သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နဲ့ လူ့အခွင့်အရေး ချိုးဖောက် စစ်အစိုးရ


ဒီတပတ် မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ ဦးကျော်ဇံသာ က မြန်မာစစ်အစိုးရကို လူသားမျိုးနွယ်များအပေါ် ကျုးလွန်တဲ့ပြစ်မှုတွေကြောင့် စစ်ရာဇဝတ်မှုအဖြစ် စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂကော်မရှင်ဖွဲ့မယ်ဆိုတဲ့အကြောင်းကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ပါမောက္ခ သောမတ် ဟိုဟေ ကန်တာနား (Tomás Ojea Quintana) ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပါမောက္ခ ကင်တာနား (Quintana) ခင်များ မြန်မာနိုင်ငံရဲ့ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပါမောက္ခရဲ့ စကားနဲ့ ပြောရရင် လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ပြစ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ ကော်မရှင်ဖွဲ့မယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ ကြိုဆိုတဲ့လူတွေ ရှိသလို၊ မကြိုဆိုတဲ့ လူတွေလည်း တွေ့ရပါတယ်။ ဥပမာပြောရမယ်ဆိုရင် ပါမောက္ခ David Steinberg က ဒီကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန် ထောက်ခံတဲ့အပေါ် ကန့်ကွက်ထားတာကို တွေ့ရပါတယ်။

ပါမောက္ခ ကင်တာနာ ။ ။ ကျနော့်ရဲ့ နောက်ဆုံးအစီရင်ခံစာထဲမှာ တခြားတခြားသော လူ့အခွင့်အရေး စုံစမ်းရေးမှုတွေ ရေးခဲ့ကြသလိုပဲ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေထဲမှာ ပါဝင်တဲ့ ဘက်အားလုံးက လူ့အခွင့်အရေး ချိုးဖောက်မှုပေါင်း မြောက်မြားစွာဖြစ်နေတယ်။ ဒါဟာ လူသားမျိုးနွယ်တွေပေါ် ကျူးလွန်တဲ့ ပြစ်မှု၊ စစ်ရာဇဝတ်မှုကြီး ဖြစ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ဥပဒေနဲ့အညီ ဖြေကြားဖို့၊ တာဝန်ယူဖို့၊ ကိုင်တွယ်ဖြေရှင်းဖို့ မြန်မာအစိုးရမှာ တာဝန်ရှိပါတယ်။ တချိန်တည်းမှာပဲ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းတို့မှာ ဒါကို ကိုင်တွယ်ဖြေရှင်းဖို့ တာဝန်ရှိပါတယ်။ နှစ်ပေါင်းများစွာ တည်ရှိလာခဲ့တဲ့ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေက ဒီလိုပဲ ပြဌာန်းထားတာပါ။ ဒါကြောင့် ဒီကိစ္စဟာ မြန်မာအစိုးရအတွက် ကောင်းသလား၊ မကောင်းဘူးလား။ မြန်မာပြည်သူတွေအတွက် ကောင်းသလား၊ မကောင်းဘူးလားဆိုတဲ့ ပြဿနာ မဟုတ်ပါဘူး။ နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းကြီးအရ ပြဌာန်းထားတဲ့ မူပိုင်းဆိုင်ရာကိစ္စတရပ် ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်တယောက်အနေနဲ့ ပါမောက္ခ ကင်တာနားရဲ့ တာဝန်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖော်ထုတ်ရုံသက်သက်ပဲလား။ လူ့အခွင့်အရေး အခြေအနေ တိုးတက်ကောင်းမွန်အောင် လုပ်ဖို့ရော တာဝန် မရှိဘူးလား။ အခု ပါမောက္ခ အဆိုပြုတဲ့ လုပ်ရပ်ဟာ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ဖို့ ကိစ္စမှာ အထောက်အပံ့ဖြစ်စေမယ်လို့ ထင်ပါသလား။

ပါမောက္ခ ကင်တာနာ ။ ။ ကျနော် ပြောနေတာက မြန်မာအစိုးရမှာ ဒီကိစ္စတွေအတွက် တာဝန်ရှိတယ်။ ဒါတွေကို ပြုပြင်ဖို့ တနည်းနည်းနဲ့ တာဝန်ရှိပါတယ်။ ဒါကြောင့် ကျနော် ကုလသမဂ္ဂကို အစီရင်ခံခဲ့တာပါ။ မြန်မာစစ်အစိုးရဟာ ပြုပြင်ရမယ့်ကိစ္စတွေကို ပြုပြင်ခဲ့ခြင်း မရှိဘူးဆိုတဲ့ အချက်ပါ။ မြန်မာစစ်အစိုးရအနေနဲ့ ပြုပြင်နိုင်တဲ့ အခွင့်အလမ်းတချိူ့ အခြေအနေတချို့ ရှိပေမယ့် ပြုပြင်တာမျိုး အခုအချိန်အထိ မတွေ့ရသေးပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒီလိုကိစ္စမျိုးနဲ့ ပတ်သက်ပြီးတော့ အထူးသဖြင့် မြန်မာနိုင်ငံအစိုးရကို ပြောကြားတဲ့အခါမှာ နိုင်ငံတကာသိအောင် လူသိရှင်ကြား ပွင့်ပွင့်လင်းလင်း လုပ်တာထက် တိုတိုတိတ်တိတ်သွားပြီး နားချတာက ပိုပြီးအောင်မြင်နိုင်တယ်လို့ လူတော်တော်များများက သုံးသပ်ကြပါတယ်။ ပါမောက္ခ ကင်တာနား က ဒီလို မထင်ဘူးလား။

ပါမောက္ခ ကင်တာနာ ။ ။ ဒါက ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတချို့ လုပ်ရမယ့် အခန်းကဏ္ဍမျိုး ဖြစ်ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး သံတမန်တဦးဖြစ်တဲ့ ကျနော်တာဝန်ကတော့ ဒီကိစ္စကို လူ့အခွင့်အရေးကောင်စီနဲ့ နယူးရော့ခ်က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ လူသိရှင်ကြား အစီရင်ခံ တင်ပြဖို့ပါ။ မှန်ပါတယ် ကျနော့်အဖို့ ကျနော့်ရဲ့ တာဝန်ဝတ္တရာတွေကို အောင်အောင်မြင်မြင် အကောင်အထည် ဖော်နိုင်ဖို့အတွက် မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ပြေပြစ်ဖို့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အရေးကြီးပါတယ်။ ဒါမှ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ လူ့အခွင့်အရေး ပြဿနာတွေကို ထဲထဲဝင်ဝင် ဆွေးနွေးညှိနှိုင်းနိုင်မှာပါ။ ဒါကြောင့် မြန်မာနိုင်ငံကို သွားခွင့်ရရေး ကျနော် အထူးအလေးထားပါတယ်။ ကျနော် မြန်မာနိုင်ငံကို သုံးကြိမ်ရောက်ခဲ့ပြီးပါပြီ။ အခု စတုတ္ထအကြိမ်မှာတော့ ကျနော့်ရဲ့ လာရောက်ခွင့် လျှောက်ထားချက်ကို မြန်မာအာဏာပိုင်တွေက လက်မခံပါဘူး။ ဒါပေမဲ့ နောက်ထပ် သွားရောက်ခွင့်ရအုန်းမယ်လို့ မျှော်လင့်နေဆဲပါ။ ဘာကြောင့်လည်းဆိုတော့ ကျနော် ပြောခဲ့သလိုပဲ တိုင်းပြည်ထဲကိုသွားပြီး လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်ကောင်းမွန်လာအောင် အာဏာပိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့က သိပ်အရေးကြီးလိုပါ။ ဒါပေမဲ့ ကျနော်ရဲ့ အဓိက တာဝန်ကတော့ ဒီအခြေအနေတွေကို ကုလသမဂ္ဂအဖွဲ့ဝင်တွေ ရှေ့မှောက်မှာ လူ့သိရှင်ကြား ဖော်ထုတ်တင်ပြဖို့ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ အခုလို မြန်မာနိုင်ငံရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှုကို စုံစမ်းဖို့ဆိုတာ နိုင်ငံတကာက ခုံရုံးဖွဲ့ပြီး စုံစမ်းဖို့ဆိုတာ စစ်အစိုးရအတွက် သိပ်ခံပြင်းစရာကောင်းတဲ့ ကိစ္စတရပ် ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် ပါမောက္ခ ကန်တာနားကို နောက်ထပ်လာရောက်ခွင့် ပြုမှပြုပါတော့မလား။

ပါမောက္ခ ကင်တာနာ ။ ။ ကျနော် တာဝန်သက်တမ်း လေးနှစ်ကြာပါသေးတယ်။ ဒီနှစ်အတွင်း နောက်နှစ်အတွင်း သက်တမ်း မကုန်သေးပါဘူး။ အနာဂတ်မှာ မြန်မာအခြေအနေ ပြောင်းနိုင်တယ်။ နိုင်ငံရေး အခြေအနေ ပြောင်းနိုင်ပါသေးတယ်။ ဒါကြောင့် ကျနော်ဟာ မကြာခင်ကာလအတွင်း မြန်မာနိုင်ငံကို သေချာပေါက် သွားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီလို မြန်မာစစ်အစိုးရရဲ့ စစ်ရာဇဝတ်မှုတွေကို စုံစမ်းဖော်ထုတ်မယ့်ကိစ္စကို အမေရိကန်အစိုးရက ထောက်ခံလိုက်ပါပြီ။ ဒါပေမဲ့ ကျန်တဲ့နိုင်ငံတွေက အလားတူ ထောက်ခံဖို့ ဘာကြောင့် တုန့်နှေးနေရတာလို့ ထင်ပါသလဲ။

ပါမောက္ခ ကင်တာနာ ။ ။ ကျန်တဲ့နိုင်ငံတွေ ဒါကို ထောက်ခံဖို့ တုန့်နှေးနေတယ်လို့ ကျနော်က မယူဆဘူး။ လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ အချက်အလက်တွေ၊ အထောက်အထားတွေကို မတ်လတုန်းက နိုင်ငံတကာကို စတင်ပြခဲ့တာ ခင်များပြောသလို ဒါက အရေးကြီးတဲ့အချက်တချက်ပါ။ အဖွဲ့ဝင်နိုင်ငံတနိုင်ချင်းဆီက အလေးနက်ထား စဉ်းစားကြရမယ့် ကိစ္စပါ။ ဆိုလိုတာက ဘယ်လို ရာဇဝတ်မှုမျိုးလည်းဆိုတာကို စဉ်းစားကြရမယ်။ ဘယ်လိုကိုင်တွယ်ကြမလဲ။ ဘယ်လိုလူတွေနဲ့ ကော်မရှင်ဖွဲ့ကြမလဲ။ ဘယ်လို ကျွမ်းကျင်သူတွေ လိုအပ်သလဲ ဘယ်လိုလုပ်ပိုင်ခွင့်တွေ အပ်နှင်းကြမလဲ စတာတွေကိုပါ စဉ်းစားကြရပါမယ်။ သူတို့ရဲ့ ပါဝင်မှုက သိပ်အရေးကြီးပါတယ်။ အထွေထွေ ညီလာခံမှာ ကျနော် တင်သွင်းမယ့် အောက်တိုဘာလမှာ သူတို့ဆီက အဖြေသိရဖို့ မျှော်လင့်ပါတယ်။ နယူးရော့ခ် ပြုလုပ်မယ့် သီးခြားကော်မတီ အစည်းအဝေးမှာလည်း ဒီပြဿနာ ပြန်ပေါ်ပေါက်လာပါလိမ့်မယ်။ အဲဒီအခါမှာ ပိုပြီးတော့ များတဲ့နိုင်ငံတွေ ပါဝင်လာကြလိမ့်မယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ လုပ်ထုံလုပ်နည်းနဲ့ ပတ်သက်ပြီး မေးခွန်းတခု မေးချင်ပါတယ်။ ဒီ ကော်မရှင်ဖွဲ့စည်းမယ့်ကိစ္စဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ သဘောတူညီမှုရယူဖို့ လိုအပ်ပါသလား။

ပါမောက္ခ ကင်တာနာ ။ ။ ကျနော် အစီရင်ခံစာထဲမှာ ဖော်ပြထားတာကတော့ ကုလသမဂ္ဂရဲ့ ဘယ်အဖွဲ့အစည်းကမဆိုလို့ ဖော်ပြထားပါတယ်။ လုံခြုံရေးကောင်စီ၊ အထွေထွေ ညီလာခံ ဒါမှမဟုတ် ဂျီနီဗား က လူ့အခွင့်အရေးကောင်စီ ဖြစ်ဖြစ်လို့ ဖော်ပြထားပါတယ်။ ကုလသမဂ္ဂ ဝန်ကြီးချုပ်ကလည်း ဖြစ်ပါတယ်။ အဓိကတော့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ဒီကိစ္စအပေါ် ဘယ်လောက် အလေးအနက်ထားတယ်ဆိုတာ အရေးကြီးပါတယ်။ ကျနော်ကတော့ ဒီကိစ္စကို လုံခြုံရေးကောင်စီကပဲ လုပ်ပါလို့ ကန့်သတ်မထားလို့ပါ။ ဘယ်အဖွဲ့အစည်းကဖြစ်ဖြစ် လုပ်လို့ရပါတယ်။ ပြီးတော့ ဒါက ပထမအဆင့်ပဲ ရှိပါသေးတယ်။ သိပ်အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ ကမ္ဘာတလွှားမှာ တွေ့နေရတဲ့ ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ရှိစေမယ့်ကိစ္စ၊ တရားဥပဒေနဲ့ စစ်ဆေးဖို့ကိစ္စဟာ ရေးရှည်လုပ်ကိုင် ဆောင်ရွက်သွားရမယ့် ကိစ္စဖြစ်ပါတယ်။ သိပ်လည်း ရှုပ်ထွေးပါတယ်။ အချိန်ယူ လုပ်ရမယ့်ကိစ္စပါ။ အထူးသတိထား ဆောင်ရွက်ရမယ့် ကိစ္စပါ။ တဆင့်ပြီးတဆင့် ဘာဆက်လုပ်ရမယ်ဆိုတာကို အလေးနက် စဉ်းစားရပါမယ်။ သိပ်အရေးကြီးအချက်ကတော့ ဒီကိစ္စကို နိုင်ငံရေးကိစ္စအဖြစ် မလုပ်ဖြစ်ကြဖို့ပါဘဲ။ ဒါဟာ တာဝန်ရှိတဲ့အတိုင်း တာဝန်ခံစေဖို့နဲ့ တရားဥပဒေနဲ့ အညီ ဖြစ်ရမယ့်ကိစ္စပါ။

ဦးကျော်ဇံသာ ။ ။ ပါမောက္ခ ကန်တာနားရဲ့ အဆိုပြုချက်ကို အာဆီယံအဖွဲ့အစည်းအပြင် ဒေသအတွင်း နိုင်ငံတွေကရော ထောက်ခံကြမယ်လို့ ထင်ပါသလား။

ပါမောက္ခ ကင်တာနာ ။ ။ ကျနော် ထိုင်းနဲ့ အင်ဒိုးနီးရှားတို့ကို တာဝန်အရ ခရီးထွက်ပြီး အခုမှ ပြန်ရောက်လာခဲ့တာပါ။ အာဆီယံ နဲ့ ထိုင်း၊ အင်ဒိုးနီးရှားတို့ က ကိုယ်စားလှယ်များနဲ့ တွေ့ခဲ့ပါတယ်။ အာဆီယံနဲ့ လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်သစ် အာလ်ချီ တို့ဟာ အရေးကြီးတဲ့ အခန်းက ပါဝင်ကြရမှာပါ။ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲကိစ္စ၊ ရာဇဝတ်မှုကိစ္စတွေနဲ့ ပတ်သက်ပြီး သူတို့သဘောထားတွေကို လူသိရှင်ကြား ထုတ်ဖော်ပြောကြားရပါမယ်။ ပြီးတော့ အာဆီယံက သူတို့ရဲ့ ပဋိညာဉ်ကို လေးစားလိုက်နာဖို့ လိုအပ်ပါတယ်။ အဲဒီ ပဋိညာဉ်မှာ လူ့အခွင့်အရေးကို ဖော်ပြရုံတင်မက တာဝန်ယူ အကောင်အထည်ဖော်ဖို့ပါ လိုအပ်တယ်လို့ ဖော်ပြထားပါတယ်။ ဒီ ပဋိညာဉ်နဲ့ ကိုက်ညီအောင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရေးယူဖို့ကိစ္စမှာ တက်တက်ကြွကြွ ပါဝင်ကြရပါမယ်။ နယူးရော့ခ် အထွေထွေညီလာခံကြရင် ဘယ်လောက်တက်ကြွမှုရှိမလဲဆိုတာကို တွေ့ကြရပါမယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေ စစ်ရာဇဝတ်မှုတွေကို ကုလသမဂ္ဂ က ခုံရုံးဖွဲ့ စုံစမ်းစစ်ဆေးဖို့ မစ္စတာ သောမတ် ဟိုဟေ ကန်တာနား (Tomás Ojea Quintana) ရဲ့ အဆိုပြုချက်ကို အမေရိကန်ပြည်ထောင်စု က ထောက်ခံတဲ့ သတင်း ထွက်ပေါ်လာတဲ့အချိန်မှာ ပါမောက္ခ David Steinberg က သူရဲ့ ဝေဖန်ချက်ကို ဝါရှင်တန်ပို့စ် (Washington Post) သတင်းစာထဲမှာ ရေးသားခဲ့ပါတယ်။ ပါမောက္ခ Steinberg ရဲ့ ဝေဖန်ချက်ကို အကျဉ်းချူံး ပြောပြရရင် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတာ ထင်ရှားပါတယ်။ လာမယ့် ရွေးကောက်ပွဲအပေါ် စစ်အစိုးရ ကန့်သတ်ချုပ်ချယ်ထားတာတွေကို ကြည့်မယ်ဆိုရင် စစ်ဗိုလ်ချုပ်တွေ အာဏာကို ဆက်လက်ရယူထားချင်ဆိုတာကို လူတိုင်းသိကြပါတယ်။ ဒါပေမဲ့ ဒီ ရွေးကောက်ပွဲ မလုပ်ခင်မှာ အမေရိကန်အစိုးရ အဓိကထား စဉ်းစားထားရမယ့်အချက်က နံပတ်တစ် ပိတ်စို့အရေးယူမှုတွေ တိုးမြှင့်လိုက်လို့ ဒါမှမဟုတ် လူ့အခွင့်အရေး ချိုးဖောက်မှု စုံစမ်းရေးကော်မရှင် တခုကို ထောက်ခံလိုက်လို့ မြန်မာပြည်သူတွေအတွက် ထူးခြားတိုးတက်လာမလား။ နံပတ်နှစ် ရွေးကောက်ပွဲပြီး ပုံစံပြောင်း အစိုးရသစ်တခုအောက်မှာ အမေရိကန်ရဲ့ ရည်မှန်းချက်အတိုင်း မဟာဗျူဟာနဲ့ စာနာမှုဆိုင်ရာ အချက်အလက်တွေကို တိုးမြှင့်ဆောင်ရွက်လာနိုင်မလား ဆိုတာကို ရေးသားတင်ပြထားတာ ဖြစ်ပါတယ်။ ပါမောက္ခ David Steinberg ဟာ ဘယ်လိုမမျှတတဲ့ ရွေးကောက်ပွဲဖြစ်ပေမယ့် အသွင်သစ်လာမယ့် အစိုးရသစ်ရဲ့ လက်ထဲမှာတော့ တရားဝင် အတိုက်အခံဆိုတာ အနည်းနဲ့အများ ရှိလာမယ်လို့ တွက်စထားသူ ဖြစ်ပါတယ်။ ပါမောက္ခ David Steinberg ဟာ အမေရိကန်ပြည်ထောင်စု Georgetown တက္ကသိုလ် နိုင်ငံခြားရေးဝန်ထမ်း လေ့ကျင့်ရေးကျောင်းက အာရှရေးရာ လေ့လာရေးပါမောက္ခ ဖြစ်ပါတယ်။

XS
SM
MD
LG