မြန်မာနိုင်ငံမှာ အသစ်ပေါ်ပေါက်လာမယ့် အာဏာပိုင်အစိုးရအဖွဲ့အဆင့်ဆင့်မှာ အထူးသဖြင့် တရားစီရင်ရေးဖက်မှာ၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးဖက်မှာ အရပ်သားအချို့ ပါဝင်လာတဲ့အတွက် နိုင်ငံရေးမဟုတ်တောင် လူ့အခွင့်အရေးအခြေအနေ တိုးတက်ကောင်းမွန် လာလေမလားဆိုတဲ့ မျှော်လင့်ချက်ထားသူတချို့ ရှိနေပါတယ်။ တကယ်အလားအလာ ဘယ်လိုရှိလာမလဲဆိုတာကို သိရှိနိုင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေရေးရာ အကြံပေးအဖွဲ့ဝင် ရှေ့နေကြီး ဦးအောင်သိန်း၊ လူ့အခွင့်အရေး လှုပ်ရှားသူ ကိုမောင်မောင်လေး တို့ကို ဦးကျော်ဇံသာ ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ အခု မြန်မာနိုင်ငံမှာ ပါလီမန်ခေါ်ယူပြီးတော့ အဲဒီကနေ အာဏာပိုင်အဖွဲ့အစည်းမှာ တာဝန်ထမ်းဆောင်မယ့် ပုဂ္ဂိုလ်တွေအသီးသီးကို ရွေးချယ်တင်မြောက်နေတာကို ကြားသိရပါတယ်။ များသောအားဖြင့် အရင်လူတွေ - စစ်တပ်က ပုဂ္ဂိုလ်တွေ - အရပ်သားဝတ်ဝတ်ပြီးတော့ တာဝန်ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်တွေကိုပဲ နေရာပေးတာကို တွေ့ရပါတယ်။ ဒါပေမဲ့ တရားစီရင်ရေးအဖွဲ့ထဲမှာတော့ အရပ်သားတွေ။ အရပ်သားတွေဆိုပေမယ့် တကယ်တော့ တရားရေးဝန်ထမ်းဟောင်းတွေလို့ ထင်ပါတယ်။ အဲဒီလိုလူတွေ တော်တော်များများ ပါလာတာတွေ့ရတော့ ဒါဟာ လူ့အခွင့်အရေးအတွက် အားတက်စရာ၊ မျှော်လင့်စရာလို့ တွေးတဲ့လူတွေ ရှိပါတယ်။ ဆိုတော့ သူတို့တွေးတာ အတွေးမှန်ပါရဲ့လား။ သူတို့ဟာ အရပ်သားတွေကို မြင်ရခဲလို့ အရပ်သားတွေ ရှားရှားပါးပါး ပါလာခဲ့လို့ အားတက်နေကြသလား။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဆွေးနွေးလိုပါတယ်။ ဆရာဦးအောင်သိန်းရဲ့ သဘောထားကို ပထမဦးဆုံး သိချင်ပါတယ်။
ဦးအောင်သိန်း ။ ။ ကျနော်အမြင် ပြောရရင်တော့ ထိပ်ပိုင်း တကယ့်အမြင့်ဆုံးနေရာတွေမှာ တပ်ပိုင်းဆိုင်ရာ အငြိမ်းစားယူတဲ့ပုဂ္ဂိုလ်တွေက ထိပ်ပိုင်းတွေမှာရှိသလို၊ ပြည်နယ်နဲ့တိုင်းတွေမှာလည်း သင့်တော်တဲ့ သူတို့ ဥပဒေပိုင်းဆိုင်ရာ၊ တရားရုံးပိုင်ဆိုင်ရာက အငြိမ်းစားယူထားတဲ့လူတွေကို ပြန်အသုံးပြုတာများတယ်။ အဲဒီတော့ ပုလင်းဟောင်းထဲကို ရေအသန့်သစ် ထည့်မလား၊ သို့မဟုတ် ပုလင်းသစ် ရေသစ်သုံးသလားဆိုတာကို ကျနော်တို့ စောင့်ကြည့်ဖို့တော့ လိုတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တချိန်က ခေါက်ရိုးကျိုးနေတဲ့ အတွေးအခေါ်၊ အယူအဆဟောင်းတွေဟာ အထက်အမိန့်ကို နာခံပြီးတော့ ဒီတရားစီရင်ရေးကို အသုံးပြုနေတဲ့ဟာတွေကို ဆက်လက်ပြီး အဲဒီလို ကျင့်သုံးမယ်ဆိုရင် အာဂတိတရား (၄) ပါး မကင်းဘဲနဲ့ အမှုတွေကို စစ်ဆေးစီရင်အုန်းမယ်ဆိုရင် အဲဒီ တရားရေးပေါ်မှာ ယုံကြည်အားထားရမယ့် ပြည်သူလူထုရဲ့ မျှော်လင့်ထားချက်တွေဟာ ယခင်အတိုင်း မထူးခြားနား ဖြစ်မှာပဲလို့ မြင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆရာဦးအောင်သိန်းကိုပဲ ဆက်မေးချင်တာက နိုင်ငံတွေရဲ့ ဖွဲ့စည်းပုံအခြေခံတွေကို ဘယ်လောက် ဒီမိုကရေစီဆန်သလဲ၊ စနစ်ကျသလဲလို့ လေ့လာတဲ့နေရာမှာ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးဆိုတဲ့ အာဏာ (၃) ရပ်ဟာ separate ဖြစ်နေရမယ်။ separation of power လို့ ခေါ်တာပေါ့။ တရားစီရင်ရေးဟာ အုပ်ချုပ်ရေးအာဏာပိုင် လက်အောက်က ကင်းလွတ်မှု ဘယ်လောက်ရှိသလဲဆိုတာနနဲ့ တိုင်းတာကြတာကို တွေ့ရပါတယ်။ တချို့ နိုင်ငံကြီးတွေကိုတောင် ဒီကိစ္စနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်နေကြတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ အခုကျင့်သုံးမယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အဲဒီ separation of power တရားစီရင်ရေးအာဏာသည် အုပ်ချုပ်ရေးအာဏာ ကင်းလွတ်နေပါသလား။ on the paper ဥပဒေအရ ကင်းလွတ်နေပါသလား။
ဦးအောင်သိန်း ။ ။ အဲဒီလိုတော့ ကင်းလွတ်နေတယ်လို့တော့ မမြင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ check and balance policy ရှိတယ်ဆိုတဲ့ သဘောမျိုးကို ဒီနေ့ ဖွဲ့စည်းပုံမှာ အဲဒီလို မတွေ့ရဘူး။ အဲဒါကို တိတိလင်းလင်း ဖော်ပြထားတာ မရှိဘူး။ သူဟာက သီးခြား separate body လို ပုံသဏ္ဍာန်အရတော့ ဖော်ပြထားတယ်။ တယောက်နဲ့တယောက် ဘယ်လို လေ့လာစောင့်ကြည့်ပြီးတော့ ဘယ်လိုအကဲဖြတ် အသုံးပြုမယ်ဆိုတဲ့ mechanism ကိုတော့ ရှင်းရှင်းလင်းလင်း မတွေ့ရဘူး။ တရားစီရင်ရေး ယန္တရားဟာ အုပ်ချုပ်ရေးယန္တရားနဲ့ သီးခြားကင်းပြီး မှန်မှန်ကန်ကန်နဲ့ သူတို့ ဆုံးဖြတ်အသုံးပြုမယ်ဆိုရင်တော့ ပြည်သူလူထုအတွက်တော့ အားကိုးစရာ ဖြစ်မယ်။ အဲဒီလိုမှ မဟုတ်ဘဲနဲ့ တရားစီရင်ရေးဟာ အုပ်ချုပ်ရေးပေါ်လစီကို ဖော်ဆောင်ပေးရတယ်၊ ပုံဖော်ပေးရတယ် အနေအထားမျိုးဆိုရင်တော့ ဒီနေ့ တရားစီရင်ရေးက ဘယ်လိုမှ လွတ်လပ်တဲ့တရားစီရင်ရေး မဟုတ်တဲ့အတွက် ပြည်သူလူထုအတွက် အကျိုးနည်းမယ်လို့ မြင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ကိုမောင်မောင်လေး ကတော့ လူ့အခွင့်အရေး မြှင့်တင်ဖို့အတွက် ကြိုးပမ်းအားထုတ်နေတဲ့ မြန်မာနိုင်ငံအတွင်းက ပုဂ္ဂိုလ်တဦးဖြစ်ပါတယ်။ ဆိုတော့ လူ့အခွင့်အရေးဆိုတာ တရားရေးဝန်ထမ်းတွေထဲမှာ အရပ်သားပါလာရုံနဲ့ တိုးတက်မှု ရှိလာတယ်လို့ မျှော်လင့်နိုင်ပါသလား။ အရပ်သားဝန်ထမ်းတွေ များများပါလာတယ်ဆိုရုံနဲ့ လူ့အခွင့်အရေးအတွက် အလားအလာကောင်းတဲ့ အထောက်အပံ့ရော ဖြစ်နိုင်မယ်လို့ ထင်ပါသလား။
ကိုမောင်မောင်လေး ။ ။ အရပ်သားပုဂ္ဂိုလ်တွေပါလာတာကို ကောင်းတဲ့လက္ခဏာလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ စိတ်အစဉ်၊ စေတနာ၊ သူတို့ရဲ့ လုပ်ပိုင်ခွင့်အနေအထားတွေ။ နောက်တချက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုယ်၌ကိုက လူ့အခွင့်အရေးရှု့ထောင့်က ကြည့်တဲ့အခါမှာ လူ့အခွင့်အရေးတွေကို ပိုမိုခံစားရအောင်၊ လူ့အခွင့်အရေးကိစ္စတွေကို ဥပဒေကြောင်းအရသော်လည်းကောင်း၊ အုပ်ချုပ်မှုပိုင်း၊ တရားဥပဒေပြုပိုင်း၊ တရားစီရင်ရေး အာဏာတွေမှာ လူ့အခွင့်အရေးကို အခြေခံပြီး သူတို့ကျင့်သုံးနိုင်မယ်လို့တော့ လုံးဝမယုံကြည်နိုင်ပါဘူး။ လူပုဂ္ဂိုလ်တွေ ပါလာရုံနဲ့ လူ့အခွင့်အရေး ဖွံ့ဖြိုးလာမယ်လို့ မဆိုနိုင်ပါဘူး။ အဲဒီ အရပ်သားတွေကိုယ်တိုင်က လူ့အခွင့်အရေးတွေနဲ့အညီ ဆောင်ရွက်နိုင်တဲ့ အခြေအနေတွေ ဘယ်လောက်ရှိသလဲဆိုတဲ့ အမြင်က အင်မတန်အရေးကြီးပါတယ်။
ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးအခြေအနေ ပိုမိုတိုးတက်လာဖို့၊ ပိုမိုထွန်းကားလာဖို့အတွက် အခြေခံအချက်တွေက ဘာတွေများဖြစ်နေသလဲလို့ ကိုမောင်မောင်လေးတို့ လက်တွေ့လုပ်နေရင်း တွေ့ရပါသလဲ။ ဘယ်နေရာတွေကို ကောင်းအောင် လုပ်ပေးရမလဲ။
ကိုမောင်မောင်လေး ။ ။ တစ်အချက် ကျနော်တို့ လွှတ်တော်ကိစ္စတွေပြောတယ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေအကြောင်းတွေပြောတယ်။ အခု လွှတ်တော်မှာ တရားစီရင်ရေးကိစ္စတွေ၊ ရာထူးခန့်အပ်ရေးကိစ္စတွေကို ပြောကြတယ်။ ဒီလုပ်တဲ့နေရာမှာ ပြဌာန်းထားတဲ့ ဥပဒေတွေကိုယ်၌ကိုက လူ့အခွင့်အရေးတွေကို ကာကွယ်နိုင်ဖို့ မရှိပါဘူး။ အဲဒါကြောင့် အဲဒီမှာ ပြဌာန်းချက်အသီးသီး ဖွဲ့စည်းပုံအခြေခံဥပဒေမှသည်စ၍ ယနေ့လွှတ်တော် ကိုယ်စားလှယ်တွေ လွှတ်တော်ထဲမှပင် လူ့အခွင့်အရေးနဲ့ မညီတဲ့ ဥပဒေတွေကို ဖျက်သိမ်းပြင်ဆင်ဖို့ အရေးကြီးပါတယ်။ အဲဒါတွေလုပ်ပြီးနောက်မှ လူ့အခွင့်အရေး ပိုမိုဖွံ့ဖြိုးလာဖို့၊ ပိုမိုသိရှိလာဖို့၊ ကျယ်ပြန့်လာဖို့တွေကို လုပ်ဆောင်နိုင်မယ့် အခွင့်အလမ်းတွေ ရလာမှာပါ။ လက်ရှိ အခြေအနေမှာတော့ လုံးဝမမျှော်လင့်ပါဘူး။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဥပဒေမှာ ရေးပေးဖို့လိုတယ်ပေါ့။ အခု မြန်မာနိုင်ငံမှာ နိုင်ငံရေးချိုးဖောက်တယ်လို့ ပြောနေတာဟာ အဓိက တရားခံသည် စစ်တပ်လား၊ ပြည်ထဲရေးလား၊ အကျဉ်းဦးစီးလား၊ ရဲလား သို့တည်းမဟုတ် စံနစ်လား၊ သို့တည်းမဟုတ် ချမ်းသားအနှိမ့်အမြင့် ကွာဟနေတဲ့ စီးပွားရေးအခြေခံကြောင့်လား - အဲဒါတွေကို ဘယ်လိုသုံးသပ်လိုပါသလဲ။ ဘယ်သူဟာ အဓိကတရားခံလဲ၊ ဘာလို့ပြောမလဲ စံနစ်လား၊ အဖွဲ့အစည်းတခုခုလား၊ လူပုဂ္ဂိုလ်လား။
ကိုမောင်မောင်လေး ။ ။ ဒီမှာ လူ့အခွင့်အရေးချိုးဖောက်မှုများကို အဓိက သက်ဆိုင်တာ အစိုးရများနဲ့ အထူးသက်ဆိုင်ပါတယ်။ အဲဒီတော့ ကျနော်တို့ ဗမာပြည်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက စံနစ်နဲ့ အစိုးရလို့ ပြောလို့ရပါတယ်။ ကျန်တဲ့ကိစ္စတွေကတော့ အစိုးရနဲ့ စံနစ် ယန္တရားတခုအနေနဲ့ ဆောင်ရွက်နေကြရတဲ့လူတွေ ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ အခုအခါမှာဆိုရင် စံနစ်ဆိုလို့ရှိရင် အခု ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘာဘဲပြောပြော ပြည်နယ်နဲ့တိုင်းတွေမှာဆိုရင် - ပြည်နယ်နဲ့တိုင်းဒေသကြီး စီမံခန့်ခွဲရေးအပိုင်းမှာ အရပ်သားတွေ၊ ဒေသခံတွေ ကိုယ့်ဒေသကို ကိုယ်ပြန်အုပ်ချုပ်ရမယ်။ အဓိကအားဖြင့် တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေး ချိုုးဖောက်မှု အပြင်းအထန်ဆုံး ဖြစ်တယ်လို့ နိုင်ငံတကာ အဖွဲ့အစည်းတွေက စွပ်စွဲခံနေရတဲ့ ဒေသတွေမှာ တိုင်းရင်းသားတွေကိုယ်တိုင် ပါဝင်ပြီးတော့ စီမံခန့်ခွဲလာတော့မယ်ဆိုတော့ ဒီနေရာမှာ အကောင်းမြင်နိုင်တဲ့ အခြေအနေ ရှိပါသလား။ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အဲဒီဒေသတွေအတွင်း တိုးတက်လာမယ်လို့ မြင်ပါသလား
ကိုမောင်မောင်လေး ။ ။ ကျနော်တို့က အကောင်းမြင်ချင်ပါတယ်။ ဒါပေမဲ့ အခုနပြောသလို ဒီမှာ ပါဝင်ဆောင်ရွက်ခွင့်ရတယ့် ဒေသဆိုင်ရာ တိုင်းရင်းသားလူထုတွေရဲ့ ပါဝင်ပတ်သက်ခွင့် ရပေမယ့်လို့ ဒီလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ သူတို့ ဘယ်လောက်အထိ ကိုင်တွယ်ဆောင်ရွက်နိုင်ခွင့်၊ ပြောရေးဆိုခွင့် ရှိသလဲဆိုတာက အင်မတန်အရေးကြီးပါတယ်။ အခုလို အခြေအနေမျိုးမှာကြည့်ရင် လက်ရှိ လွှတ်တော်တွေ ကျင်းပနေတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကိုယ်တိုင် ယနေ့ လွှတ်တော်ပေါ်မှာ မနက်ဖြန်မှာ ဘာဆွေးနွေးကြရမယ်၊ သဘက်ခါမှာ ဘာဆွေးနွေးကြရမယ်ဆိုတာကို သူတို့ တင်ပြဆွေးနွေးဖို့ ကိစ္စတွေတောင် သူတို့ တိတိကျကျ မရှိပါဘူး။ တဖက်ကချပေးတဲ့ အောက်လိုင်း (outline) ပေါ်မှာပဲ သူတို့အနေနဲ့ အင်မတန် တိုးတောင်းတဲ့ကာလအတွင်းမှာပဲ ပြောဆိုရတဲ့ကိစ္စမျိုးတွေ တွေ့နေရပါတယ်။ အဲဒီတော့ ဒေသခံလူတွေ၊ လူထုကိုယ်စားလှယ်လို့ ပြောတဲ့လူတွေ၊ တိုင်းရင်းသားကိုယ်စားလှယ်လို့ ပြောတဲ့လူတွေ ပါဝင်လာပေမယ့်လည်း လက်ရှိအချိန်အထိ သူတို့ဒေသအတွင်းမှာရှိတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အကာအကွယ်ပေးနိုင်မယ့်၊ အာမခံပေးနိုင်မယ့် ဥပဒေတွေ ပြဌာန်းနိုင်ဖို့တွေမှာ သူတို့ ပြောဆိုဆွေးနွေးခွင့် လက်ရှိအခြေအနေမှာ လုံးဝရရှိတာ မကြားရသေးပါဘူး။ မသိရှိရသေးပါဘူး။
ဦးကျော်ဇံသာ ။ ။ ဆရာဦးအောင်သန်း ဒီနေရာမှာ တိုင်းရင်းသားဒေသတွေမှာ စစ်တပ်တွေ ဖြန့်ကျက်ထားရှိမှု။ စစ်အစိုးရကတော့ ဒေသတွေမှာ ဆူပူမှုကြောင့်လို့ ပြောပေမယ့်လည်း ဆူပူမှုမရှိတဲ့ ဒေသတွေ၊ လက်နက်ကိုင် အင်အားစုတွေ မရှိတဲ့ဒေသတွေမှာလည်း စစ်အင်အားတွေ အများကြီး တိုးချဲ့ပြီးချထားတာကို တွေ့ရပါတယ်။ ဒီလို စစ်တပ်ဖြန့်ကျက်ထားရှိမှုကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုမိုဖြစ်ရတယ်လို့ တချို့က ပြောကြတယ်။ အခု ဖွဲ့စည်းပုံ ဥပဒေအရ တိုင်းရင်းသားဒေသတွေမှာ စောစောကပြောခဲ့သလို တိုင်းရင်းသားကိုယ်စားလှယ်တွေ စီမံခန့်ခွဲရေးမှာ တစိတ်တဒေသ ပါဝင်လာမယ်။ အဲဒီအခါမှာ စစ်တပ်ကြီးစိုးမှု နည်းနည်းလျော့ပါးသွားမလား။ အဲဒါနဲ့ ဆက်စပ်ပြီး လူ့အခွင့်အရေးများ ပိုမိုအခြေအနေ ကောင်းလာမလား ဘယ်လိုမြင်ပါသလဲ။
ဦးအောင်သိန်း ။ ။ လူ့အခွင့်အရေးနဲ့ စစ်တပ်အကြောင်းကို ပြောမယ်ဆိုရင် တပ်ရဲ့ ဖွဲ့စည်းပုံအရ သူက ရန်သူကို ရန်သူလိုမြင်မယ်၊ ဖြိုခွင်းမယ်၊ အနိုင်တိုက်မယ်။ မသာရင် နောက်ဆုတ်မယ်။ ပြီးရင် အပြတ်ချေမှုန်းမယ်။ သူ့ရဲ့ strategy။ အဲဒီတော့ သူလိုအပ်တဲ့ လမ်းကြောင်းပေါ်မှာ အရပ်သူအရပ်သားတွေကို အသုံးပြုရင်လည်း ပြုပိုင်ခွင့်ရှိတယ်လို့လည်း တဖတ်က ဥပဒေတွေမှာ အရေးပေါ်လိုအပ်တဲ့ အနေအထားပေါ်တယ်ဆိုရင်လည်း ပေါ်တာထဆွဲလည်း ပါသွားရတယ်။ အဲဒီလို ပေါ်တာ ဆွဲခွင့်ရှိနေတယ်ဆိုတဲ့ တပ်ရဲ့ အခွင့်အရေးမှာ ရှိနေတယ်ဆိုရင် အဲဒီ ကျေးလက်ဒေသဟာ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ ဒေသတခု ဖြစ်မှာပဲ။ အဲဒါကို regional အာဏာပိုင်တွေက ဘယ်လောက်အထိ အုပ်ချုပ်ရေးအာဏာပိုင်တွေက ဒီလိုကိစ္စကို အုပ်ချုပ်ရေးအာဏာပိုင်တွေက အဲဒီလို မလုပ်ပါနဲ့လို့ တပ်ကိုပြောဝံ့ပါမလား။ ကျေးလက်ပြည်သူတွေဟာ ဒီလိုပဲ တပ်ရဲ့ ရိက္ခာသယ်ရတယ်၊ တပ်အတွက် လုံခြုံရေးတွေ ယူပေးရတယ်၊ တပ်အတွက် နေရာထိုင်ခင်း အစီအစဉ် လုပ်ပေးရမယ်ဆိုတာ ဒါကို ဘယ်သူကမှ အုပ်ချုပ်ရေးပိုင်းဆိုင်ရာက ဝင်ရောက်စွက်ဖက်ပြောဆိုပိုင်ခွင့် မရှိဘူး။ အဲဒီတော့ တပ်ပိုင်းဆိုင်ရာ အနေအထားကို၌ကလည်း လူ့အခွင့်အရေးဆိုင်ရာတွေကို လေးစားလိုက်နာတက်အောင် သူတို့တပ်ထဲမှာလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်း ပြောဆိုတက်ကြမယ့် တာဝန်ရှိတဲ့ ပုဂ္ဂိုလ်မျိုးတွေ ပေါ်ထွန်းဖို့ လိုအပ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဗမာပြည်မှာက သိတဲ့အတိုင်း ပြီးခဲ့တဲ့ အတွေ့အကြုံတွေကို ပြန်ကြည့်မယ်ဆိုရင် လူ့အခွင့်အရေးကော်မရှင် ဥက္ကဌက ပြည်ထဲရေးလို ပုဂ္ဂိုလ်မျိုး ဖြစ်နေတယ်။ ဒီရဲတွေက ဖမ်းတယ်ပြုတယ်လုပ်၊ နှိပ်စက်၊ ဥပဒေနဲ့မညီ ဖော်ထုတ်ပြီး တရားရုံးတွေမှာ ထွက်ဆိုချက်တွေနဲ့ သက်သေခံ အထောက်အထား မခိုင်လုံဘဲနဲ့ တင်ပြီး တရားသူကြီးကလည်း တက်လာတဲ့ အမှုဆိုရင် ထောင်ချဖို့ လုပ် အဲဒီလိုပဲ ပုံသေလုပ်ကိုင်နေတာ။ လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်ဖို့ထက် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ပေးရမယ့် ပုဂ္ဂိုလ်တွေက စောစောကလို ရဲအဖွဲ့အစည်းလို ပုဂ္ဂိုလ်မျိုးတွေ ဖြစ်နေတော့ မခက်ပေဘူးလား။
ဦးကျော်ဇံသာ ။ ။ မြေခွေးကို ကြက်ခြံစောင့်ခိုင်းတဲ့ သဘောမျိုး။
ဦးအောင်သိန်း ။ ။ အဲဒီသဘောမျိုး သက်ရောက်နေတာပေါ့။
ဦးကျော်ဇံသာ ။ ။ နောက်ဆုံးမေးချင်တာက လူ့အခွင့်အရေးဟာ လူ့အဖွဲ့အစည်းတခုမှာ လူတွေရဲ့ အလေ့အကျင့်မှာလည်း စွဲကျန်ရစ်တယ်လို့ ပြောကြတာရှိပါတယ်။ လူ့အခွင့်အရေးရဲ့ အခြေခံတခုဖြစ်တဲ့ လွတ်လပ်စွာ ပြောဆိုခွင့်၊ ဝေဖန်ခွင့်။ ကျနော်တို့ စံနစ်ပြောင်းသွားတယ် မြန်မာနိုင်ငံမှာ ဒီစံနစ်ကနေ အရပ်သားအုပ်ချုပ်ရေးပဲ သီးခြားဖြစ်လာတဲ့ စံနစ်သစ်ဆိုသည်တိုင် ဒီ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ နှစ်ပေါင်းများစွာ နေသားကျလာတဲ့ မြန်မာလူမျိုးတွေဟာ လွတ်လပ်စွာ ပြောဆိုခွင့်၊ မိမိနဲ့ ဆန္ဒမတူသူကို လွတ်လွတ်လပ်လပ် ဝေဖန်ခွင့် ပေးတဲ့အလေ့အကျင့်မျိုး ရုတ်တရက် ဖြစ်လာနိုင်မလား။ ကိုမောင်မောင်လေး ရဲ့နောက်ဆုံး မှတ်ချက်ကို သိပါရစေ။
ကိုမောင်မောင်လေး ။ ။ ရုတ်တရက် ဖြစ်လာဖို့ဆိုတာ အင်မတန် ခက်ခဲပါတယ်။ အကျင့်တခုဆိုတာ ခေါက်ရိုးကျိုးနေခဲ့ပါပြီ။ အဲဒီတော့ ကျနော်တို့ကိုယ်တိုင် လူ့အခွင့်အရေးလုပ်နေတဲ့သူတွေကိုယ်တိုင် အထူး သတိပြုဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ ဆင့်ယူသွားရမယ့် အချိန်တော့ ယူရပါလိမ့်မယ်လို့ ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆရာဦးအောင်သိန်းရဲ့ မှတ်ချက်ပေးပါ။ စံနစ်ပြောင်းသွားသည်တိုင် လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ခေါက်ရိုးကျိုးနေတယ့် မြန်မာနိုင်ငံမှာ ကိုယ်နဲ့ သဘောမတူတဲ့ လူကို - မင်း ငါကို လွတ်လွတ်လပ်လပ် ဝေဖန်နိုင်တာမျိုး လွယ်လွယ်ကူကူနဲ့ ပေးလာကြလိမ့်မယ် ထင်ပါသလား။
ဦးအောင်သိန်း ။ ။ အဲဒါက အင်မတန်ကို စဉ်းစားရမယ့်အချက်ပါ။ စိုးရိမ်စိတ်တခုနဲ့ နေနေရတဲ့ဘဝတွေ ဖြတ်သန်းခဲ့ရတာ နှစ် (၅၀) လောက်ရှိလာခဲ့ပြီ။ လွတ်လပ်ရေးရပြီး နှစ် (၆၀) မှာ နှစ် (၅၀) လောက်က စစ်အုပ်ချုပ်ရေး ရာဇသံတွေနဲ့ နေခဲ့ရတယ်။ အဲဒီတော့ အရပ်သားမှာလည်း အရပ်သားအုပ်ချုပ်ရေးမှာ မင်းငါကို လွတ်လွတ်လပ်လပ် ဝေဖန်ပါလို့ ပြောဝံ့မယ်လို့ မထင်ဘူး။