ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ စီးပွားရေးတက္ကသိုလ်အငြိမ်းစား ပါမောက္ခချုပ် ဦးမော်သန်း ကို ဦးကျော်ဇံသာက နိုင်ငံတော် ဘဏ္ဍာရေး နဲ့ ဘတ်ဂျက် ဥပဒေဆိုင်ရာ ကို ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံရဲ့ ရသုံးခန့်မှန်းခြေ ဘတ်ဂျက် ငွေစာရင်းဟာ ၂၀၀၁ နှစ် ဘဏ္ဍာရေးနှစ်အတွက် နောက်ဆုံးပေါ်ထွက်ခဲ့ပြီးတော့ ကြားမှာ နှစ်ပေါင်းတော်တော်ကြာကြာ ပျောက်နေခဲ့ပါတယ်။ အခု ပြန်ပီးပေါ်ထွက်လာတဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက်လုပ်တဲ့ ဘတ်ဂျက်ထဲမှာ အဓိကအားဖြင့် လူပြောသူပြောများနေတဲ့ကိစ္စက ကာကွယ်ရေးအသုံးစရိတ်ဟာ အဆမတန်များပြီးတော့ ကျန်းမာရေး၊ ပညာရေးတို့ကြတော့ နည်းနေတယ်လို့ ဆိုကြပါတယ်။ စာရင်းဇယားနဲ့ ပြောရမယ်ဆိုရင် တမျိုးသားလုံးရဲ့ ဘတ်ဂျက်အတွက် ကာကွယ်ရေးအသုံးစရိတ်က ၁၉ % နီးပါး ပြဌာန်းထားပါတယ်။ အဲဒီ National Budget ထဲမှာ ကျန်းမာရေးအတွက်က ၄ % လောက်ဖြစ်ပြီးတော့ ပညာရေး Budget ကျတော့ ၁.၃ % နီးပါးလောက်ပဲ ရှိပါတယ်။ ဆိုတော့ ကာကွယ်ရေးစရိတ်သုံးတာ သိပ်များတယ်ဆိုပြီးတော့ လူတွေ ဝေဖန်ပြောကြားနေကြပါတယ်။ ဆရာ့ရဲ့ ပထမဆုံး မှတ်ချက်ကို ကြားချင်ပါတယ်။ ဆရာဘယ်လို သဘောရပါသလဲ။
ဦးမော်သန်း ။ ။ သဘောကတော့ဗျာ။ မိသားစုတခုပေါ့လေ။ ဝင်ငွေ ၁၀၀ ရတဲ့အနက်က ၁ ကျပ် ပြား ၃၀ ဖိုးပဲ ကျန်းမာရေးအတွက် သုံးတယ်၊ ၄ ကျပ်ကျော်ကျော်ပဲ ပညာရေးအတွက် သုံးတယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှုအနေနဲ့ကတော့ သိပ်ကိုနည်းတာပေါ့ဗျာ။ ကျန်းမာရေးအတွက်က ၁ ကျပ်ကျော်ကျော်ဆိုရင်လည်းပဲ ဥပမာ အဲဒီ အိမ်ထောင်စုမှာ လူအိုတွေများလား၊ လူလတ်တွေများလား၊ လူငယ်တွေများလားပေါ့လေ- လူငယ်တွေများလို့ ကျန်းမာရေးအသုံးစရိတ်က ၁ ကျပ်လောက်ပဲ သုံးတယ်ဆိုရင်တော့ ဒါ သိပ်ပြီးတော့ စိုးရိမ်စရာမရှိဘူးပေါ့လေ။ သို့သော် လူလတ်တွေ၊ လူကြီးတွေများတယ်။ ၁၀၀ ရတာမှ ၁ ကျပ်ကျော်ကျော်ပဲ သုံးတယ်ဆိုရင်တော့ အသက်ရှည်ရှည်နေရဖို့ သိပ်မလွယ်ဘူးပေါ့လေ။
နောက်ပြီးတော့ ငွေ ၁၀၀ ရမှ ၄ ကျပ်ကျော်ကျော်ပဲ ပညာရေးအတွက် သုံးတယ်ဆိုရင်တော့ ရှေ့ဆက်ပြီး အလုပ်အကိုင်ကောင်းတွေရဖို့ သူက အဆင့်အတန်းမြင့်ဖို့ နည်းသွားမှာပေါ့ဗျာ။ ဒါကလည်း တိုင်းပြည်အနေနဲ့ပဲ ကြည့်ကြည့်၊ မိသားစုအနေနဲ့ပဲကြည့်ကြည့်၊ တကိုယ်ရည်အနေနဲ့ပဲ ကြည့်ကြည့် ကိုယ်သုံးစွဲတဲ့ ကျန်းမာရေးနဲ့ ပညာရေးစရိတ်ဟာ စုစုပေါင်းမှ ၅ ကျပ်ခွဲလောက်ပဲ ရှိတယ်ပေါ့လေ၊ နော်။ ၁၀၀ ရမှ ၅ ကျပ်ခွဲလောက်ပဲ သုံးတယ်ဆိုတော့ ရှေ့ အလားအလာကတော့ ကျန်းမာရေးအတွက်ကလည်း သုံးတာက သိပ်နည်းတော့ တစ်ကျပ်ကျော်ကျော်ပဲဆိုတော့ - တခုတော့ ရှိတာပေါ့လေ၊ တိုင်းပြည်ရဲ့လူဦးရေးပြန့်ပုံကလည်း အီတလီတို့၊ ဂျပန်တို့ဆိုတဲ့ နိုင်ငံတွေလို လူကြီးတွေများတဲ့ လူ့အဖွဲ့အစည်းဆိုရင် ကျန်းမာရေးအတွက်က ၁၀၀ ရမှ ၁ ကျပ်ကျော်ကျော်ပဲသုံးတယ်ဆိုတာ သိပ်ပြီးတော့ နည်းမှာပေါ့လေ။
မြန်မာနိုင်ငံလို လူကြီး သိပ်မများသေးဘူးဆိုရင်တောင်မှ ၁၀၀ ရမှ ၁ ကျပ်ကျော်ကျော်ပဲသုံးတယ်ဆိုတာကတော့ ကျန်းမာရေးအတွက်က နည်းနည်း နည်းတယ်လို့ ပြောလို့ရမှာပေါ့။ ကျနော်က ဘယ်လိုမြင်မလဲ စဉ်းစားကြည့်တဲ့အခါကြတော့ အသက်လည်း သိပ်ရှည်မှာမဟုတ်ဘူး၊ ရှေ့ဆက်လည်း သိပ်ပြီး ကြီးပွားတိုးတက်မှာ မဟုတ်ဘူးလို့ ကျနော့်စိတ်ထဲက အောက်မေ့တယ်။
ဦးကျော်ဇံသာ ။ ။ အခု လူဦးရေ အချိုးအစားအတိုင်း ကြည့်မယ်ဆိုရင် ဗမာနိုင်ငံလူဦးရေ သန်း ၆၀ ရှိတယ်ဆိုရင် ကျန်းမာရေးအသုံးစရိတ်ဟာ ဒီတနှစ်လုံးအတွက် လူတယောက်အတွက်ဆိုရင် တနှစ်လုံးအတွက် ၂ ဒေါ်လာ မပြည့်ဘူး ဆရာ။
ဦးမော်သန်း ။ ။ ဟုတ်တာပေါ့။ လူတယောက်အတွက် ၂ ဒေါ်လာ မပြည့်ဘူးဆိုရင် သိပ်ပြီးတော့ နည်းတာပေါ့ဗျာ။
ဦးကျော်ဇံသာ ။ ။ နောက်တခုက ကာကွယ်ရေးအသုံးစရိတ်ကျတော့ တမျိုးသားလုံးအသုံးစရိတ်ရဲ့ ၁၉ ရာခိုင်နှုန်းလောက် ဖြစ်နေပါတယ်။ အဲဒါကျတော့ရော ဘယ်လိုပြောမလဲ။
ဦးမော်သန်း ။ ။ ဆင်းရဲတဲ့မိသားစုမှာ ကျန်းမာရေးနဲ့ပညာရေးအတွက် သုံးတာနည်းနေတယ်ဆိုရင် တခြား ဒီဥစ္စာကို ကျနော်ဝင်ငွေနည်းလို့ လျှော့သုံးရပါတယ်ဆိုတဲ့ အကြောင်းပြချက်မျိုး လုပ်ရင်တော့ ရှေ့အလားအလားကတော့ နည်းတယ်ပေါ့ဗျာ။ အဲဒီတော့ ကျန်တဲ့နေရာတွေမှာ ခြိုးခြံချွေတာသုံး၊ စုပြီးတော့ ဒီမှာတော့ များများသုံးဖို့ လိုတာပေါ့နော်။ အခုဟာက ၁၀၀ ရတယ်။ ကာကွယ်ရေးအတွက် ၁၉ ကျပ် သုံးတယ်ဆိုတော့ ကျန်းမာရေး၊ ပညာရေးထက် ၄ ဆ နီးပါးလောက်ကို ပိုများနေတာတွေ့ရတယ်။ ၅ ကျပ်နဲ့ ၁၉ ကျပ်ဆိုတော့။
ဦးကျော်ဇံသာ ။ ။ နောက်တခုက Money Supply ဘယ်လောက် ရှိတယ်ဆိုတာကို မပြောဘူး။ တိုင်းပြည်တခုမှာ Money Supply ဘယ်လောက် ရှိတယ်ဆိုတာကို လူတွေသိဖို့ လွှတ်တော်မှာတင်ပြဖို့ အရေးမကြီးဘူးလား ဆရာ။
ဦးမော်သန်း ။ ။ အခြားနိုင်ငံတွေမှာကတော National Statistics Office သို့မဟုတ်လည်း CSO Central Strategy Office ပေါ့။ အဲဒီကနေ ပြီးတော့ လှည့်ပတ်နေတဲ့ငွေကြေးက ဘယ်လောက်ရှိတယ်။ ဝင်ငွေက ဘယ်လိုရှိတယ်၊ အရံထားတံရွှေက ဘယ်လောက်ရှိတယ်ဆိုတာမျိုးကတော့ ပြနေကျပါပဲ။ အဲဒီတော့ လှည့်ပတ်နေတဲ့ငွေကြေး ဘယ်လောက်ရှိလဲဆိုတာ မသိဘူးဆိုတော့ တိုင်းပြည်ရဲ့အခြေအနေကို ခန့်မှန်းဖို့အတွက် အခက်အခဲရှိတာပေါ့လေ။ တိုင်းပြည်ရဲ့ငွေကြေးက လူတွေကြားထဲမှာ လှည့်ပတ်နေတဲ့ ငွေကြေးပမာဏရှိလို့ ရှိရင်တော့ အစိုးရရဲ့ Monetary Policy, System Policy ဘယ်လိုရှိလဲဆိုတာ ခန့်မှန်းလို့ရတာပေါ့။
ဦးကျော်ဇံသာ ။ ။ ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းထောက်တယောက်က အဲဒီ ဘဏ္ဍာရေးနဲ့ ပတ်သက်ပြီးတော့ တာဝန်ရှိတဲ့ ဝန်ကြီးတယောက်ကို သတင်းစာရှင်းလင်းပွဲမှာ မေးဖူးပါတယ်။ တိုင်းပြည်မှာ လှည့်ပတ်နေတဲ့ ငွေကြေးပမာဏ ဘယ်လောက်ရှိလဲ သိပါရစေဆိုတော့ ဝန်ကြီးက ဘာပြန်ပြောလဲဆိုတော့ - ဒါဟာ နိုင်ငံတော် လျှို့ဝှက်ချက်ဖြစ်တယ်၊ ခင်ဗျားကို ကျုပ်က ဘာကြောင့်ပြောရမှာလဲလို့ ပြန်ပြောသတဲ့ဆရာ။
ဦးမော်သန်း ။ ။ နိုင်ငံတကာ အလေ့အထအနေနဲ့ကတော့ တိုင်းပြည် တိုင်းပြည်တွေက national economic statistics ဆိုပြီးတော့ ကိုယ့်ပြည်တွင်းမှာ လှည့်ပတ်နေတဲ့ငွေကြေးက ဘယ်လောက်ရှိတယ်ဆိုတာ ကြေညာနေကျပါပဲ။ နိုင်ငံခြားကုန်သွယ်မှုနဲ့ ပတ်သက်လို့ balance of payment ပေါ့လေ၊ နိုင်ငံတကာငွေသွင်း ငွေယူရှင်းတမ်းမှာ ကုန်သွယ်မှုစာရင်းမှာ ဘယ်လောက်ပိုနေတယ်၊ ဘယ်လောက်လိုနေတယ်၊ Federal Account မှာ ဘယ်လောက်ပိုနေတယ်၊ ဘယ်လောက်လိုနေတယ်၊ ဒါကြောင့်မို့လို့ စုစုပေါင်းမှာ နည်းတာ၊ အဲဒါကတော့ အကုန်လုံးကတော့ ထုတ်ပြရတာပဲဗျ။
ဦးကျော်ဇံသာ ။ ။ ဆရာက စီးပွားရေးပညာရှင်အပြင်၊ ပညာရေးဌာနက ပုဂ္ဂိုလ်တဦးလည်း ဖြစ်ပါတယ်။ ဆိုတော့… မြန်မာနိုင်ငံ ပညာရေးအသုံးစရိတ်ကို ကာကွယ်ရေးအသုံးစရိတ်ထက် အင်မတန်လျှော့နည်းပြီးတော့ အခုလို သုံးစွဲထားတာနဲ့ ပတ်သက်ပြီးတော့ ဆရာဘယ်လို မြင်မိပါသလဲ။ ပညာရေးမှာ မြန်မာနိုင်ငံမှာ ဒီထက် ရင်းနှီမြုပ်နှံမှု မလိုပေဘူးလား။ မြန်မာနိုင်ငံရဲ့  လက်ရှိအခြေအနေနဲ့ ဒီလောက်ပြဌာန်းမှုနဲ့ လုံလောက်နိုင်မယ်လို့ ထင်ပါသလား။
ဦးမော်သန်း ။ ။ မိသားစုအနေနဲ့ တိုင်းပြည်မှာ အစိုးရနဲ့ အုပ်ချုပ်တဲ့မင်းတွေအနေနဲ့ ပညာရေးအတွက်တော့ ပိုသုံးသင့်တာပေါ့။ သို့သော်လည်း သူတို့ စဉ်းစားတာက ဥပမာ ဗမာပြည်မှာ လူတွေက သူတို့ဘာသာ စိုက်ထုတ်ပြီးတော့ ပညာရေးအတွက် သုံးနေကြတာပဲ။ အဲဒီလိုနဲ့များ အသုံးစရိတ်ကို နည်းနေတာလားလို့တော့ မပြောတတ်ဘူး။ အဲဒီလိုဆိုရင်တော့ ကျောင်းဖွင့်ပေးတာ၊ ကျောင်းတွေထောင်တာတို့၊ ပညာရေးအတွက်တော့ ပိုသုံးသင့်တာပေါ့။ ဘာကြောင့်လည်းဆိုတော့ လူတယောက်ရဲ့  ဘဝရဲ့  အနာဂတ်၊ ရင်းနှီမြုပ်နှံမှုလို့ ဆိုတဲ့နေရာမှာ တဦးချင်းတယောက်ချင်းအနေနဲ့ဖြစ်ဖြစ် - ဒီမှာ နိုင်ငံခြားစာမေးပွဲတွေ၊ ဘာတွေဖြေတဲ့ ကျောင်းသူကျောင်းသားတွေ သူတို့အိတ်ထဲကစိုက်ပြီး သုံးရတယ်ဆိုရင် ကိုယ့် school အတွက်ကို သိန်း ၂၀ လောက်တောင် အကုန်ကျခံပြီးတော့ အဲဒီလို သုံးရတယ်။ သုံးရတယ်ဆိုတော့ လူတယောက်ရဲ့  အနာဂတ်က ဘာအတွက် အနာဂတ်ဖြစ်ဖြစ် ရင်းနှီမြုပ်နှံမှု၊ များများ ရင်းနှီမြုပ်နှံမှု လုပ်လို့ရှိရင် ရှေ့ အနာဂတ်အတွက် များများမျှော်လင့်လို့ ရတာပေါ့။ အဲဒီတော့ ပညာရေးအတွက်ဆိုတာကလည်း ဒါက အရင်းအနှီပါပဲ။ ထို့နည်းလည်းကောင်းပဲ ကျန်းမာရေးအတွက်ကလည်း ကျန်းမာသန်စွမ်းမှ တိုင်းပြည်မှာလူတွေ လုပ်အား၊ အင်အားအပြည့်နဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်မှာပေါ့။ ပညာရေးတို့၊ ကျန်းမာရေးတို့ ဆိုတာကလည်း တိုင်းပြည်တိုးတက်အောင် ထူးထောင်တယ်၊ အလုပ်လုပ်တယ်ဆိုတဲ့နေရာမှာ ဒါတွေက အင်မတန် လိုအပ်တဲ့ကိစ္စရပ်တွေပါပဲ။ အသုံးစရိတ်များများသုံးဖို့ လိုတဲ့ကိစ္စ။ အရင်းအနှီမြုပ်နှံမှုပြုဖို့ လိုအပ်တဲ့ကိစ္စရပ်တွေလို ယူဆပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒီလို ရသုံးခန့်မှန်ခြေ ဥပဒေနဲ့ ပတ်သက်ပြီးတော့ ဒီလို မထုတ်ပြန်တာ လူတွေက ဝေဖန်မှာ စိုးရိမ်လို့ဆိုပြီး တချို့ ကပြောကြပါတယ်။ ဒီတော့ နိုင်ငံတခုမှာ ဘတ်ဂျက်နဲ့ ပတ်သက်ပြီးတော့ transparency က ဘယ်လောက်အရေးကြီးပါသလဲ။
ဦးမော်သန်း ။ ။ Good governance ကောင်းစွာစီမံအုပ်ချုပ်မှု - မှာတော့ transparency ဆိုတာ သိပ်အရေးကြီးတယ်။ ဟိုးတလောတုန်းက ကျနော်တို့ စီးပွားရေးဘက်မှာ ကုမ္မဏီတွေကို အုပ်ချုပ်တာနဲ့ ပတ်သက်ပြီးတော့ insider system, outsider system – insider system ဆိုတာကတော့ မိသားစုပိုင်လုပ်ငန်း၊ လူတစုကနေပြီး အုပ်ချုပ်တဲ့ ကုမ္မဏီတွေက။ အဲဒီ insider system တွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာမှာ -- ပြောသွားတာကတော့ ပုံစံတကျ structure ကောင်းကောင်း၊ former structure ရှိဖို့လိုတယ်၊ နောက်ပြီးတော့ transparency တို့၊ trust တို့ဆိုတာ ရှိဖို့လိုတယ်။ နောက်ပြီးတော့ အင်မတန် အရည်အချင်းပြည့်တဲ့လူတွေ မိသားစုထဲမှာ ပါဝင်အလုပ်လုပ်အောင် ဖိတ်ခေါ်ဖို့လိုတယ်။ အဲဒီမှာလည်း ကုမ္မဏီတွေအတွက်ဆိုရင်လည်း transparency က ယုံကြည်မှုရဖို့အတွက် အင်မတန် အရေးကြီးပါတယ်။ အဲဒီတော့ ဒါကလည်း တိုင်းပြည်မှာဆိုရင်လည်း ကိုယ်က ဥပမာအားဖြင့် transparency မရှိရင်၊ အကုန်လုံး အပြင်မှာ သို့လောသို့လောနဲ့ဆိုပြီးတော့ ပြောစရာတွေရှိနေတယ်။ Transparent ဖြစ်ရင်တော့ ဟိုဟိုဒီဒီ ကောလဟလတွေ မရှိဘူးပေါ့။ ကြေညာထားတယ်၊ ထုတ်ပြန်ထားတယ်ဆိုရင်တော့ အပြင်ကနေ တိုတိုတိတ်တိတ် ကောလဟလတွေတော့ မရှိနိုင်ဘူးပေါ့။ Transparency က အင်မတန် အရေးကြီးပါတယ်။ Trust ရဖို့ကလည်း transparency အင်မတန် အရေးကြီးပါတယ်။ နောက်ပြီးတော့ နိုင်ငံတကာ Governments တွေအနေနဲ့ဆိုရင်လည်း Effective ဖြစ်ဖို့အတွက် Transparency က လိုအပ်တဲ့ အကြောင်းအရာတခုဖြစ်ပါတာ ကမ္ဘာသိ ကိစ္စရပ်တခု ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခုလို ဘတ်ဂျက်ကို လွှတ်တော်မှာလည်း မတင်ဘူး၊ သူတို့ ပြည်သူ့ကိုယ်စားလှယ်၊ လူထုကိုယ်စားလှယ်ဆိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို သူတို့ကိုယ်တိုင်၊ အစိုးရကိုယ်တိုင် ခေါ်ယူပြီးတော့ ကျင်းပနေတယ်။ အဲဒီမှာလည်း မတင်ပြဘဲနဲ့ သူတို့လုပ်လာတဲ့ ဘတ်ဂျက်ဥပဒေကို သူတို့ တဖတ်သတ် အတည်ပြုပြီးတော့ အမိန့်ထုတ်ပြန်တယ်ဆိုတော့ ဒီလုပ်ရပ်ဟာ နိုင်ငံတကာနဲ့ ဆက်ဆံတဲ့အခါမှာ စီးပွားရေး၊ ဘဏ္ဍာရေးအရ နိုင်ငံတကာ ယုံကြည်မှု ရနိုင်ပါမလား။ အဲဒီကိစ္စမှာ ဘယ်လိုထိခိုက်မှု ရှိနိုင်ပါမလဲ။
ဦးမော်သန်း ။ ။ ပါလီမန်တွေခေါ်တယ်၊ လွှတ်တော်တွေ ဘာတွေခေါ်တယ်၊ ရွေးကောက်ပွဲတွေလုပ်တယ်။ ဒီလိုကိစ္စရပ်တွေကတော့ နိုင်ငံတကာမှာတော့ ဘတ်ဂျက်ဆိုတာ လွှတ်တော်တင်ပြီးတော့မှ သုံးသပ်တာ၊ အချီအချ အပြန်အလှန် ဆွေးနွေးကြတယ်။ ဆွေးနွေးတဲ့အခါမှာလည်း အမှန်ကတော့ အပြုသဘောကို ဆွေးနွေးတယ်၊ သုံးသပ်တယ် ဆိုတာကတော့ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စရပ်ပါ။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ အဲဒီလို မလုပ်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံနဲ့ နိုင်ငံတကာက လူတွေဆက်ဆံမယ့်ကိစ္စ၊ ဘဏ္ဍာရေးအားဖြင့်၊ စီးပွားရေးအားဖြင့် ဆက်ဆံတဲ့အခါမှာ ဒီလို ပွင့်ပွင့်လင်းလင်း မလုပ်တာ၊ လွှတ်တော်ကို မတင်ဘဲ အတည်ပြုတာတွေက ဆိုးကျိုးမဖြစ်နိုင်ဘူးလား။
ဦးမော်သန်း ။ ။ ကိုယ့်တိုင်းပြည်အပေါ် ယုံကြည်မှု၊ ကိုယ့်အစိုးရအပေါ် ယုံကြည်မှု - ယုံကြည်မှုမှာ နိုင်ငံတကာနဲ့ ဆက်သွယ်တဲ့အခါ အများကြီး ယုံကြည်မှု ထိခိုက်နိုင်တာပေါ့။ Trust ဆိုတော့ လူတဦးနဲ့တဦး ပေါင်းသင်းဆက်ဆံတာပဲဖြစ်ဖြစ်၊ တနိုင်ငံနဲ့တနိုင်ငံ ပေါင်းသင်းဆက်ဆံတာပဲဖြစ်ဖြစ်၊ မိသားစုတစုနဲ့တစု ဆက်ဆံတာပဲဖြစ်ဖြစ်၊ လူအဖွဲ့အစည်းတခုနဲ့တခု ဆက်ဆံတာပဲဖြစ်ဖြစ် လုံးဝယုံကြည်စိတ်ချမှု မရှိဘူးဆိုရင်တော့ အကောင်းဖက်ကို မျှော်မှန်းဖို့ခက်ပါလိမ့်မယ်။
ဦးကျော်ဇံသာ ။ ။ နောက်ဆုံးမေးချင်တဲ့ မေးခွန်းကတော့ ကာကွယ်ရေး အသုံးစရိတ်များတဲ့ကိစ္စနဲ့ ပတ်သက်လို့ပါ။ အဲဒါဟာ justified ဖြစ်ပါရဲ့ လား။ မြန်မာနိုင်ငံမှာ ဘဏ္ဍာရေးအသုံးစရိတ်ထဲက ကာကွယ်ရေးကို ဒီလောက်အထိ တိုးမြှင့်သုံးရလောက်အောင် မြန်မာနိုင်ငံမှာ လိုအပ်နေတယ်၊ အန္တရာယ်ရှိနေတယ်၊ အဲဒီလိုမျိုးတွေ မြင်ပါသလား။
ဦးမော်သန်း ။ ။ မြန်မာနိုင်ငံက တရားဥပဒေ စိုးမိုးနေတယ်၊ ငြိမ်းချမ်းနေတယ်ဆိုရင်တော့ ကာကွယ်ရေးအသုံးစရိတ်အနေနဲ့ ဒီလောက်မလိုဘူးပေါ့။ အိမ်နီးနားချင်းနိုင်ငံတွေနဲ့လည်း သင့်မြတ်နေတယ်၊ ပြည်တွင်းမှာလည်း ငြိမ်းချမ်းနေတယ်၊ စစ်မက်ဘာညာ မရှိဘူးဆိုရင်တော့ ကာကွယ်ရေးစရိတ်က ၁၉ ကျပ်လောက်သုံးနေတာ၊ ၁၀၀ ရတာကို ၁၉ ကျပ်လောက် သုံးနေတာ ကိုယ့်တိုင်းပြည် အခြေအနေကို ကြည့်ပြီးတော့ အေးချမ်းတယ်၊ ငြိမ်းချမ်းတယ်၊ နိုင်ငံတကာနဲ့ သင့်တင့်တယ်ဆိုရင်တော့ ဒါကို သုံးတာနည်းနည်းများနေတယ်လို့ ပြောလို့ ရမှာပေါ့။
ဦးကျော်ဇံသာ ။ ။ စီးပွားရေးတက္ကသိုလ် အငြိမ်းစား ပါမောက္ခချုပ် ဦးမော်သန်း ဖြေကြားသွားတာပါ။ ဒီ ဘတ်ဂျက်ဥပဒေကို ထုတ်ပြန်တာနဲ့ ပတ်သက်လို့ အကောင်းမြင်တဲ့ အယူအဆတချို့ လည်း ကြားရပါတယ်။ နှစ်ပေါင်း ၂၀ ကျော် ပျောက်ကွယ်နေတဲ့ ဘတ်ဂျက်ဥပဒေကို အခုလို ပြန်လည် အသိပေးလာတာဟာ ဘယ်လိုပဲဖြစ်ဖြစ် ဘတ်ဂျက်ဥပဒေကို ထုတ်ပြန်အသိပေးရမယ်ဆိုတဲ့ အစဉ်အလာ ပြန်လည်ဖော်ထုတ်ရာ ရောက်တယ်ဆိုတဲ့ ခန့်မှန်ချက်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ လွှတ်တော်မှာ မဆွေးနွေးဘဲ အစိုးရက တဖတ်သတ်ထုတ်ပြန် အတည်ပြုတဲ့ အစဉ်အလာ ဖြစ်တည်သွားလေမလားဆိုတာလည်း စဉ်းစားစရာ ပြောကြားလိုပါတယ်။