ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သတင်းသုံးသပ်ချက်မှာ မြန်မာနိုင်ငံမှာ ethnic nationalism လို့ခေါ်တဲ့ တိုင်းရင်းသားအသီးသီးတို့ရဲ့ အမျိုးသားစိတ်ဓါတ်မှသည် တနိုင်ငံလုံးကို လွှမ်းခြုံတဲ့ စစ်မှန်တဲ့ ပြည်ထောင်စုစိတ်ဓါတ်အဆင့်သို့ တက်လှမ်းနိုင်ရေးအတွက် ဘာတွေလုပ်သင့်သလဲ။ ဘယ်လောက်အလားအလာ ရှိပါသလဲဆိုတဲ့ အကြောင်းအရာတွေကို မြန်မာ့အရေး ကျွမ်းကျင်သူ ဝါရှင်တန်ဒီစီ Georgetown University ပါမောက္ခ David Steinberg ကို ဦးကျော်ဇံသာက ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံး ethnic nationalism လို့ခေါ်တဲ့ တိုင်းရင်းသားအသီးသီးရဲ့ အမျိုးသားရေးစိတ်ဓါတ်ဆိုတာ မြန်မာနိုင်ငံအတွက် ဘယ်လိုအဓိပ္ပါယ် ဖွင့်မလဲ။
Prof. David Steinberg ။ ။ မြန်မာတွေရဲ့ အမျိုးသားရေးစိတ်ဓါတ် ကြီးထွားလာတာနဲ့အမျှ ကျန် တိုင်းရင်းသားတွေကလည်း သူတို့ရဲ့ သမိုင်းကြောင်းတွေကို သိရှိနေကြပြီဖြစ်တဲ့အတွက် ဒီအပေါ်မှာ ဂုဏ်ယူလာကြပါတယ်။ အဲဒီအပေါ်မှာ အသိအမှတ်ပြု ခံယူလာကြပါတယ်။ ဒီလိုနဲ့ပဲ အခု ethnic nationalism ခေါ်နေကြတဲ့ တိုင်းရင်းသားလူမျိုးရေးစိတ်ဓါတ် ပေါ်ထွန်းလာတာပါ။ အဓိပ္ပါယ်ကတော့ တိုင်းရင်းသားလူမျိုးတွေဟာ သူတို့ရဲ့ ဘာသာစကား၊ သူတို့ရဲ့ ယဉ်ကျေးမှု၊ သူတို့ရဲ့ ဓလေ့ထုံးတမ်း အစဉ်အလာတွေနဲ့ တခါတရံလည်း သူတို့ရဲ့ ကိုးကွယ်ယုံကြည်မှုတွေ အတွက် ဂုဏ်ယူလိုမှု ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒီနေရာမှာ ဗမာအမျိုးသားရေးစိတ်ဓါတ်ဆိုတာ ဗမာတိုင်းရင်းသားတွေအတွက်ပဲ ဖြစ်ထွန်း ခဲ့တဲ့ အမျိုးသားရေး စိတ်ဓါတ်တခုပဲလား။ သို့တည်းမဟုတ် တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတဲ့ အမျိုးသားစိတ်ဓါတ်ကော မဖြစ်သင့်ခဲ့ဘူးလား။
Prof. David Steinberg ။ ။ အမျိုးသားရေးစိတ်ဓါတ်ဆိုတာ တတိုင်းပြည်လုံးအတွက် တပေါင်းတစည်း တည်း ဖြစ်သင့်ပါတယ်။ အခုဖြစ်သွားတာက လွတ်လပ်ရေး ရသွားကတည်းက လူများစု ဗမာတွေက အမျိုးသားယဉ်ကျေးမှုဆိုတာ ဗမာ့ယဉ်ကျေးမှုပဲလို့ ဆုံးဖြတ်ပြဋ္ဌာန်းခဲ့ပါတယ်။ ပြည်ထောင်စုနေ့ဖြစ်တဲ့ ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့နဲ့ ပင်လုံ သဘောတူညီမှုတွေ ရှိတယ်ဆိုပေမယ့် အဓိက အခြေပြုထားတာက ဗမာယဉ်ကျေးမှု ဖြစ်နေပါတယ်။
ဦးကျော်ဇံသာ ။ ။အခုအခါမှာတော့သမ္မတဦးသိန်းစိန်က စစ်မှန်တဲ့အမျိုးသားစိတ်ဓါတ် ဆိုတာ ပြည်ထောင်စုကို ချစ်တဲ့စိတ်ဓါတ်လို့ ပြောလာပါတယ်။ ဒါဟာ ဗမာအမျိုးသား စိတ်ဓါတ်ဆိုတာထက် ပိုမိုကျယ်ပြန့်တဲ့ ပြည်ထောင်စု အမျိုးသားစိတ်ဓါတ် ဖော်ဆောင်ဖို့ ကြိုးပမ်းချက်လို့ ဆိုနိုင်ပါသလား။
Prof. David Steinberg ။ ။ဟုတ်ပါတယ်။ ဒါဟာ အစိုးရတိုင်း ဖြစ်စေချင်တဲ့ သဘောသဘာဝ တရပ်ဖြစ်တယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးသိပ္ပံဘာသာရပ်မှာ national spirit လို့ခေါ်တဲ့ အမျိုးသားစိတ်ဓါတ် ဆိုတာကတော့ အမျိုးသားနိုင်ငံတော်ရဲ့ နယ်နိမိတ်တခုလုံးကို လွှမ်းခြုံ ထားတာပါ။ ဒါပေမဲ့ မြန်မာပြည်မှာကျတော့ ဒီလိုမဟုတ်ပါဘူး။ လူမျိုးဆိုတာ ကွဲလွဲများပြားတဲ့ တိုင်းရင်းသားတွေအတွက် သုံးတဲ့ အခေါ်အဝေါ်တခု ဖြစ်နေပါတယ်။ သူတို့တွေမှာ သီးခြား သမိုင်းကြောင်းတွေ ရှိကြတယ်။ အဲဒီသမိုင်းကြောင်းဟာ နိုင်ငံသမိုင်းကြောင်း၊ အမျိုးသားသမိုင်းကြောင်းနဲ့ အံဝင်ခွင်ကျ မရှိလှပါဘူး။
တိုင်းရင်းသားလူမျိုးတွေကို ရန်ကုန် ဒါမှမဟုတ် နေပြည်တော်ရဲ့ အစိုးရဟာ သူတို့ရဲ့ legitimate government တရားဝင်တဲ့ အသိအမှတ်ပြု လက်ခံနိုင်တဲ့ အစိုးရဖြစ်လာဖို့အတွက် ဘာတွေ လိုအပ်သလဲလို့ ကျနော် အများကြီး မေးခဲ့ဖူးပါတယ်။ ကျနော်တို့ရဲ့ ဘာသာစကား၊ ဓလေ့ထုံးတမ်း၊ ယဉ်ကျေးမှုနဲ့ စာပေတွေကို တရားဝင်ဖွင့်ပေးပါလို့ သုူတို့က ပြန်ဖြေကြပါတယ်။ ဒါပေမဲ့ အစိုးရက ဒါကိုခွင့်မပြုပါဘူး။ ဒါတွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ခွင့်ပြုထားကြတယ်လို့ ဆိုကြပါတယ်။ ဖွဲ့စည်းပုံမှာ ဖော်ပြထားတာကတော့ ကောင်းပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ တမျိုးဖြစ်နေပါတယ်။ ဥပမာ တိုင်းရင်းသားအသီးသီးတို့ရဲ့ ဘာသာ စကားတွေကို နိုင်ငံတော် မူလတန်းကျောင်းတွေမှာ သင်ကြားခွင့် မပေးပါဘူး။ ကျောင်းအပြင်မှာတော့ သင်လို့ရပါတယ်။ တကယ်တော့ ဒီကိစ္စဟာ တရုတ်နိုင်ငံအပါအဝင် တိုင်းရင်းသားတွေ အများအပြားနေထိုင်တဲ့ နိုင်ငံတွေမှာဆိုရင် စာသင်ကျောင်းတွေမှာကို သင်ခွင့်ပေးထားတာပါ။
ဦးကျော်ဇံသာ ။ ။ လူများစုဖြစ်တဲ့ ဗမာတွေပဲ ကြီးစိုးနေတဲ့ကိစ္စ၊ တချို့ကလည်း ဒါဟာ chauvinism လူမျိုးကြီးဝါဒဆိုပြီး ခေါ်ဝေါ်သုံးစွဲနေကြပါတယ်။ ဒါဟာ လွတ်လပ်ရေး ရကတည်းက ရှိလာပါသလား။ သို့တည်းမဟုတ် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီးနောက်မှ ပိုမိုကြီးထွားလာတာလား။ တနည်းအားဖြင့် ဒီကိစ္စကိုလည်း ဘယ်သူကို သမိုင်းတရားခံလို့ ဆိုကြရမလဲ။
Prof. David Steinberg ။ ။ ဒီနေရာမှာ တရားခံတစုံတယောက်ရှိတယ်လို့ ကျနော် မထင်ပါဘူး။ လွတ်လပ်ရေးရပြီးကတည်းက အရပ်သားအစိုးရ၊ ဗိုလ်ချုပ်နေဝင်း အစိုးရ၊ နဝတ/နအဖ အစိုးရအားလုံးဟာ တနည်းနည်းနဲ့ အမျိုးသားရေးစိတ်ဓါတ် ကျယ့်ကျယ့်ပြန့်ပြန့် ဖြစ်ထွန်းဖို့ ကြိးပမ်းခဲ့ကြပါတယ်။ ဒါဟာ သဘာဝပါပဲ။ ဒီကနေ့ ကမ္ဘာ့နိုင်ငံတိုင်းမှာ တွေ့နေရ ပါတယ်။ ပြဿနာက ဒါကို ဘယ်လိုဘယ်နည်းနဲ့ လုပ်ကြသလဲဆိုတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ရှိခဲ့ဖူးတဲ့ အရပ်သားအစိုးရ အပါအဝင် ဘယ်အစိုးရကမှ အောင်အောင် မြင်မြင် မဖြေရှင်းနိုင်ခဲ့ကြပါဘူး။ ဒါကြောင့် တိုင်းရင်းသားတွေဟာ ငါတို့ဟာ ထိုက်သင့်သလောက် အလေးထားခြင်း မခံရဘူး။ ငွေကြေးအလုံအလောက် မရဘူးဆိုပြီး ဖြစ်လာကြရတာပါ။ ဗိုလ်ချုပ်အောင်ဆန်း တိုင်းရင်းသားတွေကို ပြောခဲ့တဲ့ ဗမာတကျပ် မင်းတို့တကျပ်ဆိုတာ ဘယ်တုန်းကမှ အကောင်အထည် မဖော်ခဲ့ပါဘူး။ ဒါတွေဟာ တိုင်းရင်းသားတွေအတွက် ခံပြင်းစရာတွေ ဖြစ်လာခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းရင်းသားလူနည်းစုတွေ အတွက် ယုံကြည်ကိုယ်စားမှုကို အများကြီးရခဲ့တဲ့ ဗမာတယောက်ဖြစ်ပါတယ်။ သူအသတ်ခံရတာ တိုင်းပြည်အတွက် ကြေကွဲဝမ်းနည်းစရာ ဖြစ်သလို တိုင်းရင်းသား ဆက်ဆံရေးအတွက်လည်း ဆုံးရှုံးမှုကြီးတရပ်ပါ။
အခု အစိုးရလက်ထက်မှာတော့ ဖွဲ့စည်းပုံဥပဒေအရ ပြည်နယ်လွှတ်တော်ဆိုတာ ပေါ်ပေါက်ခဲ့တဲ့ အတွက် လေပေါက်ကလေး နည်းနည်းပွင့်သွားတယ်လို့ ဆိုရမှာပါ။ ပြည်နယ် လွှတ်တော်တွေဟာ ဗဟိုလွှတ်တော် သြဇာအောက်မှာ ရှိနေပေမဲ့ တိုင်းရင်းသားတွေရဲ့ ထင်မြင်ယူဆချက်တွေကို အများကြီး ဖော်ထုတ်လာနိုင်မှာပါ။ ကျနော် မျှော်လင့်တာကလည်း ဒီပြည်နယ်လွှတ်တော်တွေဟာ ဒေသအတွင်း ပြဿနာတွေကို ဆွေးနွေးဖြေရှင်းနိုင်ကြဖို့ပါ။ ဘာကြောင့်လဲ ဆိုရင် ဗဟိုအစိုးရတွေဟာ ဒေသအခြေအနေတွေကို နားမလည်ကြပါဘူး။ အဲဒီ ဒေသပြဿနာတွေကပဲ အစိုးရအဆက်ဆက်ကို အခက်ကြုံစေခဲ့တာပါ။ ပြဿနာတရပ်ဆိုတာ အနီးကပ်ရှိနေသူတွေကမှ နားလည်သဘောပေါက်နိုင်တာပါ။
ဦးကျော်ဇံသာ ။ ။ တိုင်းရင်းသားတွေရဲ့ ပြည်နယ်လွှတ်တော်တွေရဲ့ စီရင်ပိုင်ခွင့်ကို မြန်မာနိုင်ငံမှာ ဘယ်အတိုင်းအတာအထိ ခွင့်ပြုသင့်ပါသလဲ။ ပြည်ထောင်စုစိတ်ဓါတ် အစစ်အမှန် ပေါ်ထွန်းရေးအတွက် ပြည်နယ်လွှတ်တော်တွေကို လုပ်ပိုင်ခွင့် ဘယ်လောက်အထိ ပေးသင့်တယ်လို့ ထင်ပါသလဲ။
Prof. David Steinberg ။ ။ အဲဒါက ကျနော်တို့ စောင့်ကြည့်ကြရမယ့်အခြေအနေပါ။ အခု ကြိုမသိနိုင်သေးပါဘူး။ ဖွဲ့စည်းပုံ ဥပဒေထဲမှာ ပြောထားတာကတမျိုးပါ။ ဒါကို လက်တွေ့မှာ ဘယ်လိုဖွင့်ဆိုကြသလဲ။ ဘယ်လိုအကောင်အထည် ဖော်ကြသလဲဆိုတာကို ကြည့်ကြရမှာပါ။ ဒါဟာ သိပ်အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ ကျနော်ရဲ့ ယူဆချက်ကတော့ မြန်မာပြည် ရင်ဆိုင်နေရတဲ့ အဓိကပြဿနာဟာ ဒီမိုကရေစီ ပြဿနာ မဟုတ်ပါဘူး။ တိုင်းရင်းသား ပြဿနာ ပြေလည်ရေးသာ ဖြစ်ပါတယ်။ လူများစု၊ လူနည်းစု ပြဿနာကို သဟဇာတ ဖြစ် အောင် ဘယ်လို စီမံခန့်ခွဲကြမလဲဆိုတာ ဖြစ်ပါတယ်။ ဒါဟာ လွတ်လပ်ရေး ရပြီးချိန်ကစလို့ တခုတည်းသော အရေးကြီးဆုံး ပြဿနာဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ ဥပဒေကလည်း ဖက်ဒရယ်ဖွဲ့စည်းပုံ မဟုတ်ဘူး။ သဏ္ဍာန်ဆောင် ဖက်ဒရယ်သာဖြစ်တယ်လို့ ဝေဖန်ကြပါတယ်။ အဓိက သူတို့ ဝေဖန် ထောက်ပြကြတာကတော့ ပြည်နယ်ဝန်ကြီးချုပ်တွေကို ပြည်နယ်လွှတ်တော်က ရွေးချယ်ပိုင်ခွင့် မရှိဘဲ ဗဟို အစိုးရက ရွေးပေးတာဖြစ်တယ်ဆိုတဲ့ အချက်ဖြစ်နေပါတယ်။
Prof. David Steinberg ။ ။ ဒါဟာ စစ်မှန်တဲ့ ဖက်ဒရယ်စနစ် မဟုတ်ဘူးဆိုတာ မှန်ပါတယ်။ သိပ်လည်း အလုပ်မဖြစ်ခဲ့ပါဘူး။
ဦးကျော်ဇံသာ ။ ။ စစ်မှန်တဲ့ ဖက်ဒရယ်စနစ် မဟုတ်ဘူးဆိုတာ စောစောက ပြောတဲ့ ပြည်နယ်ဝန်ကြီးချုပ်ကို ပြည်နယ်လွှတ်တော်က ရွေးခွင့်မရှိလို့ ပြောတာလး။
Prof. David Steinberg ။ ။ ဒါဟာ ပြဿနာရဲ့ တစိတ်တပိုင်းပါ။ ငွေကြေးကိစ္စ အရေးကြီး ပါတယ်။ ပညာရေးစနစ်ကို ဘယ်သူက ချုပ်ကိုင်သလဲ၊ ဘဏ္ဍာရေးကိစ္စကို ဘယ်သူက ချုပ်ကိုင်သလဲ။ ရဲတပ်ဖွဲ့ကို ဘယ်သူက ထိန်းချပ်သလဲ။ ဒါတွေအားလုံးဟာ တိုင်းရင်းသား လူနည်းစုတွေရဲ့ အခြေအနေနဲ့ ဆိုင်ပါတယ်။ အဖြေကတော့ အရာရာမှာ ထိပ်တန်း ရောက် နေတဲ့ လူတွေဟာ ဗမာတွေကြီးပဲ ဖြစ်နေတာ တွေ့ရပါတယ်။ ဒါပေမဲ့ အရပ်သားအစိုးရခေတ် မှာတော့ ထိပ်တန်းရောက်နေသူတွေထဲမှာ လူနည်းစု တိုင်းရင်းသားတွေ အနည်းအကျင်း တွေ့ခဲ့ရပါတယ်။ နဝတ/နအဖ လက်ထက်မှာ အားလုံးဗမာတွေကြီး ဖြစ်သွားပါတယ်။
စစ်တပ်ထဲမှာဆိုရင် ဗိုလ်မှူးကြီးအထက်မှာ တိုင်းရင်းသားဘယ်နှစ်ယောက် တွေ့ရပါသလဲ။ ကျနော်တော့ မတွေ့ပါဘူး။ ရှိခဲ့ရင်တောင် မဆိုနိုင်လောက်အောင်ပါ။ တကယ်ကောင်းမွန်တဲ့ ဖက်ဒရယ်စနစ်ဖြစ်ဖို့ ဒါမှမဟုတ် လူနည်းစုတိုင်းရင်းသားတွေပါ တပေါင်းတစည်းတည်း အမျိုးသား စိတ်ဓါတ်ခံစားရရှိနိုင်စေတဲ့ စနစ်တရပ်ဖြစ်ပေါ်လာဖို့အတွက် လူမျိုးမခွဲခြားတဲ့ ဘဝတက်လမ်း အခွင့်အရေးကို ဖန်တီးပေးရမှာ ဖြစ်ပါတယ်။ ဘယ်တိုင်းရင်းသားဖြစ်ဖြစ် ဗမာပဲဖြစ်ဖြစ် social mobility တန်းတူပေးထားရမှာ ဖြစ်ပါတယ်။ ဆိုလိုတာက လူနည်းစုထဲကပဲဖြစ်ဖြစ်၊ လူများစုတည်းကပဲဖြစ်ဖြစ် အာဏာအဆောက်အအုံရဲ့ ထိပ်ဆုံးကို တက်ရောက်ပိုင်ခွင့် ရှိရပါမယ်။
ဦးကျော်ဇံသာ ။ ။ အခုလက်ရှိမှာတော့ တိုင်းရင်းသားတဦးဟာ ဒုတိယ သမ္မတအဖြစ် ပါဝင်လာတာကို တွေ့ရပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အာဏာနဲ့ လုပ်ပိုင်ခွင့်တွေကို ကြည့်ရတာ ceremonial သာ ဖြစ်ဖို့များပါတယ်။ အခမ်းအနား အဆောင်အယောင်တွေသာ ရှိပြီး တကယ့် တကယ် အာဏာရှိပုံမရဘူးလို့ ပြောကြပါတယ်။
Prof. David Steinberg ။ ။ အခမ်းအနား အဆောင်အယောင်ရှိရင်လည်း မဆိုးပါဘူး။ ဒါဟာ အစပါပဲ။ ဘာမှမရတာထက် အဆောင်အယောင်လောက်ရတာ ပိုကောင်းပါတယ်။ ဒီလိုပဲ ပြောရမှာပါ။ ဒါပေမဲ့ ဒီလောက်နဲ့ မလုံလောက်ပါဘူး။ ဖြစ်သင့်တာကတော့ တိုင်းရင်းသား လူငယ်တွေ၊ ယောကျ်ားလေး၊ မိန်းခလေးတွေ စိတ်ထဲမှာ ငါလည်းတော်ရင် အရည်အချင်းရှိရင် တိုင်းပြည်အတွက် အရေးကြီးတဲ့နေရာကို ရောက်နိုင်တယ်ဆိုတဲ့ အသိခံစားချက်၊ ရှိလာနိုင်ဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ သိပ်အလားအလာ မရှိသေးပါဘူး။ နိုင်ငံတော်က လိုအပ်နေတဲ့ ပြည်ထောင်စုစိတ်ဓါတ်မျိုး ထွန်းကားဖို့အတွက် ဒါဟာ သိပ်အရေးကြီးတဲ့ကိစ္စ ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်တခုက တိုင်းရင်းသားတွေက စစ်မှန်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးလို့ ပြောရင် ဗမာအစိုးရက ဒါဟာ ပြည်ထောင်စုဖြိုခွဲရေးအတွက် ဖြစ်တယ် ပြည်ထောင်စု ပြိုကွဲရေးအတွက် အန္တရာယ်ရှိတယ်လို့ ဆိုကြပါတယ်။ အဲဒီအန္တရာယ်ဟာ အစစ်အမှန် ရှိနေတယ်။ တကယ်ရှိနေတယ်လို့ ထင်ပါသလား။
Prof. David Steinberg ။ ။ ဒီနေရာမှာ သမိုင်းကို ပြန်ကြည့်ရပါလိမ့်မယ်။ ၁၉၆၂ ခုနှစ်က ဗိုလ်ချုပ်နေဝင်းက ဖက်ဒရယ်စနစ်ဟာ ခွဲထွက်ရေးရဲ့ ပထမခြေလှမ်းဖြစ်တယ်။ ပြိုကွဲရေးရဲ့ ပထမခြေလှမ်းဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး စစ်တပ်က ဒီအတိုင်းပဲ တောက်လျှောက်ပြောခဲ့တာပါ။ လွတ်လပ်ရေးခေတ်ဦးကာလမှာ တိုင်းရင်းသားတွေတချို့ဟာ လွတ်လပ်ရေး လိုချင်ခဲ့ကြပါတယ်။ ဒါလည်းမှန်ပါတယ်။ အချိန်နဲ့အမျှ ပြောင်းလဲလာခဲ့ပါတယ်။ ဒီနေ့အခါမှာ တာဝန်သိတဲ့ ဘယ်လူမျိုုးစုတွေကမှ လွတ်လပ်ရေးမလိုချင်ကြတော့ပါဘူး။ မြန်မာနိုင်ငံ ပတ်ဝန်းကျင်က ဘယ်နိုင်ငံမှာမှ ကမ္ဘာပေါ်က အင်အားကြီးနိုင်ငံတွေက ဒီ လူမျိုးစုတွေ ခွဲထွက်ရေးယူပြီး လွတ်လပ်ရေးယူမှာကို မလိုချင်ကြပါဘူး။ ဒီအချိန်မှာ လွတ်လပ်ရေးယူပြီး ခွဲထွက်ရင် ယူဂိုစလားဗီးယားမှာလို အတောမသတ်နိုင်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
ဒေသအတွင်း တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးအတွက် စည်းလုံးညီညွတ်သော မြန်မာနိုင်ငံ ဖြစ်ထွန်းရေးကိုသာ အားလုံးက လိုချင်ကြတာပါ။ လူတိုင်း ဒါကို လက်ခံကြပါတယ်။ ဆိုတော့ ပြည်ထောင်စု စည်းလုံးညီညွတ်ရေးဟာ အဓိကကျတယ်ဆိုတဲ့ ဗဟိုအစိုးရရဲ့ အယူအဆကို ကျနော်လက်ခံပါတယ်။ ဒါပေမဲ့ အဲဒီ အမျိုးသားစည်းလုံးရေးကို ဘယ်လိုရယူမလဲဆိုတာက ပြဿနာပါ။ ဒီနေရာမှာ ကျနော်တို့ဟာ နည်းဗျူဟာအရ သဘောကွဲလွဲကြပါတယ်။ ရည်မှန်းချက်ပန်းတိုင်ချင်း အတူတူပါပဲ။
ဦးကျော်ဇံသာ ။ ။ ဒီနေရာမှာ တိုင်းရင်းသားတွေဘက်က စည်းလုံးညီညွတ်တဲ့ ပြည်ထောင်စု ထူထောင်ရေးဆိုတာ ဖော်ဆောင်ဖို့ အဆင့်သင်ဖြစ်နေကြပြီ။ ဒါပေမဲ့ ဗဟိုအစိုးရကဘက်က သို့တည်းမဟုတ် ဗဟိုအာဏာပိုင်ဘက်က လက်မခံသေးဘူးလို့ ပြောရင် ရပါသလား။
Prof. David Steinberg ။ ။ မဟုတ်ပါဘူး။ ဗဟိုအာဏာပိုင်တွေ၊ ဗဟိုအစိုးရကလည်း မြင့်မားတဲ့ ပြည်ထောင်စုစိတ်ဓါတ်ကို လိုချင်တာပါ။ ဒါပေမဲ့ သူတို့ဟာ ဒေသန္တရ လူထုကို အာဏာအလုံအလောက် ခွဲဝေပေးဖို့ ငြင်းဆန်နေကြပါတယ်။ အဲဒါကို သူတို့ စိုးရိမ်နေ ကြပါတယ်။ ကျနော် ပြောခဲ့သလိုပါပဲ လွန်ခဲ့တဲ့ နှစ် (၅၀) ကဆိုရင် မှန်ပါတယ်။ စိုးရိမ်စရာပါ။ အခုတော့ မဟုတ်တော့ပါဘူး။ ပြောင်းလဲခဲ့ပါပြီ။ ဒီအပြောင်းအလဲကို အစိုးရက အသိအမှတ် မပြုနိုင်ဘူးလို့ ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုရင် ဗဟိုအစိုးရက ဒီအပြောင်းအလဲကို နားလည်သဘောပေါက်အောင် တိုင်းရင်းသားတွေဘက်က ဘာလုပ်သင့်ပါသလဲ။ ဘာတွေလုပ်သင့်တယ် ထင်ပါသလဲ။
Prof. David Steinberg ။ ။ ဗဟိုအာဏာပိုင်တွေနဲ့ စစ်တပ်ကို ပြောရမှာက ပြည်ထောင်စုက ခွဲမထွက်လိုပါဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ပြောရပါလိမ့်မယ်။ ဒါပေမဲ့ ကျနော်တို့ ခွဲမထွက်ဖြစ်အောင် အခြေအနေတွေ ဖန်တီးပေးပါ။ ကောင်းမွန်တဲ့ ပညာရေးစနစ်၊ ကောင်းမွန်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးပါ။ လေးစားမှု ပြသပါ။ လူတိုင်းဟာ လေးစားတန်းဖိုးထားတာ ခံချင်ပါတယ်။ လူများစု ဗမာတွေလည်း ပြည်ပရဲ့ လေးစားမှုကို လိုချင်ပါတယ်။ နိုင်ငံတိုင်း ဒီလိုပါပဲ။ ဒါဟာ သိပ်အရေးကြီးပါတယ်။ အရင်က ဗမာ အာဏာပိုင်တွေဟာ တိုင်းရင်းသားတွေကို လေးစားသမှုမရှိပါဘူး။ အထူးသဖြင့် ဗုဒ္ဓဘာသာ မဟုတ်တဲ့ တိုင်းရင်းသားတွေကို မလေးစားကြပါဘူး။
ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံးမေးချင်တဲ့ မေးခွန်းကတော့ ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းရင်းသားတွေရဲ့ ယုံကြည်ကိုယ်စားမှုကို အများဆုံးရရှိခဲ့တဲ့ ဗမာတဦးဖြစ်တယ်လို့ ဆရာကြီးက ဆိုခဲ့ပါတယ်။ အဲဒီ အစဉ်အလာကို သူ့ရဲ့သမီးက ဆက်လက်အကောင်အထည် ဖော်ဆောင်နိုင်မယ်လို့ ထင်ပါသလား။
Prof. David Steinberg ။ ။ ဒါကတော့ မေးစရာပါပဲ။ သူမဟာ လက်ရှိအခြေအနေမှာ တိုင်းရင်းသားတွေရဲ့ ယုံကြည်မှုကို ရရှိနေပါရဲ့လား စဉ်းစားစရာပါ။ ယုံကြည်မှု တည်ဆောက်ရေးဆိုတာ သိပ်ခက်ခဲပါတယ်။ ယုံကြည်မှုဟာ ဖြိုဖျက်ပစ်ခံခဲ့ရတာပါ။ ပြန်လည်တည်ဆောက်ရတဲ့ ကိစ္စပါ။ ဒါဟာ အချိန်ယူရလိမ့်ပါမယ်။ အန်အယ်လ်ဒီ ကလည်း ဗမာအများစု ကြီးစိုးတဲ့ပါတီဖြစ်တယ်လို့ တိုင်းရင်းသားတချို့က မြင်ကြပါတယ်။ အစိုးရက လိမ်မာပါးနပ်တယ်ဆိုရင် ဘယ်အုပ်စု ဘယ်အဖွဲ့အစည်းကပဲလုပ်လုပ် ယုံကြည်မှု တည်ဆောက်ရေး လုပ်ရင် ခွင့်ပြုအားပေးသင့်ပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ ရာထူးလက်ခံ မိန့်ခွန်းဟာ သိပ်ကောင်းပါတယ်။ ၁၉၆၂ ခုနှစ်ကတည်းက ပြောကြားလာခဲ့တဲ့ လူထုမိန့်ခွန်းတွေထဲမှာ အကောင်းဆုံး မိန့်ခွန်းဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါဟာ ပြောင်းလဲရေးလမ်းစပါပဲ။ ဘာဆက်လုပ်ကြမလဲဆိုတာ တကယ့်ကို အရေးကြီးပါတယ်။