သုံးရလွယ်ကူစေသည့် Link များ

မြန်မာပြည်မှာ နိုင်ငံခြားငွေကြေးဈေးကွက် ပေါ်ပေါက်ရေးနဲ့ ငွေလဲနှုန်း တရားဝင်သတ်မှတ်ရေးကို ဦးစားပေး ဆောင်ရွက်နေကြောင်း အစိုးရသတင်းမီဒီယာမှာ ဇူလိုင်လ (၂၃) ရက်နေ့က ဖော်ပြထားပါတယ်။ မြန်မာပြည်မှာ ငွေလဲနှုန်း အမျိုးမျိုးရှိပါတယ်။ တစ်ဒေါ်လာ (၆) ကျပ်နဲ့ ငွေလဲနှုန်း အစိုးရက သတ်မှတ်ထားတာ အနှစ် (၃၀) ကျော်ပါပြီ။ ဒါပေမဲ့ ကာလပေါက်ဈေးဟာ အစိုးရနှုန်းထက် အဆပေါင်းများစွာ မြင့်မားပါတယ်။ အခွန်ကောက်ယူရာမှာသုံးတဲ့ ငွေလဲနှုန်း၊ ဟော်တယ်မှာသုံးတဲ့ ငွေလဲနှုန်း၊ ငွေလဲသူ (money changer) သုံးတဲ့နှုန်း၊ FEC (Foreign Exchange Currency) ဝယ်ယူတဲ့ ငွေဖလှယ်နှုန်းစသဖြင့် အမျိုးမျိုးရှိပါတယ်။

ဒီလို စင်ပြိုင်ငွေလဲနှုန်း အမျိုးမျိုးရှိနေတာဟာ ဈေးကွက်နဲ့ ဈေးနှုန်းကို ကမောက်ကမဖြစ်စေပြီး ကုန်ကျစရိတ် ကြီးမားစေတယ်လို့ ထောက်ပြကြပါတယ်။ ဒါပေမဲ့ ဒီစနစ်ကြောင့် စစ်အုပ်စုအသိုင်းအဝိုင်း အကျိုးခံစားနေရတဲ့အတွက် ဈေးကွက်သဘောအတိုင်း ဖြစ်ပေါ်လာတဲ့ ငွေလဲနှုန်းကို အခွင့်ထူးခံ လူတန်းစားက လက်ခံနိုင်ပါ့မလားဆိုတာ စဉ်းစားစရာ ဖြစ်နေပါတယ်။ လက်ရှိငွေလဲစနစ်ဟာ အစိုးရကို အယုံအကြည်ကင်းမဲ့စေတဲ့ အချက်တခုလည်း ဖြစ်ပါတယ်။

နိုင်ငံခြားက မြန်မာအလုပ်သမားက ကြားပွဲစား/ကြားလူကိုသုံးတဲ့ ဟွန်ဒီ (Hundi) စနစ်ကိုသာ ယုံကြည်ကြပါတယ်။ ဥပမာ ဘန်ကောက်မှာ အလုပ်လုပ်သူက ရန်ကုန်က မိသားစုကို ငွေပို့ချင်ရင် ဘန်ကောက် ဟွန်ဒီကတဆင့် ပို့ပါတယ်။ ဟွန်ဒီအချင်းချင်း ချိတ်ဆက်ထားတာမို့ ဘန်ကောက်မှာ ဘတ်ငွေပေးလိုက်ရင် ရန်ကုန်မှာ ကျပ်ငွေထုတ်ယူနိုင်ပါတယ်။ ငွေလွှဲခကိုတော့ ငွေဖလှယ်နှုန်းထဲ ထည့်ပြီးသားမို့ ပေးစရာမလိုပါဘူး။ ဒါပေမဲ့ ဘန်ကောက် ဟွန်ဒီမှာ ဘတ်ငွေတွေ ပုံလာပြီး ရန်ကုန် ဟွန်ဒီမှာ ကျပ်ငွေ နည်းသွားနိုင်ပါတယ်။ ဒီလိုမဖြစ်အောင် ဘန်ကောက် ဟွန်ဒီဟာ ရန်ကုန်ကမှာတဲ့ ပစ္စည်းကို ပို့ပေးပါတယ်။ ဘဏ်တိုက်ကတဆင့် ငွေလွှဲတာမဟုတ်တဲ့အတွက် မြန်မာပြည်ကို ဒေါ်လာငွေ ရောက်မလာတာကြောင့် ဗမာအစိုးရ အကျိုးမခံစားရဘူးလို့ ပြောနိုင်ပါတယ်။

FEC ခေါ် ဒေါ်လာအတု သုံးဖို့ စီစဉ်ထားတာဟာလည်း အစိုးရစားကွက်တခု ဖြစ်ပါတယ်။ ပြည်တွင်းမှာ အမေရိကန်ဒေါ်လာအသုံးပြုတာကို လက်မခံဘဲ၊ အစိုးရထုတ်တဲ့ FEC ဒေါ်လာအတုကို သုံးခွင့်ပြုပါတယ်။ အရင်ကဆိုရင် နိုင်ငံခြားခရီးသည် ရောက်လာတာနဲ့ သတ်မှတ်ထားတဲ့ FEC ကို ဝယ်ရပါတယ်။ ၂၀၀၃ ရောက်မှ ဒီ မဝယ်မနေရစနစ်ကို ရုတ်သိမ်းလိုက်ပါတယ်။ လေယာဉ်လက်မှတ်၊ နိုင်ငံခြားပစ္စည်း စတာတွေကို ဝယ်ယူရာမှာလည်း FEC ကို သုံးနိုင်ပါတယ်။ အမေရိကန်ဒေါ်လာ ပြည်သူတွေသုံးတာကို တရားမဝင်ဘူးလို့ အစိုးရက သတ်မှတ်ပေးမယ့် အလွတ်ဈေးကွက်မှာ အမေရိကန်ဒေါ်လာကိုသာ တန်ဖိုးထားကြပါတယ်။ ဒါကြောင့် FEC ဟာ ဒေါ်လာလောက် ဈေးမရပါဘူး။ ဒေါ်လာကို FEC နဲ့လဲပြီး သုံးနေရတဲ့ နိုင်ငံခြားအမှုထမ်းတွေဟာ အမြဲတမ်းအရှုံးပေါ်နေပါတယ်။ FEC ကို သုံးလာတာ (၁၈) နှစ် ရှိနေပါပြီ။ ငွေလဲနှုန်းအမျိုးမျိုးသုံးတာ အဂတိလိုက်စားမှုကို အားပေးသလို ဖြစ်နေပါတယ်။

၂၀၀၈ မှာ ဖြစ်ပွားခဲ့တဲ့ နာဂစ်လေဘေးမှာ နိုင်ငံခြားကယ်ဆယ်ရေးဝန်ထမ်းတွေဟာ ဒေါ်လာကို FEC နဲ့လဲပြီး သုံးကြရတဲ့အတွက် ဒေါ်လာ (၁၀) သန်းကျော် ဗမာအစိုးရ အမြတ်ထွက်သွားကြောင်း သိရပါတယ်။ အဲဒီအချိန်က အပြင်ဈေးကွက်မှာ တဒေါ်လာ ကျပ်တထောင်ကျော်ဈေး ရှိနေပေမယ့် FEC ဟာ ရှစ်ရာဝန်းကျင်မှာသာ ဈေးရှိတာကြောင့် FEC ဝယ်သုံးသူဟာ အရှုံးပေါ်နေရတာ ဖြစ်ပါတယ်။ FEC တစ်ဒေါ်လာဟာ အမေရိကန် တစ်ဒေါ်လာနဲ့ တန်ဖိုးတူညီတယ်လို့ ဆိုပေမယ့် အစိုးရပိုင် နိုင်ငံခြားငွေဖလှယ်ရေးဘဏ်မှာ သွားလဲရင် FEC ဟာ ဒေါ်လာပေါက်ဈေးထက် အမြဲတမ်းနည်းနေပါတယ်။ ၁၉၉၃ ကစပြီး ပြည်တွင်းသုံးအတွက် (၁၀) ဒေါ်လာ၊ (၅) ဒေါ်လာ နဲ့ (၁) ဒေါ်လာ တန်ဖိုးနဲ့ ညှီမျှတဲ့ FEC ငွေစက္ကူ (၃) မျိုး ထုတ်ဝေထားပါတယ်။ ကမ္ဘာ့လှည့်ခရီးသည်လုပ်ငန်း၊ နိုင်ငံခြားအဖွဲ့အစည်းနဲ့ ကုမ္မဏီအမှုထမ်းတွေထဲမှာ FEC နဲ့ လစာရကြသူတွေ ရှိပါတယ်။

ဗမာအစိုးရအသုံးစရိတ်မှာ အမြဲတမ်း လိုငွေပြနေပါတယ်။ ဓါတ်ငွေ့ရောင်းရလို့ ဒေါ်လာတွေ သန်းပေါင်းထောင်ချီပြီး ဝင်လာလည်း လိုငွေပြတုန်းပါ။ ဘာဖြစ်လို့လည်းဆိုတော့ ဓါတ်ငွေ့ရောင်းလို့ရတဲ့ ဒေါ်လာကို (၆) ကျပ်နှုန်းနဲ့တွက်ပြီး စာရင်းပြထားလို့ဖြစ်ကြောင်း မြန်မာ့စီးပွားရေးစောင့်ကြည့်ရေးအဖွဲ့က ဘောဂဗေဒပညာရှင် Dr. Sean Turnell က ဆိုပါတယ်။ ဥပမာ ၂၀၀၆/၂၀၀၇ ဘဏ္ဍာရေးနှစ်မှာ ဓါတ်ငွေ့ရောင်းလို့ရတဲ့ ဒေါ်လာသန်း (၁၂၅၀) ကို ကျပ်ငွေသန်း (၇၅၀၀) အဖြစ် စာရင်းပြထားပါတယ်။ ပေါက်ဈေးနဲ့တွက်ရင် ကျပ်ငွေသန်းထောင်ပေါင်း တသန်းငါးသိန်း (၁၅၀၀၀၀၀) ရှိမှာဖြစ်တဲ့အတွက် အစိုးရအသုံးစရိတ်လိုငွေပြမှုကို အနည်းနဲ့အများ ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ဓါတ်ငွေ့ကရတဲ့ ဒေါ်လာတွေကို အစိုးရဝင်ငွေစာရင်းမှာမပြဘဲ စစ်အုပ်စုရဲ့  အထူးရန်ပုံငွေအဖြစ် သီးသန့်ဖယ်ထားတာ ဖြစ်နိုင်တယ်လို့ Dr. Sean Turnell က သုံးသပ်ပါတယ်။

ဓါတ်ငွေ့ဒေါ်လာကို တမင်တကာ (၆) ကျပ်နှုန်းနဲ့တွက်ပြီး စာရင်းပြတာဟာ နားလည်ရခက်တဲ့ ကွယ်ဝှက်ချက်ဖြစ်တယ်လို့ ဂျပန်စီးပွားရေးပညာရှင် Koji Kubo က ဆိုပါတယ်။ နိုင်ငံခြားငွေလဲနှုန်းကို မချုပ်ကိုင်ဖို့သူက တင်ပြထားပါတယ်။ ယုတ္တိမတန်တဲ့ ငွေလဲမှုစနစ်ကို ဖျက်သိမ်းဖို့ IMF (International Monetary Fund) အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့က တိုက်တွန်းနေတာလည်း ကြပြီဖြစ်ပါတယ်။

XS
SM
MD
LG