ဒီတပတ် မြန်မာ့ရေးရာ သတင်းသုံးသပ်ချက်ကဏ္ဍမှာ ဦးကျော်ဇံသာ က လာမယ့် နိုဝင်ဘာလ (၇) ရက်နေ့မှာ စစ်အစိုးရကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် ပြည်တွင်း ပြည်ပ သတင်းမီဒီယာ သတင်းရယူခွင့် ပိတ်ပင်ခံရမှုအပေါ် မြန်မာ့သတင်း သမဂ္ဂ ဥက္ကဋ္ဌ ဦးမောင်မောင်မြင့် နဲ့ ယူစီ ဘက္ကလေ (University of California, Berkeley) တက္ကသိုလ်မှာ သတင်းစာပညာ လေ့လာသင်ကြားနေသူ ကိုမင်းဇင် တို့ကို ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ နှစ်ပေါင်း (၂၀) အတွင်းမှာ လုပ်မယ့် ရွေးကောက်ပွဲ၊ တပါတီ အာဏာရှင်စနစ်ကနေ ပါတီစုံ ဒီမိုကရေစီစနစ်ကို ပြောင်းလဲမယ်ဆိုတဲ့ ရွေးကောက်ပွဲ.. မြန်မာနိုင်ငံသမိုင်းအတွက် အင်မတန်မှ အရေးပါတဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။ ဒီလို သမိုင်းမှာ အရေးကြီးတဲ့ ရွေးကောက်ပွဲဖြစ်ကြောင်းကိုလည်း ရွေးကောက်ပွဲကျင်းပပေးမယ့် ကာယကံရှင် စစ်အစိုးရကလည်း ထပ်ခါတလဲလဲ ပြောဆိုနေပါတယ်။ ဒါပေမဲ့လည်း ဒီ ရွေးကောက်ပွဲကို စောင့်ကြည့်ဖို့၊ လေ့လာဖို့၊ ရွေးကောက်ပွဲအတွက် သတင်းယူဖို့အတွက် ပြည်ပသတင်းထောက်တွေကို လက်မခံဘူး၊ ဒါတွင်မက ပြည်တွင်းသတင်းထောက်တွေကိုလည်း ဘယ်ပုံဘယ်နည်း သတင်းယူရမယ်ဆိုတာကိုလည်း ဘာမှညွှန်ကြားချက် မရှိဘူးဆိုတာကို သိရှိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဦးမောင်မောင်မြင့် မြန်မာသတင်း သမဂ္ဂမှ ဘယ်လိုများ တုံ့ပြန်ပြောကြားလိုပါသလဲ။
ဦးမောင်မောင်မြင့် ။ ။ အရှင်းဆုံးတခုအနေနဲ့ကတော့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲလုပ်မယ့် ကိစ္စ အင်မတန် အရေးကြီးတဲ့ကိစ္စမှာ နိုင်ငံတကာက စောင့်ကြည့်လေ့လာသူတွေကိုလည်း ပေးမဝင်ဘူး၊ နိုင်ငံတကာက မီဒီယာတွေကိုလည်း ပေးမဝင်ဘူးဆိုတော့ ကျနော်တို့အနေနဲ့ ပထမဦးဆုံး သံသယဖြစ်မိတာက စစ်အစိုးရအနေနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့၊ လုပ်ထုံလုပ်နည်းနဲ့ ပတ်သက်ပြီးတော ဘယ်လိုဆောင်ရွက်တယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ သူတို့မှာ ဖုံးကွယ်စရာ တခုတလေ ရှိနေသလားလို့ ကျနော်အနေနဲ့ ပထမဦးဆုံး မြင်ဖူးပါတယ်။
ဦးကျော်ဇံသာ ။ ။ ဖုံးကွယ်စရာ ရှိတာ မရှိတာထက် သူတို့က ရွေးကောက်ပွဲလုပ်မယ်ဆိုကတည်းက နိုင်အောင် အပိုင် တွက်ထားပြီး ဖြစ်တယ်။ သူတို့ကို စိန်ခေါ်နိုင်တယ်လို့ လူတိုင်းသိထားတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကလည်း မပြိုင်ဘူး။ အဲဒီအပြင် ကျန်ပါတီတွေ အတွက်လည်း ငွေကြေးအင်အား၊ အချိန်ကန့်သတ်မှုတွေ အများကြီးလုပ်ထားတော့ စစ်အစိုးရ လိုလားတဲ့ ကြံ့ဖွံ့ပါတီကို ယှဉ်ပြိုင် နိုင် လောက်တဲ့ အင်အားလည်း ဘယ်ပါတီမှလည်း မရှိပါဘူး။ ဒါကိုတောင် သူတို့ ဘာတွေ ဖုံးကွယ်စရာရှိသလဲ - ကိုမင်းဇင် သဘောထား နည်းနည်း စပြောပါ။
ကိုမင်းဇင် ။ ။ အခုနပြောသလို လုပ်ထုံးလုပ်နည်းပိုင်းဆိုင်ရာကိစ္စတွေ၊ ဒီမိုကရေစီ မူပိုင်းဆိုင်ရာကိစ္စတွေတော့ ဒါ ပြောင်ကျကျ ချိုးဖောက်မှု တခု ဖြစ်ပါတယ်။ ဒါပေမဲ့ အခုနက ဘာကြောင့် လုပ်ရသလဲ။ အာဏာရှင်နိုင်ငံတွေ၊ အာဏာရှင်တပိုင်း နိုင်ငံတွေ အကုန်လုံး လိုလိုက ဒီမိုကရေစီစနစ်ကို ပြောင်းလဲမယ်ဆိုရင် အနည်းနဲ့အများဆိုသလို သနပ်ခါးလိမ်းတာ၊ ပန်းပန်ထားတာ လူမြင်ကောင်းအောင် ကြည့်ကောင်းရှုကောင်းအောင် လုပ်ကြပါတယ်။ အဲဒီလို လုပ်ကြခြင်းဖြင့် နိုင်ငံတကာရဲ့ ထောက်ခံမှုရအောင် လုပ်ကြပါတယ်။ ဗမာပြည်က ရွေးကောက်ပွဲဆိုရင် အင်မတန်မှ အားလုံးက မတရားဘူး၊ မမျှတဘူး ပြောနေတောင်မှ အမေရိကန်နိုင်ငံမျိုးကအစ ရွေးကောက်ပွဲ ပြီးရင်တော့ ကောင်းနိုးကောင်းနိုးဆိုပြီး မျှော်လင့်တာကို လူသိထင်ရှား ပြောနေတာတွေ ရှိနေပါတယ်။ အဲဒီလို အခြေအနေမှာတောင်မှ ဗမာစစ်တပ်က ဘယ်လိုဖြစ်နေသလည်းဆိုရင် ဥပမာ ၉၀ ရွေးကောက်ပွဲတုန်းကဆိုရင် တစုံတရာ နိုင်ငံတကာ မီဒီယာတွေကို ခွင့်ပြုတာ ရှိတယ်။ ဗမာနိုင်ငံမှာတင်မကဘူး နိုင်ငံတကာ အီရန်လိုနိုင်ငံမျိုးမှာတောင် ခွင့်ပြုတယ်။ ကျနော်ဆိုလိုတာက ခွင့်ပြုတယ်ဆိုတဲ့နေရာမှာ အကန့်အသတ်နဲ့ သတင်းထောက်တွေ ဘယ်နေရာကို မသွားရဘူး၊ ဘယ်နေရာပဲ သွားရမယ်။ အဲဒီလောက် ခွင့်ပြုရင်တောင် အနည်းနဲ့ အများဆိုသလို သနပ်ခါးလိမ်းတာ၊ ပန်းပန်တာဆိုတဲ့ အနေအထားမျိုးကို သူတို့ ဖန်တီးနိုင်ပါတယ်။ အခု အနေအထားက ဘာဆိုမှ ခွင့်မပြုဘဲ။ ဘာမှ မပြောင်းလဲဘဲ ဒီမျက်နှာ နဲ့ ဒီရုပ်နဲ့ ဆက်အုပ်ချုပ်မယ်။ ငါတို့မှာ ငါတို့ လုံလောက်တာတွေ အကုန်ရှိနေလို့ ပြောတဲ့ သဘောမျိုးက သူတို့ မလုံခြုံတဲ့ သဘောကို ပြတယ့် သဘောဖြစ်ပါတယ်။ သူတို့ စိတ်ထဲမှာ ဒီ ရွေးကောက်မှာ ခြေချော်လက်ချော် တခုခု ဖြစ်သွားမှာ၊ အတိမ်အစောင်း ဖြစ်သွားမှာ။ ဒီလောက်အပိုင်း နည်းနာတွေ၊ ဥပဒေနည်းနာတွေနဲ့ ချုပ်ထားတယ်၊ အခြေခံဥပဒေနဲ့လည်း အပိုင်ချုပ်ထားတယ်၊ ဓနအင်အား ငွေအင်အားနဲ့လည်း အပိုင်ချုပ်ထားတယ်။ ကြားထဲမှာ လူမိုက်လူရမ်းကားတွေနဲ့လည်း ချုပ်ထားတယ်။ ဒီကြားထဲမှာ အစိုးရိမ်လွန်ပြီး ဒီလို လုပ်တာ၊ တားမြစ်တာလို့ ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ကိုမင်းဇင် ပြောသလိုပါပဲ။ တကယ်တော့ ဒီနေရာမှာ အခွင့်ကောင်း၊ နံမည်ကောင်း ယူသင့်တာပေ့ါ။ နိုင်ငံတကာမှာ တရားမျှတ၍ လွတ်လပ်သော ရွေးကောက်ပွဲဖြစ်ပါတယ်။ မယုံရင်လာကြည့်။ ဘာကြောင့်လည်းဆိုတော့ နိုင်အောင် အပိုင်တွက်ပြီးသာ ဒါကိုပဲ ပြစရာရှိတာကိုတောင် သူတို့ မပြရဲဘူးဆိုရင် - ဦးမောင်မောင်မြင့်အနေနဲ့ ဘယ်လိုသဘောရပါသလဲ။ သူတို့ စိတ်ထဲမှာ ဘာများ မလုံခြုံစရာ ရှိသလဲ။
ဦးမောင်မောင်မြင့် ။ ။ မလုံခြုံဘူးဆိုတဲ့ အဓိပ္ပါယ်က စောစောက ကိုမင်းဇင် ထောက်ပြသွားတဲ့အတိုင်း သူတို့မှာက အင်နဲ့ အားနဲ့ ဖိပြီးတော့ နိုင်အောင် ကြိုးစားနေတဲ့ကိစ္စ။ အဲဒီ နိုင်အောင်ကြိုးစားနေတဲ့ကိစ္စမှာလည်း ဥပဒေချိုးဖောက်တာတွေကလည်း အများကြီး ရှိပြီးသား။ အဲဒီကာလမှာ အခုဆိုကြပါစို့ သူတို့ကြေညာတယ် - မဲရုံတွေမှာ သွားပြီးတော့ သတင်းသမားတွေက ဓါတ်ပုံရိုက်ခွင့် မရှိဘူးဆိုတာမျိုး။ သတင်းသမားကိုတောင် ပေးဝင်ခွင့် ပေးချင်မှပေးမယ့် ပုံစံမျိုး။ ဒါ ပြည်တွင်းသမားကို ပြောတာ။ အဲဒီလောက်အထိ သူတို့က ထိန်းချုပ်ထားမယ့် အနေအထားရှိတယ်။ အဲဒါရဲ့ စောစောက အဓိကဟာကတော့ မလုံခြုံမှုကလည်း တပိုင်းပါသလို သူတို့အနေနဲ့က နိုင်ငံတကာ အသိုင်းအဝိုင်းကို ဂရုမစိုက်ဘူးဆိုတဲ့ အပိုင်းကလည်း တပိုင်းပါတယ်။ စောစောကပြောသလို အမေရိကန်အစိုးရကိုယ်တိုင်က ရွေးကောက်ပွဲပြီးရင် ကောင်းလာမလား။ ရွေးကောက်ပွဲပြီးရင် ရလာမယ့် အစိုးရနဲ့ ဆက်ဆံကောင်း ဆက်ဆံမယ်ဆိုတဲ့ လေသံတွေ ပစ်နေသလို။ ကုလသမဂ္ဂကလည်း ဘာမှ တတ်နိုင်တဲ့ အနေအထားမရှိဘူးဆိုတာကို မြင်ပုံရတယ်။ အဲဒါကြောင့်လည်း သူတို့က အခုလိုမျိုး လက်ရဲဇတ်ရဲ လုပ်နေတာလို့ မြင်တယ်။
ဦးကျော်ဇံသာ ။ ။ တဖက်ကကြည့်ရင် မြန်မာနိုင်ငံ စစ်အစိုးရဟာ သတင်းလွတ်လပ်ခွင့်ကို တန်းဖိုးမထားတတ်ဘူးက တပိုင်း။ နိုင်ငံတကာ မီဒီယာနဲ့ ဆက်ဆံဘူးတဲ့ အတွေ့အကြုံ မရှိဘူး။ ဆိုတော့ နိုင်ငံတကာ မီဒီယာကို သူတို့ အလိုလို ကြောက်နေတာ။ ကြောက်စရာမလိုဘဲနဲ့ အကြောက်လွန်နေတာမျိုး မဖြစ်နေဘူးလား။
ဦးမင်းဇင် ။ ။ နိုင်ငံတကာ မီဒီယာနဲ့ ပတ်သက်လို့ ရှိရင်တော့ ဗိုလ်ချုပ်ခင်ညွှန့်လက်ထက်တုန်းကတော့ ပိုပြီးတော့ နိုင်ငံတကာ မီဒီယာကို ကျင်ကျင်လည်လည် သူတို့ အသုံးချနိုင်တာ၊ ကိုင်တွယ်တာတွေ ရှိပါတယ်။ အဲဒီတော့ နိုင်ငံတကာ မီဒီယာနဲ့ ပတ်သက်ရင် ဗိုလ်ချုပ်ခင်ညွှန့် ပြုတ်ပြီးနောက်ပိုင်းမှာ စစ်တပ်က တော်တော်လေးကို တုံးတုံးအအ ကိုင်တွယ်တာကို တွေ့ရပါတယ်။ ကျနော်အထင် နိုင်ငံတကာ မီဒီယာကို ကြောက်တာအပြင် ဗမာပြည်မှာက ၈၈ က ဖြစ်ခဲ့တဲ့ အတွေ့အကြုံတွေ၊ နိုင်ငံတကာမှာ ဆိုဗီယက် ယူနီယံ နဲ့ တကမ္ဘာလုံးမှာ ဒီမိုကရေစီ လှုပ်ရှားမှုက တွေ့တဲ့ အတွေ့အကြုံတခုက ဘာလဲဆိုတော့ ဗိုလ်ချုပ်သန်းရွှေ ကလည်း အဲဒီ သင်ခန်းစာကို ယူပုံရပါတယ်။ အဲဒါ ဘာလဲ ဆိုတော့ လူတွေ စိတ်ထဲမှာ အပြောင်းအလဲ ဖြစ်လာမယ်ဆိုတဲ့ မျှော်လင့်ချက်မျိုး၊ ခံစားချက်မျိုး၊ ဖြစ်နိုးနိုး လာနိုးနိုးဆိုတဲ့ အဲဒီလို မျှော်လင့်ချက်မျိုး ဖြစ်လာလို့ရှိရင် လူတွေ စိတ်ထဲမှာ အားတတ်လာမယ်။ အားတတ်လာပြီးတော့ ရသမျှ အခွင့်အရေးလေး၊ နည်းနည်းလေး ပွင့်။ ပွင့်တဲ့ အခွင့်အရေးကို ယူပြီးတော့ အသုံးချမယ်။ အဲဒီ အသုံးချရင် မမျှော်လင့်ဘဲ ပြိုလဲနိုင်တယ်။ အဲဒီလို အပြိုမခံနိုင်ဘူး။ အဲဒီလို မပြိုအောင် ခြေလှမ်းတိုင်ကို အပ်ချမှတ်ချ ထောင့်စိအောင် ထိန်းချုပ်သွားရမယ်လို့။ လူတွေကို ဘာမှ မျှော်လင့်မနေနဲ့ ဘာမှ အကဲစမ်းဖို့ မကြိုစားနဲ့၊ နိုင်ငံခြားသား တယောက်လာလို့ အဲဒီ နိုင်ငံခြားသားကို သွားသတင်းပေးလိုက်မယ်။ အဲဒီ သတင်းပေးလိုက်လို့ ပြောင်းလဲ သွားမယ် ဆိုတဲ့ စိတ်ကူးမယဉ်နဲ့။ အဲဒီလိုပေါ့ လူတွေ လူထုဘက်က အကဲစမ်းလာမှာ။ လူထုက ရသမျှ အခွင့်အရေးကို ဆီလို အပေါက်ရှာပြီးတော့ အဲဒီ အမှိုက်ကစ ပြသာဒ်မီးလောင် ဖြစ်မှာကို ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အပါအဝင် စစ်ခေါင်းဆောင်များ အလွန် ကြောက်တယ်လို့ ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ကျနော်တို့ နိုင်ငံတကာ မီဒီယာဆိုရင်လည်း ကျနော်ကိုယ်တိုင်လည်း မြန်မာနိုင်ငံကို သွားပြီး သတင်းယူခဲ့ဘူးတာတွေ သူတို့ ခွင့်ပြုချက်နဲ့ တခါတလေ ကြုံခဲ့ဘူးတယ်။ ကျနော်တို့က မဟုတ်တာကို ပြည်သူတွေကို ဆွပေးဖို့သော်လည်းကောင်း၊ မဟုတ်တာကို ပြောဖို့သော်လည်းကောင်း၊ အချက်အလက်ကို ချဲ့ကားဖို့သော်လည်းကောင်း လုံးဝ ရည်ရွယ်ချက် မရှိကြပါဘူး။ ကျန်တဲ့ နိုင်ငံတကာ မီဒီယာဆိုတာလည်း တကယ့် professional journalist တွေပဲ။ ဒီလူတွေကလည်း မဟုတ်တာကို ဘယ်လိုမှ ပြောမှာ မဟုတ်ဘူး။ အမှန်တကယ် ဖြစ်ပျက်နေတဲ့ မြင်ကွင်းကိုပဲ အစီရင်ခံကြမှာ၊ သတင်းပို့ကြမှာ ဖြစ်ပါတယ်။ တကယ်လို့သာ သူတို့ ရိုးရိုးသားသား လုပ်မယ်။ ရိုးသားစွာ သူတို့ ဥပဒေဘောင်အတွင်းကနေ နိုင်အောင်လုပ်ထားပြီး ဥပဒေဘောင်အတွင်းကနေ ရိုးရိုးသားသား လုပ်မယ်ဆိုရင် သူတို့ ဘာများကြောက်စရာ ရှိပါသလဲ။ ဦးမောင်မောင်မြင့် က ဒီကိစ္စကို ဘယ်လိုမြင်ပါသလဲ။
ဦးမောင်မောင်မြင့် ။ ။ ရိုးရိုးသားသား ကိစ္စကိုယ်၌ကိုက သူတို့မှာ ကြောက်စရာ ဖြစ်နေပါတယ်။ ကျနော်တို့ မီဒီယာသမားတွေအနေနဲ့က ဒီသတင်းမှန်သမျှကို မြင်တဲ့အတိုင်း ရိုးရိုးသားသား သတင်းပို့မယ်ဆိုရင်၊ သတင်းရေးမယ်ဆိုရင်ကို သူတို့အတွက်က ပြဿနာ ရှိနေ ပါတယ်။ ဘာကြောင့်လဲဆို သူတို့က မရိုးသားလို့ပါဘဲ။ အခုလောလောဆယ် အနေထား ရွေးကောက်ပွဲ မတိုင်ခင် အခုအချိန်အထိ အနေအထားကို ကြည့်ရင် စစ်အစိုးရအနေနဲ့ ရိုးသားမှု လုံးဝမရှိဘူး။ စစ်အစိုးရအနေနဲ့ ဒိုင်းလူကြီးနေရာကနေ လုပ်တဲ့ရွေးကောက်ပွဲ မဟုတ်ဘဲနဲ့ လက်ရှိ အစိုးရနဲ့ အတိုက်အခံပါတီ သေးသေးလေးတွေနဲ့ ပြိုင်တဲ့ အနေအထား။ အဲဒီ အနေအထားကိုမှာပင် သူတို့အနေနဲ့ ရိုးသားမှု ကင်းမဲ့နေပြီး နည်းပေါင်းစုံနဲ့ ညစ်တာတွေကို တွေ့နေရပါတယ်။ ဒါတွေကို ပြည်တွင်း မီဒီယာတွေကလည်း မပြောနိုင်ဘူး။ ပြည်ပ မီဒီယာတွေကလည်း ပြည်တွင်းကိုဆက်ပြီး သတင်းယူပြောပေမယ့် ဒီ သတင်းသမားတွေကိုယ်၌ ပြည်တွင်းကိုသွားပြီး ကိုယ်တိုင်ကိုယ်ကြ သွားပြီး သတင်းယူ၊ ဓါတ်ပုံရိုက်၊ ဗွီဒီယိုရိုက်တာတွေလောက် မခိုင်ပါဘူး။ အဲဒီတော့ အခုလိုမျိုး ခိုင်မာတဲ့ သက်သေသာဓကမျိုး သူတို့ မရိုးသားပါဘူးဆိုတာကို သက်သေပြနိုင်မယ့် သက်သေ သာဓကမျိုး မရအောင်လို့ အခုလို ကြိုးပမ်းနေတယ်လို့ ကျနော်မြင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ စောစောက ကိုမင်းဇင် ပြောတဲ့အထဲမှာ အီရန်လို နိုင်ငံမျိုးတောင် ခွင့်ပြုဆိုတာနဲ့ ပတ်သက်ပြီး ဦးမောင်မောင်မြင့် ကို မေးချင်ပါတယ်။ ဒီနေ့ပဲ RSF (Reporters Without Borders) သတင်းစာ လွတ်လပ်မှု ကင်းမဲ့တဲ့ နိုင်ငံတွေရဲ့ နောက်ဆုံး (၅) နိုင်ငံထဲမှာ အီရန်၊ မြန်မာ တို့ အတူတူ ပါကြတာ အီရန်မှာတောင် ခွင့်ပြုရဲရဲ့သာနဲ့ မြန်မာနိုင်ငံဟာ အီရန်လောက်တောင် ခွင့်မပြုရဲဘူးဆိုတဲ့ သဘော ဖြစ်နေတာပေါ့။
ဦးမောင်မောင်မြင့် ။ ။ ဟုတ်ပါတယ်။ တခုရှိတာကတော့ အီရန်နဲ့ မြန်မာနိုင်ငံ ကွာတဲ့ တချို့အချက်တွေ ရှိပါတယ်။ ဘာကြောင့်လည်းဆို ဒီ နယ်ခြားမဲ့ သတင်းထောက်များအဖွဲ့ အနေနဲ့က ဒီ စစ်တမ်းကို ကောက်ယူတဲ့အခါကြတော့ အချက်အလက်ပေါင်းများစွာကို ယူပါတယ်။ အဲဒီအထဲမှာ အဓိကကျတဲ့ အချက်တခုက ဘာလဲဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ public media လူထုနဲ့ ပတ်သက်တဲ့ မီဒီယာတွေ မှန်သမျှကို စစ်အစိုးရက လုံးဝ ထိန်းချုပ်ထားတဲ့အချက်။ နောက်တခုက ပုဂ္ဂလိက မီဒီယာတွေကိုလည်း မီဒီယာ သဘောထက် ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ အဲဒါတွေကိုလည်း စစ်အစိုးရအနေနဲ့က သတင်းဆင်ဆာဘုတ်နဲ့ လုံးဝ တိတိကျကျ ထိန်းချုပ်ထားတဲ့အချက်။ အဲဒါတွေလည်း ပါပါတယ်။ သို့သော်လည်း သတင်းသမားတွေကို အကျဉ်းချတဲ့နေရာ၊ ဘလော့ဂါတွေကို ဖမ်းဆီးတဲ့နေရာ၊ နှိပ်စက်တဲ့နေရာတွေမှာတော့ စစ်အစိုးရ နဲ့ အီရန်အစိုးရတို့ကတော့ အတူတူပါပဲ။
ဦးကျော်ဇံသာ ။ ။ စောစောက ကိုမင်းဇင် ပြောသွားတဲ့အထဲမှာ အမေရိကန်အစိုးရသောမှ ရွေးကောက်ပွဲပြီးရင် တစုံတခု လမ်းစ ပေါ်မလား ဆိုတဲ့ မျှော်လင့်ချက်ထားတယ်ဆိုတာကို ကျနော်လည်း သတိထားမိပါတယ်။ အခုလို သတင်းလွတ်လပ်ခွင့် လုံးဝမရှိဘဲနဲ့ အမှောင်ချ ပြီးတော့ ပြုလုပ်မယ့် ရွေးကောက်ပွဲ ဖြစ်သွားပြီဆိုရင်ကော အဲဒီ ရွေးကောက်ပွဲ အခင်းအကျင်း၊ ရွေးကောက်ပွဲ ကျင်းပတဲ့ စရိုက်ကြောင့် အမေရိကန်နိုင်ငံရဲ့ သဘောထား တစုံတရာ ပြောင်းလာနိုင်မယ် ထင်ပါသလား။
ကိုမင်းဇင် ။ ။ ကျနော်ထင်တာကတော့ အဲဒီ မျှော်လင့်ချက်တွေ အကုန်လုံးက အခြေခံဥပဒေက မတရားဘူး၊ ရွေးကောက်ပွဲ ဥပဒေက မတရားဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီ နေ့မှာတော့ အဲဒီတရက်တော့ လွတ်လပ်ပြီး မျှတနိုင်ကောင်းရဲ့ အပေါ်မှာ အခြေခံပြီးတော့ အဲဒီလိုမျိုး တွေးဆကြတာ ဖြစ်ပါတယ်။ အခု ဒီလိုမျိုး မီဒီယာတွေကို ပိတ်ပင်လိုက်တယ် ဆိုရင် အဲဒီတရက်တော့ မျှတနိုင်ကောင်းရဲ့ ဆိုတဲ့ မျှော်လင့်ချက်သည်ပင် အစစအရာရာ အစိတ်စိတ် ပြိုကွဲသလိုဖြစ်သွားတဲ့ အတွက်ကြောင့်မို့ ဒီလိုမျိုး ရုပ်ပျက်ဆင်းပျက် ဖြစ်တဲ့ အနေအထားမျိုးမှာတော့ နိုင်ငံတကာဘက်ကနေပြီးတော့ အပြုသဘောဆောင် အပေါင်းလက္ခဏာဆောင်ပြီး ကျနော်တို့ ကြိုဆိုဖို့၊ ရွေးကောက်ပွဲကို အပြုသဘောဆောင်ပြီး မျှော်လင့်ချက်ထားဖို့ ပိုပိုပြီး ခက်လာမယ်လို့ ထင်ပါတယ်။
ဦးမောင်မောင်မြင့် ။ ။ နောက်တခု ကျနော် ကြားဖြတ်ပြီး ပြောပါရစေ။ စောစောက ကိုမင်းဇင် ထောက်ပြသွားသလို အမေရိကန်အစိုးရကပဲ နောက်ဆုံးမျှော်လင့်ချက်ကလေးကို သူတို့အနေနဲ့ သံတမန်စကားတွေ ပြောတယ်။ စစ်အစိုးရအနေနဲ့ သူတို့ပြောထားတာ ရှိတယ်။ မြန်မာနိုင်ငံမှာ သံရုံးတွေရှိတယ်။ အဲဒီ သံရုံးတွေက ရွေးကောက်ပွဲကို စောင့်ကြည့်နိုင်တယ်လို့ ပြောတယ်။ ဥပမာ တခုပြရရင် ဂျပန်သံရုံး အနေနဲ့က နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေနဲ့ တွေ့ဖို့အတွက်ဆိုပြီး ရွေးကောက်ပွဲကော်မရှင်ကို သူတို့ လျှောက်လွှာတင် ထားရတယ်။ လျှောက်လွှာတင်ထားပြီး သုံးလ ကြာတဲ့အထိ သူတို့ တွေ့ချင်တဲ့လူတချို့ကို ပေးမတွေ့ဘူး။ ဒါမျိုးတွေ ရှိတယ်။ ဆိုလိုတာက စစ်အစိုးရ အနေနဲ့ သူတို့သတင်းစာ ရှင်းလင်းပွဲမှာ ဘာပဲပြောနေပြောနေ တကယ်တမ်း လက်တွေ့ဖြစ်နေတာက သူတို့ပြောနေတာနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။