သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ထောင်စုသမိုင်းမှန် သင်ကြားရေးအတွက်


ပြည်ထောင်စုသမိုင်းမှန် သင်ကြားရေးအတွက်
ပြည်ထောင်စုသမိုင်းမှန် သင်ကြားရေးအတွက်

ဒီတပတ် မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ ဦးကျော်ဇံသာ က သမိုင်းသုတေသီ ပညာရှင်များဖြစ်တဲ့ ဒေါက်တာအေးကျော် နဲ့ Dr. Lian H Sakhong တို့နဲ့ ပြည်ထောင်စုမြန်မာနိုင်ငံသမိုင်း နဲ့ သမိုင်းမှန်သင်ကြားရေးဆိုင်ရာများကို ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံး ဒေါက်တာအေးကျော်ကို မေးချင်ပါတယ်။ မြန်မာနိုင်ငံမှာ သင်ကြားပေးနေတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ သမိုင်းနဲ့ ပတ်သက်ပြီး ဘဝင်ကျပါရဲ့လား။ ဆရာသင်ကြားပေးခဲ့တာ၊ သူများကို ပို့ချပေးခဲ့တာ။ ဆရာကိုယ်တိုင် ကျောင်းသားအဖြစ် သင်ခဲ့ရတာတွေနဲ့ ပတ်သက်လို့။

ဒေါက်တာအေးကျော် ။ ။ ကျနော်အနေနဲ့ ကျောင်းသားဘဝအနေနဲ့၊ ဆရာဘဝအနေနဲ့၊ သုတေသီပညာရှင်ဘဝအနေနဲ့ အားလုံးကို တွက်ကြည့်တဲ့အခါမှာ အခုလက်ရှိ ပြည်ထောင်စုမြန်မာနိုင်ငံသမိုင်းဆိုတာဟာ အတုအယောင် ပြည်ထောင်စုသမိုင်းတာဖြစ်တယ်။ အစစ်အမှန် ပြည်ထောင်စုမဖြစ်ဘူး။ အဲဒီတော့ တကယ်တမ်း ပြည်ထောင်စုကို လိုလိုလားလား ဖြစ်မယ်ဆိုလို့ရှိရင် ကျနော်တို့က တိုင်းရင်းသားသမိုင်းကိုလည်း ထည့်သွင်းပြီး ဖော်ပြရမယ်။ အခုတော့ ဘာဖြစ်နေလဲဆိုရင် ကျနော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံသမိုင်းဟာ အင်္ဂလိပ်ခေတ်တုန်းက George ဘုရင်ရဲ့ သက်တမ်းရှည်ဖို့အတွက် George ဘုရင်ကို လေးစားပူဇော်ရတဲ့အတိုင်း တခါလာရင်လည်း အနော်ရထားမင်း၊ တခါလာရင်လည်း ကျန်းစစ်သား၊ နောက်တကြိမ်လာလည်း အလောင်းဘုရား၊ နောက်တကြိမ်လာလည်း ဘုရင်နောင် ဆိုတော့ ကျနော်နိုင်ငံမှာ အရေးကြီးတဲ့ ဥပမာ ရခိုင်သမိုင်းမှာ အရေးကြီးတဲ့ မင်းဘကြီးအကြောင်းကို တစေ့မှမပါဘူး။ လုံးဝမပါဘူး။ အဲဒီတော့ ဒီဟာက ဒီလိုဖြစ်နေတဲ့အတွက်ကြောင့် စစ်မှန်တဲ့ ပြည်ထောင်စုသမိုင်းမဟုတ်ဘူး။ အဓိကပြောရရင် ဒီသမိုင်းက ဗမာသမိုင်းသာ ဖြစ်တယ်။ တိုင်းရင်းသားအားလုံးနဲ့ ပါဝင်ပတ်သက်နေတဲ့ သမိုင်းမဟုတ်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဆရာကို နောက်တခွန်းလောက် ထပ်မေးချင်ပါတယ်။ အနော်ရထားတို့ အလောင်းဘုရားတို့ကို သူတို့က ပြည်ထောင်စု မြန်မာနိုင်ငံပေါ်ထွန်းအောင် unified လုပ်တဲ့ unifier တွေ။ ပြည်ထောင်စုကြီးဖြစ်လာဖို့အတွက် မူလဘုတ စည်းရုံးပေးခဲ့သူတွေလို့ မြန်မာသမိုင်းပညာရှင်တွေက သုံးသပ်ပါတယ်။ ဒီဟာကို လက်ခံလို့ မဖြစ်ဘူးပေါ့။

ဒေါက်တာအေးကျော် ။ ။ အဲဒါကို unified လုပ်တယ်လို့ ပြောပေမယ့် တပိုင်းက unifier လုပ်တာက တရားသဖြင့် unified လုပ်တဲ့ လုပ်နည်းလုပ်ဟန် မဟုတ်ဘူး။ ဥပမာ အကြောင်းမရှိ အကြောင်းရှာပြီးတော့ ထိုင်းနိုင်ငံကို သွားတိုက်တာ။ အကြောင်းမရှိ အကြောင်းရှာ ပြီးတော့ ကျနော်တို့ ရခိုင်ကို လာတိုက်တာ။ တိုက်ရုံတင်မကဘူး ရခိုင်မှာရှိတဲ့ မြောက်ဦးမှာရှိတဲ့ နန်းတော်ကိုလည်း မီးရှို့တယ်၊ ဘုန်းကြီးတွေကိုလည်း လူဝတ်လဲစေတယ်၊ ရှိသမျှ ပစ္စည်းပစ္စယအားလုံးကို သယ်သွားတယ်။ နောက်တခုက ရခိုင်သမိုင်းဆိုတာကို သင်ခွင့် လုံးဝ မရှိဘူး။ နောက်တခါ ရခိုင်စာလည်း လုံးဝ ပျောက်ကွယ်သွားသလို ဖြစ်နေတယ်။ အဲဒီတော့ ဒီနည်းနဲ့ ဘယ်လိုကြီးပွားအောင် လုပ်တဲ့ ဘုရင်စံနစ်ဟာ တိုင်းရင်းသားပြည်ထောင်စု စံနစ်ကို အထောက်အပံ့ပြုတဲ့ စံနစ် လုံးဝမဟုတ်ပါဘူး။

ဦးကျော်ဇံသာ ။ ။ Dr. Lian H Sakhong အနေနဲ့လည်း ဆရာကြီးဒေါက်တာအေးကျော် လိုပဲ ရန်ကုန်တက္ကသိုလ် သမိုင်းဌာနကနေ သမိုင်းဘာသာကို စတင်လေ့လာခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဆရာအနေနဲ့ ဘယ်လိုမြင်ပါသလဲ။ ဆရာ အဲဒီမှာ ဖြတ်သန်းသင်ကြားခဲ့ရတဲ့ သမိုင်းကျောင်းသားတယောက်အနေနဲ့ သမိုင်းသင်ကြားခဲ့ရတာ ဘဝင်ကျပါရဲ့လား။ ဘယ်လိုပြန်ပြောင်း သုံးသပ်လိုပါသလဲ။ နိုင်ငံတကာ တက္ကသိုလ်တွေမှာ ပါရဂူဘွဲ့တွေ ယူပြီးပြီဆိုတော့ ဘယ်လိုမြင်ပါသလဲ။

Dr. Lian H Sakhong ။ ။ ဟုတ်ကဲ့ ကျနော်တို့ သမိုင်းမှာ သင်ကြားတဲ့ သမိုင်းက အခုန ဒေါက်တာအေးကျော် ပြောသလိုပဲ ပြည်ထောင်စု စံနစ်ကို ဦးတည်ပြီးတော့ ရေးသားပြုစုတဲ့ သမိုင်းမဟုတ်ဘူး။ ကျနော်တို့ သင်ရိုးညွှန်တမ်းမှာ သင်တဲ့ သမိုင်းဘာသာရပ်ကို သမိုင်း သုတေသီတွေကို သုတေသနပြုခွင့်ပေးတဲ့ အတိုင်းအတာကို အားလုံးပေါင်းပြီး ကြည့်လိုက်လို့ရှိရင် ကျနော်တို့ အမျိုးသားနိုင်ငံကို ထူထောင်ဖို့၊ ဒါမှမဟုတ် ဗမာအမျိုးသားအင်ပါယာကို ထူထောင်ဖို့ ဦးတည်တဲ့ သမိုင်းတွေဖြစ်တယ်ဆိုတာကို ကျနော်တို့ သေချာတွက်လို့ ရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့က သမိုင်းကို ဦးတည်ပြီး ရေးတဲ့နေရာမှာ အမျိုးသားနိုင်ငံတော်ကို ဦးတည်တယ်။ အဲဒီအတွက် သူတို့ ဘယ်ပုံပေါ်မှာ ဦးတည်အခြေခံပြီး ရေးသလဲဆိုတော့ သမိုင်းရေးတဲ့ အလုပ်၊ ဒါမှမဟုတ် သမိုင်းကို သင်ကြားတဲ့အလုပ်ကို national building process နဲ့ ဒွန်းတွဲပြီးတော့ သင်ကြားပို့ချနေတာကို တွေ့ရပါတယ်။ national building ဆိုတဲ့ နေရာမှာ သူတို့အနေနဲ့ ဘယ်လို မြင်သလဲဆိုတော့ အဲဒီ nation အမျိုးသားနိုင်ငံနေရာမှာ လူမျိုးတမျိုးပဲ ရှိရမယ်။ ဘာသာစကားတခုပဲ ပြောဆိုရမယ်၊ ကိုးကွယ်ယုံကြည်မှု ဘာသာမှာလည်း သာသနာတခုကိုပဲ ကိုးကွယ်ရမယ်။ တတိုင်းပြည်လုံးမှာရှိတဲ့ လူတွေက ဒါပဲ လုပ်ရမယ်လို့။ အဲဒီ အမျိုးသားနိုင်ငံ ထူထောင်ရေးလမ်းစဉ် nation building ပေါ်မှာ ဦးတည်ပြီးတော့ သွားတဲ့အခါကျတော့ သူတို့ ဗမာဆိုတဲ့ မင်းတွေ ဘုရင်နောင်၊ အလောင်းဘုရား စသည်အားဖြင့် ကျနော်တို့ တိုင်းရင်းသားတွေကို တိုက်ခိုက်ချေမှုန်းတဲ့ ရှင်ဘုရင်တွေကို ချီးမွမ်းတဲ့အပြင် ကျနော်တို့ တိုင်းရင်းသားတွေ အခန်းကဏ္ဍကို တန်တူရည်တူ ဖော်ပြခွင့်မပေးဘူးဆိုတာကို တွေ့ရပါတယ်။ ဒုတိယအနေနဲ့ ဆက်ပြီးတော့ ပြောချင်တာကတော့ ကျနော်တို့ ပြည်ထောင်စုသမိုင်းဆိုတာ ပင်လုံမှာ စပြီးတော့ ဖြစ်ပါတယ်။ ပင်လုံ မစခင်တုန်းက ကျနော်တို့ ချင်း၊ ကချင်နဲ့ ရှမ်းစတဲ့ တိုင်းရင်းသားတွေဟာ အခုန ဆရာတို့ပြောနေတဲ့ ပုဂံခေတ်ကနေ ကုန်ဘောင်ခေတ် သီပေါမင်း ပါတော်မှုချိန်အထိ ဒီ သမိုင်းတွေက ကျနော်တို့ တိုင်းရင်းသားတွေနဲ့ ဘာမှ မဆိုင်ဘူး။ ကျနော်တို့ သမိုင်းမဟုတ်ဘူး။ ပြည်ထောင်စုသမိုင်းကို ဦးတည်ချင်တယ် ဆိုရင် ဗမာသမိုင်း ကို သင်ကြားရမယ်ဖြစ်သလို၊ ရခိုင်သမိုင်းကိုလည်း သင်ကြားပြီးတော့ ချင်းသမိုင်း၊ ကချင်သမိုင်း၊ ရှမ်းသမိုင်း တို့ကိုလည်း ရေးသားသင်ကြားခွင့် ပေးရမယ်။ သုတေသန ပြုခွင့်လည်း ပေးရမယ်။ စာအုပ်စာပေတွေ ထုတ်ဝေခွင့်လည်း ပေးရမယ်လို့ ပြောချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အခုန Dr. Lian H Sakhong ပြောတဲ့အထဲမှာ ဗမာအမျိုးသားနိုင်ငံတော် တည်ထောင်ချင်တဲ့ ရည်ရွယ်ချက်နဲ့ သင်တယ် ဆိုတော့ ဒါ သမိုင်းကို တနည်းအားဖြင့် ပညာသင်ကြားရေး academic ကို political agenda နဲ့ သင်တယ်။ ပညာရေး လွတ်လပ်ခွင့် ရှိရဲ့လား။ ပညာရေး လွတ်လပ်ခွင့် မရှိဘဲ indoctrination များ ဖြစ်နေမလား။ ဆိုဗီယက်တို့ဘာတို့မှာလို လုပ်ခဲ့တဲ့ ကွန်မြူနစ် ပညာရေးတွေလို indoctrinated လုပ်တာ။ လူငယ်တွေကို ဘောင်သွင်း လုပ်ချင်တဲ့ ပညာရေးများ ဖြစ်နေမလား။ ဆရာဦးအေးကျော် ဒါနဲ့ ပတ်သက်ပြီး ကျနော်တို့ထက်ကြီးတဲ့ နေရာက နေခဲ့တဲ့ ပုဂ္ဂ္ဂိုလ်ဆိုတော့ ဘယ်လိုသဘောရပါသလဲ။

ဒေါက်တာအေးကျော် ။ ။ အခုန ဆရာကျော်ဇံသာ ပြောတဲ့အတိုင်းပဲ ဒီ ကိုလိုနီခေတ် အဓွန်ရှည်အောင် လုပ်တဲ့အခါမှာ imperial empire ဆိုတဲ့ ဘုရင်စံနစ် ဗြိတိသျှအစိုးရရဲ့ သင်တန်း ခိုင်မာဖို့အတွက် လုပ်တဲ့ဟာပဲ။ အဲဒီတော့ ဒီ ဘုရင်တွေအကြောင်းကို ဗမာပြည်ကို ဘယ်လို သိမ်းပိုက်တယ်ဆိုတဲ့ အကြောင်းကို သူက empire ကြီး တည်ထောင်တဲ့စံနစ်အနေဲ့ ကြည့်တာ။ အဲဒီတော့ အခုကလည်း အနော်ရထာမင်း ဟာ unified လုပ်တယ်၊ အလောင်းဘုရားကို unified လုပ်တယ်လို့ ပြောတာဟာ ဒီ အင်ပါယာကြီး ကြီးအောင်လုပ်တဲ့ သဘောနဲ့ အတူတူပဲ ဖြစ်တယ်။ အဲဒီတော့ ပြည်ထောင်စုဆိုတဲ့ အနစ်သာရ လုံးဝပါတာ မတွေ့ဘူး။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ သူတို့ကတော့ ဘယ်လိုတွက်သလဲဆိုတော့ တိုင်းရင်းသားတွေက သူ့ယဉ်ကျေးမှုကို သူသိလာရင်၊ သူတို့ ယဉ်ကျေးမှုအတိုင်း သူတို့သမိုင်း သင်ကြားလာရင် သူတို့ လူမျိုးရေးစိတ်တွေ ပိုဝင်လာမယ်။ အဲဒီအခါမှာ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို ပိုထိခိုက်လိမ့်မယ်လို့ အာဏာပိုင်တွေဘက်က တွက်ကောင်းတွက်မယ်။ အဲဒီလိုမျိုးကော မဖြစ်နိုင်ဘူးလား။

ဒေါက်တာအေးကျော် ။ ။ အဲဒီလို တွက်ထားတဲ့ အယူအဆဟာ ဗြိတိသျှလက်ထက်တုန်းက ဗြိတိသျှအင်ပါယာကြီးအတွက် တွက်ထားတဲ့ အယူအဆနဲ့ အတူတူပဲ။ ဘာမှမခြားဘူး။ ကျနော်တို့ George ဘုရင်အကြောင်းကို သီချင်းဆိုရတယ်၊ George ဘုရင်အကြောင်းကို ထောပနာပြုရတယ်။ အခုလည်း ဘာထူးလဲ - အနော်ရထားမင်းကို ကျောင်းတက်ရင် ဆိုရတယ်၊ ကျန်းစစ်သားမင်းကိုလည်း ဆိုရတယ်။ ဘာမှ အယူအဆအနေနဲ့ ထူးခြားတာ မရှိဘူး။ တကယ်တမ်း ကျနော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံ သမိုင်းကို ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ အနှစ်သာရကို ဖော်ဆောင်မယ်ဆိုရင် ရခိုင်သမိုင်းကို သင်ပေးရမယ်၊ ရခိုင်စာကို သင်ပေးရမယ်။ ကရင်သမိုင်းကို သင်ပေးရမယ်၊ ကရင်စာကို သင်ပေးရမယ်။ ချင်းစာကို သင်ပေးရမယ်။ ချင်းသမိုင်းကို သင်ပေးရမယ်။ ဒါမှ တယောက်နဲ့ တယောက် နားလည်းမှုရမယ်။ အခုဟာက တလမ်းမောင်း စံနစ်ဖြစ်နေတော့ ဗမာကိုပဲ ကျနော်တို့က နားလည်း၊ ဗမာက တခြားလူတွေကို နားလည်းစရာမလိုဘူးလို့ ထင်နေတာ ကျနော်တို့မြန်မာနိုင်ငံမှာ နှစ်ပေါင်းတော်တော်ကြာပြီ။ အဲဒါကြောင့် ဗမာပြည်ဟာ မအေးချမ်းတာ၊ မတည်ငြိမ်တာ၊ မတိုးတတ်တာ ဒီအကြောင်းတရာတခု ပါနေပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ Dr. Lian H Sakhong က ဘယ်လိုသဘောရပါသလဲ။ တိုင်းရင်းသားတွေဟာ သူ့ကိုယ်ပိုင် ယဉ်ကျေးမှု၊ သူ့စာပေကို ဒေါက်တာအေးကျော် ပြောသလို လွတ်လွတ်လပ်လပ် သင်ကြားရမယ်ဆိုရင် သူတို့စိတ်ထဲမှာ တိုင်းရင်းသား အစွဲအလန်းတွေ ပိုပြီး ပြင်းထန်လာလိမ့်မယ်လို့ အာဏာပိုင်တွေ တွက်ကောင်းတွက်ပါလိမ့်မယ်။ အဲဒီ တွက်ချက်မှုကို Dr. Lian H Sakhong ဘယ်လိုပြောလိုပါသလဲ။

Dr. Lian H Sakhong ။ ။ အဲဒီလို တွက်ချက်တာကိုတော့ မှားတာ။ ပြည်ထောင်စုစံနစ်ကို တည်ထောင်မယ်ဆိုရင် ပြည်ထောင်စုစံနစ်ရဲ့ အနှစ်သာရက unity and diversity ကျနော်တို့က မတူကွဲပြားမှုကို လက်ခံပြီး ညီညွှတ်ရေးကို တည်ဆောက်တာ ဖြစ်ရမယ်။ အဲဒီအတွက် တိုင်းရင်းသားတွေ စာပေသင်ကြားခွင့်၊ ကိုယ့်သမိုင်း သင်ကြားခွင့်တို့ကို အားပေးတယ်ဆိုတာ အမှန်စစ်စစ် ပြည်ထောင်စုစံနစ်ကို တည်ထောင်ချင်ရင် ဒီအတိုင်း လုပ်သွားရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ တိုင်းပြည်မှာ မှားသွားတာက ပြည်ထောင်စုစံနစ်ဆိုပြီး ပါးစပ်နဲ့သာပြော၊ နံမည်အားဖြင့် ပြည်ထောင်စုစံနစ် သုံးပေမယ့် တကယ်လက်တွေ့မှာ ဗမာအမျိုးသား နိုင်ငံတော် ကို ထူထောင်တာ ဖြစ်ပါတယ်။ သူတို့ အဲဒီမှာ သမိုင်းရေးတဲ့အခါမှာ အန္တရာယ်ကြီးမားတာက ကျနော်တို့ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်တို့မှာ တလျှောက်လုံး သင်ကြားယူခဲ့တဲ့ မှားယွင်းချက်က ဘာလဲဆိုတော့ သူတို့သင်ပေးတဲ့အထဲမှာ သမိုင်းဆိုတာ self-determination အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် ရှိတဲ့ လူမျိုးကသာ ရေးသားပိုင်ခွင့် ရှိတယ်။ ဆိုတော့ ကျနော်တို့တိုင်းပြည်မှာ ဗမာသာ ကိုယ်ပိုင်ပြဌာန်းခွင့် self-determination ရှိတယ်။ အဲဒီအတွက်ကြောင့် ဗမာသာ အမျိုးသားသမိုင်းကို ရေးရမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ သင်ပေးနေတဲ့သဘော ဖြစ်တယ်။ သူတို့ ချင်း၊ ကချင်တို့ တိုင်းရင်းသားတွေက self-determination မရှိတော့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မရှိတဲ့အခါကျတော့ ကိုယ်ပိုင်ပြဌာန်းခွင့်မရှိတဲ့လူတွေရဲ့ အမျိုးသားသမိုင်း မရှိဘူးဆိုပြီး သူတို့က ကျနော်တို့ကို နှိမ်တဲ့သဘော သင်ကြားမှုအပိုင်းမှာ ပိတ်ပင်တဲ့ သဘော ဖြစ်နေတယ်။ ကျနော်တို့သမိုင်းမှာ အခုအခါဆိုရင် ဒါ သမိုင်းကို self-determination ဆိုတဲ့ လူမျိုးကသာ ဖန်တီးရမယ်ဆိုတာ ကမ္ဘာတက္ကသိုလ်အားလုံးမှာ သမိုင်းဌာနအားလုံးက ဆန့်ကျင်ပြီးသာ ဖြစ်ပါတယ်။ ဥပမာ ပြင်သစ်မှာ စပြီးတော့ ပေါ်လာတဲ့ analysis school အဲဒါဆိုရင် history from below – history ကို အောက်ခြေက ရေးရမယ်။ ကိုယ်ပိုင်ပြဌာန်းခွင့် မရှိတဲ့လူတွေ အောက်ခြေမှာရှိတဲ့ လူတွေ ကိုယ့်သမိုင်းကိုယ့်အကြောင်းကို ရေးသားပိုင်ခွင့် ရှိရမယ်။ ဒါကို ပြည်ထောင်စု အတိုင်းအတားမှာသော်လည်းကောင်း၊ အမျိုးသားနိုင်ငံ ထူထောင်တဲ့ တနိုင်ငံစံနစ်၊ တပြည်ထောင်စု တည်ထောင်တဲ့ တိုင်းပြည်တွေမှာ ပြည်ထောင်စုအတိုင်းအတာ၊ တနိုင်ငံလုံး အတိုင်းအတာနဲ့ သင်ကြားခွင့်ပေးရမယ်ဆိုတဲ့ဟာမျိုးကို အင်မတန်မှ အားပေးနေပါတယ်။ ကိုယ့်တိုင်းပြည်မှာ history form below ဆိုတဲ့ သင်ကြားမှုမျိုး သုတေသနပြုခွင့်မျိုးကို ကျနော်တို့ မပေးဘူးဆိုရင် ကျနော်တို့ တိုင်းပြည်အတွက် အင်မတန်မှ အန္တရာယ်ကြီးမားတယ်။

ဦးကျော်ဇံသာ ။ ။ Dr. Lian H Sakhong က နိုင်ငံရေးပြောတော့ ဒီ မြန်မာနိုင်ငံမှာ အခုကတော့ အာဏာရှင် စံနစ်တို့၊ စစ်အာဏာရှင်စံနစ် တို့ တပါတီစံနစ်တွေ လက်အောက်မှာ ဘာသာရပ်တွေ သင်ကြားခွင့်၊ လွတ်လပ်ခွင့် မရှိနိုင်ဘူးဆိုတာ နားလည်ခွင့် မရှိဘူးဆိုတာ နားလည်နိုင်ပါတယ်။ ဒါပေမဲ့ ဆရာဦးအေးကျော် တို့ငယ်ငယ် ဒီမိုကရေစီခေတ်တုန်းက မြန်မာနိုင်ငံ အာဏာရှင်စံနစ်ကို မကျရောက် ခင်တုန်းကလည်း သမိုင်းက ဒီလိုပုံစံရှိခဲ့တော့ ဘယ်သူကို အပြစ်ပြောရမလဲ။

ဒေါက်တာအေးကျော် ။ ။ အဲဒီကြတော့ ကျနော်တို့ နိုင်ငံရဲ့ အမျိုးသားခေါင်းဆောင်တွေနဲ့ ဆိုင်တယ်။ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ လည်း ဆိုင်တယ်။ ဥပမာဆိုရင် ကျနော်တို့ ရခိုင်ပြည်နယ်တောင်းတာ လွတ်လပ်ရေးနောက်ပိုင်းမှာ ပိုပြင်းထန်လာတာ တွေ့ရတယ်။ အဲဒါနဲ့ တပြိုင်တည်း လိုအပ်တဲ့ ရခိုင်သမိုင်းကို ရခိုင်မှာ သင်ရမယ်။ ရခိုင်စာကို ရခိုင်မှာ သင်ရမယ်ဆိုတဲ့ အယူအဆဟာ ကျနော်တို့ မှေးမှိန်နေတဲ့ အချိန်ကာလဖြစ်နေတယ်။ အဲဒါကြောင့် ဒီကိစ္စဟာ ကျနော်တို့ ထင်ထင်ရှားရှား တင်တင်ပိုပို မပြောတာဖြစ်တယ်။ အမှန်အားဖြင့် အဓိက ကျတာက ဆရာပြောတဲ့အတိုင်း အားလုံးပြည်ထောင်စုဖြစ်ဖို့အတွက် အားလုံးသမိုင်းကို bottom ကစပြီး သင်ပေးရမယ်။

XS
SM
MD
LG