သုံးရလွယ်ကူစေသည့် Link များ

မြန်မာနိုင်ငံပေါ်ထားတဲ့ တရုတ်အစိုးရ မူဝါဒ


ဗိုလ်ချုပ်မှုးကြီးသန်းရွှေ က အခုတခေါက် တရုတ်ပြည်ခရီးစဉ်မှာ တရုတ်အစိုးရဆီမှ ပိုမိုပြင်းထန်တဲ့ ဖိအားနဲ့ ရင်ဆိုင်ရလိမ့်မယ်ဆိုတဲ့ ယူဆချက်တွေ ပေါ်ထွက်နေပါတယ်။ ဒီ အယူအဆချက်တွေနဲ့ ပတ်သက်ပြီး Burma UK Campaign မှ အမှုဆောင်ညွှန်ကြားရေးမှုး Anna Roberts နဲ့ အမေရိကန်တက္ကသိုလ်မှ အာရှရေးရာဌာနမှုး နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ Quansheng Zhao တို့နဲ့ ဦးကျော်ဇံသာ ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ အခုတခေါက် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ တရုတ်နိုင်ငံသွားတဲ့အခါ တရုတ်ဘက်က ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ခပ်ပြင်းပြင်းတိုက်တွန်းလိမ့်မယ်လို့ မျှော်လင့်သုံးသပ်ချက်တွေ ကြားနေရပါတယ်။ ဒီလို ခန့်မှန်ကြတဲ့အထဲမှာ Burma Campaign UK လည်း ပါဝင်ပါတယ်။ ဘယ်လိုတင်းမာတဲ့ စကားတွေပြောလိမ့်မယ်လို့ မျှော်လင့်ထားပါသလဲ Anna Roberts?

Anna Roberts ။ ။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေဟာ သူကျင်းပပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲအတွက် ထောက်ခံမှုရလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ တရုတ်ပြည်ကိုသွားတာ ထင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့ရဲ့  ဖွဲ့စည်းပုံနဲ့ ရွေးကောက်ပွဲဆိုတာက ဒီမိုကရေစီကို လုံးဝဦးတည်ခြင်း မရှိဘဲ အာဏာရှင်စစ်အစိုးရကို အသွင်ပြောင်းဖို့ လုပ်နေတာလို့ နိုင်ငံတကာက ကန့်ကွက်နေကြတာပါ။ ဒါကြောင့် စစ်အစိုးရဟာ ဒီအတွက် မဟာမိတ်လိုက်ရှာနေတာပါ။ တရုတ်နိုင်ငံဟာ လူရှေ့ သူရှေ့ မှာတော့ အပြုသဘောနဲ့ ပြောမှာပါ။ ဒါပေမဲ့ နှစ်ကိုယ်ကြား ပြောတဲ့အခါမှာတော့ အတော်လေး ပြင်းပြင်းထန်ထန် ပြောမယ်ထင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ တရုတ်ဟာ မြန်မာပြည်အတွက် အရေးကြီးတဲ့ မဟာမိတ်ပါ။ သဘာဝဓါတ်ငွေ့၊ သစ်၊ ကျောက်မျက်စတဲ့ သယံဇာတတွေကို ရရှိနေတဲ့ နိုင်ငံပါ။ ပင်လယ်ဆိပ်ကမ်းတွေကိုလည်း လိုချင်နေတာပါ။ ဒါကြောင့် မြန်မာနိုင်ငံရဲ့  တည်ငြိမ်ရေးဟာ တရုတ်အတွက် အထူး စိုရိမ်ရတဲ့ကိစ္စ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ကိုးကန့်ကို စစ်အစိုးရတိုက်လို့ ဒုက္ခသည် သုံးသောင်းလောက် တရုတ်ဘက် ထွက်ပြေးခဲ့ရပါတယ်။ ဒီကိစ္စကို တရုတ်က အတော်လေး စိတ်ဆိုးခဲ့ပါတယ်။ အခုလည်း စစ်အစိုးရက အပစ်ရပ်အဖွဲ့တွေကို လက်နက်စွန့်ရမယ်၊ နယ်စပ်ကာကွယ်ရေး ဖွဲ့ရမယ်ဆိုပြီး အတင်းဖိအားပေးနေပါတယ်။ ဒါကြောင့် အပစ်အခတ်ရပ်ဆဲရေးတွေ ပြိုပျက်သွားမယ့် အန္တရာယ်ရှိနေပါတယ်။ တိုက်ပွဲတွေ ပြန်ဖြစ်လာရင် တရုတ်နယ်စပ်မှာ မတည်မငြိမ် ဖြစ်လာနိုင်ပါတယ်။ ဒါတွေကို စိုရိမ်ပြီး တရုတ်တို့ဘက်က ခပ်တင်းတင်း သတိပေးနိုင်တယ် လို့ ဆိုတာပါ။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံရဲ့  တည်ငြိမ်ရေးဟာ တရုတ်နိုင်ငံအကျိုးစီးပွားနဲ့ ဆက်စပ်နေတယ်ဆိုတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ အပစ်ရပ်အဖွဲ့တွေရဲ့  ပြဿနာလောက်နဲ့ တရုတ်အကျိုးစီးပွားကို မထိခိုက်စေဘဲ မြန်မာစစ်အစိုးရက မဖြေရှင်းနိုင်ဘူးလား?

Anna Roberts ။ ။ ကျမကတော့ သိပ်မထင်ပါဘူး မနှစ်က ကိုးကန့်မှာဖြစ်ခဲ့တဲ့ ပဋိပက္ခကိုကြည့်ရင် စစ်အစိုးရတိုက်လို့ ထောင်နဲ့ချီ ထွက်ပြေးခဲ့ရတာပါ။ အခုတခါ ကချင်၊ ဝ တို့နဲ့ တခြားအဖွဲ့တွေနဲ့ ပြဿနာဖြစ်ခဲ့ရင် ဒုက္ခသည်တွေ အမြောက်အမြား ထွက်ပြေးကြရပါလိမ့် မယ်။ ဒါအပြင် လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ထိခိုက်နိုင်တဲ့ တခြားပြဿနာတွေလည်း ရှိနေပါသေးတယ်။ တရုတ်တို့အတွက် စိုရိမ်စရာဖြစ်တဲ့ မူးယစ်ဆေးဝါး၊ HIV/AIDS ကိစ္စတို့ ရှိနေပါတယ်။ မြန်မာပြည်နဲ့ ပတ်သက်လို့ တရုတ်တို့ဘက်က စိုရိမ်စရာတွေပါ။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ သူတို့ရဲ့  အကျိုးစီးပွားရှိနေလို့ မြန်မာနိုင်ငံတည်ငြိမ်မှု ရှိစေချင်တယ်ဆိုတာဟာ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် အထောက်အပံ့ဖြစ်နိုင်တယ်လို့ ဆိုနိုင်ပါမလား? အထူးသဖြင့် တရုတ်လိုနိုင်ငံမျိုးက ဒီမိုကရေစီ ဖော်ဆောင်ရေးကို လိုလားပါ့မလား?

Anna Roberts ။ ။ တရုတ်ဘက်ကကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ ဘယ်လိုအစိုးရရှိမယ်ဆိုတာ စိတ်ဝင်စားလိမ့်မယ် မဟုတ်ဘူးလို့ ထင်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ အနောက်အုပ်စုရဲ့  ရုပ်သေးအစိုးရမျိုးကိုတော့ တရုတ်တို့ မလိုလားမှာ မဟုတ်ပါဘူး။ သိပ်ပြီး အနောက်ဘက်ကို ယိမ်းရင်လည်း ကြိုက်မှာမဟုတ်ပါဘူး။ သူတို့ရဲ့  အကျိုးစီးပွားကို ဆက်လက်ထိန်းထားချင်တယ်။ မြန်မာ့ သယံဇာတ တွေကို ဆက်လက်ရယူလိုတယ်။ ဒါကြောင့် ဘယ်လိုအစိုးရမျိုးပဲဖြစ်ဖြစ် တည်တည်ငြိမ်ငြိမ် ရှိစေချင်ပါတယ်။ အခု စစ်အစိုးရနဲ့ ပတ်သက်လို့တော့ တရုတ်အစိုးရက သိပ်မကြိုက်တဲ့အချက်တွေ ရှိနေပါတယ်။ စောစောက ပြောခဲ့သလို နယ်စပ်တည်ငြိမ်ရေး ကိစ္စနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ပစ်ပယ်ခံရတဲ့ဘဝမျိုးလည်း မြန်မာနိုင်ငံကို မဖြစ်စေချင်ပါဘူး။ ဒါကြောင့် အာဆီယံ၊ ကုလသမဂ္ဂနဲ့ တခြား နိုင်ငံတကာ အစည်းအဝေးတွေမှာ တရုတ်က မြန်မာနိုင်ငံစစ်အစိုးရရဲ့  လုပ်ရပ်တွေအတွက် အကာအကွယ်ပေးနေရတာပါ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခုတခေါက် တရုတ်နိုင်ငံသွားတာကလည်း တရုတ်ဆီက အားပေးစကားတွေ ကြားရမယ်။ နိုင်ငံတကာ ဖိအားကိုလည်း တရုတ်က အကာအကွယ်ပေးမယ်။ ဒီလို အကျိုးအမြတ်တွေကို ရလာနိုင်မယ်ဖြစ်လေတော့ နယ်စပ်တည်ငြိမ်ရေး၊ မူးယစ်ဆေး၊ HIV/AIDS ကိစ္စတွေနဲ့ ပတ်သက်လို့ ထိန်းထိန်းသိမ်းသိမ်း လုပ်ရမယ်ဆိုတာကို အပြောခံရတာတော့ စစ်အစိုးရအတွက် အရေးမကြီးပေါ့။ တနည်းပြောရရင် တရုတ်နဲ့ ဆက်ဆံတဲ့အခါမှာ စစ်အစိုးရ ပေးဆပ်ရတာထက် သူတို့ပြန်ရတဲ့ အမြတ်အစွန်းက ပိုများနေတယ်လို့ ဆိုနိုင်တယ်ပေါ့။

Anna Roberts ။ ။ သေချာပါတယ်။ အခုလောလောဆယ်မှာလည်း မြန်မာစစ်အစိုးရက သိပ်အကြပ်အတည်းကြုံရတဲ့ အနေအထားမှာ မရှိပါဘူး။ သူ့ရဲ့  အပြုအမှုတွေကို ပြောင်းလဲဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့  ထိရောက်တဲ့ ဖိအားနဲ့ ရင်ဆိုင်နေရခြင်း မရှိပါဘူး။ ကျမတို့ တွေ့နေရတာက နိုင်ငံတကာ အသိုင်းအဝိုင်းဟာ စစ်အစိုးရကို လမ်းပြမြေပုံကို ပြုပြင်အောင် ရွေးကောက်ပွဲဖြစ်စဉ်ကို တိုးတက် ကောင်းမွန်အောင်လုပ်ဖို့ ဒါတွေပဲ ပြောနေကြတာများပါတယ်။ ကုလသမဂ္ဂကတဆင့် မေတ္တာရပ်ခံတယ်၊ တိုက်တွန်းတယ် ဒီလောက်ပဲ ရှိနေပါတယ်။ ဒါပေမဲ့ စစ်အစိုးရဘက်က တလက်မမှ မရွေ့ ပါဘူး။ ဒါကြောင့် ကျမတို့ အမြင်မှာတော့ နိုင်ငံတကာ အသိုင်းအဝိုင်းဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဗျူဟာပြောင်းဖို့ လိုအပ်နေပါတယ်။ လက်ရှိဗျူဟာတွေက လုံးဝအလုပ်မဖြစ်ပါဘူး။ လက်ရှိ လမ်းစဉ်တွေကို ပြုပြင်ပြောင်းလဲရေးကို လုံးဝရပ်ဆဲပြီး ကုလသမဂ္ဂ ဦးဆောင်တဲ့ နိုင်ငံတကာ စုပေါင်းအားထုတ်မှု တရပ်လိုပါတယ်။ အတိုက်အခံတွေနဲ့ တွေ့ဆုံဆွေးနွေးရေးကို စစ်အစိုးရ လက်ခံလာဖို့ ဖိအားပေးရမှာ ဖြစ်ပါတယ်။ ဒီကတဆင့် အစိုးရပြောင်းလဲရေးအတွက် လုပ်ဆောင်ရ ပါလိမ့်မယ်။ တရုတ်အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း လုံခြုံရေးကောင်စီရဲ့  ကြေညာချက်အတိုင်း စစ်အစိုးရ အတိုက်အခံ ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားတွေ ပါဝင်တဲ့ သုံးပွင့်ဆိုင်ဆွေးနွေးရေးကို ထိထိရောက်ရောက် ဖိအားပေးဖို့ လိုအပ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ ဒီလို တိုက်တွန်းတဲ့အသံတွေလည်း ကြားလာခဲ့ရတာ အတော်ကြာပါပြီ။ ဒါပေမဲ့လည်း စစ်အစိုးရဘက်က လက်နာပါ့မလား။ အခုအချိန်အထိ ဘယ်လိုဖိအားကိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံ စစ်အစိုးရဘက်က လိုက်နာမယ့် အရိပ်လက္ခဏ လုံးဝ မတွေ့ရပါဘူး။

Anna Roberts ။ ။ ဟုတ်ပါတယ် စစ်အစိုးရက အခုအချိန်အထိ တခါမှ လိုက်နာဆောင်ရွက်တာ မတွေ့ရပါဘူး။ ဒါဟာ သူ့အနေနဲ့ တကယ်ထိရောက်တဲ့ စိုက်လိုက်မတ်တပ် ဖိအားပေးတာမျိုးလည်း တခါမှ မကြုံရသေးလို့ပါဘဲ။ ဖိအားကို မလိုက်နာလို့ နောက်ဆက်တွဲ ကြုံရတယ်လည်း တခါမှ မရှိသေးပါဘူး။ ဒါကြောင့် သူတို့ရဲ့  ဖိနှိပ်ရက်စက်မှုတွေနဲ့တကွ လမ်းပြမြေပုံအတိုင်း ယုံကြည်ချက်အပြည့်နဲ့ ဆက်လုပ်နေတာပါ။ ကျမတို့ဖြစ်စေချင်တာကတော့ နိုင်ငံတကာ အသိုင်းအဝိုင်းတခုလုံးက သဘောတူဆုံးဖြတ်ထားတဲ့ သဘောထား အတိုင်း အတိအကျလိုက်နာဖို့ ဖိအားပေးရပါမယ်။ ဘယ်အချိန်မှာ နိုင်ငံရေးသမားတွေကို နောက်ဆုံးထားလွှတ်ရမယ်။ မလွတ်ရင် ဘာလုပ်မယ်။ တွေ့ဆုံဆွေးနွေးရေး မလုပ်ရင် ဘာလုပ်မယ်ဆိုတာမျိုး အတိအကျသတ်မှတ် လုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်။ နောက်ပြီး ကုလသမဂ္ဂကလည်း အဆင့်မြင့် ကိုယ်စားလှယ် သွားရောက်ဖို့ လိုအပ်ပါတယ်။ အခုအခါမှာလို အဆင့်နိမ့် သံတမန်လောက် ခေါက်တုံ့ ခေါက်ပြန် သွားနေလို့ မထိရောက်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ကုလသမဂ္ဂ အဆင့်မြင့် ကိုယ်စားလှယ်ဆိုလို့ မေးခွန်းတခု ဆက်မေးပါရစေ။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် ကိုယ်တိုင် မြန်မာနိုင်ငံကို သွားခဲ့တာ မဟုတ်ဘူးလား။

Anna Roberts ။ ။ ဟုတ်ပါတယ် အထွေထွေအတွင်းရေမှုးချုပ်ကိုယ်တိုင် သွားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီခရီးစဉ်ဟာ စံနစ်တကျ ကိုင်တွယ် စီစဉ်ခဲ့တဲ့ ခရီးစဉ် မဟုတ်ပါဘူး။ ဒီခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ မလုပ်ခဲ့ပါဘူး။ တကယ်ဆို ဒီခရီးစဉ်အတွက် ကြိုတင်ပြီး ညှိနှိုင်းဆွေးနွေးပြီး ဗျူဟာပြတ်ပြတ်သားသား ချမှတ်ခဲ့ဖို့သင့်ပါတယ်။ အခုတော့ ရုတ်တရက် ကောက်ခါငင်ခါ သွားခဲ့တဲ့အတွက် ဘာမှ မထိရောက်ခဲ့ပါဘူး။

ဦးကျော်ဇံသာ ။ ။ Burma UK Campaign ရဲ့  Anna Roberts က အထက်ပါအတိုင်း သုံးသပ်ခဲ့ပါတယ်။ Anna Roberts ပြောသလို တရုတ်ဆီက ဒီတခါ ပြင်းထန်တဲ့ဖိအားပေးမှုနဲ့ ရင်ဆိုင်နိုင်ရဖွယ်ရှိတဲ့ဆိုတဲ့ အယူအဆနဲ့ ပတ်သက်ပြီး အမေရိကန်တက္ကသိုလ် အာရှရေးရာ ဌာနမှုး၊ နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ Quansheng Zhao ကတော့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

Quansheng Zhao ။ ။ ကျနော်ကတော့ အဲဒီလို မထင်ပါဘူး။ တရုတ်က မျှမျှတတရှိတဲ့ ရပ်တည်ချက်ကိုပဲ ရယူပါလိမ့်မယ်။ ဆိုလိုတာက တဖက်မှာ မြန်မာအာဏာပိုင်တွေနဲ့ အလုပ်ဖြစ်နိုင်တဲ့ ဆက်ဆံရေးတွေကို ထိန်းသိမ်းထားပြီး တခြားတဖက်မှာတော့ တရုတ်နိုင်ငံအနေနဲ့ နိုင်ငံတကာရဲ့  တာဝန်ကို ထမ်းဆောင်ရမှာပါ။ ဖိအားပေးတဲ့သဘောနဲ့ ပြောရပေမယ့် ပြင်းပြင်းထန်ထန်တော့ ပြောမှာမဟုတ်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ တရုတ်တို့ရဲ့  အစဉ်အလာရပ်တည်ချက်အတိုင်းပဲ ဆက်နေပြီးတော့ အပြောင်းအလဲ တစုံတရာ မရှိဘူးဆိုတဲ့ သဘောပေါ့။

Quansheng Zhao ။ ။ ကျနော်ကတော့ အဓိက အပြောင်းအလဲ တစုံတရာ မမြင်တွေ့ရပါဘူး။

ဦးကျော်ဇံသာ ။ ။ မနှစ်က ကိုးကန့်ကို စစ်အစိုးရက တိုက်ခိုက်တဲ့အတွက် လူပေါင်း သုံးသောင်းလောက် တရုတ်ပြည်ဘက်ကို ထွက်ပြေးခဲ့ ရပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး တရုတ်အစိုးရက စိတ်ဆိုးခဲ့တယ်လို့ သတင်းတွေ ပေါ်ထွက်ခဲ့ပါတယ်။ အခုလည်း နယ်စပ် ဒေသက အပစ်ရပ်တိုင်းရင်းသားအဖွဲ့အစည်းတွေကို လက်နက်ချဖို့ စစ်အစိုးရ ဖိအားပေးနေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တရုတ်တို့ဘက်က ဘယ်လိုသဘောထားမယ်လို့ ထင်ပါသလဲ?

Quansheng Zhao ။ ။ ဒီတကြိမ်မှာတော့ တရုတ်က ပိုမိုပြီး ပြင်ဆင်ထားမယ်လို့ ထင်ပါတယ်။ မျှတတဲ့အစီအစဉ်ပဲ လုပ်မှာပါ။ တဘက်မှာ အာဏာပိုင်တွေနဲ့ ပုံမှန်ဆက်ဆံရေး မပျက်စေဘဲ တခြားတဖက်မှာ နယ်စပ်တိုင်းရင်းသားတွေရဲ့  အကျိုးစီးပွားတွေကို အတတ်နိုင်ဆုံး ကာကွယ်ပါလိမ့်မယ်။ မြန်မာစစ်အစိုးရကိုလည်း ဟန် (Han) တရုတ်လူမျိုးတွေ အပါအဝင် နယ်စပ်တိုင်းရင်းသားအရေးကို မျှမျှတတ ကိုင်တွယ်ဖို့ တိုက်တွန်းပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးမေးချင်တာကတော့ ရွေးကောက်ပွဲကိစ္စဖြစ်ပါတယ်။ မြန်မာနိုင်ငံ စစ်အစိုးရ ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေ၊ နိုဝင်ဘာ (၇) ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို အနောက်ကမ္ဘာခြမ်းက အပြင်းအထန် ကန့်ကွက်နေပါတယ်။ ဒါ ဒီမိုကရေစီ မဆန်ဘူး၊ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ ပြောနေကြပါတယ်။ တရုတ်ရဲ့  သဘောထားက အနောက်ဖက်နဲ့ ပိုနီးစပ်မလား၊ သို့တည်းမဟုတ် ဒီအယူအဆကို ကန့်ကွက်ပြီးတော့ စစ်အစိုးရကို ဆက်လက် ထောက်ခံသွားမယ် ထင်ပါသလား?

Quansheng Zhao ။ ။ ပိုပြီး မျှမျှတတပဲ လုပ်သွားမှာပါ။ အနောက်အုပ်စုနဲ့ တသံတည်းထွက်မှာတော့ မဟုတ်ပါဘူး။ တရုတ်က စီးပွားရေး ပိတ်ဆို့မှုကို ကန့်ကွက်ထားတာပါ။ မြန်မာနိုင်ငံပြည်တွင်းရေးအတွက် တရုတ်မှာ သီးခြားရပ်တည်ချက် ရှိပါတယ်။ ဒီရပ်တည်ချက်ကို တရုတ်အနေနဲ့ ပြောင်းစရာလည်း မမြင်ပါဘူး။ ဒါပေမဲ့ နိုင်ငံတကာ သဘောဆန္ဒနဲ့ အညီ မြန်မာနိုင်ငံကို တိုက်တွန်းတာ အကြံပေးတာတွေ လုပ်ရမှာပါ။ မြောက်ကိုရီးယားအပေါ် ထားတဲ့ သဘောထားမျိုးပဲ ဖြစ်မှာပါ။ မြောက်ကိုရီးယားနဲ့ မြန်မာနိုင်ငံအပေါ် တရုတ်သဘောထားက သိပ်ဆင်တူပါတယ်။ အထူးသဖြင့် စီးပွါးရေး ပြုပြင်ပြောင်းလဲမှုအတွက် ပိုပြီးတော့ ဖိအားပေးပါလိမ့်မယ်။ တရုတ်မူဝါဒ က ဒေသအတွင်း တည်ငြိမ်ရေးကို အခြေခံပါတယ်။ ဒီ နှစ်နိုင်ငံရဲ့  အစိုးရတရပ်ရပ် ရုတ်တရက် ပြိုလဲသွားမှာကိုလည်း မြင်ချင်မှာ မဟုတ်ပါဘူး။

XS
SM
MD
LG