သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ဆုံရေကာတာမှ ရရှိမယ့် အကျိုးဆက်များ


မြစ်ဆုံရေကာတာမှ ရရှိမယ့် အကျိုးဆက်များ
မြစ်ဆုံရေကာတာမှ ရရှိမယ့် အကျိုးဆက်များ

ဒီတပတ် မြန်မာ့အရေး သတင်းသုံးသပ်ချက် ဆွေးနွေးခန်းမှာ ဧရာဝတီမြစ်ဆုံမှာ တည်ဆောက်နေတဲ့ ရေကာတာများရဲ့ အကျိုးဆက်ဆိုင်ရာများကို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် ဦးညိုမောင်၊ ကာတွန်းဆရာ အော်ပီကျယ်တို့ကို ဦးကျော်ဇံသာ ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံ ဧရာဝတီမြစ်ပေါ်မှာ မြစ်ဆုံရေကာတာ တည်ဆောက်မယ့်ကိစ္စနဲ့ ပတ်သက်ပြီးတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေ၊ နိုင်ငံထဲက အထင်ကရ ပုဂ္ဂိုလ်တွေ၊ ပြည်သူတွေ စိုးရိမ်မကင်းဖြစ်တဲ့အကြောင်း ထုတ်ဖော်ပြောဆိုသံတွေ ကြားလာရတဲ့ နောက်ပိုင်းမှာ သက်ဆိုင်ရာ ဝန်ကြီးတပါးက ဒီကိစ္စကို သူတို့ဘာပဲဖြစ်ဖြစ် ကန့်ကွက်တဲ့ကြားက ဆက်လုပ်မယ်လို့ ပြောဆိုခဲ့ပါတယ်။

သူက ဒါကို ဧရာဝတီရောဂါ လို့တောင် ခေါ်လိုက်ပါသေးတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေရဲ့ စိုးရိမ်မှု၊ စာနယ်ဇင်းသမားတွေရဲ့ ရေးသားမှုတွေနဲ့ ပတ်သက်ပြီး ဝန်ကြီးရဲ့ ကန့်ကွက်သံကို ကြားရတော့ ပထမဦးဆုံး ကာတွန်းဆရာ အော်ပီကျယ်ကို မေးချင်ပါတယ် ဘယ်လိုများ စဉ်းစားမိပါသလဲ။

အော်ပီကျယ် ။ ။ ဧရာဝတီရောဂါမှာ ကာတွန်းဆရာတွေတောင် သူပြောတဲ့အထဲမှာ ပါသေးပါတယ်။ ပြည်ထောင်စုဝန်ကြီး အတိုင်းအတာအရတော့ လုံးဝတောင် မပြောသင့်တဲ့အရာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ သူပြောတာက သူ့ကိုယ်သူ တော်တော်သိပြီးတော့- သူတို့ လုပ်သင့်လုပ်ထိုက်တာ လုပ်နေတယ် ဆိုတဲ့ ပုံစံမျိုး ပြောလိုက်တာပါ။ အဲဒါ ဖတ်ပြီးပြီချင်း စိတ်က တော်တော်မကောင်း ဖြစ်သွားတယ်။ ဒီလောက် လူမျိုးက ဝန်ကြီးလုပ်နေရင်တော့ တိုင်းပြည်တော့ ဒုက္ခပါပဲပုံစံမျိုးလောက် တွေးမိတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာဦးညိုမောင် က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား၊ ပါမောက္ခ ပညာရှင် တဦးလည်း ဖြစ်ပါတယ်။ ဆရာ့အနေနဲ့ ဧရာဝတီ စီမံကိန်းကို ဝန်ကြီးက ဘာပြောသလဲဆိုရင် နိုင်ငံအတွက် အကျိုးရှိရင်တော့ ဆက်လုပ်ရမှာပဲ။ ဒါက အမျိုးသားရေး အကျိုးစီးပွားဖြစ်တယ်လို့ ဆိုပါတယ်။ အခုန သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေ၊ စာ၊ နယ်၊ ဇင်းဆရာတွေ ကန့်ကွက်နေကြတာဟာ နိုင်ငံအကျိုးစီးပွားကို ထိခိုက်ရုံကလွဲလို့ ဘာမှမရှိဘူးလို့ ပြောပါတယ်။ အဲဒါ ဧရာဝတီမြစ်ဆုံ စီမံကိန်းဟာ အမျိုးသားရေး အကျိုးစီးပွား ဖြစ်ထွန်းမယ့်ကိစ္စလား။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေ စိုးရိမ်တာက နိုင်ငံ့အကျိုးကိုပဲ ထိခိုက်မယ်ဆိုတာ မှန်ပါသလား။

ဦးညိုမောင် ။ ။ ကျနော်က ဧရာဝတီမြစ်ဆုံ နဲ့ မြစ်ကြီးနားအထက် ရေကာတာစီမံကိန်းမှာ တရုတ် ပညာရှင်တွေနဲ့ အတူတူလုပ်ခဲ့တဲ့ မြန်မာပညာရှင်တယောက်အနေနဲ့ ချိန်ဆလိုက်တဲ့အခါမှာ ဒီမြစ်ဆုံမှာ ရေကာတာဆောက်တာက စီးပွားရေးအရကြည့်ရင် တွက်ခြေကိုက်ပေမဲ့ ပတ်ဝန်းကျင်အရ ကြည့်မယ်ဆိုရင်တော့ ဒီနေရာဟာ မလုပ်သင့်တဲ့ နေရာဖြစ်တယ်လို့ ကျနော်တို့ရဲ့ အစီရင်ခံစာမှာလည်း အတိအကျ ပြောထားပြီးသား ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဝန်ကြီးပြောတဲ့အထဲမှာတော့ သူတို့ဟာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ဘယ်လောက် ရှိမလဲဆိုတာ သူတို့ကိုယ်တိုင် မလုပ်ပါဘူး။ သူတို့ တဘတ်သတ် ကိုယ့်သဘောနဲ့ကိုယ် လုပ်ရာဖြစ်မှာစိုးလို့ ဘန်ကာ (BANCA = Biodiversity and Nature Conservation Association) ဆိုတဲ့အဖွဲ့ကို ဒေါ်လာ ၁.၂၅ သန်း ပေးပြီး တာဝန်ပေးခဲ့ပါတယ်- ဆိုတော့- ဘန်ကာအဖွဲ့က တစုံတရာ မကန့်ကွက်သလို ပြောနေတယ်။ အဲဒါကို ဆရာဘယ်လို မြင်ပါသလဲ။

ဦးညိုမောင် ။ ။ ဟုတ်ကဲ့ ကျနော်တို့ ဘန်ကာအဖွဲ့က တွေ့ရှိချက်များကို report တင်ရပါတယ်။ Report ရေးသားတဲ့နေရာမှာလည်း ကျနော်ပါပါတယ်။ တခု ဒီနေရာမှာ ပြောချင်တာက report မှာ မြန်မာ ပညာရှင်တွေ ရေးတဲ့ report က သီးခြားပါ။ တရုတ်ပညာရှင်တွေရေးတဲ့ report က သီးခြားပါ။ မတူပါဘူး။ တရုတ်ပညာရှင်တွေရေးတဲ့ report ကို ကျနော်တော့ မတွေ့ဖူးပါဘူး။ ကျနော်တို့ မြန်မာ ပညာရှင်များရေးတဲ့ report မှာ ကျနော်တို့ အတိအကျ ပြောထားပါတယ်။

ဒီမြစ်ဆုံမှာ ရေကာတာကို မဆောက်သင့်တဲ့အကြောင်းမှာ ကျနော်တို့ report ထဲမှာကို ပထမတချက် ဒီဟာက cultural heritage လို့ခေါ်တဲ့ ယဉ်ကျေးမှုအမွေအနှစ် နေရာဖြစ်တယ်။ ကချင်လူမျိုးတွေ ကလည်း သူတို့ရဲ့ မြစ်ဆုံဒေသကို သူတို့ရဲ့ heartland ဖြစ်တယ်လို့ တန်းဖိုးထားတဲ့အတွက် တစ်အချက် မလုပ်သင့်ပါဘူးလို့ ရေးထားပါတယ်။

နောက်တခုက ဘာလဲဆိုရင် environmental အရ ဒီနေရာကဆိုရင် ရှုခင်း landscape value ရှိတဲ့ အတွက် ဒီဟာကို မလုပ်သင့်ပါဘူးလို့ ဒုတိယအချက်အနေနဲ့ ပြောထားပါတယ်။

နောက်တခုကတော့ မြစ်ဆုံကို လုပ်မယ့်အစား မြစ်ဆုံရဲ့ အပေါ်ဖက် မေခ နဲ့ မလိခမှာ တခုစီ alternative နဲ့ လုပ်ပါလို့ အကြံပေးထားပါတယ်။ Sustainable development အတွက် ဆိုလို့ရှိရင် ဒီလိုကြီးမားတဲ့ dam ဟာ ဧရာဝတီမြစ်ဆုံမှာ မဆောက်သင့်ပါဘူးလို့ အတိအကျ ရေးထားတာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာအော်ပီကျယ် … ဆရာဦးညိုမောင် ပြောတာကြားတဲ့အတိုင်းပါပဲ။ အစီရင်ခံစာ ရေးပြီးတော့ တင်ခဲ့တဲ့ ပညာရှင်တွေ ဝန်ကြီးကိုယ်တိုင် ကိုးကားပြီးပြောသွားတဲ့ ပညာရှင်တွေ အတိအကျ ကန့်ကွက်ခဲ့တာကိုတောင်မှ ဂရုမစိုက်ဘူး ပြောဆယ်ဆိုတော့ ဆရာအော်ပီကျယ်တို့ ကာတွန်းဆရာတွေ၊ စာ၊ နယ်၊ ဇင်းသမားတွေ ကန့်ကွက်တာလောက်တော့ သူတို့က ပြောတော့မှာပေါ့။ ဆရာအော်ပီကျယ်တို့က ဘယ်အချက်ကို အခြေခံထားပြီး အဓိက ကန့်ကွက်ပါသလဲ။

အော်ပီကျယ် ။ ။ ကျနော်တို့ ဧရာဝတီမြစ်က အထက်အပေါ်ဆုံးနားမှာ လုပ်ထားတော့ သူ့ရဲ့ ရေကာတာ အပေါ်ဘက်က လေ့လာစရာနည်းနည်းရယ်။ ကျနော်တို့ကတော့ မြစ်ကြီးရဲ့ အောက်ဘက် ပင်လယ်ထဲ ရောက်တဲ့အထိ လေ့လာရမှာ။ အဲဒီလေ့လာမှုကတော့ လေ့လာနေဆဲလို့ ဖတ်ရပါတယ်။ နောက် ဆရာ စောစောကပြောသလို ဒီဟာက ဆည်ဆောက်သင့် မဆောက်သင့်ဆိုတဲ့ ကိစ္စအပြင် ထိခိုက်မယ့်ဟာတွေက social impact တွေလည်း ထိမှာပဲ။ နောက် ကျန်းမာရေးနဲ့လည်း ပတ်သက်လို့ ထိမှာပဲ။ နောက် ယဉ်ကျေးမှုအရလည်း တော်တော်ထိသွားမှာပဲ။ နောက် လူမျိုးရေး အရလည်း - ဒီဆည်ကြီးတခုလုံးရဲ့ ဧရိယာက ဆည်ဧရိယာ အပါအဝင်က ကချင်ပြည်နယ် တခုလုံးရဲ့ ရာခိုင်နှုန်းတော်တော်များများကို ယူလိုက်မယ်ဆိုတော့ ဒီဆည်ကြီးကို ထိန်းသိမ်းမှု။

ဒီဆည်ကြီးကနေ လျှပ်စစ်ထုတ်ဖို့ကလည်း တရုတ်ကပဲ တာဝန်ယူမယ်။ သူတို့အလုပ်သမားတွေ၊ သူတို့လမ်းတွေဖောက်မယ်။ ဒီလမ်းဖောက်တဲ့အတွက် မြေတွေ၊ သစ်တောတွေ ပျက်စီးမယ်။ အဲဒီတော့ တရုတ်က စီမံခန့်ခွဲရမှာ။ စီမံခန့်ခွဲတဲ့အခါမှာ ကချင်ပြည်နယ်တခုလုံးက တရုတ်ခြေရာတွေ ထပ်နေတော့မယ်။ အဲဒီလိုအချက်တွေလည်း အများကြီး လျှောက်ပြီး ဖတ်ဖြစ်ပါတယ်။ အဲဒီတော့ စိတ်ထဲမှာ ဒါကတော့ မလုပ်သင့်ဘူးဆိုပြီး တွေးမိတာပါ။

ဦးကျော်ဇံသာ ။ ။ ဝန်ကြီးဖြေသွားတဲ့အထဲမှာ ဘာတွေ့ရသလဲဆိုတော့ ကျနော်တို့နိုင်ငံမှာ မီဂါဝပ် ၁၅၀၀ ပေးထားတာတောင် ကုန်အောင်မသုံးနိုင်ဘူးတဲ့ အဲဒါကို ဘယ်သူက သုံးမှာလဲ။ သုံးစရာမရှိရင် market သဘောအရ ရောင်းစားမှာပေါ့လို့ ဆိုပါတယ်။ ဆိုတော့ ဗမာပြည်မှာ သုံးစရာ မရှိလောက်အောင် လျှပ်စစ်တွေက ပေါများနေပါသလား။

အော်ပီကျယ် ။ ။ အဲဒါကတော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုကျော်ဇံသာ သိတဲ့အတိုင်း ကျနော်တို့ ဗမာပြည်ရဲ့ ရာခိုင်နှုန်းအများစုက လျှပ်စစ်မီး မရကြပါဘူး။ မရကြတဲ့အတွက် ကိုယ့်အားကိုယ်ကိုး မီးစက်လေးတွေနဲ့ - ကိုယ့်အားကိုယ်ကိုး မီးစက်လေးတွေဆိုတာကလည်း ဖြစ်သလိုလုပ်ရတဲ့အတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်ပါတယ်။ နောက် စက်မှုဇုန်တွေ ဘာတွေမှာဆိုရင် လျှပ်စစ်ဓာတ် အပြည့်အဝ မရသေးပါဘူး။ လျှပ်စစ်ဝန်ကြီးက လျှပ်စစ်တွေ ပိုလျှံနေတယ်။ သုံးစရာမရှိဘူးလို့ ပြောတဲ့အချက်ကိုတော့ တော်တော်စိတ်ပျက်ပါတယ်။

ဦးညိုမောင် ။ ။ အခုန ဆရာအော်ပီကျယ် ပြောသွားတဲ့ အောက်ပိုင်း downstream impact ကို ကျနော့်ရဲ့ report ထဲမှာ ကျနော်ကိုယ်တိုင် ရေးထားပါတယ်။ အပေါ်ကလုပ်လို့ရှိရင် downstream ကို ထိမယ်ဆိုတဲ့ သီအိုရီ ရှိပြီသားပါ။ ရှိပြီသာဖြစ်တဲ့အတွက် ကျနော့် report မှာ ရေးပါတယ်။ အပေါ်က ပိတ်လိုက်လို့ရှိရင် ဧရာဝတီရဲ့အောက်ပိုင်းမှာ သင်္ဘောသွားလာဖို့ ရေနည်းသွားနိုင်တဲ့ အခြေအနေ ရှိပါတယ်။ အားလုံး ဆည် (၇) ခု ပိတ်လိုက်လို့ရှိရင် ရေလွှမ်းသွားမယ့် ဧက က ၁ သိန်း၊ ၄ သောင်း၊ ၄ ထောင် ငါးဆယ် ရှိပါတယ်။

အဲဒီလောက် ဧကအတွင်းမှာ ရေကိုလှောင်ထားမှာဆိုတော့ အောက်ကို ရေစီးလာတာ နည်းမယ်လို့ ယူဆရပါတယ်။ ဒါပေမဲ့ သူတို့ပြောထားတာကတော့ Hydrology အရ ပြောထားတာကတော့ မိုးတွင်းမှာ ရေစီးလာတာနည်းပြီး နွေမှာပိုများလာမယ်လို့ ဆိုထားပါတယ်။

သို့သော် ကျနော်က ဘာကို စိုးရိမ်သလဲဆိုရင် မိုးတွင်းမှာ နှစ်စဉ်ရေလွှမ်းပြီးတော့ မြေနုကျွန်းဆိုတာ ရှိပါတယ်။ မြေနုကျွန်း စိုက်ပျိုးရေးဆိုတာ။ ကျနော်တို့ ဘာသာရပ်အရ ခေါ်မယ်ဆိုရင် Riverine ecosystem ခေါ်ပါတယ်။ Riverine ecosystem ကို ထိမှာပါ။ နောက်တခုက ရေအပေါ်က စီးလာတာ နည်းလို့ရှိရင် အောက်က salt water ဝင်လာမှာပါ။ ပင်လယ်ဘက်ကနေ။ အဲဒီအခါကျရင် delta ecosystem ကို ထိနိုင်ပါတယ်ဆိုတာကို ကျနော် report ထဲမှာ ရေးထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီအန္တရာယ်တွေကို ပညာရှင်တွေ ထောက်ပြနေလျက်သားနဲ့ ဒီ ဝန်ကြီးက ဆက်လုပ်မယ်ဆိုတာ ဘယ်လိုမက်လုံးများ ရှိနေတယ်လို့ ထင်ပါသလဲဆိုတာကို ကိုအော်ပီကျယ် ခန့်မှန်းပါခင်များ။

အော်ပီကျယ် ။ ။ ဆရာညိုတို့ အခု ပြောတဲ့အခါဟာက တော်တော်ကို ကောင်းတဲ့အစီရင်ခံစာပါ။ ဒီ အစီရင်ခံစာကြီးကို သူတို့ ဒါတွေက လေ့လာပြီးသားပါဆိုပြီး ပညာရှင်တွေကို စော်ကားသလိုတောင် ဖြစ်တာပေါ့။ သူက ဆောက်ချင်လို့ ဆောက်တာဖြစ်နေတယ်။ လေ့လာတာတွေက လေ့လာတာတခြား ဖြစ်နေတယ်။

ကျနော်ကတော့ ဆရာညိုတို့ပြောတဲ့ အစီရင်ခံစာကြီးလို သူတို့ ပြည်သူတွေကို ချပြဖို့ကောင်းတယ်။ အခု အကျိုးအမြတ်ကတော့ ဗမာပြည်မှာတော့ အကျိုးအမြတ် ဘယ်သူတွေရတယ်ဆိုတာကတော့ ဆည်လုပ်တဲ့ လုပ်ငန်းမှ မဟုတ်ဘူး။ ရှိသမျှလုပ်ငန်းတွေ အကုန်လုံး သူတို့ကိုယ်ကျိုးအတွက် များနေတယ်ဆိုတာကို ပြည်သူတွေက အဲဒီလိုမျိုးပဲ ခံစားနေရတာပါပဲ။

ဦးညိုမောင် ။ ။ ကျနော် လေ့လာထားသလောက်ဆိုရင် ကျနော်တို့က မြစ်တမြစ်မှာ series of dams ကို ဆောက်မယ်ဆိုရင် စဉ်းစားရမယ့်အချက် ရှိပါတယ်။ အခုဟာက မေခမြစ်ပေါ်မှာ ၅ ခု ဆောက်မှာ ရှိပါတယ်။ အဲဒီ ငါးခုမှာ ပထမတခုနဲ့ ဒုတိယတခုနဲ့ အကွာအဝေးကလည်း ၅၂.၈ မိုင်ပဲ ရှိပါတယ်။ ဒုတိယနဲ့ တတိယ အကွာအဝေးက ၂၃ မိုင်။ တတိယနဲ့ စတုတ္ထ အကွာအဝေးက ၁၂ မိုင်ပဲ ရှိပါတယ်။ စတုတ္ထနဲ့ ပဉ္စမ အကွာအဝေးက ၃၃ မိုင်ပဲ ရှိပါတယ်။ သီအိုရီအရပါ။

ကျနော်ရဲ့ ဘာသာရပ် မဟုတ်ပါဘူး။ ဒါက hydrology သမားတွေက ပိုသိပါလိမ့်မယ်။ အဲဒီအရ ဆည် တခုနဲ့ တခု အကွာအဝေးဟာ ကီလိုအနေနဲ့ ဆိုရင် တစ်ရာ။ မိုင်ဆိုရင် ၆၀ လောက် ကွာရပါလိမ့်မယ်။ အဲဒီလို မကွာလို့ရှိရင် ဆည်ထဲမှာ ရေကငြိမ်နေတဲ့အတွက် oxygen content နည်းလာပါလိမ့်မယ်။ အဲဒီလို oxygen content ဟာ ပုံမှန်အားဖြင့် ရှိဖို့ရာအတွက်ဆိုရင် မိုင် ၆၀ လောက် စီးနေတဲ့ ရေလောက်မှ ဖြစ်နိုင်တယ်။ အောက်စီဂျင် များနိုင်မယ်။ အောက်စီဂျင် နည်းလို့ရှိရင် ရေက ပုပ်နိုင် တယ်။

စီးပွားရေးအရကတော့ feasible ဖြစ်တယ်ဆိုတာကိုတော့ တွက်ချက်ထားပါတယ်။ ဒါပေမဲ့ စီးပွားရေး အရတင် ကြည့်ရတာ မဟုတ်ပါဘူး။ အမျိုးသားရေးအရလည်း ကြည့်ဖို့လိုပါတယ်။ ကျနော်တို့ ဘယ်လောက် ခံစားခွင့် ရမလဲဆိုတာ။ Impact တွေက ကျနော်တို့ အကုန်ခံရမှာ။ တရုတ်က ဘာမှ ခံရမှာ မဟုတ်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဝန်ကြီးက ပြောတယ် ငါ့ထက် သိနိုင်တဲ့လူ မရှိတော့ဘူး။ မြန်မာနိုင်ငံမှာတော့ ရေအားလျှပ်စစ်နဲ့ ပတ်သက်ပြီး လက်ရှိအချိန်မှာ ကျနော်ထက်ပိုပြီး အတွေ့အကြုံများတဲ့လူ မရှိဘူးလို့ ဆိုထားတယ်။ ဒီလောက် အတွေ့အကြုံများတယ်။ ဒီလောက် တတ်သိတဲ့ ပုဂ္ဂိုလ်တယောက်က သတိ မထားမိဘူးလား။ ကိုအော်ပီကျယ် အနေနဲ့ ဒါကို ဘယ်လိုသဘောရပါသလဲ။

အော်ပီကျယ် ။ ။ ကျနော်ကတော့ facebook ထဲမှာ ဖတ်မိတယ်။ သူက ခြောက်နှစ်လောက်ပဲ ရှိသေးတာပါ။ အဲဒီ ဌာနရောက်တာ။ ခြောက်နှစ်လောက်ကို သူ့ကိုယ်သူ ပညာရှိလို့ ပြောတာ အမှန်ကတော့ မပြောသင့်ဘူးပေါ့။ နောက် သူတို့က ပညာရှင်အနေနဲ့ ဝင်တာလည်း မဟုတ်ဘူး။ ဝန်ကြီးအနေနဲ့ ဝင်တာဆိုတော့- ပညာရှင်ဆိုတာ ဘာလဲ ဆိုတာကို သိပုံမရပါဘူး။ ကျနော်တို့ကတော့ အခုလိုပြောတာကိုတော့ တော်တော်လည်း ရယ်လည်းရယ်ရတယ်။ စိတ်လည်း တော်တော်ပျက်သွားတယ်။

ဦးကျော်ဇံသာ ။ ။ ဒီမြစ်ဆုံရေကာတာကိစ္စနဲ့ ပတ်သက်ပြီး သောတရှင်များမှာလည်း ကိုယ်ပိုင်အမြင် အသီးသီးရှိနေလိမ့်မယ်လို့ ထင်ပါတယ်။ အဲဒီအမြင်တွေကို ဖော်ထုတ်နိုင်အောင် လာမယ့် စနေနေ့ (စက်တင်ဘာ ၁၇) ရက်နေ့ တိုက်ရိုက်အစီအစဉ်မှာလည်း ဒီအကြောင်းအရာကိုပဲ တင်ပြသွားပါမယ်။

XS
SM
MD
LG