သုံးရလွယ်ကူစေသည့် Link များ

ရခိုင်အမျိုးသား လွှတ်တော်အမတ် ဒေါက်တာအေးမောင် ရဲ့  နိုင်ငံရေးသုံးသပ်ချက်


ရခိုင်အမျိုးသား လွှတ်တော်အမတ် ဒေါက်တာအေးမောင် ရဲ့  နိုင်ငံရေးသုံးသပ်ချက်

ဒီတပတ် မြန်မာ့အရေး မျက်မှောက်ရေးရာသတင်းသုံးသပ်ချက်မှာ ဦးကျော်ဇံသာ ၂၀၁၀ ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကနေ ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော်အမတ် ဒေါက်တာအေးမောင် ကို လက်ရှိ ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်အတွင်း ရရှိတဲ့ လုပ်ပိုင်ပြောဆိုခွင့်မှုများ နဲ့ အခြေအနေများအပေါ် ကျေနပ်အားရမှုရှိပါသလား။ သူ့ရဲ့  လွှတ်တော်အတွေ့အကြုံ၊ နိုင်ငံရေးအမြင် သုံးသပ်ချက်များကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒေါက်တာအေးမောင်တို့က ရွေးကောက်ပွဲဝင်တယ်။ ရွေးကောက်ပွဲဝင်တုန်းက မျှော်လင့်ထားတဲ့အတိုင်း နိုင်တယ်။ နိုင်ပြီးတော့ လွှတ်တော်ကို တက်တဲ့အခါကြတော့ ပထမဦးဆုံး မျှော်လင့်ထားတာ၊ ကြိုတွက်ထားတာ ရှိပါလိမ့်မယ်။ လွှတ်တော်မှာဖြင့် ငါ ဒါတွေပြောခွင့်ရမယ်။ သို့တည်မဟုတ် ဒါတွေတော့ ပြောခွင့်ရမှာ မဟုတ်ဘူး စသဖြင့် ကြိုပြီတွက်ခဲ့တာတွေ ရှိပါလိမ့်မယ်။ အခု လွှတ်တော်ကို တကယ်တက်ပြီးတဲ့အခါကြတော့ မျှော်လင့်ထားတာနဲ့ လက်တွေ့ကြပါသလား။ ကွာဟနေပါသလား။ မျှော်လင့်တာထက် ပိုပြီးလွတ်လွတ်လပ်လပ် ပြောခွင့်ရတယ် ထင်သလား။ သို့တည်မဟုတ် မှန်းထားသလောက် မရခဲ့ဘူးလား။ အဲဒီလို အကြမ်းဖျဉ်း သုံးသပ်ချက်လေးကို နည်းနည်းပြောပေးပါ။

ဦးအေးမောင် ။ ။ ကျနော်တို့ ဒီလွှတ်တော်ကို စတက်ခဲ့ကတည်က ကျနော်တို့က ရည်မှန်းချက်ထားပါတယ်။ ပထမဦးဆုံး စနစ်ပြောင်းမယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို အကြောင်းကြောင်းကြောင့် ပထမဦးစားပေးရမယ့် တာဝန်ကြီးတခုအနေနဲ့ ၂၀၀၈ အပေါ်မှာ အခြေခံခဲ့ပါတယ်။ ၂၀၀၈ အရ ရွေးကောက်ပွဲပေါ်လာတယ်။ လွှတ်တော်ပေါ်လာတယ်။ ဒီအခြေအနေမျိုးက ရှိခဲ့မယ်။ နှစ်ပေါင်း ၂၀ ကျော်ရဲ့ ကာလကို ပထမသက်တမ်းမှာ ဒီဒဏ်ကို ခံရမယ်ဆိုတာ ကျနော်တို့ သိပါတယ်။ အင်မတန် ဒီမိုကရေစီဆန်တဲ့၊ ပွင့်လင့်မြင်သာတဲ့ အခြေအနေမျိုးတခုကို ဒီကာလမှာ မဖြတ်သန်းနိုင်ဘူးလို့ ကြိုတင်ခန့်မှန်းခဲ့ပါတယ်။ အဲဒါကြောင့် မဟာဗျူဟာအရ ကျနော်တို့ ရွေးကောက်ပွဲ ဝင်ခဲ့ပါတယ်။ ကျနော်တို့ရဲ့  အမျိုးသားစည်းလုံးညီညွှတ်မှု အခြေခံတဲ့ ကျနော်က ပထမဦးဆုံး ပြိုကွဲနေတဲ့ တိုင်းရင်းသားများ၊ ရခိုင်တိုင်းရင်းသားများကို ပြန်လည်စုစည်းဖို့ ရည်မှန်းချက်နဲ့ ဝင်ခဲ့တာပါ။ အဲဒီကြားက လူထုက တဖြည်းဖြည်းနဲ့ ထောက်ခံပေးလို့ ကျနော်တို့ ရွေးကောက်ပွဲ နိုင်ခဲ့ပါတယ်။ ရွေးကောက်ပွဲမှာလည်း ကျနော်တို့က ကိုယ့်ဒေသ ဖွံ့ဖြိုးတိုးတက်မှုကို အဓိကအခြေခံသွားမယ်ဆိုတဲ့ ဦးတည်ချက်အရပါ။ ဆိုတော့ အခုနလို ရွေးကောက်ပွဲမတိုင်ခင်ကာလနဲ့ ပါလီမန်ကာလလေးမှာ ပါလီမန်ရဲ့  အခင်းအကျင်းပေါ်မှာ ကျနော်တို့ သဘောပေါက်ပါတယ်။ စောင့်စားရမယ့်ကာလတခုကို ခွင့်ပြုရမယ်ဆိုတာကို ကျနော်တို့ သဘောပေါက်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ရွေးကောက်ပွဲ နိုင်ခဲ့ခြင်းက ရခိုင်ပြည်သူလူထုတရပ်လုံးက တခဲနက်ထောက်ခံပေးခဲ့တယ်။ အဲဒါကြောင့် ရခိုင်ပြည်သူတရပ်လုံးက ကိုအေးမောင်တို့ရဲ့  RNDP () ရခိုင်အမျိုးသားများ တိုးတက်ရေးပါတီရဲ့  နောက်ကွယ်မှာ စည်းရုံးကြတာတော့ ဟုတ်ပါပြီ။ ဆိုတော့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်မယ်ဆိုတဲ့ ဒုတိယရည်မှန်းချက်အပိုင်းမှာကြတော့ ဘယ်လောက်အထိ မျှော်မှန်းပြီးတော့၊ ဘယ်လောက်အထိ လုပ်လာနိုင်မယ့် အနေအထား တွေ့ရပါသလဲ။

ဦးအေးမောင် ။ ။ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို အခြေခံနိုင်တော့မယ်လို့ ကျနော်တို့ ယူဆပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံမှာလည်း သိကြတဲ့အတိုင်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တခုရဲ့  ဖွံ့ဖြိုးတိုးတက်မှုကို ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်ဟာ အကန့်အသတ်လေးတခုပဲ ရှိပါတယ်။ ဘယ်လိုမှ လုပ်ပိုင်ခွင့် ပြည်ထောင်စုရဲ့  ပေးထားတဲ့ဘောင်ထဲက ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းကို ကျနော်တို့ တည်ဆောက်နိုင်ခြေမရှိပါဘူး။ ဒါပေမဲ့လို့ အမျိုးသားယုံကြည်မှုကို တည်ဆောက်နိုင်ခဲ့တယ်။ ကိုယ့်တိုင်းရင်းသားတွေရဲ့  ယုံကြည်မှုကို ရခဲ့တယ်။ အဲဒါ ကျနော်တို့ရဲ့  အခြေခံကောင်းပါ။ အဲဒီတော့ ကျနော်တို့က ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားပြည်သူလွှတ်တော်တွေမှာ ကျနော်တို့ အဓိက ဦးတည်တာက တခြားတိုင်းရင်းသားတွေပါ။ ကျနော်တို့က ပြည်ထောင်စုလို့ အမည်ခံထားကြတာကို။ တကယ်တမ်း စစ်မှန်တဲ့ အမျိုးသားပြည်ထောင်စုကြီးတခုကို တည်ဆောက်မယ်ဆိုရင် ပြည်ထောင်စုသားအကုန်လုံးဟာ အေးအတူပူအမျှ နေကြမယ်။ လောကပါလတရားတွေလည်း ထွန်းကားနေကြရမယ်ဆိုတော့ ကျနော်တို့ကအချင်းချင်း တိုင်းရင်းသားအချင်းချင်း ယုံကြည်မှုကို တည်ဆောက်ကြရပါတယ်။ သဘောထားကိုက်ညီမှု အသင့်အလျောက်ရပါတယ်။ လက်ရှိအခြေအနေပေါ်မှာလည်း သဘောပေါက်ပါတယ်။ ကျနော်တို့ဟာ ပြည်ထောင်စုဖွံ့ဖြိုးမှုလမ်းကြောင်းကို ရောက်ဖို့အတွက် ပြည်ထောင်စုတည်ငြိမ်အေးချမ်းရေးကို လိုအပ်တယ်လို့ အကုန်လုံးကပဲ သဘောထားမှတ်ချက်ချကြပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးတို့၊ အမျိုးသားသင့်မြတ်ရေးတို့ဟာ အင်မတန် ခြေလှမ်းစရမယ့် လုပ်ငန်းတွေပါ။ အဲဒီအပေါ်မှာ မူတည်ပြီးကမှ ငြိမ်းချမ်းမယ်၊ တည်ငြိမ်မယ်၊ ဖွံ့ဖြိုးတိုးတက်မယ်ဆိုတဲ့ လမ်းကြောင်းကို ကျနော်တို့ လျှောက်သွားမှာပါ။ ကျနော်တို့ထင်ပါတယ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာတဲ့ အခြေအနေနောက်ပိုင်းမှာပေါ့။ ပြည်ထောင်စုဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို ရောက်ဖို့အတွက် ပြည်ထောင်စုတည်ငြိမ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ကျနော်တို့ အခုလက်ရှိ သမ္မတကြီးဦးဆောင်နေတဲ့ ပြည်ထောင်စုအစိုးရက ဦးတည်လာနိုင်မယ်၊ ငြိမ်းချမ်းရေးရင်ခွင်ကို ပြန်လည်ခေါ်လာနိုင်မယ်၊ ပြည်ထောင်စု ပါလီမန်အတွင်း၊ ပါလီမန်အပမှာရှိတဲ့ သဘောထားကွဲလွဲမှုတွေ အကုန်လုံး ရင်ကြားစေ့နိုင်အောင် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို တိုင်းရင်းသားအချင်းချင်း အပါအဝင်၊ ပြည်ထောင်စုမှာရှိတဲ့ အမျိုးသားအချင်းချင်း - ဆိုလိုတာက ဗမာအချင်းချင်း ရင်ကြားစေ့ရေးကို ဦးတည်နိုင်မယ်။ ပြီးနောက် တိုင်းရင်းသား နဲ့ ဗမာတို့ ရင်ကြားစေ့ရေးကို ပြန်လည်ဦးတည်နိုင်မယ်လို့ ယူဆပါတယ်။ အဲဒီနောက်မှာ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်း ရောက်လာမှာပါ။

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံးကတော့ နိုင်ငံရေးအားဖြင့် ပြန်လည်သင့်မြတ်ရေး၊ အမျိုးသားရင်ကြားစေ့ရေးကိစ္စကို ရှင်းရမယ့်သဘောပေါ့။ ဆိုတော့ အခု ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပြည်နယ်နဲ့ တိုင်းဒေသကြီးများရဲ့  စီရင်ပိုင်ခွင့်အာဏာဆိုပြီးတော့ ပြည်ထောင်စုနိုင်ငံတို့ရဲ့  ဖွဲ့စည်းပုံအတိုင်း ဇယားတွေဆွဲပြီး ဖော်ပြထားတာကို တွေ့ရပါတယ်။ အဲဒီ ဇယားတွေအရဆိုရင် ပြည်နယ်နဲ့တိုင်းဒေသကြီးတွေရဲ့  လုပ်ပိုင်ခွင့်ကို ဘယ်လိုမြင်ပါသလဲ။ အတော်အသင့်ရှိတယ်လို့ ထင်ပါသလား။ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဲဒီဘောင်အတွင်းမှာပါ။

ဦးအေးမောင် ။ ။ လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအရကြည့်တယ်အခါကြတော့ ဒေါင်လိုက်စီဆင်းမှုကို အများကြီးတွေ့ရပါတယ်။ အပေါ်က ပြည်ထောင်စုအစိုးရရဲ့  ချုပ်ကိုင်မှု ပိုများပြီး၊ ပြည်နယ်ပြညဋ္ဌာန်းပိုင်ခွင့်၊ ကိုယ်ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုကို ကိုယ်ပြည်နယ်ကထွက်တဲ့ သံယဇာတတွေကို စီမံခန့်ခွဲပိုင်ခွင့်တွေ နည်းပြီး၊ ပြည်ထောင်စုရဲ့  ဗဟိုချုပ်ကိုင်မှုက အင်မတန်များနေပါတယ်။ ဒါကိုလည်း ကျနော်တို့က ၂၀၀၈ ဖွဲ့စည်းပုံရဲ့  ဘောင်ရှိပါတယ်။ တဖြည်းဖြည်း ပြုပြင်သွားနိုင်မယ်လို့ ထင်ပါတယ်။ သမ္မတကြီးမိန့်ခွန်းမှာ အခန်း (၁၂) ဆိုတာ၊ amendment ဆိုတာကို ခွင့်ပြုထားတာက တချိန်ချိန်ကာလတခုမှာ တွေ့ဆုံညှိနှိုင်းတာဖြစ်ဖြစ်၊ ကျနော်တို့အချင်းချင်း နားလည်းမှု တည်ဆောက်နိုင်တာဖြစ်ဖြစ် ပြန်လည်သုံးသပ်နိုင်ကြတဲ့ကာလမှာ ဖွဲ့စည်းပုံကြီးဟာ ပိုပြီးကာမှ ဒေါင်လိုက်ထက်ဆရင် အလျားလိုက် ပြန်လည်သင့်မြတ်တဲ့ကာလမှာ ပြည်ထောင်စုယုံကြည်မှုအစစ်ကို ပြန်လည်တည်ဆောက်နိုင်မယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဖွဲ့စည်းပုံအခန်း (၁၂) အရ ဖွဲ့စည်းပုံဥပဒေ constitutional amendment ပြန်လည်ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ ပြဋ္ဌာန်းထားတာကို ဝေဖန်သူတချို့ ကတော့ အတော်ကိုတင်းကြပ်တယ်။ Very rigid ပြင်ဆင်ဖို့ အင်မတန်ခက်ခဲတဲ့ ဖွဲ့စည်းပုံဖြစ်တယ်။ နောက်ပြီးတော့ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက အမတ်အများစု၊ နောက်ပြီးတော့ တပ်မတော်ရဲ့  ကိုယ်စားလှယ်တွေပါနေခြင်းအားဖြင့် မဖြစ်နိုင်တဲ့ အတိုင်းအတာကြီးလို့ ဝေဖန်ကြတာတွေ ကြားရပါတယ်။ ဒေါက်တာအေးမောင်တို့က တကယ်လွှတ်တော်တက်ပြီး ဆွေးနွေးလာတဲ့လူတွေဆိုတော့ ဘယ်လိုမြင်ပါသလဲ။ နောက်ပြီးတော့ ကိုယ်တွေနဲ့ သဘောထားတူညီတဲ့ တိုင်းရင်းသားအမတ်တွေကြားမှာ ဒီကိစ္စကို ဘယ်လိုသုံးသပ်ကြပါသလဲ။

ဦးအေးမောင် ။ ။ ကျနော်တို့က အခုနလို စစ်မှန်တဲ့ ပြည်ထောင်စုကြီးတခုကို တည်ဆောက်ချင်တာပါ။ စစ်မှန်တဲ့ပြည်ထောင်စုမှာလည်း ဒီမိုကရေစီကျင့်စဉ် လွှမ်းမိုးတဲ့ ခက်မ သုံးဖြာ တန်တူအခွင့်အရေးတွေရတဲ့ အခြေအနေအထိ တည်ဆောက်ချင်တာပါ။ အခုန အခန်း (၁၂) မှာပါတဲ့ကိစ္စလေးကို ကျနော်တို့ တွေ့ဆုံနေတဲ့နေရာတွေမှာ တိုင်းရင်းသားအချင်းချင်း ဆွေးနွေးတာရှိပါတယ်။ လွှတ်တော်တွေ ပြန်ကြည့်ရင် (၂၅) ရာခိုင်နှုန်းက တပ်မတော်သားတွေ ဖြစ်ပါတယ်။ သူတို့မှာ ကျနော်တို့ လွှတ်တော်တက်တဲ့ကာလမှာ ငြိမ်နေတာကို တွေ့ရတယ်။ ဘာအသံမှ မထွက်ဘူး။ ဘယ်လိုမှလည်း တွေ့ဆုံဆွေးနွေးတာ မရှိဘူး။ ဘာမှမပြောဘူး ဒီအတိုင်း ငုတ်တုပ်ကြီးထိုင်ပြီး နားထောင်နေကြတဲ့သဘောပဲ တွေ့ပါတယ်။ ဒါပေမဲ့ လာမယ့် ဒုတိယအကြိမ် ပါလီမန်အချိန်ကာလမှာတော့ သူတို့ တစုံတရာပြောလာနိုင်ခြေ ရှိပါတယ်။ ပြီးတဲ့အခါမှာ ကြံ့ခိုင်ရေးရှိမယ်၊ ကျနော်တို့ တိုင်းရင်းသားပါတီတွေရှိမယ်။ NDF လို အမျိုးသားနိုင်ငံရေးအင်အားစုတွေ ရှိမယ်။ ကျနော်တို့အကုန်လုံးဟာ ပြည်သူတွေက ရွေးကောက်တင်မြှောက်ထားတဲ့ ပုဂ္ဂိုလ်တွေဆိုတဲ့ ခံစားချက် အကုန်လုံးမှာ ရှိပါတယ်။ ကျနော်တို့ဟာ ဆွဲခန့်ထားတာရှိတယ်။ ကျနော်တို့က ပြည်သူတွေက ကိုယ်စားပြုပြီး တင်မြှောက်လိုက်တဲ့ ပုဂ္ဂိုလ်တွေ၊ ပြည်သူကို ကိုယ်စားပြန်ပြောပြရမယ်၊ ပြည်သူကိုယ်စား လိုတဲ့ဆန္ဒတွေကို ပြုပြင်ပြောင်းလဲနိုင်ရမယ်ဆိုတဲ့ အသိရှိကြပါတယ်။ သမ္မတကြီးအပါအဝင် ကျနော်တို့အကုန်လုံးမှာ ရင်ထဲက ခံစားချက်ရှိကြပါတယ်။ ပြည်သူလူထုရဲ့  တောင်းဆိုတဲ့ အခွင့်အရေးတွေကို ပြန်လည်ပြုပြင်နိုင်ကြရတဲ့ မိမိကိုယ်မိမိ ဝေဖန်မှုက ရှိကိုရှိလာမှာပါ။ အဲဒီတော့ ကာလတခုမှာ ၇၅% ဆိုတဲ့အရာရယ်၊ ၂၅% ဆိုတဲ့ဥစ္စာရယ် ၇၅% ထက် ကျော်သွားတဲ့အခြေအနေဟာ တချိန်ချိန်မှာ ရှိနိုင်ပါတယ်။ ဥပမာ နောက် (၅) နှစ်မှာ ပြည်ခိုင်ဖြိုးပါတီရဲ့  လက်ရှိအင်အားဟာ အခုလက်ရှိ ရှိတဲ့အခြေအနေထက် တော်တော်လေး လျော့ဆင်းသွားနိုင်မယ့်အခြေအနေကို သုံးသပ်လို့ ရပါတယ်။ အဲဒီကာလမှာပဲ အခုလို တနှစ်နီးပါးလောက်ရှိပြီ၊ အတွင်းမှာ ကျန်တဲ့ ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးပါတီတွေကလည်း ဖွဲ့စည်းပုံဘောင်အတွင်းက ပြုပြင်သင့်တဲ့ဥစ္စာတွေကို ပြုပြင်မယ်ဆိုတဲ့ ဆန္ဒနဲ့ စည်းရုံးခြင်းတို့၊ ဆွေးနွေးခြင်းတို့ ပြန်လုပ်လာနိုင်တယ်ဆိုရင် ကျနော်တို့ လိုချင်တဲ့အပိုင်း ၇၅% ကို ကဏ္ဍထဲမှာ ဒီမိုကရေစီအင်အားစုတွေ ပိုများလာနိုင်ပါတယ်။ အဲဒါကြောင့် ကျနော်တို့ ဖွဲ့စည်းပုံအခန်း (၁၂) ရဲ့ ကဏ္ဍကို ပုံသေကြီး၊ ထာဝရ ပြုပြင်လို့မရတဲ့ကဏ္ဍလို့ မသတ်မှတ်ပါဘူး။ ကာလတခုမှာ ကျနော်တို့ ဆွေးနွေးပြုပြင်ယူနိုင်တဲ့ အခြေအနေရှိတယ်လို့ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက် ဒေါက်တာအေးမောင်တို့ကို ကျနော်အနေနဲ့ ပြည်နယ်အပိုင်းကိုလည်း မေးချင်ပါတယ်။ အဲဒီ ပြည်နယ်နဲ့ တိုင်းဒေသကြီးအတွင်းမှာ လွှတ်တော်တွေ၊ အစိုးရအဖွဲ့တွေရှိလာတယ်။ လွှတ်တော်အနေနဲ့ စီရင်ပိုင်ခွင့် ဥပဒေအရ သိပ်မများလှဘူးဆိုတာကို တွေ့ရပါတယ်။ အဲဒီ ပြည်နယ်အစိုးရအဖွဲ့ရဲ့  လုပ်နည်းကိုင်နည်းတွေကို ဘယ်လိုပြည်သူတွေက သုံးသပ်နေကြတာကို တွေ့ရပါသလဲ။ အရင်နဲ့ လုံးဝပြောင်းလဲလာပါသလား။ လပိုင်းအတွင်းမှာဆိုတာကို နည်းနည်းပြောပြပါ။

ဦးအေးမောင် ။ ။ ရေလုပ်ငန်းခွင်နဲ့ ပတ်သက်လို့ တန်ဒါခေါ်တဲ့ကိစ္စလေးကို မေးပါတယ်။ သတ်မှတ်တဲ့ တန်ဒါစည်းကမ်းအရ အစိုးရနဲ့ သက်ဆိုင်တာရှိပါတယ်။ ငါးလုပ်ငန်းဦးစီးကိုပါ။ ဒါပေမဲ့ ဒေသအာဏာပိုင်အဖို့ သက်ဆိုင်တဲ့ ကြီးကြပ်တဲ့ ပုဂ္ဂိုလ်တွေကို သွင်းရတဲ့ ရံပုံငွေဆိုတာ ရှိတာကြောင့် အခွန်အထုပ်တွေက များတဲ့အခါမှာ sub license ပေါ်လာတဲ့အခါမှာ အဲဒီဒဏ်ကို ဈေးကွက်တန်းဖိုးက အဆုံးအဖြတ်တခု ခံရတာရှိပါတယ်။ အဲဒီကဏ္ဍတွေကို အခု ပြန်လာကြည့်ပြီးမှ လက်ရှိဖွဲ့စည်းပုံအရ ပြည်နယ်အစိုးရတို့ ပေါ်ပေါက်လာတဲ့ ကာလမှာ အဲဒီ ငါးလုပ်ငန်းနဲ့ ပတ်သက်တဲ့ဝန်ကြီးက သက်ဆိုင်တဲ့နယ်မြေတွေကို ဆင်းကြည့်ပြီးမှ အဲဒီ တန်ဒါနဲ့ ပတ်သက်တာကို ပြန်လည်တွေ့ဆုံဆွေးနွေးတာ ရှိပါတယ်။ ခေတ်တခုကတခေတ် ပြောင်းတဲ့ကာလမှာ ပြည်သူတွေ မကြိုက်တဲ့၊ ပြည်သူတွေ ဝန်ပိနိုင်တဲ့ အခွန်အတုတ်တွေ၊ တန်ဒါတွေ၊ အဲဒါမျိုးတွေဆိုလို့ရှိရင် အခုန လက်ရှိစနစ်နဲ့ ပြီးခဲ့တဲ့စနစ်က ဆန့်ကျင်ဘက်မို့ ခေတ်တခုရဲ့  ရောင်ပြန်ဟာ ပြန်လွှမ်းလာမှာစိုးလို့ ပြန်လည်ဆင်ခြင်တဲ့သဘောကို တွေ့ရပါတယ်။ အဲဒါကြောင့် ကျနော်ထင်ပါတယ် ပြီးခဲ့တဲ့ခေတ်ရဲ့  ပြည်သူတွေအပေါ် ဖိစီးနိုင်တဲ့တချို့ ကို လက်ရှိပြည်နယ်အစိုးရဟာ ဆင်ခြေနိုင်မယ်၊ သုံးသပ်နိုင်မယ်။ ပြည်သူတွေနဲ့ ထိတွေ့တဲ့သဘောအရ အခုနကဏ္ဍတွေကို လျှော့ပေါ့စဉ်းစားပြီး ဆင်ဆင်ခြင်ခြင် လုပ်ကိုင်နိုင်မယ်လို့ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးမေးချင်တဲ့ မေးခွန်းတခုက ဒေါက်တာအေးမောင်က လူထုကိုယ်စားလှယ် လွှတ်တော်အမတ်တဦး ဖြစ်ပါတယ်။ အဲဒီတော့ ဒေါက်တာအေးမောင်မြင်တဲ့ အခုအစိုးရသစ်နဲ့ နိုင်ငံရေး အခြေအနေ၊ အခင်းအကျင်းအသစ်ပေါ်မှာ မြင်တဲ့အမြင်ဟာ ဒေါက်တာအေးမောင် ကိုယ်စားပြုတဲ့ မဲဆန္ဒရှင် ပြည်သူတွေရဲ့  အမြင်နဲ့ ထပ်တူကျတယ်လို့ ထင်ပါသလား။ ပြည်သူတွေက ဒီအတိုင်းပဲ မြင်တယ်လို့ ထင်ပါသလား။ နည်းနည်းကွာခြားမှု ရှိသလား။

ဦးအေးမောင် ။ ။ ကျနော်တို့က ရွေးကောက်ပွဲဝင်တဲ့အခါမှာ ကြွေးကြော်ချက် (၃) ခုကို ကြွေးကြော်ခဲ့ပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေး၊ တန်တူညီမျှရေး၊ ဒီမိုကရေစီ ဆိုပြီး ကြွေးကြော်ချက် (၃) ခုပါ။ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်လို့ ကျနော်တို့က ကိုယ့်ဒေသရဲ့  ဖွံ့ဖြိုးတိုးတက်မှု နှိမ့်ကျတဲ့အခြေအနေကို ပြည်သူတွေ သဘောပေါက်ပါတယ်။ အဲဒီတော့ ကျနော်တို့က ပြည်သူတွေကြားထဲမှာ ထိုးဝင်နေတဲ့ပါတီဆိုတော့ ပြည်သူတွေရဲ့  အသံ၊ ပြည်သူတွေရဲ့  ခံယူချက်၊ ခံစားချက်ကို ကျနော်တို့ တော်တော်များများကို ထိတွေ့သိပါတယ်။ ပြည်သူတွေက ဖွံ့ဖြိုးတိုးတက်ချင်ပါတယ်။ ကျနော်တို့က လက်ရှိအာဏာအစိုးရနဲ့ government with government - အစိုးရနဲ့ အတူတူ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို လုပ်နေတာပါ။ ကျနော်တို့က အစိုးရအတွက် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို ကူလုပ်ပေးတာ မဟုတ်ပါဘူး။ ပြည်သူတွေအတွက် အစိုးရနဲ့အတူ ကျနော်တို့ လိုချင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို အတူလျှောက်နေတဲ့သဘောပဲ ရှိပါတယ်။ အဲဒါကြောင့်လည်း ရခိုင်ပြည်နယ်မှာဆိုရင် ကျနော်တို့ RIDP က ဝန်ကြီး (၃) ပါးဟာ ရေလုပ်ငန်းမှာတပါး၊ အားကစားမှာတပါး၊ ယဉ်ကျေးမှုမှာတပါး သူတို့ရဲ့  တာဝန်အသီးသီးကို ထမ်းဆောင်နေတာကို တွေ့ကြရပါတယ်။

XS
SM
MD
LG