သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ကြွေးရှင် ဂျပန် နဲ့ တရုတ်


မြန်မာ့ကြွေးရှင် ဂျပန် နဲ့ တရုတ်
မြန်မာ့ကြွေးရှင် ဂျပန် နဲ့ တရုတ်

၁၉၆၂ ခုနှစ်ကစပြီး စစ်အစိုးရ အဆက်ဆက်ဟာ နိုင်ငံခြားအကူအညီနဲ့ မြန်မာပြည်ကို ကြီးစိုးကြပါတယ်။ ကွယ်လွန်သူ ဗိုလ်ချုပ်နေဝင်း တည်ထောင်ခဲ့တဲ့ မဆလ စစ်အစိုးရဟာ ဂျပန်ရဲ့ ငွေကြေးထောက်ပံ့မှုနဲ့ သက်ဆိုးရှည်ခဲ့သလို ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ခေါင်းဆောင်တဲ့ စစ်အစိုးရဟာ တရုတ်အကူအညီနဲ့ ရှင်သန်နေတာ တွေ့ရပါတယ်။ ဂျပန်ဟာ မဆလခေတ်ကလို အများအပြား မချေးငှားတော့ပေမယ့် လူမှုရေးလုပ်ငန်းတွေအတွက် ပေးကမ်းနေတုန်းပါ။ ရန်ကုန်က ဂျပန်သံရုံး အင်တာနက်စာမျက်နှာကိုကြည့်ရင် သိရှိနိုင်ပါတယ်။ ဂျပန်သာ ငွေမချေးရင် မဆလစစ်အစိုးရ စောစောစီးစီး နိဂုံးချုပ်သွားနိုင်တယ်လို့ သုံးသပ်ကြပါတယ်။

ပြည်သူ့အုံကြွမှုကြောင့် ၁၉၈၈ မှာ မဆလစစ်အစိုးရ နိဂုံးချုပ်သွားချိန်မှာ ဂျပန်ကို ပေးဆပ်စရာရှိတဲ့ အကြွေး ပမာဏဟာ ဒေါ်လာ သန်းသုံးထောင်လောက် ရှိနေပါတယ်။ ဆန္ဒပြတဲ့ ပြည်သူကို ပစ်သတ်တဲ့ နဝတ စစ်အစိုးရကို ငွေကြေးမထောက်ပံ့ဖို့ အနောက်တိုင်းနိုင်ငံတွေနဲ့ ဂျပန်က ဆုံးဖြတ်ပါတယ်။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီပေါ်မှာ အခြေခံတဲ့ ODA (Official Development Assistance) နိုင်ငံခြားထောက်ပံ့ရေး လမ်းစဉ်ကျင့်သုံးမယ်လို့ ၁၉၉၂ မှာ ဂျပန်က ကြေညာပါတယ်။ ဒါပေမဲ့ လူမှုရေးအကူအညီအနေနဲ့ နှစ်စဉ်ထောက်ပံ့လာတာ ၂၀၀၅ ခုနှစ်ရောက်တော့ ဒေါ်လာသန်း (၈၀၀) ကျော်အထိ ရှိလာတာတွေ့ရပါတယ်။

ဗိုလ်ချုပ်ကြီးနေဝင်း ခေါင်းဆောင်တဲ့ မဆလ စစ်အစိုးရကို ဂျပန်အစိုးရက ငွေကြေးထောက်ပံ့နေချိန်မှာ တရုတ် ကွန်မြူနစ်အစိုးရဟာ မဆလ အစိုးရ နဲ့ မဆလကို ဆန့်ကျင်နေတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ကိုရော လှေနံနှစ်ဘက်နှင်းပြီး ဆက်ဆံပါတယ်။ ပါတီချင်း ဆက်ဆံရေးအရ ဗကပကို တရုတ်က ကူညီထောက်ပံ့ပြီး အစိုးရချင်းဆက်ဆံတဲ့အနေနဲ့ မဆလအစိုးရနဲ့ ဆက်သွယ်ပါတယ်။ ဒါပေမဲ့ မော်စီတုန်း သေပြီးနောက် မကြာမီ ပါတီအချင်းချင်း ကူညီထောက်ပံ့တဲ့လမ်းစဉ်ကို တရုတ်က စွန့်လွှတ်လိုက်ပါတယ်။ ၁၉၈၈ မှာ စစ်အာဏာသိမ်းပြီး မကြာမီ တိုင်းရင်းသားအုပ်စုတွေ ဗကပကို ပုန်ကန်ပြီး ဗမာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲနိုင်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၈၉ နှောင်းပိုင်းမှာ ဗိုလ်ချုပ်မှုးကြီး တရုတ်ပြည်သွားပြီး အကူအညီတောင်းတာဟာ အခုအချိန်အထိ ဖြစ်ပါတယ်။

ဂျပန်အစိုးရက မူဝါဒအပေါ်အခြေခံတဲ့ ODA နိုင်ငံခြား ထောက်ပံ့ရေးလမ်းစဉ်ကျင့်သုံးဖို့ ကြိုးစားချိန်မှာ ဗမာစစ်အစိုးရ လိုချင်တာကိုပေးနိုင်ဖို့ တရုတ် က ကြိုးပမ်းသွားပါတယ်။ အကြမ်းဖက်မှုကြောင့် စစ်အစိုးရကို စတင် ဒဏ်ခတ်အရေးယူချိန်မှာ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဖွင့်ပေးတာဟာလည်း တရုတ်မှီခိုရတဲ့ အဖြစ်ကို ရောက်သွားစေပါတယ်။ ဂျပန်ပစ္စည်းအများဆုံး တင်သွင်းခဲ့တဲ့ မြန်မာပြည်ဟာ တရုတ်ပစ္စည်း အများဆုံးတင်သွင်းတဲ့ နိုင်ငံဖြစ်လာပါတယ်။ ၁၉၈၈ နောက်ပိုင်းမှာ ဗမာစစ်အစိုးရကို ငွေအများဆုံး ချေးသူ ဟာ တရုတ်အစိုးရပါ။ ဗမာစစ်အစိုးရရဲ့ ကြွေးရှင်ကြီး ဂျပန်နေရာကို တရုတ်က ယူလိုက်ပါတယ်။ ဗမာစစ်တပ်နဲ့ တရုတ်ကွန်မြူနစ်တို့ရဲ့ လျှို့ဝှက်တဲ့ဓလေ့ကြောင့် တရုတ်အကြွေး ဘယ်လောက်ရှိနေပြီဆိုတာ အတိအကျမပြောနိုင်ပေမယ့် ဒေါ်လာသန်းပေါင်း ထောင်ချီနေမှာကတော့ သေချာပါတယ်။

မြန်မာ့သဘာဝ သံယံဇာတပစ္စည်းရယူရေး နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ မြန်မာပြည်ကို ဖြတ်လမ်းအဖြစ် အသုံးပြုရေး စတဲ့ ရည်ရွယ်ချက်အတွက် တရုတ်အစိုးရက ငွေကြေးထောက်ပံ့နေတာ ဖြစ်ပါတယ်။ တရုတ်အစိုးရ ကုမ္မဏီတွေဟာ မြန်မာ့သယံဇာတ ထုတ်ယူရေးမှာ တက်တက်ကြွကြွ ပါဝင်နေပါတယ်။ မြန်မာပြည်မှာ ခြေကုတ်ရဖို့အတွက် တရုတ်အစိုးရဟာ ရေရှည်စီမံကိန်းချပြီး ရင်းနှီးမြုပ်နှံနေပါတယ်။ အတိုးမယူဘဲ ချေးထားတာတွေ့ရှိသလို အတိုးသက်သက်သာသာနဲ့ ချေးထားတာတွေ့ရှိရပါတယ်။ ထောက်ပံ့တဲ့အနေနဲ့ အလကားပေးတာမျိုးလည်း ရှိပါတယ်။ စီးပွားရေးအခြေခံ အဆောက်အအုံကို ဈေးသက်သက်သာသာနဲ့ တည်ဆောက်နိုင်အောင် တရုတ်က ကူညီပါတယ်။ တရုတ်အကူအညီသာ မရရင် နေပြည်တော်ဆိုတာလည်း ပေါ်ထွက်လာမှာ မဟုတ်ဘူးလို့ သုံးသပ်ကြပါတယ်။ အခုတော့ မြန်မာ့စီးပွားရေး ဟာ တရုတ်ကိုမှီခိုနေရပြီ ဖြစ်ပါတယ်။ တရုတ်ဟာ သူလိုချင်တာရဖို့ကိုသာ အဓိကထားပါတယ်။

ဒေါ်လာသန်းပေါင်းထောင်ချီနေတဲ့ ဂျပန့်အကြွေးကို မဆပ်နိုင်သေးပါဘူး။ အကြွေးမဆပ်နိုင်တဲ့ အစိုးရကို ဂျပန်အစိုးရက ငွေထပ်မချေးနိုင်ပါဘူး။ ဒါကြောင့် အကြွေးသက်သာအောင် လုပ်တဲ့အနေနဲ့ ဗမာအစိုးရ ဆပ်ရမယ့်ငွေတိုးကို ဂျပန်က ထောက်ပံ့နေတာ ဖြစ်ပါတယ်။ ဒီထောက်ပံ့ငွေနဲ့ ဂျပန်ဆီက ပစ္စည်းဝယ်ယူဖို့ ဗမာစစ်အစိုးရမှာ တာဝန်ရှိပါတယ်။ ၂၀၀၃ ခုနှစ်က ဗမာစစ်အစိုးရမှာ အကြွေးစုစုပေါင်း ဒေါ်လာသန်း (၇၀၀၀) ကျော်ရှိတယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းပါတယ်။ ဒီအထဲမှာ ဂျပန်ကို ပေးဆပ်ရမှာက ဒေါ်လာသန်း (၃၀၀) လောက်ရှိပါတယ်။ ဗမာစစ်အစိုးရ လုံးဝကြွေးမဆပ်နိုင်ရင် ဂျပန်အစိုးရရဲ့ ODA နိုင်ငံခြား ထောက်ပံ့ရေး အစီအစဉ် ခြွတ်ခြုံကျသလို ဖြစ်သွားနိုင်တာကြောင့် အနည်းအကျဉ်း ပြန်ဆပ်နိုင်အောင် ဂျပန်က ဆက်လက်ထောက်ပံ့နေတယ်လို့ သုံးသပ်ကြပါတယ်။

တရုတ်နိုင်ငံဆီက ချေးယူထားတဲ့ ဒေါ်လာသန်းပေါင်းများစွာကို ဗမာအစိုးရက ပြန်ဆပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ တရုတ်ဟာ မြန်မာ့သယံဇာတကို အကြွေးနဲ့ သိမ်းယူနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။ အကြွေး မဆပ် နိုင်ရင် တရုတ်ကို အခွင့်ထူးပေးရပါလိမ့်မယ်။ မြန်မာပြည်မှာ စီးပွားရေးလုပ်နိုင်ဖို့ဆိုတဲ့ ရေရှည်အကျိုး အတွက် ဒေါ်လာသန်းပေါင်းထောင်ချီပြီး တရုတ်အစိုးရက ဗမာစစ်အစိုးရကို ချေးထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG