ဒီတပတ် မြန်မာ့အရေး သတင်းသုံးသပ်ချက် ဆွေးနွေးခန်းမှာ တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ သမ္မတဦးသိန်းစိန် အစိုးရရဲ့  ကမ်းလှမ်းချက်ကို UNFC (United Nationalities Federal Council) ခေါ် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီက တုံ့ပြန်ကြေညာ လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်အစိုးရနဲ့ စစ်တပ်ကျောထောက်နောက်ခံနဲ့ တက်လာတဲ့ အစိုးရ အဆက်ဆက်တို့က တိုင်းရင်းသားအဖွဲ့အစည်းအားလုံးနဲ့ တပြိုင်တည်း မဆွေးနွေးဘဲ တဖွဲ့ချင်းစီနဲ့ သီးခြားဆွေးနွေးချင်တာ ဘာကြောင့်ပါလဲ။ UNSC အထွေထွေအတွင်းရေးမှူး နိုင်ဟံသာ၊ SSA (Shan State Army) ရှမ်းပြည်မြောက်ပိုင်း တပ်မတော် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလှတို့ကို ဦးကျော်ဇံသာ ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ တိုင်းရင်းသားတွေ ဖက်ဒရယ်ကောင်စီကနေ မြန်မာနိုင်ငံအစိုးရရဲ့  ဆွေးနွေးရေး ကမ်းလှမ်းချက်ကို တုံ့ပြန်တဲ့ ကြေညာချက်ကို ဖတ်ရပါတယ်။ အဲဒီအထဲမှာ တိုင်းရင်းသား အဖွဲ့အစည်း တွေဟာ တဖွဲ့ချင်းတော့ မဆွေးနွေးနိုင်ဘူး။ အကုန်လုံး တပေါင်းတစည်းတည်း ဖက်ဒရယ် ကောင်စီကို ကိုယ်စားပြုမှ ဆွေးနွေးမယ်လို့ ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။ အဓိက အဲဒီအချက်ဖြစ်မယ် ထင်ပါတယ်။ ဆရာ နိုင်ဟံသာ ဟုတ်ပါတယ်နော်။
နိုင်ဟံသာ ။ ။ ဟုတ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက် ဆရာတို့ဘက်က ဘာပြောထားသလဲဆိုတော့ အစိုးရအနေနဲ့ တဖွဲ့ချင်း ဆွေးနွေးမယ်လို့ ပြောခြင်းဟာ တိုင်းရင်းသားတွေကြားထဲမှာ သပ်လျှိုဖို့ ကြိုးစားထားခြင်း ဖြစ်တယ်လို့ ပြောဆိုထား ပါတယ်။ ဆရာ နိုင်ဟံသာ ဟုတ်ပါတယ်နော်။
နိုင်ဟံသာ ။ ။ ဟုတ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒီအချက်တွေပေါ် မူတည်ပြီး မေးချင်တာက တိုင်းရင်းသားတွေဟာ တကယ်ပဲ တပေါင်း တစည်းတည်း ဆွေးနွေးဖို့ဆိုတဲ့ ယုံကြည်ချက်ကို တကယ် အပြည့်အဝ ရရှိကြပြီလား။ အဲဒီအချက်ကို မေးချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တချိန်တုန်းကလည်း ပထမပိုင်းမှာတော့ တဖွဲ့တစည်းတည်း ဆွေးနွေးမယ်ဆိုပြီး နောက်ပိုင်းမှာ ကေအိုင်အိုတို့ ဘာတို့က သီးခြား ဆွေးနွေး ကြပြီးတော့ အပစ်အခတ် ရပ်စဲရေးကို လက်မှတ်ထိုးသွားတာကို တွေ့ရပါတယ်။ အခုရော တဖွဲ့ချင်း ဆွေးနွေးမယ့်ဘက်ကို ပါသွားနိုင်မလား။ အမှန်တကယ် တစုတစည်းတည်း ဆွေးနွေးမယ်ဆိုတာကို ပြတ်ပြတ်သားသား ဆုံးဖြတ်ထားသလားဆိုတာကို ပထမမေးချင်ပါတယ်။
နိုင်ဟံသာ ။ ။ ကျနော်တို့ UNFC မှာတော့ တစုတစည်းတည်း ဆွေးနွေးဖို့တော့ ဆုံးဖြတ်ထားပြီးပါပြီ။
ဦးကျော်ဇံသာ ။ ။ ဆုံးဖြတ်ပြီးတော့ ဘယ်လောက် ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်အတိုင်း ဒီတကြိမ် လိုက်နာနိုင်မယ်လို့ ထင်ပါသလဲ။
နိုင်ဟံသာ ။ ။ အဲဒါကတော့ ကျနော် အခိုင်အမာ ရပ်တည်ကြမယ်လို့ ယုံကြည်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့မှာ အတွေ့အကြုံ ရှိခဲ့ကြတယ်။ အဲဒီအတွေ့အကြုံကြောင့် ဒီလို ခိုင်ခိုင်မာမာ ရပ်တည်ဖို့ လိုအပ်တယ်ဆိုတဲ့ဟာကို အားလုံးက မြင်ကြတယ်။
ဦးကျော်ဇံသာ ။ ။ ဗိုလ်မှူးစိုင်းလှတို့ အဖွဲ့အနေနဲ့က တဖွဲ့ချင်း မဆွေးနွေးဘဲ ဒီလို အဖွဲ့အစည်းအားလုံး တစုတပေါင်းတည်း ဆွေးနွေးနိုင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို အခိုင်အမာ ရပ်တည်နိုင်မယ်လို့ ထင်ပါသလား။
ဗိုလ်မှူးစိုင်းလှ ။ ။ ဟုတ်ကဲ့ ကျနော်တို့လည်း ဆရာနိုင်ဟံသာ ပြောသလို အတွေ့အကြုံအများကြီး ရှိခဲ့တယ်။ ဒီတော့ တဖွဲ့ချင်း သက်ဆိုင်ရာ ပြည်နယ်အစိုးရနဲ့ ဆွေးနွေးဖို့ဆိုတာက ဆွဲ၊ ခွဲ၊ တိုက် ဗျူဟာကို မေ့ပျောက်လို့ မဖြစ်ဘူး။ ဥပမာအားဖြင့် ကေအိုင်အို၊ ကေအန်ယူနဲ့ ဆွေးနွေးတာကို တမျိုးဆွေးနွေးပြီးတော့၊ အချိန်ဆွဲထားပြီးတော့ ကျနော်တို့ SSA ကို ဖိတိုက်ချေမှုန်းမယ့် plan မျိုး ဖြစ်နိုင်တယ်။ နောက်ဆုံးတော့ တဖွဲ့ချင်း တဖွဲ့ချင်း အဲဒီလို ဖိတိုက်ပြီးတော့ ချေမှုန်းသွားမယ့် အနေအထားမျိုး သုံးသပ်ရတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ ပထမတုန်းက ၈၈ နောက်ပိုင်းမှာ ဒီလို တဖွဲ့ချင်း အပစ်အခတ် ရပ်စဲရေး လုပ်သွားခဲ့တယ်။ အဲဒီတုန်းကတော့ ဒီလို ဗျူဟာမျိုး ကျင့်သုံးလာလိမ့်မယ်ဆိုတာ တိုင်းရင်းသား အဖွဲ့အစည်း တွေက သဘောမပေါက်ခဲ့ကြဘူးလို့ ယူဆပါသလား။
ဗိုလ်မှူးစိုင်းလှ ။ ။ ဟုတ်ကဲ့ အဲဒီအချိန်တုန်းက ကျနော်တို့ သိပ်စုစည်းမှု မရှိခဲ့ဘူး။ အခုက ကျနော်တို့ UNFC ဖွဲ့စည်းတဲ့နောက်ပိုင်းမှာ အမြဲတမ်း ဖလှယ်နေကြတယ်။ ဒါကြောင့် အဲဒီလို အဖြစ်မျိုး နောက်တခါ မကြုံရအောင် ကျနော်တို့က ဆုံးဖြတ်ချက် ချထားပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်တခု ကျနော်မြင်တာက အစိုးရဘက်ကလည်း သူတို့က တဖွဲ့ချင်း ခွဲထုတ်ပြီး ဆွေးနွေးချင်တဲ့နေရာမှာ အဲဒီလို ဆွေးနွေးလောက်အောင် တဖွဲ့ချင်းကို ကျလောက်တဲ့ မက်လုံးတွေ - စီးပွားရေး အခွင့်အရေး၊ နိုင်ငံရေး အခွင့်အရေးတွေ ဘယ်လိုပေးမယ်ဆိုတဲ့ မက်လုံးတွေနဲ့ ဆွယ်မယ် လို့ ထင်တာပဲ။ ဟိုတုန်းကလည်း ဒီလိုဆွယ်ခဲ့တယ်လို့ ထင်ပါတယ်။ အဲဒီလိုမျိုး အစိုးရက တဖွဲ့ချင်းကို ကျလောက်အောင်ဆွယ်တဲ့ ကိစ္စမျိုး လုပ်လာခဲ့ရင် ဆရာတို့ တိုင်းရင်းသားတွေ တဖွဲ့ချင်းက ကြံ့ကြံ့ခံနိုင်မယ်လို့ ထင်ပါသလား။
နိုင်ဟံသာ ။ ။ ကျနော်အနေနဲ့ ကြံ့ကြံ့ခံ ရပ်တည်နိုင်ပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ အတွေ့အကြုံ ရှိခဲ့ပြီ။ ဒီ အခွင့်အရေးဆိုတာလည်း ဟုတ်တိပတ်တိ ပေးနိုင်တာမဟုတ်ဘူး။ ယာယီသဘောပဲ။ သဘောကတော့ မျက်စိလှည့်တဲ့သဘောပါပဲ။ တကယ့် ငြိမ်းချမ်းရေး၊ တကယ့် တိုင်းရင်းသားတွေရဲ့  အခွင့်အရေးတွေကို ပေးမှာမဟုတ်ဘူး။ ကျနော်တို့ စုပေါင်းပြီး မဆွေးနွေးရင်၊ စုပေါင်းပြီး ရပ်တည်မှု မရှိဘူးဆိုရင်တော့ ကျနော်တို့ အခွင့်အရေး ရနိုင်မှာ မဟုတ်ဘူးလို့ ကျနော်မြင်တယ်။
ဦးကျော်ဇံသာ ။ ။ ဗိုလ်မှူးစိုင်းလှရဲ့  သဘောကိုလည်း ပြောပါ။ တကယ်လို့ အစိုးရဘက်က ဗိုလ်မှူးတို့ အဖွဲ့ကို ဖြစ်စေ၊ ဆရာနိုင်ဟံသာ အဖွဲ့ကိုဖြစ်စေ၊ တခြားအဖွဲ့အစည်းတခုခုကိုဖြစ်စေ နိုင်ငံရေးအားဖြင့် ခင်များတို့ကို ဒီလို အခွင့်အရေးတွေပေးမယ်။ ခင်များတို့ တဦးချင်း လာဆွေးနွေးရင် စီးပွားရေးအရ ဘယ်လို အခွင့်အရေးမျိုး ပေးမယ်။ ခေါင်းဆောင်တွေကိုလည်း ဘယ်လိုရာထူးမျိုးမှာ ဘယ်လို လုပ်မယ် ဆိုတာမျိုး မက်လုံးမျိုး ပေးခဲ့တယ်ဆိုရင် ဒါကို ရပ်တည်နိုင်ပါမလား။ ကြံ့ကြံ့ခံနိုင်ပါမလား။ ကျနော် အထင်သေးလို့ မေးတာ မဟုတ်ပါဘူး။ အတွေ့အကြုံအရ အဲဒီသဘောမျိုးတွေ တွေ့ခဲ့ရလို့ မေးတာဖြစ်ပါတယ်။
ဗိုလ်မှူးစိုင်းလှ ။ ။ ဟုတ်ကဲ့ အတွေ့အကြုံအရ ကျနော်တို့ အများကြီး ဖြတ်သန်းခဲ့ပြီးပြီလေ။ ဥပမာ ကျနော်တို့ SSA ထဲမှာ ရောက်သလို သူတို့ ဆွဲခွဲတဲ့ ဗျူဟာမှာ ကျနော်တို့ နှစ်ဖွဲ့ကွဲသွားခဲ့တယ်။ ဒါကြောင့်မို့ အစိုးရက ဘယ်လို မက်လုံးပေးပေး ကျနော်တို့က ခံယူချက်နဲ့ ပြန်တိုက်နေတဲ့ အဖွဲ့ ဖြစ်နေတယ်။ ဒါကြောင့် ဘယ်လိုပဲ မက်လုံးပေးပေး ကျနော်တို့ ခံယူချက်နဲ့ ကျနော်တို့ ပန်းတိုင် မရောက်မချင်းတော့ တိုက်ပွဲဝင်သွားပါမယ်။
ဦးကျော်ဇံသာ ။ ။ ပန်းတိုင်ဆိုလို့ ဒီ တိုင်းရင်းသားအဖွဲ့အစည်းတွေဘက်ကိုပဲ မေးပါရစေ။ တိုင်းရင်းသား အဖွဲ့အစည်းတွေဘက်မှာ တောင်းဆိုချက်ကရော တခုတည်း ဖြစ်ပါ့မလား။ အစတုန်းကတော့ ဆရာ နိုင်ဟံသာ သိတဲ့အတိုင်း အစတုန်းက တချို့ က သီးခြားလွတ်လပ်တဲ့ နိုင်ငံထောင်ချင်တာတို့။ တချို့ က ဖက်ဒရယ် အဲဒီလို တောင်းဆိုချက်တွေလည်း အနိမ့်အမြင့် ကွာတာတွေ၊ နည်းတာများတာ ရှိနေကြတယ်လို့ ထင်ပါတယ်။ အခုအခါမှာ တောင်းဆိုတဲ့ အချက်တွေက အကုန်လုံး တစုတစည်းတည်း ဖြစ်မယ်လို့ ဆရာနိုင်ဟံသာ ထင်ပါသလား။
နိုင်ဟံသာ ။ ။ အခုအနေအထားမှာတော့ ကျနော်တို့က အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရပ်တည်မှုအပေါ်မှာ စုစည်းထားတဲ့သဘောပါ။ တချို့ ကတော့ သီးခြားလွတ်လပ်ရေးတွေ ဘာတွေ အဲဒါမျိုးကိုတော့ ကျနော်တို့ထဲမှာ မပါတော့ဘူး။
ဦးကျော်ဇံသာ ။ ။ တညီတညွှတ်တည်း အကုန်လုံး ဖြစ်သွားပြီပေါ့။ တောင်းဆိုချက်တွေက။
နိုင်ဟံသာ ။ ။ ဟုတ်ကဲ့။
ဦးကျော်ဇံသာ ။ ။ ဒါက မူအားဖြင့်ပေါ့။ ဆိုတော့ ကိုယ်ပိုင်ပြဋ္ဌာန်းချက်ဆိုတာ ဆရာနိုင်ဟံသာ နည်းနည်းလေး မေးပါရစေ။ ကိုယ်ပိုင်ပြဋ္ဌာန်းချက်ဆိုတာ autonomy ပေါ့။ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် ဘယ်လောက်အတိုင်းအတာအထိ သတ်မှတ်ပါသလဲ။ ဆရာတို့ဘက်က လိုချင်တာ။ တကယ်လို့ အစိုးရက ပြောထားတယ်။ တိုင်းရင်းသားတွေ ဒေသမှာ ပြည်နယ်အစိုးရ၊ တိုင်းဒေသကြီး အစိုးရက ကိုယ်ပိုင် အုပ်ချုပ်ရေး တိုင်းရင်းသားနယ်တချို့ မှာလည်း အဲဒီလို ကိုယ်ပိုင်အုပ်ချုပ်ရေးတွေ ပေးထားတယ်လို့ ဆိုခဲ့ရင် ဆရာတို့ဘက်က ဘယ်လိုပြန်လည် ဆွေးနွေးမလဲ။
နိုင်ဟံသာ ။ ။ ယနေ့ ကိုယ်ပိုင်အုပ်ချုပ်ရေး နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကတော့ မတူဘူး။ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ဆိုတာ သူတို့ပြဋ္ဌာန်းထားတဲ့ ဥပဒေအတိုင်းကို အုပ်ချုပ်ရတဲ့ အနေအထားမျိုး။ ကျနော်တို့က ပြည်ထောင်စု အစိုးရကို ထိုက်သင့်တဲ့ အာဏာတွေ ခွဲပြီးတော့ ကျန်တဲ့အာဏာတွေကို ကျနော်တို့ လုပ်နိုင်တဲ့ အခွင့်အရေးတွေ အပိုင်း။ အဲဒါက ကျနော်တို့ အာဏာကြီး (၃) ရပ်ဖြစ်တဲ့ ကိုယ်ပိုင် အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေး အာဏာ၊ ဥပဒေပြုရေးအာဏာ - အဲဒီ အာဏာတွေကို ကျနော်တို့ ပြည်နယ်ထဲမှာ ရှိရမယ်ဆိုတဲ့ မူအရ အဲဒါကို ကျနော်တို့ အမျိုးသားပြဋ္ဌာန်းခွင့်လို့ ဆိုတယ်။
ဦးကျော်ဇံသာ ။ အခု အစိုးရ ဥပဒေထဲမှာ ပြဋ္ဌာန်းတာကိုတော့ လုံးဝ လက်မခံနိုင်ဘူးပေါ့။
နိုင်ဟံသာ ။ ။ ဒါကိုတော့ လက်မခံနိုင်ပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံကို ကျနော်တို့ လုံးဝလက်မခံပါဘူး။
ဦးကျော်ဇံသာ ။ ။ တခုပြောစရာ ရှိတာက ၂၀၀၈ ဖွဲ့စည်းပုံဟာ ပြည်ထောင်စုတခုလုံး ဗဟိုအစိုးရရဲ့ အာဏာတောင်မှ ဆရာအခုနပြောတဲ့ ဥပဒေပြုခွင့်၊ တရားစီရင်ပိုင်ခွင့်၊ စီမံခန့်ခွဲ အုပ်ချုပ်ပိုင်ခွင့် ဆိုတာတွေက တကယ့် လူထုကိုယ်စားလှယ် လက်ထဲမှာ မရောက်သေးဘဲနဲ့ အဲဒီ ဆရာတို့ တိုင်းရင်းသားတွေဘက်က ပြောတဲ့အဆင့်ဟာ ဖြစ်နိုင်မလား။
နိုင်ဟံသာ ။ ။ ဒီအချက်ဟာ အဲဒီလို မရှိသေးလို့ပါ။ ကျနော်တို့ လက်မခံနိုင်တာ။ တကယ်လို့ အဲဒီလို အဆင့်မျိုး ရောက်လာရင်တော့ ကျနော်တို့ လက်ခံမှာပါ။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ သမ္မတဦးသိန်းစိန် အစိုးရဘက်က အဲဒီအဆင့်ထိ လိုက်လျောနိုင်မယ့် အခြေအနေ မြင်မလား။ အဲဒါကို ဆွေးနွေးချင်တာပါ။ ဒါပေမဲ့ အဲဒီအဆင့်ကို မရောက်ခင် သိချင်သေးတာက ဆရာတို့ တွေ့ဆုံမယ့်နေရာမှာ တဖွဲ့ချင်း၊ တစုချင်း မဟုတ်ဘဲနဲ့ UNFC တခုလုံး အနေနဲ့ စုပေါင်းပြီး တွေ့မယ်ဆိုတာကို သမ္မတဦးသိန်းစိန်ဘက်က လက်ခံနိုင်မယ့် အလားအလာ ရှိမယ်လို့ ဆရာထင်ပါသလား။
နိုင်ဟံသာ ။ ။ လောလောဆယ်တော့ မရှိသေးဘူး။ ဒါပေမဲ့ ပြည်တွင်းပြည်ပ၊ လွှတ်တော်ထဲက ကိုယ်စားလှယ်တွေ အပါအဝင် ဥပမာ ဒေါ်အောင်ဆန်းစုကြည် နဲ့ ညီနောင် ငါးပါတီတို့ တောင်းဆို လာမယ် ဆိုရင်တော့ တဖြည်းဖြည်းချင်း ဖြစ်ပေါ်လာနိုင်ပါတယ်။ မှန်ကန်တဲ့ ရပ်တည်ချက်၊ မှန်ကန်တဲ့ လုပ်ရပ်က အမှန်တရားက အောင်ပွဲရမယ်လို့ ယုံကြည်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ကျနော်တို့ နီးနီးကပ်ကပ်တော့ အဲဒီအခြေအနေကို မမျှော်မှန်းနိုင်သေးဘူးပေါ့။
နိုင်ဟံသာ ။ ။ သိပ်လွယ်လွယ်ကြီးတော့ ဖြစ်လာမှာ မဟုတ်သေးဘူး။
ဦးကျော်ဇံသာ ။ ။ ဗိုလ်မှူးစိုင်းလှရဲ့  သဘောကိုလည်း ပြောပါအုံး။ ဗိုလ်မှူးတို့ဘက်က ဘယ်လို ကိုယ်ပိုင် အုပ်ချုပ်ခွင့်မျိုးကို လိုချင်ပါသလဲ။ အခုလောလောဆယ်ရှိတဲ့ သမ္မတ ဦးသိန်းစိန် အစိုးရဆီက ဘယ်လောက်ပဲ တောင်းတောင်း ထွက်လာနိုင်မယ် ထင်ပါသလား။ ဒီလို အခွင့်အရေးမျိုး။ သမ္မတ ဦးသိန်းစိန်က ပေးချင်တယ် ထားအုံးတော့ တချို့ကပြောတယ် ဒီလူဟာ သဘောထား ပျော့ပျောင်း တယ်။ ဘာညာ။ ဒီအစိုးရ လက်ထက်မှာ ဆရာတို့ဘက်က တောင်းဆိုထားတဲ့ အခွင့်အရေးမျိုး ရနိုင်မယ့် အလားအလာ ရှိပါရဲ့ လား။
ဗိုလ်မှူးစိုင်းလှ ။ ။ တဆင့်ပြီးတဆင့် တောင်းဆိုသွားမယ်။ နောက်ဆုံး နိုင်ငံတော် အစိုးရက တကယ်တန်း စေတနာမှန်တဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး အမှန်တကယ် လိုလားရင်တော့ ပထမအဆင့် အနေနဲ့ တိုင်းရင်းသားဒေသအားလုံးမှာ ထိုးစစ်ဆင်နေတာတွေကို ရပ်ဆိုင်းဖို့လိုတယ်။ အခုက အဲဒီလို မဟုတ်ဘဲနဲ့ ကျနော်တို့ဒေသမှာ နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်နေတာက အဲဒါ အစိုးရက ကမ်းသာ ကမ်းလှမ်းတာ ဒါပေမဲ့ စစ်ဘက်က ညွှန်ကြားတာ တမျိုး။ ဒါကြောင့် အဲဒီမှာ အာဏာက စစ်ဘက်ကို မလွှမ်းမိုးနိုင်သေးဘူး။ ကျနော်တို့ ရချင်တဲ့ အခွင့်အရေးကို ကျနော်တို့ ချက်ချင်း လက်ငင်းလို့လည်း မဆိုလိုပါဘူး။ တဆင့်ပြီးတဆင့်ပါ။
ဦးကျော်ဇံသာ ။ ။ ဆိုလိုတဲ့ သဘောက အပစ်အခတ်ရပ်စဲရေးအတွက်၊ အရင် ထိုးစစ်ဆင်တာကို ရပ်စဲရေးကို ဆွေးနွေးချင်တာပေါ့။
ဗိုလ်မှူးစိုင်းလှ ။ ။ ဟုတ်ကဲ့။ အဲဒါ လက်နက်ကိုင် တိုင်းရင်းသားဒေသအားလုံးပေါ့။ ကျနော် ဆိုလိုချင်တာက အဲဒါတွေ အရင် ရပ်ဆိုင်းဖို့ အဓိကအကျဆုံးပါ။
ဦးကျော်ဇံသာ ။ ။ လောလောဆယ်မှာ ဗိုလ်မှူးစိုင်းလှ ပြောတဲ့ ထိုးစစ်ဆင်တာတွေ ရပ်ဆိုင်းရေး အတွက် ပထမဦးဆုံး ဆွေးနွေးဖို့ မလိုပေဘူးလား။ အဆင့်မြင်တဲ့ နိုင်ငံရေးတောင်းဆိုချက်တွေကို ဘေးဖယ်ပြီးတော့။
နိုင်ဟံသာ ။ ။ လိုပါတယ်။ ဒါက တကယ့် ငြိမ်းချမ်းရေးကို တက်လှမ်းမယ်ဆိုရင် ပထမအဆင့်က ထိုးစစ်ကို ရပ်ဆိုင်းရမယ်။ ဒုတိယအဆင့်မှာ တပြည်လုံး အပစ်အခတ်ရပ်စဲရေးကို ကြေညာရမယ်။ နောက်မှ တဖတ်က တွေ့ဆုံနိုင်ဖို့ နှစ်ဖက်ကိုယ်စားလှယ်တွေ တွေ့ဆုံနိုင်ဖို့ စီစဉ်ရမယ်။ အစီအစဉ် တွေကတော့ တဆင့်ချင်း တဆင့်ချင်းပေါ့။ အဲဒီလို သွားရမှာပါ။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ ထိုးစစ်ကို ရပ်ဆိုင်းရေးအဆင့်မှာကျတော့ ဗဟိုအစိုးရအထိ တက်ပြီး တောင်းဆို နေမလား။ အခုလောလောဆယ် ဖြစ်နေတဲ့ စစ်တပ်နဲ့ ဒေသအာဏာပိုင်တွေ ဆွေးနွေးဖို့ ဒီဟာကို ဆရာတို့ မစဉ်းစားနိုင်ဘူးလား။
နိုင်ဟံသာ ။ ။ အဲဒါက ဥပမာအားဖြင့် ပြည်နယ်တခုမှာ ရပ်ဆိုင်းပြီးတော့ တခြားပြည်နယ်မှာ ထိုးစစ်ဆင် နေရင်တော့ ဒါကလည်း မှန်ကန်တဲ့ လုပ်ရပ်မဟုတ်ဘူးလို့ ကျနော်ထင်တယ်။ ဒါက ဗဟိုအစိုးရ ညွှန်ကြားမှု အောက်မှာ တမျိုးတည်းဖြစ်ရမယ်။ အဲဒီ ပုံစံအတိုင်း။ ဒါကြောင့်မို့ အဲဒီ ပုံစံအတိုင်း သီးခြားစီလုပ်နေလို့ မဖြစ်ဘူး။
ဦးကျော်ဇံသာ ။ ။ အခုလောလောဆယ် ထိုးစစ်ဆင်မှုကို အများဆုံး ခံနေရတာ ကချင်နဲ့ ရှမ်း လို့ ထင်ပါတယ်။
နိုင်ဟံသာ ။ ။ ဟုတ်ပါတယ်။ ကရင် ဘက်မှာလည်း အထိုက်အလျောက်တော့ ရှိပါတယ်။
ဦးကျော်ဇံသာ ။ ။ အထိုက်အလောက်ရှိတဲ့ ကရင်ဘက်ကိုလည်း ဆက်လိုက်ပါတော့။ ဒီ သုံးခုကို အဓိကထား ဆွေးနွေးပါမယ်။ အပစ်အခတ်ရပ်စဲရေးအတွက်ဆိုရင် ဆရာတို့ဘက်က လက်ခံနိုင်မယ့် အခြေအနေ ရှိပါသလား။
နိုင်ဟံသာ ။ ။ အပစ်အခတ် ရပ်စဲရေးဆိုတဲ့ဟာကလည်း ကျနော်တို့ UNFC နဲ့ ဆွေးနွေးရမှာပါ။ တကယ် လိုလားမယ် ဆိုရင်တော့ UNFC နဲ့ ဆွေးနွေးတာ သူတို့ လက်မခံနိုင်စရာ မရှိဘူးလို့ ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဗိုလ်မှူးစိုင်းလှရဲ့  သဘောထားကိုလည်း ပြောပါ။ UNFC အနေနဲ့ အပစ်အခတ် ရပ်စဲရေးကို ဗိုလ်မှူးတို့ ရှမ်းဒေသ၊ ကချင် နဲ့ ကရင်ဘက်မှာ အထိုက်အလျောက် ထိုးစစ်ဆင် နေတာတွေ အတွက် - ဒီ သုံးဖွဲ့နဲ့ပဲ သူတို့ ဆွေးနွေးပါရစေ အပစ်အခတ်ရပ်စဲရေး လောလောဆယ် ကိစ္စဆိုရင်။
ဗိုလ်မှူးစိုင်းလှ ။ ။ ကျနော်တို့လည်း အဲဒီလိုပဲ ကျနော်တို့ မြင်တယ်။ ဥပမာအားဖြင့် ကေအိုင်အို၊ ကေအန်ယူ ဘက် ရပ်ဆိုင်းပြီးတော့ ကျနော်တို့ကို ဖိတိုက်နေတဲ့ဟာမျိုး။ ကျနော်တို့ဘက်က ရပ်ဆိုင်းပြီးတော့ ကေအန်ယူ၊ ကေအိုင်အို တို့ဘက် ဖိတိုက်တာမျိုး ကျနော်တို့ မလိုလားပါဘူး။ ဒါကြောင့်မို့ အခုန ပြောသလိုမျိုး ကျနော်တို့ ဖွဲ့စည်းထားတဲ့ UNFC အဖွဲ့အစည်းနဲ့သာမက အဖွဲ့ဝင် မဟုတ်တဲ့ ကျန် လက်နက်ကိုင်ဖြစ်တဲ့ ဝ၊ မိုင်းလား အဖွဲ့တို့နဲ့ တခြားအဖွဲ့တွေကိုပါ အားလုံးနဲ့ တပြိုင်တည်း သူတို့ လုပ်သင့်တယ်လို့ ကျနော်တို့ မြင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားအုပ်စုတွေ အများအပြား ရှိလာတာဟာ သမိုင်းအရကို ဖြစ်တည်လာခဲ့တာပါ။ တိုင်းရင်းသားတွေရဲ့  အားနည်းချက်တခုတော့ မဟုတ်ပါဘူး။ ဒါကို အခွင့်ကောင်းယူပြီး နယ်ချဲ့သမားတွေက သွေးခွဲအုပ်ချုပ်ခဲ့ဖူးပါတယ်။ အခုအခါမှာလည်း ပြည်ထောင်စု မပြိုကွဲရေးကို ဦးထိပ်တင်ထားပါတယ်ဆိုပြီး တိုင်းရင်းသားတွေရဲ့  မတူကွဲပြားမှုတွေကို အခွင့်ကောင်းယူ အမြတ်ထုတ်ကြမယ်ဆိုရင်တော့ အဲဒီလုပ်ရပ်တွေဟာ နယ်ချဲ့သမားတွေရဲ့  ယုတ်ညံ့တဲ့ လုပ်ရပ်နဲ့ ဘာမှမခြားဘူးလို့ ထင်မြင်မိပါတယ်။