သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေး ရင်းနှီးမြုပ်နံှမှု ကျင့်ဝတ်ဆိုင်ရာ


ဒီတပတ် မျက်မှောက်ရေးရာသတင်းသုံးသပ်ချက် အစီအစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးစဉ်အတွင်း ပြောကြား တိုက်တွန်းမှုတွေ ကြောင့် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နံှကြမယ့် လုပ်ငန်းတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်မှု ရှိမလဲဆိုတာကို မြန်မာနိုင်ငံ ကုန်သည်ကြီး များအသင်း အလုပ်အမှုဆောင် ကော်မတီဝင် ဦးနှင်းဦး၊ စီးပွားရေးလောကသားတဦးဖြစ်သူ ဦးစိန်ဝင်းတို့ကို ဦးကျော်ဇံသာက ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်ပမိန့်ခွန်းတွေ၊ စကားတွေထဲ အဓိကအချက်တခုကတော့ ရင်းနှီးမြှုပ်နှံတဲ့ လူတွေကို သတိပေးပြောကြားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နံှဖို့အတွက် reckless optimism မျက်စိစုံမှိတ်ပြီး အကောင်းကြီးပဲ မြင်မနေပါနဲ့၊ healthy skepticism အကျိုးရှိမဲ့ သံသယအမြင် နည်းနည်းထားပြီး ဆင်ခြင်စဉ်းစားကြပါလို့ သူပြောပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ပထမဦးဆုံး ဦးနှင်းဦးက ပြောပါ ဘယ်လိုသဘောရပါသလဲ။

ဦးနှင်းဦး ။ ။ ကျနော် နားလည်တဲ့ဘက်ကနေ ရှင်းလင်းပြရင်တော့ သူပြောတဲ့ အဓိပ္ပာယ်က ကျနော်တို့ မြန်မာနိုင်ငံကို ဟိုး အရင်ကတော့ အကျိုးစီးပွားကို လိုချင်တဲ့အတွက် အစိုးရအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လုပ်ဖို့လာတယ်။ တခြား လူထုကိစ္စတွေ သိပ်မပတ်သတ်ဘူးပေါ့။ အခုဟာက ပြောချင်တာက မြန်မာနိုင်ငံရဲ့ အနေအထားအရ ကိုယ့်အကျိုးစီးပွားတခုတည်း မကြည့်ဘဲနဲ့ ထင်သာမြင်သာတဲ့ ရင်းနှီး မြှုပ်နံှမှုတွေ လာပြီးတော့ ဘယ်လိုအကျိုးရှိမယ်။ ဟိုဘက်ဒီဘက် ကောင်းရာကောင်းကျိုး အကျိုးရှိမယ့်ကိစ္စဆိုရင်တော့ လာသင့်တယ်။ ရှင်းရှင်းပြောရရင် အစိုးရကျေနပ်အောင် လုပ်ပေးပြီးတော့ မိမိလိုချင်တာ လာလုပ်မယ့် ရင်းနှီးမြှုပ်နံှမှုတော့ မလုပ်သင့်ဘူးလို့ သူက ပြောတယ်လို့ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးစိန်ဝင်းရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်လည်း ကြားပါရစေခင်များ။ ဒေါ်အောင်ဆန်းစုကြည် ကို message ကို ဘယ်လို နားလည်ပါသလဲ။

ဦးစိန်ဝင်း ။ ။ ကုန်သွယ်မှုတွေနဲ့ ပတ်သက်မှုကိုက အရင်တကြိမ်တုန်းက လုပ်ထားတဲ့ဟာတွေက- ဥပမာဆိုကြပါစို့၊ စားအုန်းဆီဆိုရင် ကုမ္ပဏီတခုတည်း ပေးထားတာ။ မော်တော်ကားတွေဆိုရင် ပါမစ်တစောင် သိန်း (၃) ထောင်နဲ့ ကိုယ့်လူတွေကိုယ် ချထားတာ။ နောက်ပြီးတော့ အခုဆိုရင် ဆိုကြပါစို့၊ နိုင်ငံခြားက ပစ္စည်းမျိုးစုံတင်သွင်းခွင့်ကို လက်သိပ်ထိုးပေးတာ။ အဲဒါမျိုးတွေက အရင်က ကပြောင်းကပြန်တွေက များခဲ့တဲ့အခါကြတော့ အခု ဒေါ်စု ပြောတာက ခြွင်းချက်မရှိ အကောင်းမြင်ပြီးတော့ မလာကြနဲ့ဆိုတာက အမှန်ပဲ။ အခု ခြွင်းချက်မရှိ မဟုတ်ဘူး။ အခု မော်တော်ကား တင်သွင်းခွင့်မှာတင် တချို့လူတွေက ပေါ်လစီတွေအပြောင်းအလဲ ခဏခဏလုပ်တဲ့အခါ သိန်းထောင်ဂဏန်းကြီးကြီး၊ သောင်းဂဏန်းကြီးကြီး နစ်နာတဲ့လူတွေရှိတယ်။ အဲဒီတော့ နိုင်ငံခြားကလာတဲ့အခါဆိုရင်လည်း ခြွင်းချက်မရှိ အကုန်မြင်ပြီးလာရင် မှားသွားမယ်ဆိုတာက ဒေါ်စုပြောတာကို ကျနော် အထူးထောက်ခံပါတယ်။ အဆိုးမြင်ပြီးတော့လည်း မှန်တယ်။ ဟိုတချိန်တုန်းကလို အဆိုးမြင်ပြီးတော့ မလာပါနဲ့။ အဲဒီတုန်းကလိုလည်း မဟုတ်ပါဘူး။ ကနေ့ကျတော့ ဥပဒေနဲ့ဘာနဲ့ ရှိပါလိမ့်မယ်။ မရှိသေးတာတွေလည်း အများကြီးရှိပါတယ်။ တခြားဥပဒေတွေ ဥပမာ property rights တွေ မရှိသေးဘူး။ ဒီဟာတွေကို ကာကွယ်မယ့် ဥပဒေတွေ မရှိသေးဘူးလို့ ထိုင်းနိုင်ငံ forum မှာ အဲဒီလို ပြောသွားတာပါ။ ဒီဟာတွေကို လုံးဝထောက်ခံပါတယ်။ ဒီမှာက ဥပဒေမှာလည်း အားနည်းနေပါသေးတယ်။ လုပ်မှုကိုင်မှုတွေမှာလည်း အကျင့်ဟောင်းတွေ အများကြီးရှိနေပါသေးတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခု အဲဒီလို ရင်းနှီးမြှုပ်နံှမှုဖို့ ဆရာဦးစိန်ဝင်း ပြောသလို အကောင်းချည်းပဲမြင်ပြီးတော့ ဝင်လာနေတဲ့ လူတွေရဲ့ ခြေလှမ်းကို ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောလိုက်တဲ့အတွက် ရပ်တန့်သွားစေလိမ့်မယ်။ အဟန့်အတား တစုံတရာ ဖြစ်စေလိမ့်မယ်လို့ ဦးနှင်းဦး ထင်ပါသလား။

ဦးနှင်းဦး ။ ။ ကျနော်က အဲဒါနဲ့လည်း ပတ်သက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အတွက်ကို စဉ်းစားစရာအချက်တချက်တော့ ရှိလာတာပေါ့။ ဘာကြောင့်လဲဆိုရင် အခုအချိန်မှာ ပြန်ကြည့်မယ်ဆိုရင် ရင်းနှီးမြှုပ်နံှမယ့်သူတွေဘက်က ပြန်ကြည့်ပါအုံး။ ကျနော်တို့က ရင်းနှီးမြှုပ်နှံမှု ဥပဒေဆိုတာ ယနေ့အထိ ထွက်မလာသေးဘူး။ ဂဃနဏ ရင်းနှီးမြှုပ်နှံမှုဥပဒေထဲမှာ ဘာတွေပြဌာန်းထားတယ်ဆိုတာ မသိဘဲနဲ့ ဘယ်သူကမှ ကျနော်တို့ဆီမှာ ရင်းနှီးမြှုပ်နံှမှာ မဟုတ်ပါဘူး။ ဒါက နံပါတ်တစ်တချက်ပါ။

ဒုတိယအချက်ကတော့ ကျနော်တို့ရဲ့ infrastructure တွေ နိုင်ငံခြားက ရင်းနှီးမြှုပ်နံှမယ့်လူတွေ လာတဲ့အခါမှာ လျှပ်စစ်မီးသည် ပုံမှန် မရသေးဘူး။ လမ်းပန်းဆက်သွယ်ရေး နေရာတကာတိုင်းမှာ အကုန်လုံးကောင်းကောင်းမွန်မွန် မရှိသေးဘူး။ မြေကြီးတွေက အရမ်း ပေါပါတယ်။ သို့သော်လည်း သွားဖို့လာဖို့ အရမ်းခက်တဲ့နေရာမှာ မြေကြီးတွေပေါနေတာ ရှိနေသေးပြီးတော့ အလုပ်လုပ်ကိုင်ဖို့ မရတဲ့ဟာမျိုးတွေကလည်း ရှိနေတဲ့အတွက် အင်မတန်မှလည်း သူတို့ဘက်က စဉ်းစားမယ်ဆိုတာကို ကျနော် နားလည်ထားပါတယ်။

အဲဒီတော့ ဒီလို ရပ်တန့်သွားမလားဆိုရင်တော့ စီးပွားရေးအရတော့ စီးပွားရေးသမားကတော့ သူအခုန ပြောသလိုပါပဲ။ အကုန်လုံးကို ကြည့်ပါမယ်။ ကြည့်ပြီးတဲ့အခါ မကောင်းတာတွေလည်း ကြည့်မယ်။ ကောင်းတာတွေလည်း ကြည့်ပြီးတော့ လုပ်သာကိုင်သာရှိမယ် ဆိုလို့ရှိရင်တော့ သူတို့လာမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုလာတဲ့အခါမှာ ကျနော် အခုနပြောတဲ့အချက်ကို ပြန်ကောက်ရင် ဒေါ်အောင်ဆန်းစုကြည် ပြောချင်တဲ့ ရည်ရွယ်ချက်ကတော့ ခင်များတို့ ကျနော်တို့ တိုင်းသူပြည်သားတွေရဲ့ အကျိုးစီးပွားကိုလည်း ကြည့်ပြီးတော့လုပ်မယ့် စီးပွားရေးဖြစ်သင့်တယ်။ အစိုးရတခုတည်းနဲ့ ခင်ဗျားတို့နဲ့ အဆင်ပြေပြီးတော့ အရင်တုန်းကလိုပဲ ပေးကမ်းပြီး ကိုယ့်အတွက်ပဲယူသွားမယ့် အလုပ်မျိုးဆိုရင်တော့ မလာပါနဲ့လို့ တခါတည်း သူကပြောထားတာလို့ ကျနော်သိရပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာဦးစိန်ဝင်း အခုလောလောဆယ်မှာ မြန်မာနိုင်ငံထဲမှာ ရင်းနှီးမြှုပ်နံှမယ့် လုပ်ငန်းတွေက ဒေါ်အောင်ဆန်းစုကြည် အဓိကပြောချင်တဲ့ လုပ်ငန်းတခုက ကျနော် နားလည်သလောက် အလုပ်အကိုင်ကို ဖန်တီးပေးနိုင်မယ့် ရင်းနှီးမြှုပ်နံှမှုမျိုး ဖြစ်သင့်တယ်ဆိုတာလဲ အလေးအနက်ထားပြီး ပြောပါတယ်။ အခု ဆရာဦးစိန်ဝင်း သဘောကိုလည်း ပြောပါ။

ဦးစိန်ဝင်း ။ ။ ကျနော် မြင်တာက ဒီလိုခင်ဗျ။ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ ရင်းနှီးမြှုပ်နံှမှု အကြီးကြီးဆိုတာ ဗမာပြည်မှာ ကျနော်ထင်တယ် ရေနံနဲ့ ဓာတ်ငွေ့ပဲများတယ်။ ရေနံနဲ့ ဓာတ်ငွေ့ဟာက ဒီအကျိုးအမြတ်ကို ခွဲယူတာကတော့ အစိုးရက သင့်တင့်လျောက်ပတ်တဲ့ နိုင်ငံ တကာစံနှုန်းနဲ့ ရပြီးသား။ ဒီမှာရှိတဲ့ ကျွမ်းကျင်သူတွေဆိုတာလည်း အတန်အသင့် အလုပ်ရပြီးသားပါ။

တကယ်တန်း ပြောရရင် ကျန်တဲ့အငယ်စားတွေ၊ ဥပမာ အထည်ချုပ်တို့ ဘာတို့ဆိုတာ အငယ်စားတွေ။ ဘာမှမဟုတ်တာ။ တရုတ်ပြည်မှာ စရင်းနှီးမြှုပ်နံှတုန်းက အထည်ချုပ် စဝင်လာသလို ကျနော်တို့ဆီမှာလည်း အထည်ချုပ်လိုဟာမျိုး။ အထည်ချုပ်လိုဟာမျိုးကတော့ အခု အလုပ်သမားတွေအပေါ်မှာ ခေါင်းပုံဖြတ်ပြီး ယူထားတဲ့ လုပ်အားခတွေ သိပ်နည်းလွန်တာတို့၊ ဘာတို့ကတော့ အခုပြီးခဲ့တဲ့ ပထမတဆင့်မှာပဲ တနေ့ တထောင် အခြေခံလစာတောင်းလို့၊ ဆိုကြပါစို့-တလမှာ သုံးသောင်းတောင်းလို့ ကြားထဲကနေ ဝန်ကြီးဦးအောင်မင်းတို့ ဖြေရှင်းပေးလို့ ပြေလည်သွားပြီ။

အခုနပြောတဲ့ အထည်ချုပ်၊ ကုန်သည်ကြီးများအသင်းက ဦးမြင့်စိုး တို့ ဝင်ဖြေရှင်းပေးလို့ ပြေလည်သွားပြီ။ ဒါပေမဲ့ နောက်ထပ်တဆင့်တောင်မှ နိုင်ငံတော်က လာမယ့် ဇူလိုင်ကျလို့ရှိရင် ဒီ အခြေခံလစာ ငါးသောင်းခြောက်ထောင်နဲ့ ခုနှစ်ရာလောက် ဖြစ်အောင်လုပ်ဖို့တောင် လုပ်ငန်းရှင်တွေကို တိုက်တွန်းထားခဲ့ပြီးပြီ။ ဆိုတော့ အစိုးရဘက်က ဒီ ရှိပြီးသား ရင်းနှီးမြှုပ်နံှပြီးသား လူတွေအဖို့တော့ ကျနော်ထင်တယ် အကြီးအကျယ်လည်းမရှိဘူး။ တကယ်တန်းပြောရရင် အကြီးအကျယ်ရှိတာတွေက လျှပ်စစ်လုပ်ငန်းက အတန်အသင့်ရှိတယ်။ အခုနပြောတဲ့ ရေနံနဲ့ ဓာတ်ငွေ့ကပဲ ရှိတာ။ လျှပ်စစ်က ကျနော်တို့ သိပ်ပြောနေစရာ မလိုပါဘူး။ တရုတ်ကို ရောင်းတာနဲ့ ဒီဟာတွေက တကယ်တန်း မစရသေးဘူး။ တချို့ဟာတွေက။ ဒါတွေက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိရအောင်၊ ကျနော်တို့လူတွေ အလုပ်ရအောင်ဆိုပြီး ဒေါ်စု ပြောတာ အမှန်ပါပဲ။ ဒါပေမဲ့ လာလည်းမလာရသေးတဲ့အခါကျတာ့ အခုမှ ကျနော်တို့က အနောက်အုပ်စုနဲ့ ဥရောပ မထိရမတွေ့ရသေးတဲ့ နိုင်ငံသစ်ဟာ ဒီနေရာပါလို့ ပြောတာ မှန်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက ဦးနှင်းဦး-ခင်ဗျာ။ လူတွေက ဒီဘက်မှာ သုံးသပ်ကြတယ်။ မြန်မာနိုင်ငံထဲမှာ အရင်တုန်းကတော့ အာဆီယံ၊ တရုတ်တို့၊ အရှေ့အာရှနိုင်ငံတွေက ရင်းနှီးမြှုပ်နံှနေကြတာ အတော်များများရှိနေပြီ။ သို့ပေမယ့် အနောက်နိုင်ငံတွေက ရင်းနှီးမြှုပ်နံှလာမယ် ဆိုရင် သူတို့အနောက်နိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နံှမှုတွေက ပိုပြီးတော့ ethical ဖြစ်လိမ့်မယ် အရှေ့တိုင်းထက်။ အရှေ့တိုင်းလောက် လူ့အခွင့်အရေးတို့၊ အလုပ်သမားအခွင့်အရေးတို့၊ ပတ်ဝန်းကျင် ပြုန်းတီးမှုတို့ကို ထိခိုက်စေမှာ မဟုတ်ဘူးလို့ အပြင်က သုံးသပ်ကြပါတယ်။ အဲဒါကို ဦးနှင်းဦး ဘယ်လိုသဘောရပါသလဲ။

ဦးနှင်းဦး ။ ။ များသောအားဖြင့်တော့ ဥရောပနိုင်ငံတွေကပဲ အခုပြောနေတဲ့ CSR - corporate social responsibility ဆိုတဲ့ကိစ္စတွေ။ နောက်တခါ business ethics ကိစ္စတွေ။ ဒါတွေအားလုံးဟာ အနောက်နိုင်ငံတွေကပဲ တောင်းဆိုတဲ့ကိစ္စတွေ ဖြစ်ပါတယ်။ အဲဒီတော့ အနောက်နိုင်ငံကုမ္ပဏီတွေက သူတို့နိုင်ငံမှာကို ဒါကိုကျင့်သုံးပြီးသား ဖြစ်ပါတယ်။ သူတို့နိုင်ငံက လုပ်ငန်းတွေ ပြန်ကြည့်မယ်ဆိုရင် သေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ သူတို့က sustainable ဖြစ်ရမယ်။ win-win ဖြစ်ရမယ်။

အားလုံးက business ethics နဲ့ business responsibility ကို ဟိုဘက်ဒီဘက် အားလုံး တာဝန်ယူပေးရမယ်ဆိုတဲ့ အခြေခံနဲ့ ကြီးပြင်းလာတဲ့ ကုမ္ပဏီတွေဖြစ်တဲ့အတွက် သူတို့အတွက်ကတော့ ဒါတွေက ယဉ်ပါးပြီးသား ဖြစ်ပါတယ်။ သူတို့နိုင်ငံကိုက သူတို့ကုမ္ပဏီအပေါ်မှာ ချထားတဲ့ စည်းမျဉ်းကိုက ဘယ်နိုင်ငံ၊ ဘယ်ပဲသွားသွား ကမ္ဘာပေါ်မှာလုပ်တဲ့ သူတို့နိုင်ငံရဲ့ ethics က တသားတည်းဖြစ်ရမယ်။ ကြေးကအစ တူတာတွေ လုပ်ရမယ်ဆိုတာတွေက အားလုံးက တန်တူညီမျှမှုကို အမြဲတမ်းရှေ့ရှုတဲ့အတွက် ethical company တွေ လာတဲ့အခါကျတော့ ကျနော်တို့မှာ ပေးရတာချင်းတူတောင်မှ ပေးရတာတွေက သက်သာတာပေါ့။ သက်သက်သာသာနဲ့ ပေးရတာတွေရှိပြီးတော့ ကျနော်တို့အတွက် ပြန်ရ နိုင်မယ့် အခွင့်အရေးတွေ အများကြီး ရနိုင်ပါတယ်။ အသိပညာကောင်းကောင်းရမယ်။ အဆင့်အတန်းရှိရှိ တန်းဖိုးရှိရှိ၊ ထိုက်ထိုက် တန်တန် ပြန်ပြီးတော့ ရမယ်ဆိုတာ ရှိတဲ့အတွက် အနောက်နိုင်ငံတွေနဲ့ လုပ်မယ်ဆိုရင်တော့ သိပ်ပြီးတော့ ကြောင့်ကြစရာမရှိဘူးလို့ သုံးသပ်မိပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ တရုတ်၊ အာဆီယံတို့က သိပ်မဘဝင်မကျဘူးထင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည် အနောက်တိုင်းကို ရောက်နေတုန်းမှာပဲ တရုတ်ဘက်ကလည်း ဒီမိုကရေစီ။ အနောက်တိုင်း ဒီမိုကရေစီဟာ မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို အစွမ်းကုန် ဖြေရှင်းနိုင်မှာမဟုတ်ဘူးဆိုတာတို့။ တခါ အာဆီယံက ကျွမ်းကျင်သူတွေ အင်တာဗျူးတွေမှာ ကျနော် ကြည့်ပါတယ်။ သူတို့ဟာ အနောက်တိုင်းနဲ့ နီးစပ်တာထက်။ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်မှ ပိုအကျိုးရှိမယ်ဆိုပြီး ဝေဖန်မှုတွေ ရှိနေပါတယ်။ ဒါကို ဆရာဦးစိန်ဝင်း ဘယ်လိုမြင်ပါသလဲ။

ဦးစိန်ဝင်း ။ ။ ကျနော်မြင်တာကတော့ အနောက်တိုင်းက ethical အရ ကောင်းတယ်၊ မကောင်းဘူး အဲဒီအချက်နဲ့ မတိုင်းသင့်ဘူး။ အရေးကြီးတာက ကိုယ့်ဆီကလူတွေရဲ့ လုပ်ထုံးလုပ်နည်းဥပဒေနဲ့ ကိုယ့်ဆီကလူတွေရဲ့အတွေးအခေါ် မြင့်ဖို့က အဓိက။ ဒီက ချမှတ်ထားတဲ့ဟာက အဓိကပဲ။

ဒီက အလွယ်တကူသွားပြီး လိုက်လျောလို့ရှိရင် ကျနော်တို့ဆီမှာရှိတဲ့ ဥပဒေတွေ၊ စည်းကမ်းတွေက အားပျော့နေရင် ဒါဖြစ်မှာပဲ။ မြစ်ဆုံကိစ္စကို သွားသတိရတယ်။ ဟိုဘက်က မြစ်ဆုံကိစ္စလုပ်တယ်။ CPI က ဘာပြောသလဲဆိုတော့ ဗမာပြည်မှာ environmental act မရှိဘူးဆိုတဲ့ တချက်တည်းနဲ့ တောင့်ထားတာပဲ။ ဒါမျိုးက ကိုယ့်ဆီက အားနည်းနေတာ။ ကျနော်တို့ ဒီတိုင်းပြည်မှာ ပြဿနာက ကိုယ့်ဆီက အကုန် အားနည်းနေတာ။ ဒီမှာ ဥပမာ တံတားတွေ၊ လမ်းတွေ၊ ပုဂ္ဂလိကကုမ္ပဏီပေးပြီးတော့။ အဲဒီအခါကျတော့ အလွဲသုံးစားမှုလုပ်တာ။ ဒါထက်ပိုဆိုးတာတွေက တပုံကြီး။ ကျိုက်ထီးရိုးဘုရားကို လိုင်စင်ပေးထားတယ်။ အလှူခံငွေမျိုးတွေတောင် လူမှုရေး၊ ဘာသာရေးတောင်မှ အဲဒါမျိုးတွေ။ ကျနော်တို့ လူတွေ၊ အကုန်လုံး ethic ပျက်ထားတာတွေအများ။ ကိုယ့်ဘက်က ပြန်ပြီးမတ်ပြီးတော့။ ကိုယ့်ဘက်က ဥပဒေတွေ မှန်မှ ပုံကျမှာလို့ အဲဒီလို မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် အဲဒါကို မေးဖို့ချန်ထားတာပါ။ ရင်းနှီးမြှုပ်နံှမယ့် လူတွေဘက်ကိုတော့ ပြောပါပြီ။ ကျနော်တို့ မြန်မာနိုင်ငံဘက် ကရော အဲဒါကို လက်ခံနိုင်မယ့်အခြေအနေ။ ethical standard တွေ ရှိကြရဲ့လား။ ကိုယ့်ကျိုးပဲကြည့်ပြီး မြန်မာနိုင်ငံဘက်မှာ လူတွေကလည်း လုပ်ကြမှာလား။ ကိုယ့်နိုင်ငံနဲ့ လူအများအကျိုးအတွက် ချင့်ချိန်ပြီး စဉ်းစားကြမလားဆိုတာကို ဦးနှင်းဦး သဘောထားကို ပြောပါ။

ဦးနှင်းဦး ။ ။ အဲဒါတွေ အားနည်းတယ်ဆိုတာ အမှန်ပါပဲ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က နှစ်ပေါင်း (၅၀) လောက် ဒါနဲ့ ယဉ်ပါးခြင်း မရှိဘဲနဲ့ ကင်းကွာလာခဲ့တဲ့အတွက်၊ မြန်မာနည်း မြန်မာဟန်နဲ့ သွားလာခဲ့တာတွေ ရှိပါတယ်။ အဲဒီတော့ အခုတခါတော့ international နဲ့ ဆက်ဆံပြီး လုပ်ကိုင်ရတော့မယ့် ဆိုတဲ့အခါကျတော့ ကျနော်တို့က global ethics တွေ၊ business ethics တွေ ကျနော်တို့ဆီက human resources က ဒါကို နားလည်သိရှိဖို့ဆိုတာ အရေးကြီးတဲ့ကိစ္စဖြစ်ပါတယ်။ ဦးစိန်ဝင်း ပြောသလိုပါပဲ။ ကျနော်တို့နိုင်ငံ အစိုးရကလည်း ကျနော်တို့ နိုင်ငံသားတွေအတွက်ကို မထိခိုက် မနစ်နာအောင် sustainable business တွေဖြစ်အောင်ဆိုပြီး law တွေနဲ့ ပြဌာန်းပြီးတော့ ကာကွယ်ပေးမယ်ဆိုလို့ရှိရင် ဒါက အင်မတန်ကောင်းတဲ့ကိစ္စပါ။

စီးပွားရေးလုပ်ငန်းဆိုတာ ကိုယ့်ကချည်းသာပြီး သူများကမသာရင် ဘယ်သူမှ မလာသလိုပဲ။ ကိုယ်ကအနစ်ခံပြီး သူများကိုပေးမယ် ဆိုရင်လည်း မမျှတပါဘူး။ အဲဒါကြောင့်မို့ ကျနော်တို့က ဒါတွေအားလုံးကတော့ law နဲ့ protect လုပ်ရမှာ ဖြစ်ပါတယ်။ နည်းလမ်းမမှန်ဘဲနဲ့ လုပ်ကိုင်စားသောက်ပြီး ချမ်းသာရမယ့်ခေတ်ကလည်း မရှိလောက်တော့ဘူးလို့ ယူဆပါတယ်။ ဒါကိုပဲ ဒေါ်အောင်ဆန်းစုကြည် က ဒီဥစ္စာကို ညွှန်းပြတာဖြစ်မယ်လို့ သုံးသပ်မိပါတယ်။

အာဆီယံ၊ တရုတ်တို့က အနောက်နိုင်ငံရဲ့ စီးပွားရေးနဲ့ ကျနော်တို့ အံဝင်ဂွင်မကျဘူးလို့ ပြောသည့်တိုင် ကျနော်တို့တွေ့ရသမျှ တရုတ်၊ အာဆီယံနိုင်ငံပေါ်မှာရော အနောက်နိုင်ငံအနေနဲ့ joint-venture လုပ်ပြီးတော့ စီးပွားရေးတွေ ထူထောင်တိုးတက်နေတာတွေက ကျနော်တို့ မျက်စိထဲမှာ ထင်ထင်မြင်ပြီးသာဖြစ်ပါတယ်။ အဲဒီတော့ အားလုံးက ဘယ်လိုပဲဖြစ်ဖြစ် အနောက်နိုင်ငံ၊ အရှေ့နိုင်ငံရယ် မဟုတ်ဘူး။ ကျနော်တို့ အတွက်ကို မျှမျှတတနဲ့ တိုးတက်အောင်လုပ်နိုင်တဲ့ အဖွဲ့အစည်းတွေဆိုရင် ကြိုဆိုဖို့ အဆင်သင့်ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံးမေးချင်တာကတော့ အခုအခါမှာ မြန်မာနိုင်ငံ စီးပွားရေးလောကဟာ အာဏာပိုင်တွေ၊ အာဏာရှိတဲ့ ပုဂ္ဂိုလ်တွေ၊ အစိုးရအသိုင်းအဝိုင်းနဲ့ ဆက်ဆံပြီးတော့၊ ထိတွေ့ပြီးတော့ လုပ်ကြရတယ်။ အခုနပြောသလို ethical စီးပွားရေးဆိုင်ရာ ကျင့်ဝတ်တွေကို လိုက်နာစောင့်ထိန်းရေးကိစ္စကအစ အနောက်နိုင်ငံတွေ၊ ပြည်ပနိုင်ငံတွေ ရင်းနှီးမြှုပ်နံှမှုကို ဘယ်လို ဖြစ်စေချင်တယ် ဆိုတာအစ အဲဒီကိစ္စတွေကို အတိုက်အခံ။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးနဲ့ တွေ့ဆုံဖို့၊ အကြံဉာဏ်ယူဖို့၊ ညှိနှိုင်းဆောင်ရွက်ဖို့ အစီအစဉ်များ ရှိပါသလား။ ဆရာဦးစိန်ဝင်း အဲဒီလိုများတွေ့ရရင် ပိုကောင်းမယ်လို့ မထင်ဘူးလား။

ဦးစိန်ဝင်း ။ ။ အဲဒါလေးတွေ တဖြည်းဖြည်း ဖြစ်လာမယ်ထင်တယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒီဟာတွေ အကုန်လုံး ကြားပြီးတော့ ကျုပ်တို့ဆီက ဒီလို ပြဿနာတွေက အစုံဆိုတော့ ပြောကိုမကုန်ဘူး။ ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်နေတော့ စီးပွားရေးသမားတွေနဲ့ မတွေ့ဘဲနဲ့ကို ဘေးနားကလူတွေ ပြောတာနဲ့ကို သူကတော်တော်လုံလောက်နေတဲ့ သဘောဖြစ်နေတယ်။ ကျနော် ထင်တာကတော့ အဲဒါနဲ့ကို လုံလောက်နေပါပြီ။ သူ့ဆီမှာလည်း စီးပွားရေးသမားတွေ အဝင်အထွက်တချို့လည်း ရှိနေပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးနှင်းဦးရဲ့ အမြင်ကိုလည်း နောက်ဆုံးပြောပါ။

ဦးနှင်းဦး ။ ။ ကျနော်တို့က ဒါ အများအတွက်၊ နိုင်ငံအတွက်၊ လူတဦးချင်းအတွက် တိုးတက်ဖို့ကိစ္စတွေအားလုံးဟာ ဒီလို ခေါင်းဆောင် ကောင်းတွေနဲ့ ကျနော်တို့က တွေ့ပြီးတော့ အကြံဉာဏ်ယူတဲ့ဟာ လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စလို့ ကျနော် ယူဆထားပါတယ်။ အကယ်လို့ ဒီလိုခေါင်းဆောင်က ကျနော်တို့ကို တွေ့ပြီးတော့ အကြံဉာဏ်ပေးမယ်ဆိုရင်လည်း ကျနော်တို့က အချိန်မရွေး လက်ခံဖို့ရှိတဲ့အကြောင်း တင်ပြလိုပါတယ်။

XS
SM
MD
LG