သုံးရလွယ်ကူစေသည့် Link များ

ပြည်သူ့အုံကြွမှုကြောင့် တလအတွင်း တူနီးရှား (Tunisia) သမ္မတတိုင်းပြည်က ထွက်ပြေးရပြီး (၁၈) ရက်အတွင်း အီဂျစ်သမ္မတရာထူးက ဆင်းပေးလိုက်ရပါတယ်။ အခြားအာရပ်နိုင်ငံတွေမှာလည်း ပြည်သူ့ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားနေတာမို့ အာရပ်လောကမှာ မရှိသေးတဲ့ ဒီမိုကရေစီ အရုဏ်တက်ချိန် ရောက်လာမလားလို့ မျှော်လင့်တာတွေ ရှိလာပါတယ်။ မြန်မာ့ဒီမိုကရေစီသမားတွေကလည်း စောင့်ကြည့်နေကြပါတယ်။ အာရပ်လောကမှာ ဘာဖြစ်လို့ ဒီမိုကရေစီမရှိသေးတာလဲဆိုတာကို စတန်ဖို့ဒ် (Standford) တက္ကသိုလ် ပါမောက္ခ Larry Diamond က မနှစ်ကထုတ်တဲ့ ဒီမိုကရေစီဂျာနယ်မှာ ဆန်းစစ်ခဲ့ဖူးပါတယ်။

ဘာသာရေး (သို့) ယဉ်ကျေးမှုကြောင့် ဒီမိုကရေစီဆိတ်သုဉ်းတာလို့ ယူဆတာများပါတယ်။ ဒါပေမဲ့ အခြား မွတ်စလင်နိုင်ငံတွေမှာ နိုင်ငံရေးလုပ်ပိုင်ခွင့်ရှိကြပြီး အာရပ်လောကမှာသာ ကင်းမဲ့နေတာ ဖြစ်ပါတယ်။ Lebanon နိုင်ငံတခုတည်းသာ ၁၉၇၅ ခုနှစ် ပြည်တွင်းစစ်မတိုင်မီမှာ နိုင်ငံရေးလုပ်ပိုင်ခွင့်ရှိခဲ့တာ တွေ့ရပါတယ်။ အကြမ်းဖက်မှုတွေကြားက အီရတ်ရွေးကောက်ပွဲမှာ စွန့်စားပြီး မဲဆန္ဒပေးခဲ့တာတွေ နဲ့ အသက်အန္တရာယ် ဂရုမစိုက်ဘဲ အခုလို ကန့်ကွက်ဆန္ဒပြတာတွေကိုကြည့်ရင် အာရပ်ပြည်သူတွေဟာ လွတ်လပ်မှုကိုလိုချင်တာ သိသာပါတယ်။ ဒါပေမဲ့ အာရပ် (၅) နိုင်ငံမှာ ၂၀၀၃ နဲ့ ၂၀၀၆ က စစ်တမ်းကောက်တဲ့အခါမှာ ဘာသာရေးခေါင်းဆောင်တွေက အစိုးရအပေါ် သြဇာညောင်းနေတာကို မြင်တယ်လိုပ အမေးခံရသူ (၆၀) ရာခိုင်နှုန်းက ဖြေကြားကြောင်း သိရပါတယ်။

၂၀၀၃ နဲ့ ၂၀၀၄ မှာ အာရပ်နိုင်ငံအချို့ မှာ စစ်တမ်းကောက်ယူတဲ့အခါ ဘာသာရေးကင်းတဲ့ ဒီမိုကရေစီကို လိုလားသူက (၄၀) ရာခိုင်နှုန်းရှိပြီး အစ္စလာမ်ဥပဒေ ကျင့်သုံးတဲ့ ဒီမိုကရေစီလိုလားသူက (၄၀) ရာခိုင်နှုန်း ရှိတာတွေ့ရပါတယ်။ အာဏာရှင်စနစ်လိုလားသူက (၂၀) ရာခိုင်နှုန်း ရှိနေပါတယ်။ ဒီလိုအခြေအနေကြောင့် ရေနံဓါတ်ငွေ့ရောင်းစားပြီး အာဏာယူထားတဲ့ အာရပ်အစိုးရဟာ ပြည်သူ့ဆန္ဒကို ဂရုမစိုက်တာ ဖြစ်ပါတယ်။ အခုတော့ အာဏာရှင်အစိုးရလက်ထက်က နိုင်ငံခြားမှာ ခိုလှုံနေရတဲ့ မွတ်စလင်ခေါင်းဆောင်တွေ တူနီးရှားမှာ ပြန်ရောက်နေပြီး အစ္စလာမ်ပါတီ ရှင်သန်ရေးအတွက် လုံပမ်းနေပါတယ်။

တိုင်းပြည်ရဲ့  သဘာဝသယံဇာတရောင်းစားတဲ့ အစိုးရစနစ်ဟာ ဖောက်ပြန်တဲ့စနစ်ဖြစ်တဲ့အတွက် အုပ်ချုပ်ရေးယန္တရားကိုသာ ကြီးမားအောင်လုပ်ပြီး တိုင်းသူပြည်သားများကို ဖိနှိပ်ထားပါတယ်။ ဈေးကွက်စီးပွါးရေး မပီပြင်တဲ့ဒေသဖြစ်ပါတယ်။ ရေနံဓါတ်ငွေ့တင်ပို့လို့ ဝင်ငွေအများကြီးရတဲ့ နိုင်ငံ (၂၃) နိုင်ငံထဲမှာ ဒီမိုကရေစီကျင့်သုံးတဲ့ အစိုးရမရှိပါဘူး။ ဒီ နိုင်ငံတွေမှာ ကျင့်သုံးတဲ့ နိုင်ငံရေးစနစ်ဟာ အာဏာရှင်ကို အထောက်အကူပြုဖို့သာ ရည်ရွယ်ပါတယ်။ အတိုက်အခံကို မလှုပ်နိုင်အောင်ချုပ်ကိုင်ပြီးမှ ဟန်ပြရွေးကောက်ပွဲ ကျင်းပကြပါတယ်။ ဒါပေမဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပလို့ အစ္စလာမ်ဝါဒီ အနိုင်ရတာများလာရင်လည်း အစိုးရိမ်လွန်လာပြီး ဒီမိုကရေစီကို ထောက်ခံမှု နည်းသွားတယ်လို့ လွန်ခဲ့တဲ့ အောက်တိုဘာလ က ကျင်းပခဲ့တဲ့ Casablanca ညီလာခံမှာ တင်ပြကြပါတယ်။

အာဏာရှင်ကျင်းပပေးတဲ့ ဟန်ပြရွေးကောက်ပွဲမှာ ပါဝင်တဲ့ အတိုက်အခံအဖွဲ့ကို အစိုးရနဲ့ ပူးပေါင်းသွားပြီလို့ မဲဆန္ဒရှင်က ယူဆနိုင်ပါတယ်။ ရွေးကောက်ပွဲမဝင်ဘဲအပြင်မှာ ကန့်ကွက်ဆန္ဒပြလို့ အကြောင်းမထူးပါဘူး။ ဒီလို အကျပ်အတည်းကို ရေရှည်ရင်ဆိုင်ရတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေဟာ ဂိုဏ်ဂဏအမျိုးမျိုး ကွဲသွားကြတာများပါတယ်။ အစ္စလာမ်နိုင်ငံရေးပါတီတွေဟာ ဟန်ပြရွေးကောက်ပွဲမှာ မပါဝင်ကြဘဲ အောင်ခြေမှာ ဘာသာရေးနဲ့ လူမှုရေးလှုပ်ရှားမှုတွေလုပ်ပြီး စည်းရုံးရေးဆင်းကြပါတယ်။ အစိုးရခွင့်ပြုသလောက်သာ လှုပ်ရှားရတဲ့ နိုင်ငံရေးပါတီတွေကတော့ ဆက်လက်ရှင်သန်နိုင်အောင် အတော့ကိုကြိုးစားရပါတယ်။ အောက်ခြေလူတန်းစားအသိုင်းအဝိုင်းမှာ အစ္စလာမ်ဘာသာ အခြေခံတဲ့ လှုပ်ရှားမှုက ပိုပြီးအားကောင်းပါတယ်။ နှစ်ပေါင်းများစွာ အာဏာရှင်စနစ်အောက်မှာနေခဲ့ရတဲ့ လူ့အဖွဲ့အစည်းမှာ နေ့ချင်းညချင်း ဒီမိုကရေစီအသွင်ကူးပြောင်းနိုင်မှာ မဟုတ်ဘူးလို့ ခန့်မှန်းကြပါတယ်။

အာရပ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင်လုပ်သူထဲမှာ နိုင်ငံခြားအင်အားစုလည်း ပါဝင်ပါတယ်။ အရင်က အာရပ်အာဏာရှင်ကို ဆိုဗီယက်က ထောက်ပံ့ခဲ့ပြီး အခုတော့ ဥပရောပနဲ့ အမေရိကန်တို့က ထောက်ပံ့ပါတယ်။ အီဂျစ်အာဏာရှင်ဟာ နိုင်ငံခြားထောက်ပံ့မှုနဲ့ သက်ဆိုးရှည်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၇၅ ခုနှစ်ကစပြီး အီဂျစ်ကို အမေရိက က ဒေါ်လာသန်း (၇) သောင်း (၈) ထောင် ထောက်ပံ့ပါါတယ်။ ဂျော်ဒန်ကို နှစ်စဉ် ဒေါ်လာသန်း (၆၀၀) ကျော် ထောက်ပံ့လာတာ (၁၀) နှစ်ကျော် ရှိပါပြီ။

အစ္စရေး-ပါလစ္စတိုင်း ပဋိပက္ခ ဖြစ်လာတာ အာရပ်အာဏာရှင်ကို သက်ဆိုးရှည်စေတယ်လို့ သုံးသသပ်ပါတယ်။ ပါလစ္စတိုင်းကို အစ္စရေးဖိနှိပ်ပုံကို သတင်းမီဒီယာက အသားပေးဖော်ပြခဲ့တဲ့အတွက် ပြည်သူတွေဟာ ကိုယ့်ဒုက္ခကိုယ်မေ့ပြီး အစ္စရေးကိုသာ မုန်းတီးနေကြပါတယ်။ အခုမှ ကိုယ့်ဒုက္ခကိုယ်သိပြီး ဆန္ဒပြလာကြတာဖြစ်လို့ အစ္စရေးနဲ့ ပတ်သက်တဲ့ အာရပ်သဘောထားကို လေ့လာဖို့လိုပါတယ်။

အာရပ်အာဏာရှင်အစိုးရ (၂၂) နိုင်ငံပါဝင်တဲ့ Arab League ဟာ ဒီမိုကရေစီကို ဂရုမစိုက်ဆုံးအဖွဲ့ ဖြစ်ပါတယ်။ အခုတော့ အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့ဆန္ဒပြပွဲတွေကြောင့် ပြုတ်ကျသွားတဲ့ အာဏာရှင်ရှိသလို ပြုပြင်ရေးလုပ်လာသူတွေလည်း ရှိလာတာမို့ ပြည်သူ့ကိုယ်စားလှယ် အစိုးရစနစ်ကျင့်သုံးတဲ့ အာရပ်ဒီမိုကရေစီ ပေါ်ထွက်လာမလားဆိုတာကို စောင့်ကြည့်ဖို့သာ ရှိပါတော့တယ်။

XS
SM
MD
LG