Tanaka) တုန်းကလည်း ဒီလိုပဲ။ သေသွားတော့ သူ့သမီး မာကီကို (Makiko Tanaka) က ဝင်ရွေးတယ်။ ရသွားတယ်။ အဲဒီတော့ သူတို့ရဲ့ နိုင်ငံရေးယုံကြည်ချက်တွေ ဘာတွေ ပြည်သူလူထုက ဘာမှ ဂရုစိုက်တာမဟုတ်ဘူး။
ဦးကျော်ဇံသာ ။ ။ နောက်တခုက မြန်မာပြည်သူတွေကို သွားမေးလိုက်ရင် သူတို့နိုင်ငံရေးကို စိတ်မဝင်စားဘူး။ သူတို့က နေ့တဓူဝ လုပ်ငန်း၊ စား၊ ဝတ်၊ နေရေးနဲ့ လုံးပမ်းနေရတယ်ဆိုတော့ သူတို့ စားဝတ် နေရေး၊ ပင်ပန်း ရတယ်၊ လုံးပမ်းရတယ်ဆိုတဲ့ကိစ္စကို နိုင်ငံရေးနဲ့ ဆက်စပ်ပြီးလည်း မမြင်တတ်ကြပါလား။ ဆရာဦးဝင်းဖေ အဲဒါကိုရော-
ဦးဝင်းဖေ ။ ။ အဲဒါကတော့ ကျနော် စိတ်အဝင်စားဆုံးပဲဗျ။ ဒါကြောင့်မို့လို့ စောစောတုန်းက ပြောတာ။ တိုင်းပြည်တပြည်မှာ စီးပွားရေးတည်ငြိမ်မှု၊ နိုင်ငံရေးတည်ငြိမ်မှု၊ နောက်ပြီးတော့မှ လူမှုရေး တည်ငြိမ်မှု အဲဒါတွေရှိပါမှ။ မရှိလို့ရှိရင် နိုင်ငံရေးနဲ့ ကိစ္စအားလုံးကိုပေါ့လေ- သိဖို့၊ နားလည်ဖို့၊ ဗဟုသုတရှိဖို့ ဒါတွေက အခြေအနေ မပေးတော့ဘူး။ နင်းကျိုးနင်းကျော် အခြေအနေတွေဖြစ်သွားတယ်။ ဖြစ်သွားလို့ရှိရင် အသိပညာ မရဘူး။ ကျနော်ယုံကြည်တာက ထေရဝါဒ ဗုဒ္ဓဘာသာတွေယုံကြည် သလိုပဲ ပညာရေးက အရေးကြီးတာ။ ဘယ်နေရာမဆို အသိပညာက အရေးကြီးတာ။ ကျနော်တို့ တိုင်းပြည်မှာ အဲဒီလို ရောထွေးယှက်တင်တွေ ပိုပြီးတော့ ဖြစ်နေတယ်ဆိုရင် အသိပညာမလုံလောက်လို့ဖြစ်တာလို့ ကျနော်ကတော့ ဒီလိုပဲ ယုံကြည်တာပဲ။ အဝိဇ္ဇာပစ္စယာ၊ သင်္ခါရာ-ပေါ့။ မသိခြင်းကြောင့် သံသရာလည်ရော့လဟယ် ဆိုတဲ့ဟာကို ကျနော်က ယုံကြည်တဲ့သူ ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆရာဦးအောင်ခင်ရော ဘယ်လိုသဘောရပါသလဲ။ လူထုနဲ့ တိုက်ရိုက်ပတ်သက်တဲ့၊ လူထု အဓိကကျတဲ့ နိုင်ငံရေးစနစ် ဖြစ်လာအောင် အဓိက ဘာလိုတယ်ထင်ပါလဲ ဆရာ။
ဦးအောင်ခင် ။ ။ အဓိက ကတော့ လွတ်လွတ်လပ်လပ် ဥပဒေဘောင်အတွင်းက လှုပ်ရှားသွားလာနိုင်ခွင့်ပဲ။ နိုင်ငံရေးဆိုတာ ဓလေ့ပေါ့ဗျာ။ နိုင်ငံရေးဓလေ့ ကြီးထွားရှင်သန်လာဖို့ လိုတယ်။ လူတွေ တယောက်နဲ့ တယောက်နဲ့ ဆွေးနွေးတာတို့ပေါ့ဗျာ။ အဲဒါမျိုး မရှိတဲ့အခါကျတော့ သတ္တိကောင်းတဲ့ ခေါင်းဆောင်က ပြောတာလောက်ပဲ နောက်ကလိုက်ပြီး နာခံနေရတဲ့သဘော ရှိတာပေါ့။ လွတ်လွတ်လပ်လပ်ရှိမယ်ဆိုရင် ဆွေးနွေးရတာ ပိုကောင်းတာပေါ့။ အနောက်နိုင်ငံတွေမှာ လွတ်လပ်မှုရှိတဲ့အတွက် ဒီဟာတွေက တိုးတက်လာတာ။ ဗမာပြည်မှာက အရင်တုန်းက လွတ်လပ်မှုကလည်း မရှိဘူး။ နောက်တခါ ဓလေ့ကလည်း မိဘ၊ ဆရာ သမား တဂိုဏ်းတည်းထားဆိုပြီး အထက်ကလူကို ပြန်ပြီးတော့ ဝေဖန်ဖို့ စိတ်မကူးတာတို့ ဘာတို့ … အဲဒါတွေက ကျနော်တို့ကိုယ်တိုင် ကိုယ့်ဆရာသမားကို ဝေဖန်ဖို့ဆိုတာ အင်မတန် ဝန်လေးတယ်ပေါ့။
ဦးကျော်ဇံသာ ။ ။ ဆရာ ကျနော် နောက်ဆုံးမေးချင်တဲ့ issue (ကိစ္စ) တခု ကျန်ပါသေးတယ်။ အဲဒီလို သြဇာ၊ တဖက်က အာဏာတွေကို အခြေပြုပြီးတော့ လူထုကို လွှမ်းမိုးခေါင်းဆောင်နေတဲ့ ပုဂ္ဂိုလ်တွေ ရဲ့ အနားမှာ ချဉ်းကပ်ဖို့ ကြိုးစားတဲ့ သူတို့ပတ်ဝန်းကျင်က လူတွေဟာလည်းပဲ သူတို့ကိုယ်ကျိုး၊ သူတို့ ပုဂ္ဂိုလ်ရေးအတွက် ဦးတည်ပြီးတော့ ချဉ်းကပ်ကြတဲ့သူတွေ အများကြီးရှိတယ်ဆိုတာ ကြားရပါတယ်။ အဲဒီကိစ္စကိုရော ဘယ်လိုပြောမလဲခင်ဗျ။ ဆရာဦးဝင်းဖေ စပြောပေးပါခင်ဗျာ။
ဦးဝင်းဖေ ။ ။ ဒါကတော့ တိုင်းပြည်ညံ့ရင် ညံ့သလိုပေါ့ဗျာ။ အထက်ဖား အောက်ဖိဆိုတဲ့ လူတန်းစားက များတယ်ဗျ။ တိုင်းပြည်ကနေပြီးတော့ ပညာရေးအဆင့်ပေ့ါလေ၊ အသိဉာဏ်အဆင့် မြင့်ရင် အဲဒီလို လူတန်းစားကနည်းတယ်။ လူ ရှိနေမှတော့ဗျာ။ အခွင့်ထူးခံ လူတန်းစားကတော့ - အခွင့်အရေးသမားပေါ့လေ- Oppotunist ပေါ့။ အဲဒီလိုလူတွေကတော့ အမြဲရှိနေမှာပဲ။
ဦးကျော်ဇံသာ ။ ။ ဆရာဦးအောင်ခင်ရဲ့ နောက်ဆုံးမှတ်ချက်လည်း ကြားချင်ပါတယ်။ အာဏာရှိတဲ့သူ၊ သြဇာ ရှိတဲ့သူတွေရဲ့ပတ်ဝန်းကျင်မှာ ရစ်ခိုနေတဲ့သူတွေကလည်းပဲ သူတို့ကိုယ်ကျိုးစီးပွားအတွက်သာလျှင် ကပ်နေကြသလားဆိုတာကို။
ဦးအောင်ခင် ။ ။ အဲဒီလို ဝိုင်းနေတဲ့လူတွေဟာ သူတို့ ဒီ ခေါင်းဆောင်ကို ကပ်ပြီးတော့စားနေတဲ့ အသိုင်းအဝိုင်းပေါ့ဗျာ။ ဒီ sycophant လို့ခေါ်တယ်။ ဒီခေါင်းဆောင်ကလည်း သူနဲ့ တန်းတူရည်တူ ဆွေးနွေးမယ့်သူ မရှိဘူး။ မရှိတဲ့အခါကြတော့ သူကလည်း အဝေဖန်မခံနိုင်ဘူးပေါ့ဗျာ။ အဲဒီလို အဝေဖန် မခံနိုင်တာက တဆင့် ပုဂ္ဂိုလ်စွဲကိုးကွယ်မှုက ပေါက်ဖွားလာတယ်။ အာဏာရတဲ့ ပုဂ္ဂိုလ်တွေထဲမှာလည်း ဒီလိုပဲ။ အကြီးဆုံးအာဏာပိုင် ဗိုလ်ချုပ်မှူးကြီးကို ဘယ်သူမှ မဝေဖန်ဘူး။ သူကလည်း သူ့ဟာနဲ့သူ ဘုရားတဆူ ဂူတလုံး ထင်ရာမြင်ရာ လုပ်တာပေါ့ဗျာ။
အဲဒီလို အဝေဖန်မခံနိုင်တဲ့ အခြေအနေမျိုးကို ဖန်တီးပေးတာပေါ့လေ။ ပတ်ဝန်းကျင်အခြေအနေက ဖန်တီး ပေးတာ။ ဗမာပြည်မှာ ကျနော်တို့တော့ သိပ်မကြားဖူးဘူး။ ဗမာပြည်မှာ နိုင်ငံရေးစာပေတွေ ဘာတွေမှာလည်း နိုင်ငံရေးခေါင်းဆောင်တွေကို အောက်လက်က ပြန်ပြီးတော့ ဝေဖန်ဆွေးနွေးတာတို့ ဘာတို့ ရှိတော့ရှိတယ်ပေါ့ ဗျာ။ အတိုက်အခံက ဆွေးနွေးတာတို့ ဘာတို့။ ဒါပေမဲ့ သူတို့အောက်လက်က လူကပြန်ပြီး ဆွေးနွေးတာတို့ ဝေဖန်တာတို့ကတော့ မရှိသလောက်ပါပဲ။