သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EU ပေါ်လစီပြောင်းလဲတော့မလား


EU ပေါ်လစီပြောင်းလဲတော့မလား
EU ပေါ်လစီပြောင်းလဲတော့မလား

EU (European Union) ဥရောပသမဂ္ဂရဲ့ အဆင့်မြင့် ကိုယ်စားလှယ်နှစ်ဦးဟာ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့အပတ်အတွင်း သွားရောက်ခဲ့ပြီး မြန်မာအစိုးရနဲ့ အီးယူကြား ဆက်ဆံရေးအနာဂတ် အခြေအနေတွေကို လေ့လာခဲ့ကြပါတယ်။ မြန်မာအစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ကြသလို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံအဖွဲ့ချုပ် အဖွဲ့ဝင် တချို့ ကိုလည်း တွေ့ဆုံခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလတုန်းကတော့ ဥရောပသမဂ္ဂဟာ မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ် ပိတ်ဆို့ထားမှုတွေကို တနှစ်သက်တမ်းတိုးမြှင့်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ တိုးတက်မှု အလားအလာတွေကို ဆွေးနွေးဖို့အပြင် ဆက်ဆံရေးလမ်းကို ဖွင့်ထားဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးအပါအဝင် တခြား အရပ်သားဝန်ကြီးအချို့အပေါ် ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ထားမှုကို ရုပ်သိမ်းပေးလိုက်ပါတယ်။

ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အဝေးရောက် ပြည်ထောင်စု မြန်မာနိုင်ငံညွန့်ပေါင်းအစိုးရ ဥရောပတာဝန်ခံ ဦးနွယ်အောင်ကို ဦးသန်းလွင်ထွန်းက ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးနွယ်အောင် ။ ။ အမှန်မှာတော့ civilian government ဦးသိန်းစိန် အစိုးရအနေနဲ့ ဘာတွေလုပ်မလဲ၊ ဘာတွေ အစီအစဉ်ရှိသလဲဆိုတဲ့ဟာမျိုးကို သူတို့ အဓိက သိချင်တယ်။ တချိန်တည်းမှာလည်း အန်အယ်လ်ဒီ အနေနဲ့၊ တခြားနိုင်ငံရေးပါတီတွေအနေနဲ့လည်း ဘယ်လိုအခြေအနေမျိုး ရှိသလဲဆိုတဲ့ - အထူးသဖြင့် ဒီအချက်နှစ်ချက်ပါပဲ။ အဲဒီဟာကို သူတို့ တော်တော်လေး သိချင်ပုံပေါက်တယ်။

ဦးသန်းလွင်ထွန်း ။ ။ ပြီးခဲ့တဲ့ ဧပြီလက ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံအပေါ်ကို ဒဏ်ခတ် ပိတ်ဆို့မှုကို တနှစ်သက်တမ်း တိုးလိုက်တယ်။ ဒါပေမဲ့လည်း နိုင်ငံခြားရေးဝန်ကြီးအပါအဝင် အစိုးရ အဖွဲ့ထဲက အရပ်သားဝန်ကြီးတွေကို EU ကို ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ထားမှုကို ပယ်ဖျက် ပေးလိုက်တယ်။ သဘောကတော့ မြန်မာအစိုးရနဲ့ ဆက်ဆံရေးကို တိုးမြှင့်လုပ်သွားပြီး မြန်မာနိုင်ငံရဲ့ တိုးတက်လာတဲ့အခြေအနေကို မူတည်ပြီး ဆက်ဆံသွားမယ်ဆိုတာကို ပြတဲ့ သဘောပေါ့။ အဲဒီတော့ ဒီလိုလုပ်ခဲ့ပြီးနောက်ပိုင်းမှာ ဗမာပြည်ဖက်က ဘယ်လောက်အထိ တိုးတက်လာတယ်လို့ အချက်တွေ သူတို့ဘက်က ထောက်ပြလာတာတွေ ရှိပါသလဲ။

ဦးနွယ်အောင် ။ ။ သူတို့အနေနဲ့ကတော့ အဲဒီအချိန်တုန်းကလည်း ဘာမှထောက်မပြနိုင်ခဲ့ဘူး။ အခု လောလောဆယ် Robert Cooper တို့ သွားပြီး စုံစမ်းတော့လည်း သူတို့ များများစားစား မတွေ့ခဲ့ဘူး။ ဦးသိန်းစိန် အစိုးရက နေရာယူထားပေမယ့် အရင် အဖြစ်အပျက်တွေနဲ့ ကြည့်မယ်ဆိုရင် ဘာမှ ထူးခြားတာကို တွေ့သွားပုံမပေါ်ပါဘူး။ နည်းနည်းတော့ encouragement ဖြစ်တဲ့ အရိပ်အရောင်တွေ တော့ ရှိတယ်ဆိုပြီးတော့ ဒါကတော့ သူတို့ diplomatic language သံတမန်အသုံးအနှုန်းနဲ့ ယဉ်ကျေးမှုအရ ပြောတာပါ။ ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာ သူတို့က but ဆိုပြီး သို့ပါသော်လည်း ဒါပေမဲ့ ဆိုပြီးတော့ အမျိုးမျိုး သူတို့ reform တွေရှိမှ၊ ပြုမှဆိုတာမျိုး ဖြစ်နေတယ်။

ဦးသန်းလွင်ထွန်း ။ ။ EU အဖွဲ့ထဲမှာလည်း တကယ်တမ်းကျလို့ရှိရင် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အမြင်တွေ ကွဲနေတယ်လို့ ကြားသိရပါတယ်။ အထူးသဖြင့် ဂျာမဏီ၊ အီတလီတို့လို နိုင်ငံမျိုးတွေက မြန်မာနိုင်ငံနဲ့ စီးပွားရေးအရ ပိုပြီးတော့ အဆင့်မြှင့်ပြီး ဆက်သွယ်လာဖို့၊ ဆက်ဆံလာဖို့ ကြိုးစားနေတယ် ဆိုတဲ့ ဖိအားပေးနေတဲ့ အသံတွေလည်း ထွက်နေတယ်။ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး နည်းနည်းရှင်းပြပေးပါ။

ဦးနွယ်အောင် ။ ။ ဟုတ်ပါတယ်။ ဥရောပသမဂ္ဂမှာ အပိုင်းနှစ်ပိုင်း ကွဲနေတာတော့ မှန်တယ်။ ဘာကြောင့်လဲဆိုရင် တပိုင်းက ပျော့ပျော့ဆွဲမယ်ဆိုတဲ့အပိုင်းက တပိုင်း၊ တပိုင်းကတော့ မြန်မာပြည် ပြောင်းလဲဖို့အတွက်ဆိုလို့ရှိရင် ပြတ်ပြတ်သားသား လုပ်ရမယ်ဆိုတဲ့အပိုင်း အဲဒီလို နှစ်ပိုင်း ကွဲနေတယ်။ ကွဲနေတော့ သူတို့ဟာ အမြဲပြန်ပြီးတော့ ချိန်ဆပြီးတော့ စေ့စပ်ကြတယ်။ ဒါကြောင့်မို့လည်း သူတို့ လွန်ခဲ့တဲ့အချိန်တုန်းကဆိုရင် မြန်မာနိုင်ငံနဲ့ မြန်မာအစိုးရနဲ့ အပေးအယူ သဘောမျိုး လုပ်လို့များရမလားဆိုတဲ့ဟာနဲ့ သူတို့စမ်းကြည့်တယ်။ ဒါကြောင့် သူတို့ နိုင်ငံခြားရေး ဝန်ကြီးတို့၊ နောက် ဦးသိန်းစိန်အစိုးရထဲမှာပါတဲ့ ပုဂ္ဂိုလ်တွေကို ဥရောပတို့၊ ဘာတို့ကို လာခွင့်ပေးမယ်၊ ပြုမယ်ဆိုပြီး ဒါတွေ ပြောခဲ့တာတွေ ရှိခဲ့တယ်။ ဒါကြောင့်ပါ။

ဦးသန်းလွင်ထွန်း ။ ။ အစောကပြောတဲ့ မြန်မာပြည်နဲ့ ပတ်သက်ပြီးတော့ ခပ်ပျော့ပျော့နဲ့ ပျော့ပျော့ ပြောင်းပြောင်း ဆက်ဆံဖို့ သဘောထားရှိတယ်ဆိုတဲ့အထဲမှာ ဂျာမဏီနိုင်ငံလည်း ပါတယ်။ အဲဒီ ဂျာမဏီနိုင်ငံက လူ့အခွင့်အရေး ကော်မရှင်နာ Markus Loening က ပြီးခဲ့တဲ့အပတ်ထဲမှာပဲ Financial Times သတင်းစာထဲမှာ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဆောင်းပါးရေးထားတာကို တွေ့ရပါတယ်။ အဲဒီအထဲမှာက မြန်မာနိုင်ငံကို စီးပွားရေးအရ ဒဏ်ခတ်အရေးယူမှုတွေ လုပ်ခြင်းအားဖြင့် မြန်မာနိုင်ငံနဲ့ ဆက်ဆံရာမှာ ဥရောပသမဂ္ဂရဲ့ သြဇာလွှမ်းမိုးမှုတွေ ပိုပြီး ထိခိုက်သွားစေနိုင်တယ်၊ သြဇာလွှမ်းမိုးမှု မရှိနိုင်တဲ့သဘောမျိုး ဖြစ်နေတယ်။ ဒါကြောင့်မို့ တကယ်တမ်း ဆက်ဆံပြီးနောက်မှ သြဇာကြီးလာအောင် လုပ်သင့်တယ်ဆိုတဲ့သဘောမျိုး ရေးထားတာကို တွေ့ရတယ်။ အဲဒါက ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေအားလုံးရဲ့ သဘောထားကို ဆိုလိုချင်တာလား။

ဦးနွယ်အောင် ။ ။ မဟုတ်ပါဘူး။ Markus Loening က သူက Federal Commissioner Human Rights - လူ့အခွင့်အရေးဆိုင်ရာမင်းကြီး။ သူပြောတာတွေကတော့ ဂျာမဏီအစိုးရ ပေါ်လစီနဲ့တော့ ကိုက်ညီတာတွေရှိတယ်။ ဒါပေမဲ့ ဂျာမဏီအစိုးရ ပေါ်လစီနဲ့ သူပြောတဲ့ပုံသဏ္ဍာန်တွေကတော့ EU နိုင်ငံတွေရဲ့ EU ပေါ်လစီကို reflect မဖြစ်ပါဘူး။ ဒါ EU ပေါ်လစီလို့ ပြောလို့မရပါဘူး။ ကျနော်လည်း Markus Loening နဲ့ မေလဆန်းမှာတုန်းက ဘာလင်မှာ သူတို့ အစည်းအဝေးတခုလုပ်တယ်။ FNS Foundation အစည်းအဝေးတခု International Conference တခု လုပ်တော့ ကျနော်ကိုယ်တိုင် သွားတက်ပါတယ်။ သွားတက်တော့ အဖွင့်စကားပြောတဲ့လူက အဲဒီ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ Markus Loening က Keynote speaker ပေါ့။ သူ့အနေနဲ့ပြောတော့။

သူပြောတာနဲ့ ကျနော်နဲ့ ထိပ်တိုက် တွေ့တာပဲ။ ကျနော်က သူပြောတာတွေကို လက်မခံတဲ့အကြောင်း ကျနော်က အရင်ဆုံး first audience ထဲကနေ ထပြောတော့ သူက သိပ်တောင် မကြိုက်ချင်ဘူးပေါ့။ ဒီ ပုဂ္ဂိုလ်က သူကိုယ်သူသာ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးဖြစ်တယ်ဆိုပေမယ့် သူဟာ ဗမာပြည်ကို ချထားတဲ့ sanction တွေကို လျှော့ဖို့တာတွေပြောပြီးတော့ ဗမာပြည်မှာ ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေး နစ်နာမှုတွေ၊ ဆုံးရှုံးမှုတွေကို တလုံးမှမပြောသွားဘဲနဲ့ ဒီ sanction လျှော့ဖို့လောက်ပဲ ပြောသွားပြီး အခု Financial Times မှာ article ရေးတော့လည်း လူ့အခွင့်အရေးကို ပြောတာထက် sanction တွေ လျှော့ဖို့နဲ့ ဂျာမဏီအစိုးရအနေနဲ့ business as usual စီးပွားရေးလုပ်ဖို့လောက်ကိုပဲ သူက ဦးစားပေး ပြောသွားတဲ့သဘောမျိုး ကျနော်အနေနဲ့ နားလည်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခု Markus Loening ရေးတဲ့ ဆောင်းပါးထဲမှာ သူရေးထားတာက ဗမာနိုင်ငံမှာ ကုန်သွယ်ရေး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေး တိုးမြှင့်လာလို့ရှိရင် ဆင်းရဲမွဲတေမှု ပပျောက် သွားမယ်။ အဲဒီလို ထောက်ပြထားတဲ့အချက်က လူ့အခွင့်အရေးတွေနောက်ပိုင်း တဖြည်းဖြည်းနဲ့ မြှင့်တင်လာမယ့် လမ်းစကို မရောက်နိုင်ဘူးလား။

ဦးနွယ်အောင် ။ ။ ကျနော်ကတော့ မထင်ပါဘူး။ သူက စီးပွားရေးတွေ ဖွင့်ပေးလို့၊ ပြုပေးလို့ ဒါက EU အနေနဲ့ကတော့ စီးပွားရေးတွေကို တကယ်ပဲ ပိတ်ထားတာမှ မဟုတ်ဘဲ။ Blanketed sanction တွေ လုပ်ထားတာမှ မဟုတ်ဘဲ။ သူတို့ကတော့ အဲဒီလိုပေါ့ targeted sanction လောက်ပဲ ဦးတည်တဲ့ sanction မျိုး၊ ပိတ်ဆို့မှုတွေလောက်ပဲ လုပ်ထားတာ။ ဒါကြောင့်မို့လို ဒီကိစ္စတွေမှာဆိုရင် သူပြောတာက သိပ်မတိကျဘူး။ နည်းနည်းလွဲနေတယ်လို့ ကျနော်ယူဆပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ သူထောက်ပြတဲ့အထဲမှာ တော်တော်လေးကို တိတိကျကျပါတဲ့ အချက်က ဘာလဲဆိုတော့ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် ဘယ်လိုမျိုး စက်ရုံတွေပိတ်လိုက်ရပြီး အဲဒီတုန်းက အဲဒီက မိန်းခလေးတွေ ပြည်တန်ဆာရုံအထိ ရောက်သွားခဲ့တယ်။ လူထုအပေါ် ထိခိုက်မှုရှိတယ်။ အဲဒါတွေနဲ့ ပတ်သက်လို့ရော။

ဦးနွယ်အောင် ။ ။ ဒီဥစ္စာကတော့ ဒီဟာကလည်း ကျနော့်အနေနဲ့တော့ ပြောရရင်တော့ မမှန်ဘူးလို့ ထင်ပါတယ်။ EU က အဝတ်အထည် textile ဘက်မှာ sanction တွေ မချထားပါဘူး။ ဂျာမဏီနဲ့ ဥရောပနိုင်ငံတွေကို textile ပစ္စည်းတွေ အဝတ်အထည်တွေက ဝင်နေပါတယ်။ ဝင်နေတာကြောင့် ဒီဥစ္စာက ဒီလို sanction ချထားလို့ ဗမာပြည်မှာရှိတဲ့ အဝတ်အထည်စက်ရုံတွေ ပိတ်ပစ်ရလို့ အဲဒီမှာလုပ်နေတဲ့ အလုပ်သမားတွေ ပြည့်တန်ဆာဘက်ကို ရောက်သွားတယ်ဆိုတာတွေက EU ပိတ်ဆို့မှုတွေနဲ့ မဆိုင်ဘူးလို့ မြင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဂျာမဏီနိုင်ငံက လူ့အခွင့်အရေးကော်မရှင်နာ မင်းကြီးတယောက်ရဲ့ ရေးသားချက်တွေဟာ EU ဥရောပသမဂ္ဂ ရဲ့ မြန်မာပြည်အပေါ် ထားရှိတဲ့ ယေဘုယျသဘောထား မူဝါဒကို ထူးထူးခြားခြား သက်ရောက်မှုရှိလိမ့်မယ်လို့ မယူဆနိုင်ဘူးပေါ့။

ဦးနွယ်အောင် ။ ။ ကျနော်တော့ မယူဆပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ရေရှည်မှာ လာမယ့်လတွေအတွင်းမှာ ဥရောပသမဂ္ဂရဲ့ မြန်မာအပေါ် ထားရှိတဲ့ မူဝါဒအပြောင်းအလဲ ဘာတွေများ မြင်တွေ့ရဖွယ် ရှိပါသလဲ။

ဦးနွယ်အောင် ။ ။ ကျနော်ထင်တာကတော့ အခု EU ကိုယ်စားလှယ်အဖွဲ့ ပြန်သွားပြီးရင် သူတို့ တင်ပြစရာတွေ သူတို့ဆီမှာရှိမယ်။ အဲဒါတွေကို တင်ပြမယ်။ တင်ပြမယ်ဆိုတော့ EU အနေနဲ့ အစကတည်းက ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား သူက ပြောထားပြီဖြစ်ပါတယ်။

ဘာလဲဆိုရင် သူတို့ EU ပေါ်လစီ ဥရောပသမဂ္ဂ ပေါ်လစီကို ပြောင်းဖို့ဆိုတာကို ဝန်မလေးဘူး။ Sanction တွေ ဖယ်ထုတ်ဖို့ဆိုတာကိုလည်း သူတို့ ဝင်မလေးဘူး။ ပြည်တွင်းမှာ နိုင်ငံရေးအရ သော်လည်းကောင်း၊ ပြောင်းလဲမှုတွေ ဒီမိုကရေစီဘက်ကို ပြောင်းလဲမှုတွေ positive change ဖြစ်မယ် ဆိုလို့ရှိရင် သူတို့အနေနဲ့က အမြဲ ဒီကိစ္စတွေကို လိုက်လျောပြီးတော့ ပြောင်းလဲပေးဖို့ အဆင်သင့် ရှိတယ် ဆိုတာကို အရင်ကလည်း ပြောထားပြီးသာဖြစ်တယ်။

ဒါ EU common position ရဲ့ အဓိကအချက်လည်း ဖြစ်တယ်။ အခု Robert Copper တို့ သွားခဲ့တဲ့ အဖွဲ့ကလည်း ဒီလိုပဲ ပြောခဲ့တာဖြစ်တယ်။ ကျနော်ထင်ပါတယ် EU ရဲ့ မကြာခင် ဒီပေါ်လစီမှာ ဆိုလို့ရှိရင်လည်း မြန်မာနိုင်ငံမှာ ဘယ်လိုကောင်းတဲ့ အပြောင်းအလဲတွေ ရှိလဲဆိုတဲ့ အခြေအနေ ပေါ်မှာပဲ မူတည်လိမ့်မယ်ဆိုတာကို ကျနော်ယုံကြည်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဝေးရောက် မြန်မာနိုင်ငံညွှန့်ပေါင်းအဖွဲ့ ဥရောပတာဝန်ခံ ဦးနွယ်အောင် ကို ဆက်သွယ်မေးမြန်းထားတာပါ။

XS
SM
MD
LG