သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမှန်တရားကို လက်ခံနိုင်သလား


အနှစ် (၅၀) လောက် လူ့အခွင့်အရေးချိုးဖျက်မှုတွေ ဖြစ်ပွါးလာခဲ့တဲ့ မြန်မာပြည်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေး ရှေ့ရှုမယ်ဆိုရင် အမှန်တရား ထုတ်ဖော်ရေး၊ တရားမျှတရေး နဲ့ တာဝန်သိရေး စတာတွေကို အကောင်အထည်ဖော်ဖို့ အရေးကြီးကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနား က ပြောသွားပါတယ်။ ဒါပေမဲ့ မစ္စတာကင်တားနားရဲ့ ခရီးစဉ်ကို အစိုးရသတင်းစာမှာ အရေးမကြီးတဲ့ သတင်းအတိုအထွာအဖြစ်သာ ဖော်ပြပါတယ်။ မစ္စတာကင်တားနားရဲ့ သုံးမျက်နှာ ကြေညာချက်ပါ အကြောင်းအရာကို လုံးဝမဖော်ပြပါဘူး။ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်ဟာ ဗမာအစိုးရအတွက် အရေးမကြီးကြောင်း ပြသလိုက်တာ ဖြစ်ပါတယ်။

မြန်မာပြည်က လူ့အခွင့်အရေး ချိုးဖျက်မှုတွေကို စစ်ဆေးမေးမြန်းဖို့အတွက် ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ စီစဉ်နေတာကို နိုင်ငံပေါင်း (၁၆) နိုင်ငံက အတိအလင်း ထောက်ခံထားပါတယ်။ ဒါပေမဲ့ ပြုပြင်ရေး အစီအစဉ်လုပ်လာတာကြောင့် စောင့်ကြည့်ဖို့ လိုတယ်လို့ ယူဆလာကြတဲ့အတွက် စုံစမ်းရေးကော်မရှင် စေလွှတ်ရေးကို အကောင်အထည်ဖော်ဖို့ ဘယ်သူကမှ မကြိုးစားတော့ပါဘူး။ တနည်းဆိုရင်တော့ ဗမာအစိုးရကို အကောင်အထည်ဖော်ဖို့ ဘယ်သူကမှ မကြိုးစားတော့ပါဘူး။ တနည်းဆိုရင်တော့ ဗမာအစိုးရကို အရေးယူမယ့်ကိစ္စတွေ အားလုံးရပ်ဆိုင်းသွားပါတယ်။

မြန်မာပြည်မှာ ပြုပြင်ရေးဆက်လုပ်နိုင်ဖို့အတွက် ဖြစ်ပျက်ခဲ့တာတွေကို ဂရုမစိုက်လို့ မဖြစ်ဘူးလို့ မစ္စတာကင်တားနား က ဆိုပါတယ်။ အမှန်တရား ဖော်ထုတ်ရေးဟာ အရေးကြီးတဲ့ အခြေခံဖြစ်တယ်လို့ ဆိုပါတယ်။ အတိတ်ကဖြစ်ရပ်တွေကို ဘက်မလိုက်ဘဲ အတိအကျ မှတ်တမ်းတင်နိုင်မယ်ဆိုရင် အမှန်တရားကို သိရှိလာမှာဖြစ်တဲ့အတွက် အစိုးရဝါဒ ဖြန့်ယန္တရားက လုပ်ကြံပြောဆိုထားတာတွေဟာ အချည်းနှီး ဖြစ်သွားပါလိမ့်မယ်။ နှိပ်စက်ညှဉ်းပန်းခံရသူတွေကို လျှော်ကြေးပေးဖို့လည်း အမှန်တရားဖော်ထုတ်ရေး ကော်မရှင်က စီစဉ်နိုင်ပါတယ်။ ဆန့်ကျင်ဘက်အုပ်စုတွေ အပြန်အလှန်ကြားနာရင်း ကိုယ်ချင်းစာစိတ် ဖြစ်ပေါ်လာတာဟာ ပြန်လည်သင့်မြတ်ရေးဖြစ်စဉ်နဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အလွန်အရေးကြီးတယ်လို့ မြင်ကြပါတယ်။ စနစ်ဟောင်းနဲ့ အဆက်ဖြတ်ကြောင်း ပြသတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အသွင်ကူးပြောင်းရေး ဖြစ်စဉ်တိုင်းမှာ အမှန်တရားကို ထုတ်ဖော်နိုင်တာ မဟုတ်ပါဘူး။ သဘောတူချက်ရယူပြီး အသွင်ကူးပြောင်းတဲ့ တိုင်းပြည်မှာသာ အမှန်တရား (သို့မဟုတ်) အဖြစ်မှန် သိရှိရေး ကော်မရှင်ဖွဲ့စည်းပြီး လူ့အခွင့်အရေး ချိုးဖျက်မှုတွေကို ထုတ်ဖော်ဖို့ ကြိုးပမ်းကြတာ တွေ့ပါတယ်။ မြန်မာပြည်လို စစ်တပ်က တဖတ်သတ် ဆုံးဖြတ်ပြီး အသွင်ပြောင်းဖို့ ကြိုးပမ်းတဲ့နိုင်ငံမှာ အမှန်တရား ထုတ်ဖော်ရေးကို ခေါင်းဆောင်ပိုင်းက စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ စစ်အစိုးရလက်ထက်မှာ လျှို့ဝှက်လုပ်ကိုင်တဲ့ကိစ္စကို ထုတ်ဖော်ပြောဆိုရပါလိမ့်မယ်။ စစ်အစိုးရအဆက်ဆက်က ဝါဒဖြန့်လာတာတွေ အချည်းနှီးဖြစ်ကုန်မယ့်ကိစ္စကို ခေါင်းဆောင်ပိုင်းက စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ သတင်းမီဒီယာမှာ ဖြစ်ရပ်မှန်ကို ဖော်ပြခွင့် မပြုတဲ့ အစိုးရအဖို့ အမှန်တရားကို ထုတ်ဖော်ဖို့ အများကြီးအခက်အခဲ ရှိနိုင်ပါတယ်။ အကျင့်ဓလေ့ဟောင်းကို ချက်ချင်းစွန့်ပစ်ဖို့ခက်တယ်ဆိုတဲ့ စကားရှိပါတယ်။

အမှန်တရား ဖော်ထုတ်ရေးကော်မရှင်ကို သမ္မတရုံး (သို့မဟုတ်) လွှတ်တော်က ဖွဲ့စည်းနိုင်ပါတယ်။ ဒီလို ကော်မရှင်မျိုး ပေါ်ထွက်လာအောင် ပြည်သူလူထုက တောင်းဆိုနိုင်ပါတယ်။ အရပ်သားအဖွဲ့၊ လူ့အခွင့်အရေးအဖွဲ့၊ လူမျိုးရေးဘာသာရေးအဖွဲ့၊ ပညာတက်အသိုင်းအဝိုင်းနဲ့ စာနယ်ဇင်းတွေက တောင်းဆိုနိုင်ပါတယ်။ တိုင်းရင်းသားနယ်မြေမှာ လူ့အခွင့်အရေးချိုးဖျက်မှုတွေ အများဆုံးဖြစ်ပွါးနေတာကို ပြည်သူလူထုအများစုက သူတို့ရဲ့အရေးကိစ္စအဖြစ် ခံယူပြီးတောင်းဆိုနိုင်ပါတယ်။ တချိန်တည်းမှာ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းက ဝိုင်းဝန်းတိုက်တွန်းမယ်ဆိုရင် အမှန်တရားဖော်ထုတ်ရေး ကော်မရှင်ပေါ်ထွက်လာဖို့ အလားအလာ ရှိနိုင်ပါတယ်။ လောလောဆယ်မှာတော့ အစိုးရနဲ့ အခြားအဖွဲ့အစည်းတွေဟာ ဆက်လက်ရပ်တည်ရေးနဲ့ ပြန်လည်ထူထောင်ရေးကိုသာ အာရုံစိုက်နေကြပုံရပါတယ်။

အနှစ် (၅၀) လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားတဲ့ တိုင်းပြည်မှာ အခွင့်သာတုန်း ပြန်လည်တည်ဆောက်ရေးကို ဦးစားပေးဖို့ ဆုံးဖြတ်ထားကြပုံ ရပါတယ်။ ပြည်တွင်းမှာ လက်နက်ကိုင်ပဋိပက္ခ ဆက်လက်ဖြစ်ပွားနေတာဟာလည်း အမှန်တရား ဖော်ထုတ်ရေးလုပ်ဖို့အတွက် အခြေအနေမပေးသလို ဖြစ်နေပါတယ်။ နောက်တချက်က အမှန်တရား ဖော်ထုတ်ရေးကော်မရှင် တည်ထောင်ရာမှာ လူအင်အားနဲ့ ငွေအင်အားကောင်းဖို့ လိုပါတယ်။ အဂတိလိုက်စားတဲ့ တရားစီရင်ရေးဌာန၊ ရဲအဖွဲ့နဲ့စစ်တပ်က အကူအညီ မပေးရင် အမှန်တရား ဖော်ထုတ်ရေးဟာ မဖြစ်နိုင်သလောက်ပါ။ အပြစ်ကျူးလွန်တဲ့ အမှုထမ်းက သက်သေအထောက်အထားတွေကို ဖျောက်ဖျက်နိုင်ပါတယ်။

ဒါပေမဲ့ လူ့အခွင့်အရေး ချိုးဖျက်မှုတွေကို အမှန်တရားထုတ်ဖော်နိုင်မှသာ နောက်ထပ်မဖြစ်ပွါးအောင် ဟန့်တားနိုင်မယ်လို့ ယူဆကြပါတယ်။ မတရားလုပ်တိုင်း လွတ်ငြိမ်းချမ်းသာခွင့် ရနေတာဟာ မတရားလုပ်ဖို့ အားပေးသလို ဖြစ်နေပါတယ်။ ဒါကြောင့် မစ္စတာကင်တားနား ပြောသွားသလို အမှန်တရား၊ တရားမျှတမှု နဲ့ တာဝန်ယူမှုအတွက် ဘယ်လိုဆောင်ရွက်နိုင်မယ်ဆိုတာကို လေ့လာဖို့ အချိန်တန်ပြီ ဖြစ်ပါတယ်။

XS
SM
MD
LG