သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တွင်း သတင်းမီဒီယာ လွတ်လပ်လာမှု ရှိမရှိ


ပြည်တွင်း သတင်းမီဒီယာ လွတ်လပ်လာမှု ရှိမရှိ
ပြည်တွင်း သတင်းမီဒီယာ လွတ်လပ်လာမှု ရှိမရှိ

ဒီတပတ် မြန်မာ့အရေးသုံးသပ်ချက်အစီအစဉ်မှာ မြန်မာနိုင်ငံမှာ သတင်းရေးသားမှုအပါအဝင် မီဒီယာလွတ်လပ်ခွင့် အလားအလာ ဘယ်လိုရှိနေပါသလဲ။ စစ်မှန်တဲ့ မီဒီယာလွတ်လပ်ခွင့် တကယ်ပဲ ရရှိလာနိုင်မလား စတဲ့အချက်၊ အကြောင်းအရာတွေကို စာရေးဆရာ မောင်သာမည၊ ဗွီအိုအေ မြန်မာသတင်းဌာနမှ မရေးလိုက်ရသော သတင်းများကဏ္ဍကို စီစဉ်ထုတ်လွှင့်နေသူ မသင်းသီရိ တို့နဲ့ ဦးကျော်ဇံသာ က ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံး ဆရာသာမည ခင်များ ကျနော် အချက် (၃) ချက်ကို အဓိကထားပြီး တိုင်းတာပြောလိုပါတယ်။ နံပတ်တစ် က စာပေစီစစ်ရေး။ ဆရာတို့ စာရေးဆရာတွေက စာပေကင်ပေတိုင် လို့ ခေါ်ခဲ့တဲ့အဖွဲ့။ အခုလည်းပဲ ခေါ်သေးလာတော့ ကျနော်မသိဘူး။ အဲဒီ စာပေစီစစ်ရေးမှာ ထုတ်ဝေပြီးတော့မှ စီစစ်ရေးကို တင်ပြဖို့လိုအပ်တယ်ဆိုတဲ့ အဆင့်ကို ရောက်လာပြီ။ အရင်တုန်းကတော့ မထုတ်ဝေခင် ကြိုတင်ခွင့်ပြုချက်ရယူရတယ်ဆိုတဲ့ တင်ထုတ်စနစ်ကနေ ထုတ်တင်စနစ်ကို ရောက်သွားပြီလို့ ဆိုကြပါတယ်။ အဲဒီအချက်ကို သုံးသပ်စေချင်ပါတယ်။ ဒုတိယအချက်ကတော့ သတင်းဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး ဘယ်လောက်လွတ်လွတ်လပ်လပ် ရေးသားခွင့်ရှိလာပြီလဲ။ တချို့ကတော့ ထောက်ပြနေတယ် ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံတွေပါလာပြီ ဘာညာဆိုတာ အကြမ်းဖျဉ်းပြောရရင် အဲဒီလောက်တော့ ကြားရတယ်။ အဲဒါ ဘယ်လောက်နက်နက်ရှိုင်းရှိုင်းရှိလာပြီလဲဆိုတဲ့ အချက်။ နောက်တချက်က မြန်မာအာဏာပိုင်တွေ၊ ဝန်ကြီးတွေ ပြည်ပမီဒီယာတွေကို အင်တာဗျူးပေးတယ်။ သတင်းလွတ်လပ်ခွင့်အတွက် ပေးနေတယ်ဆိုပြီး သူတို့ကိုယ်တိုင်လည်း ပြောနေကြတယ်။ ဒါဟာ သတင်းလွတ်လပ်ခွင့်အတွက် တိုင်းတာစရာအချက်လားဆိုတဲ့ အဲဒီ (၃) ချက် ဖြစ်ပါတယ်။ အဲဒီတော့ စာပေစီစစ်ရေး၊ သတင်းအရေးအသား နဲ့ အာဏာပိုင်တွေ အင်တာဗျူးပေးတဲ့ဆိုတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ ပထမဦးဆုံး ကျနော်တို့ စာပေစီစစ်ရေးကိစ္စကို ပြောကြပါမယ်။ ဆရာသာမည ဘယ်လိုမြင်ပါသလဲ။ အခု မြန်မာနိုင်ငံမှာ စာပေစီစစ်ရေးဟာ အရင်ထက် လွတ်လပ်လာပြီလို့ ယူဆပါသလား။

မောင်သာမည ။ ။ ဒါက ကျနော်ထင်တယ် စာပေစီစစ်ရေး ရှိနေသေးတဲ့အတွက်ကြောင့် လွတ်လပ်ခွင့်ဆိုတာတော့ မရှိသေးဘူး။ သို့သော်လည်း အရင်တုန်းကဆိုရင်တော့ စာမူအဆင့်မှာပဲ သူတို့ဆီမှာ တင်ရတယ်။ သူတို့က ပုံနှိပ်ခွင့်ပြုတယ်။ ပုံနှိပ်ပြီးရင် ကျနော်တို့က ဘာလုပ်ရသလဲဆိုရင် အဲဒါကို ထုတ်ဝေဖြန့်ချီခွင့်ဆိုတာ တင်ရတယ်။ အဲဒါရပြီးမှ စာအုပ်ဆိုင်တွေကို ဖြန့်လို့ရတယ်။ အခုတော့ ထုတ်ပြီးမှ တင်တဲ့စနစ်ဆိုတော့ မြန်လာတဲ့ပုံ ရှိတာပေါ့။ ဒါပေမဲ့ အဲဒီမှာ သူတို့က စစ်မယ်ဆိုတော့ ထုတ်ရတဲ့သူအနေနဲ့ တော်တော်ကြီး ရင်းနှီးပြီးမှ သွားတင်ရတာ။ ဒီ print အနေအထားမှာ သွားတင်ရတယ်ဆိုတော့ သူတို့ဘက်က တခုခုများ တားဆီးမလား၊ ပိတ်ပင်မလား၊ ဖြတ်တောက်ခိုင်းမလားဆိုတဲ့ စိုးရိမ်စိတ်တော့ ရှိတယ်။ သူတို့ကိုပဲ စီစစ်ရေးအကြိုက်ကို ပြန်ကြည့်ရအုန်းမယ်ဆိုတဲ့ ပုံစံလည်းရှိတယ်။ အဲဒီတော့ ပိုပြီးတော့ စိုးရိမ်စရာတောင် ရှိလာတယ်လို့ ကျနော်ကမြင်တယ်။

ဦးကျော်ဇံသာ ။ ။ ဆရာနဲ့အတူ ဆွေးနွေးမယ့်သူကတော့ မသင်းသီရိ ဖြစ်ပါတယ်။ ကျနော်တို့ဆီက မသင်း ဟာ မရေးလိုက်ရသော သတင်းများဆိုပြီး မြန်မာနိုင်ငံအတွင်းက စာနယ်ဇင်းဆရာတွေကို အများဆုံးဆက်သွယ်နေတဲ့သူ ဖြစ်ပါတယ်။ မသင်း အနေနဲ့ ဘယ်လိုတွေ့သလဲ။ စာပေလောကသားတွေ၊ မီဒီယာသမားတွေက ပြုပြင်စနစ်ကို ပြောင်းလဲလာတဲ့နဲ့ ပတ်သက်လို့။ သူတို့ဟာ ဘယ်လောက်အထိ သက်သာခွင့်ရလာသလဲလို့ မသင်း လေ့လာမိပါသလဲ။

မသင်းသီရိ ။ ။ ထုတ်ဝေပြီးမှ ထုတ်တဲ့စနစ်မှာဖြစ်ဖြစ်။ မထုတ်ဝေခင် စာပေစီစစ်ရေးကို ကြိုတင်ရတဲ့ တင်ထုတ်စနစ်မှာပဲဖြစ်ဖြစ် စာပေစီစစ်ရေးအဖွဲ့ဆိုတာ ရှိကိုရှိဖို့ လိုနေသေးတာကို တွေ့ရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ထုတ်ဝေပြီးမှ တင်ပြရတဲ့ ထုတ်တင်စနစ်ဆိုရင်လည်း သူတို့ကလည်း နောက်မှာ ဖြစ်လာမယ့် စာနယ်ဇင်းနဲ့ ပတ်သက်တဲ့ ဥပဒေတွေ၊ အချက်အလက်တွေက စာပေစီစစ်ရေးကပဲ ကိုင်တွယ်ထားတာကို တွေ့ရတယ်။ အခုနလို တင်ထုတ်ကတော့ တင်ပြီးမှ သူတို့ မကြိုက်ရင်ဖြတ်၊ အမျိုးမျိုး အဆင့်သုံးဆင့်လောက်ကို ကျော်ဖြတ်ပြီးမှ ထုတ်ဝေတဲ့စနစ်ပေါ့။ ဘယ်လိုစနစ် နှစ်ခုစလုံးကိုကြည့်ကြည့် စာပေစီစစ်ရေးအဖွဲ့ဆိုတာ မြန်မာနိုင်ငံမှာ ရှိနေအုန်းမယ်။ ဆက်လက်ရှိနေအုန်းမယ်ဆိုတဲ့ အနေအထားမျိုး တွေ့ရပါတယ်။

ဦးကျော်ဇံသာ ။ ။ မသင်း ဆက်သွယ်တဲ့အထဲမှာ နမူနာအနေနဲ့ ထုတ်တင်စနစ် ပေါ်ပေါက်လာပြီးမှ ထုတ်ဝေပြီးမှ သူတို့မကြိုက်လို့ ပြန်ဖျက်လိုက်၊ ပိတ်လိုက်ဆိုတဲ့ သတင်းတွေကို ကြားရသေးလား။

မသင်းသီရိ ။ ။ အခုနောက်ပိုင်းမှာ ရှိတယ်။ သူတို့သတ်မှတ်ထားတဲ့ ဓါတ်ပုံထက် size အကျယ်အဝန်း ဖော်ပြမိတာ။ တခါတလေကြရင် အချပ်ပို နောက်ဆုံး update ဖြစ်တဲ့ သတင်းတွေကို ရေးတဲ့ အချပ်ပိုစာမျက်နှာတွေမှာပဲဖြစ်ဖြစ် အရှေ့ကိုတင်ပြီး ရောင်းကောင်းအောင် တင်မိတဲ့အခါမျိုးမှာ အရင်တုန်းကလို ပိတ်လိုက်တယ် မဟုတ်ဘူးဆိုပေမယ့် အရေးယူတဲ့ စနစ်အမျိုးမျိုးတော့ တွေ့ရတယ်။ ဥပမာ တပတ်ပိတ်လိုက်တာမျိုး။ နှစ်ပတ်ပိတ်လိုက်တာမျိုး အဲဒီလို အရေးယူတာမျိုးတော့ တွေ့ရတယ်။ ဒါပေမဲ့ သတ်မှတ်ချက်တွေကတော့ သူ့ဟာနဲ့သူ ရှိတုန်းပါပဲ။

ဦးကျော်ဇံသာ ။ ။ ဆရာတို့၊ မသင်းတို့ ဆွေးနွေးတာကို လေ့လာမိသလောက် သူတို့က ခြိမ်းခြောက်နေတယ်။ သြဇာအာဏာကို ပြသနေဆဲဆိုတာ ပေါ်လွှင်နေတယ်။

မောင်သာမည ။ ။ ဟုတ်တယ် ဘာပဲလုပ်လုပ် ငါတို့တော့ ရှိနေတယ်။ ငါတို့ကို မင်းတို့ ချန်ထားလို့ မရသေးဘူး။ အဲဒီသဘောမျိုးတော့ ဖြစ်နေတယ်။ Big brother ကြီးပေါ့။

ဦးကျော်ဇံသာ ။ ။ သတင်းရေးသားခွင့်၊ နေ့စဉ်ဖြစ်ပေါ်နေတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးကြရအောင်ပါ။ သတင်းဂျာနယ်တွေသာရှိတယ် ကိုယ်ပိုင်သတင်းစာ ထုတ်ဝေခွင့်တော့ မရှိသေးဘူးလို့ ကြားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဝန်ကြီးက လွှတ်တော်မှာလား။ မသင်း မှတ်မိလား။ သတင်းစာ လွတ်လပ်ခွင့်ပေးဖို့ အချိန်မတန်သေးဘူးလို့။

မသင်းသီရိ ။ ။ အချိန်မတန်သေးဘူးလို့ပြောတာ ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ စာပေစီစစ်ရေး ညွှန်ကြားရေးမှူး တယောက်ကတော့ မကြာခင် ပေးနိုင်တယ်၊ ဘာညာပြောတာလည်း ကြားပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဆရာ ရှင်းရှင်းလင်းလင်း သိပါသလဲ။ ဘာကြောင့် ဝန်ကြီးက မတန်ဘူးလို့ ပြောပါသလဲ။

မောင်သာမည ။ ။ ပြန်ကြားရေးဝန်ကြီးဟာ သူ့ရဲ့ စကားလုံးကြီးကြီးတွေနဲ့ ပြောသွားတာတွေ့ရတယ်။ စတုတ္တမဏ္ဍိုင်တို့ ဘာတို့ပေါ့။ အဲဒီတော့ စတုတ္တမဏ္ဍိုင် ကောင်းမွန်ဖို့အတွက် သူက ဘာလုပ်ရမလဲဆိုတာတွေလည်း ပြောသွားတယ်။ နောက်တခါ အစိုးရပိုင်တဲ့ မီဒီယာတွေဟာ စတုတ္ထမဏ္ဍိုင်အနေနဲ့ ခိုင်ခိုင်မာမာ ရပ်နေတယ်လို့ ပြောသွားတယ်။ အဲဒီအချက်တွေကို ကြည့်လိုက်တဲ့အခါကြတော့ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက စတုတ္ထမဏ္ဍိုင်ဆိုတာကို နားကိုမလည်းဘူးဆိုတာကို ကျနော် ကောက်ချက်ချမိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ စတုတ္ထမဏ္ဍိုင်ဆိုတာက ကျန်တဲ့မဏ္ဍိုင် (၃) ခု ကို ထိန်းကွပ်ဖို့အတွက် ပေါ်လာတဲ့ မဏ္ဍိုင်တခု။ သူက လွတ်လပ်ဖို့လိုတယ်။ ကျန်တဲ့ အုပ်ချုပ်ရေးတို့၊ ဥပဒေပြုရေးတို့ တရားစီရင်ရေးတို့ တခုခု မှားယွင်းတဲ့ဆိုရင်တောင်မှ အဲဒီ မဏ္ဍိုင်ကနေ ထုတ်ဖော်ခြင်းအားဖြင့် ထိန်းသိမ်းနိုင်တာမျိုး ဖြစ်ရမယ်။ အခု သူပြောတာက အစိုးရမီဒီယာ က စတုတ္ထမဏ္ဍိုင်မျိုး ပြောနေတယ်။ အစိုးရကိုပဲ ကောင်းကြောင်း အမြဲတမ်းပြောတယ်။ အစိုးရလုပ်တာတွေကိုပဲ ကောင်းတဲ့ဖက်က ဖော်ပြနေတာကို စတုတ္ထမဏ္ဍိုင်ဆိုတော့ ဒီ ပြန်ကြားရေးဝန်ကြီးလောက် စတုတ္ထမဏ္ဍိုင်ကို နားမလည်းတဲ့လူ ကျနော်တော့ ရှာလို့မတွေ့ဘူး။

ဦးကျော်ဇံသာ ။ ။ ဒီနေရာမှာ ကိုဇာဂနာပြောတဲ့ ဟာသ သတိရတယ်။ စတုတ္ထမဏ္ဍိုင်ဆိုတာ ဝန်ကြီးကိုယ်တိုင်ပဲတဲ့။

မောင်သာမည ။ ။ အဲဒီလို ဖြစ်နေတယ်။ တဆက်တည်း ကျနော်ပြောချင်သေးတယ် သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီးတော့ လုပ်ပေးမယ်။ အစိုးရကနေ သတင်းလိုချင်တဲ့ သတင်းထောက်တွေကို ဘယ်လိုခွင့်ပြုမယ်။ အဲဒီ သတင်းထောက်တွေက သူတို့ ရထားတဲ့သတင်းတွေကို ဘယ်လိုဖော်ပြခွင့်ပြုမယ်။ အဲဒါတွေ တခုမှ မပါဘူး။ စတုတ္ထမဏ္ဍိုင်အကြောင်း ပြောသွားတာ။ ဦးတင့်ဆွေ ကတော့ ပြောသွားဘူးတယ်။ စာပေစီစစ်ရေးမှူး … သူကတော့ ဒါ မရှိသင့်ဘူးလို့ သူ ပြောသွားတာမျိုးဆိုတော့ ရှင်းရှင်းပြောရရင်တော့ ဦးတင့်ဆွေ က ကျနော်ထင်တယ် နည်းနည်း မီဒီယာနဲ့ သတင်းလွတ်လပ်ခွင့် နဲ့ ဒီမိုကရေစီ ကူးပြောင်းရေးကို သူ နည်းနည်းတော့ နားလည်းတဲ့ပုံမျိုး ကျနော် ကောက်ချက်ချမိတယ်။

ဦးကျော်ဇံသာ ။ ။ ဂျာနယ်တွေ တိုးထုတ်လာတယ်ဆိုတော့ အဲဒီ ဂျာနယ်တွေရဲ့ သတင်းထောက်တွေအနေနဲ့ ဘယ်လောက် လွတ်လွတ်လပ်လပ် သတင်းနဲ့ ပတ်သက်ပြီး ရေးသားခွင့် ရကြတယ်လို့ ပြောကြပါသလဲ။

မသင်းသီရိ ။ ။ သတင်းသမားတွေရဲ့ စိတ်တိုင်းကျ၊ သတင်းသမားတွေရဲ့ ရေးချင်တဲ့ အတိုင်းအတာကတော့ ဘယ်သူမှ ရေးလို့မရဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဥပမာ ဒေါ်အောင်ဆန်းစုကြည် သတင်းရေးခွင့်ရလာတယ်။ အန်အယ်လ်ဒီ လှုပ်ရှားမှုသတင်း ဖော်ပြခွင့် ရလာတယ်။ ဒါတွေဟာ ကြိုဆိုတယ်၊ ပွင့်လင့်တယ်၊ တိုးတက်လာပြီဆိုတဲ့ အနေအထားမျိုး ရေးလို့ရပေမယ့် တဖက်ကနေ ဒီဖက်ကပြတဲ့ တောင်းဆိုမှုတွေမျိုး၊ ပြည်သူလူထုနဲ့ နီးစပ်သွားမယ့် အရေးအသားမျိုးတွေဆိုရင် အခုအချိန်အထိ ထိန်းချုပ်ထားတာမျိုးရှိတယ်။ ဥပမာ ကချင်၊ ရှမ်းဒေသတွေမှာ ဖြစ်တဲ့ တိုက်ပွဲမျိုးသတင်းတွေ။ ဒီ သတင်းတွေကို လူထုကလည်း အကုန်လုံးသိနေပြီ။ ကချင်ဆိုရင် ဒုက္ခသည်တွေဘာတွေ။ ဒီသတင်းတွေက အမျိုးမျိုး ရေဒီယိုတွေ၊ ကျန်တဲ့နေရာတွေက ကြားနေရပြီ။ ဒါပေမဲ့ အစိုးရသတင်းစာမှာ မရေးရင် ပုဂ္ဂလိကဂျာနယ်တွေက လိုက်ရေးလို့ မရတဲ့ဟာမျိုးတွေ ကျမတို့ တွေ့ရတယ်။ Even ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းကို ရေးခွင့်ရတယ်ဆိုရင်တောင်မှ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်းတွေမှာ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့စကားတွေဆိုရင် အခုထိ စာပေစီစစ်ရေးက ဖြတ်တောက်တာတွေ ရှိနေတယ်။ ဥပမာ ဒေါ်အောင်ဆန်းစုကြည် က ဟိုတလောက ကိုမင်းကိုနိုင် မွေးနေ့မှာ ပြောသွားတယ်။ ကိုမင်းကိုနိုင် လို့ သားမျိုးကို မွေးပေးတဲ့ မိဘနှစ်ပါးကို ကျေးဇူးတင်ပါတယ်ဆိုတဲ့ အရေးအသားမျိုးတွေကို ရေးခွင့်မပေးဘူး။ တခါ ရွှေဝါရောင် နှစ်ပတ်လည်တုန်းကဆိုရင် သံဃာတွေအတွက်၊ နိုင်ငံရေးအကျဉ်းသားတွေအတွက် ဆုတောင်းပွဲတွေလုပ်တယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ ဆုတောင်းတယ်ဆိုတာ ကောင်းတဲ့အလုပ်ပဲ၊ ကောင်းတဲ့အလုပ်လုပ်တာ ကောင်းတယ်ဆိုတဲ့ မှတ်ချက်လိုမျိုး။ အဲဒါမျိုးတွေကို အခုအချိန်အထိ ရေးတာကို မတွေ့ရသေးဘူး။ အထူးသဖြင့် စာပေစီစစ်ရေးမှာကလည်း တိတိကျကျ မူဝါဒတခု မရှိတာကို တွေ့ရတယ်။ တချို့ ဂျာနယ်တွေမှာ ရေးခွင့်ပေးတဲ့ ဂျာနယ်ကြတော့။ တချို့ ဂျာနယ်တွေမှာ ရေးခွင့်မပေးပြန်ဘူး။ တချို့ ဂျာနယ်မှာ ဖော်ပြခွင့်ရတဲ့ ဓါတ်ပုံကြတော့ တချို့ ဂျာနယ်တွေကြတော့ မရဘူး။ သတင်းသမားတွေ၊ သတင်းထောက်တွေကလည်း စမ်းပြီးလုပ်နေတယ်။ သူတို့ကို မေးလိုက်ရင် ကျနော်တို့ စမ်းပြီး တင်ကြည့်မယ်၊ ကျနော်တို့ လုပ်ကြည့်မယ် အမ။ အဲဒီလိုမျိုးတွေနဲ့ လုပ်နေကြတယ်။ မူဝါဒ မရှိတော့ အဲဒီအပေါ်မှာ သူတို့က ကံကိုစမ်းပြီး လုပ်နေကြတဲ့ပုံစံမျိုးတွေကို တွေ့ရပါတယ်။

ဦးကျော်ဇံသာ ။ ။ မသင်း ပြောတဲ့ ဒုတိယပိုင်းမှာဆိုရင် စာပေစီစစ်ရေး၊ စောစောကပြောတဲ့ စာပေစီစစ်ရေးမှူးက ပိုပြီးနားလည်းပုံ ရတယ်ဆိုပေမယ့် စာပေစီစစ်ရေးမှူးကလည်း ဂျာနယ်တခုနဲ့တခုအပေါ်မှာ သဘောထား မတူဘူးဆိုတဲ့သဘော တွေ့နေရပါလား။

မောင်သာမည ။ ။ ဟုတ်တယ်။ အဲဒါက သူတို့က အခြေအနေကိုကြည့်ပြီး မီးစင်ကြည့်ကနေရတဲ့ သဘောဗျ။ အခုက Media Law လား ပြဌာန်းဖို့ ကြိုးစားနေတယ်ဆိုတာကို ကြည့်ရမှာပေါ့။ အဲဒီ Media Law နဲ့ သူတို့ရဲ့ ဥပဒေအပေါ်မှာ ဘယ်လောက် ယုံကြည်မှုရှိသလဲအပေါ်မှာ မူတည်ပြီး ကျနော်တို့ရဲ့ သတင်းလွတ်လပ်ခွင့်တွေ၊ ရေးသားခွင့်တွေ အဲဒါတွေ ပေါ်လာလိမ့်မယ်လို့ ကျနော်ထင်တယ်။ မျှော်လင့်တယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီ Media Law နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ ဥပဒေတွေ ပြဌာန်းတယ်။ ဥပမာ လွတ်လပ်စွာ ဆန္ဒပြပိုင်ခွင့်ဆိုတာလည်း ဥပဒေထွက်လာတယ်။ သူတို့မှာ ဘာပါသလဲဆိုတော့ အများပြည်သူရဲ့ အကျိုးကို မထိခိုက်လျှင် ဘာမဖြစ်လျှင်ဆိုတာမျိုး။ မထိခိုက်သလား၊ ထိခိုက်သလားဆိုတာကို သူတို့က ဘယ်စံနဲ့ တိုင်းတာသလဲ။ အဲဒါ အဓိကကိစ္စပဲ။ အဲဒါကို အဓိပ္ပါယ် ဖွင့်ရမလိုဖြစ်နေတယ်။

မောင်သာမည ။ ။ သတင်းလွတ်လပ်ခွင့်မှာလည်း ကျနော် အခုနပြောတဲ့ ဗိုလ်မှူးတင့်ဆွေ၊ ဦးတင့်ဆွေ က ဒီမိုကရေစီစနစ်မှာဆိုလို့ရှိရင်တော့ စာပေစီစစ်ရေး မရှိသင့်ဘူးပြောသလို။ တခါတုန်းက သူပြောဘူးတယ် မြန်မာနိုင်ငံမှာဆိုရင် အခြေခံဥပဒေထဲက သတင်းလွတ်လပ်ခွင့်မျိုးတော့ မပေးနိုင်လောက်သေးဘူးလို့ ပြောတယ်ဗျ။ အဲဒီတော့ အခြေခံဥပဒေထဲမှာ ပါတယ်ဆိုတာတောင်မှ ပြန်စဉ်းစားကြည့် ဒီတိုင်းပြည်ရဲ့ လုံခြုံရေး၊ အေးချမ်းသာယာရေးတို့၊ အများပြည်သူရဲ့ အကျင့်စာရိတ္တ မပျက်ပြားရေးတို့ အဲဒါတွေနဲ့ ထိခိုက်မှုမရှိရင်တော့ လွတ်လပ်စွာ ရေးခွင့်ရှိတယ်။ အဲဒါတွေ ထိခိုက်ရင်တော့ လွတ်လပ်စွာ ရေးခွင့်မရှိဘူးဆိုပြီး အဲဒီလို ကန့်သတ်ထားတာမျိုးတွေ ရှိတယ်။ အဲဒီလို အကန့်အသတ်အောက်မှာတောင်မှ ရေးခွင့်သားခွင့်ဆိုတာက မလွယ်ဘူးဆိုတဲ့အခါကြတော့ အခုန မသင်း ပြောသွားတဲ့ စာပေစီစစ်ရေးကတော့ ဆက်ရှိနေမယ်။ နောက် သတင်းစာ လွတ်လပ်ခွင့်ဆိုတာလည်း ရှိမှာမဟုတ်ဘူး။ အထူးသဖြင့် ကျနော်တို့ တောင့်တနေတဲ့ ပုဂ္ဂလိကပိုင်တဲ့ နေ့စဉ်သတင်းစာ၊ ပုဂ္ဂလိကနေ သတင်းတွေ လွတ်လွတ်လပ်လပ် ထုတ်လုပ်ခွင့်၊ ထုတ်လွှင့်ခွင့်ရမယ့် ရေဒီယို၊ တယ်လီဗေးရှင်းတွေဆိုတာကတော့ ကျနော်ထင်တယ် ရွှေပြည်တော် မျှော်တိုင်ဝေး ဖြစ်နေအုန်းမယ် ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တချို့ကတော့ တကယ်တမ်း ဖြစ်သင့်တာကတော့ သတင်းစာ၊ တင်ထုတ်၊ ထုတ်တင်တွေ မလိုဘဲနဲ့ ဗမာပြည်ကထင်တယ်။ မသင်းဆီမှာ စာနယ်ဇင်းတယောက်က ပြောတာတွေ့ရတယ်။ ထုတ်ဝေခွင့်က လူတဦးတယောက်ရဲ့ အကျိုးစီးပွားကို ထိခိုက်နေတယ်ဆိုရင် အဲဒီ အကျိုးစီးပွားနစ်နာတဲ့လူက liable နဲ့စွဲပေ့ါ။ ဖြေရှင်းလိုက်ပေါ့။ တရားရုံးက ဖြေရှင်းလို့ရတယ်လို့ အဲဒီလို ပြောနေကြပါတယ်။

မောင်သာမည ။ ။ စာပေစီစစ်ရေးကြီး မပေါ်ခင်တုန်းက အဲဒီလိုပဲ ရှိခဲ့တယ်။ ထိန်းကွပ်မှုက တရားဥပဒေနဲ့ပဲ ထိန်းကွပ်တာပဲ။ အခုဟာက စီစစ်ရေးဆိုတဲ့ အစိုးရကို ကိုယ်စားပြုတဲ့အဖွဲ့ကနေ ကွပ်ကဲနေတာဆိုတော့ တရားဥပဒေ စိုးမိုးမှုကို လက်မခံသေးဘူးဆိုတဲ့သဘောမျိုး လက်ရှိအနေအထားက ဆောင်တယ်လို့တောင် ကျနော်မြင်တယ်။

ဦးကျော်ဇံသာ ။ ။ ကျနော်တို့ တိုင်းတာနေတာ (၃) ချက် - စာပေစီစစ်ရေးကိစ္စ၊ သတင်းရေးသားမှု လွတ်လပ်ခွင့် နဲ့ နောက်ဆုံးတချက်က အစိုးရအာဏာပိုင်အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေ၊ ဝန်ကြီးတွေ ပြည်ပမီဒီယာတွေကို အင်တာဗျူးပေးတယ်။ ဆက်သွယ်မေးမြန်းခွင့် ပြုတယ်ဆိုတာနဲ့ ပတ်သက်ပြီး။ ဒါဟာ သတင်းလွတ်လပ်ခွင့်ရဲ့ ပြရုပ်တခုလို့ တိုင်းတာမလားဆိုတာကို အကြိမ်ကြိမ်စဉ်းစားပါတယ်။ ဒါပေမဲ့ ကျနော် ဘာသွားတွေ့သလဲဆိုရင် ဂဒါးဖီလည်း အင်တာဗျူး ပေးတာပဲ။ အဲဒီ နိုင်ငံမှာ လွတ်လပ်ခွင့်ရှိသလဲဆိုတာ ပြောလို့ရမလားဆိုတာ စဉ်းစားမိပါတယ်။ ဆရာ ဘယ်လိုမြင်ပါသလဲ။ ဒီ အင်တာဗျူးတွေကို ဘယ်လိုသုံးသပ်ပါသလဲ။

မောင်သာမည ။ ။ ပြောရမယ်ဆိုရင်တော့ ဝန်ကြီးတွေ ဖြေတယ်ဆိုရာမှာလည်း အကန့်အသတ်ရှိမယ်လို့ ထင်တယ်။ မေးချင်တာမေးလို့ မရဘူး။ သူတို့က လက်ခံတယ်ဆိုတာကတော့ ဒါက ဆက်ဆံရေးအရတော့ အရင်ကထက်ဆရင် ပျော့ပျောင်းတယ်လို့ ပြောလို့ရတယ်။ ကျနော်တို့ အတွေ့အကြုံအရ ပြောရင်တော့ ကျနော်တို့ ဘန်ကောက်ကို လာခဲ့တဲ့ ဒုဝန်ကြီးတယောက်က ကျနော်တို့ကို အင်တာဗျူး ပေးဘူးပါတယ်။ သူတို့ပြောတဲ့ဆိုတဲ့ ပုံစံကလည်း သူတို့ကတော့ မီဒီယာတွေအပေါ်မှာ သဘောထား ပြောင်းပါတယ်ဆိုတဲ့ tone လေသံကိုတော့ ကျနော်တို့မှန်းလို့ရတယ်။ ဒါပေမဲ့ ကျနော်တို့က အဲဒီထက် ပိုပြီး သတင်းထပ်ယူလို့ ရနိုင်မလားဆိုတာကို ကျနော်တို့က ပိုလိုချင်တယ်။ ဥပမာဆိုပါစို့ အစိုးရအဖွဲ့ဝင်တွေ၊ ဝန်ကြီးတွေ၊ သမ္မတ စသဖြင့် သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ၊ သူတို့နဲ့ ဆက်နွှယ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ကျနော်တို့ သူတို့ကို မေးမြန်းခွင့် ရမလား။ အဲဒါမျိုးတွေပေါ့။ ဘာတုန်းဆိုတော့ သမ္မတဦးသိန်းစိန် ပြောသွားတဲ့အထဲမှာ ကောင်းမွန်တဲ့အစိုးရ၊ သန့်ရှင်းသောအစိုးရတို့ဆိုတာက ကျနော်တို့ မီဒီယာကပဲ အဲဒါကို သန့်ရှင်းအောင် လုပ်ပေးရမယ်လို့ထင်တယ်။ အဲဒီမှာ ဝန်ကြီးတွေရဲ့ ပိုင်ဆိုင်မှုတွေ၊ ဇယားတွေ အဲဒါတွေကို အခုထက်ထိ မေးလို့မရသေးဘူး။ အဲဒါတွေနဲ့ ပတ်သက်လို့ရှိရင် သူတို့ကလည်း ဘာမှ ထုတ်ပြန်တယ်ဆိုတာ တိတိကျကျ မရှိသေးဘူး။ အဲဒီ အနေအထားရောက်အောင် ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ၊ သက်ဆိုင်ရာ အစိုးရအရာရှိကြီးတွေက မီဒီယာနဲ့ ဆက်သွယ်ပြောဆို၊ လက်ခံလာပြီဆိုရင်တော့ အခုနပြောတဲ့ သတင်းယူခွင့်ဟာ လွတ်လပ်လာပြီလို့ ကျနော်တို့ ကောက်ချက်ချရမှာပေါ့။ အဲဒီအနေအထား မရောက်သေးဘဲနဲ့ သာမန်ပြောတာဆိုတာမျိုး၊ လက်ခံပြောတာမျိုးလောက်ကတော့ ဘာပြောမလဲ အနစ်သာရမရှိသေးဘူးလို့ ပြောရလိမ့်မယ်။

XS
SM
MD
LG