သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေကာတာများ နဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်ဆီးမှု


ရေကာတာများ နဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်ဆီးမှု
ရေကာတာများ နဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်ဆီးမှု

ဒီတပတ် မြန်မာ့အရေး မျက်မှောက်ရေးရာ သတင်းသုံးသပ်ချက်အစီအစဉ်မှာ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန် က မြစ်ဆုံရေကာတာ တည်ဆောက်ရေးကို ရပ်ဆိုင်းလိုက်ပြီးနောက်ပိုင်း စိုးရိမ်စရာရှိနေသေးတဲ့ သဘာဝပတ်ဝန်းကျင် အခြေအနေတွေကို ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင် ပါမောက္ခအငြိမ်းစား ဦးညိုမောင်၊ ဒေါက်တာဒေါ်လှကျော်ဇော တို့ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မြစ်ဆုံမှာ ရေကာတာတည်ဆောက်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ဒီလုပ်ဆောင်မှုကို ရပ်ဆိုင်းထားမယ်လို့ ဆိုပါတယ်။ ဒီကိစ္စကို လူတော်တော်များများက ကြိုဆိုသင့်တယ်လို့ ပြောဆိုကြပါတယ်။ ဆရာတို့လည်း ကြိုဆိုလိမ့်မယ်လို့ ထင်ပါတယ်။ ဆိုတော့ ဒီလောက်ရပ်ထားလိုက်တာနဲ့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်ပြားမှု အတော်လေးသက်သာသွားပြီးလို့ ဆိုနိုင်ပါသလား။ ရှေ့ဆက်ပြီး ဘာတွေကြည့်ရမလဲ။ ကျန်တဲ့ ရေကာတာအသေးတွေတော့ ဆောက်ခွင့်ပေးထားတယ်လို့ သိရပါတယ်။

ဦးညိုမောင် ။ ။ ကျနော်အနေနဲ့ကတော့ မြစ်ဆုံကို မဆောက်တော့ဘူးလို့ သမ္မတကြီးရဲ့ ဆုံးဖြတ်ချက်ကို ဝမ်းမြောက်ဝမ်းသား ကြိုဆိုပါတယ်။ မြစ်ဆုံတခု မဆောက်တော့ပေမယ့် တခြားနေရာတွေ လုပ်လို့ရှိရင် ဖြစ်လာမယ့် impact တွေကလည်း ရှိပါသေးတယ်။ ပတ်ဝန်းကျင် ethnic အရ လူ့ကျင့်ဝတ်အရ ဒေသခံတွေက တစုံတခုသော အကျိုးအမြတ်ကို ရရှိရမှာဖြစ်ပါတယ်။ အဲဒါကို ကျနော်တို့ ခေါ်တာကတော့ benefit sharing လို့ ခေါ်ပါတယ်။ အဲဒါကြောင့် လျှပ်စစ်ရောင်းချလို့ရတဲ့ ငွေထဲက တစုံတခုသောရာခိုင်နှုန်းကို ဒေသခံများအတွက် လူမှုစီးပွားရေး ရန်ပုံငွေ socioeconomic fund အဖြစ် စုဆောင်းထားပြီးတော့ အဲဒီ ကချင်ဒေသမှာ လူမှု့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အစီအမံတွေနဲ့ ဆောင်ရွက်သင့်ပါတယ်လို့ ကျနော်ကတော့ အကြံဉာဏ်ပေးချင်ပါတယ်။ ပြီးတော့ ကျနော်တို့က အခုဟာကတော့ CPI ကလည်း ပြောသွားပါတယ်။ သူတို့က အနှစ် (၅၀) ဒါကိုပြီးမှ မြန်မာနိုင်ငံကို လွှဲခဲ့မှာဆိုတော့ အနှစ် (၅၀) ဆိုရင် dam တခုရဲ့ သက်တမ်းဟာ ကုန်ပြီလို့ နားလည်းပါတယ်။ အဲဒါ ဒီကော်မရှင်လုပ်ရမှာ ဖြစ်နေတယ်။ အဲဒါကြောင့် ဒီဟာကိုလည်း ပြန်လည် စမ်းစစ်ဖို့ လိုပါလိမ့်မယ်။ မြစ်ဆုံ dam မဆောက်လိုက်တဲ့အတွက် မြစ်ဆုံ dam က ထွက်မယ့် လျှပ်စစ်က မီဂါဝက် - ကျနော်တို့တုန်းက ပြောထားတာကတော့ လေးထောင်တစ်ရာ လို့ ပြောထားတယ်။ အခုတော့ ခြောက်ထောင်လို့ ပြောကြတယ်။ အဲဒီဟာကို မရတော့ဘူး ထားပါတော့။ ဟိုဘက်က ကျန်တဲ့ ဆည် ခြောက်ခုကနေ ရမယ့် လျှပ်စစ်တွေက ရှိပါသေးတယ်။ အဲဒီ လျှပ်စစ်ကို ရောင်းတဲ့အခါမှာ အဲဒီ dam တွေကလည်း သက်တမ်း (၅၀) ဆိုလို့ရှိရင် ဒါကို ဒီ (၅၀) ကတော့ မဖြစ်သင့်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ တရုတ်နိုင်ငံက လာအိုမှာ ဆောက်တဲ့ dam ဆို အနှစ် (၃၀) ယူတယ်လို့ သိရပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု နိုင်ငံတွေအတော်တော်များများမှာ တိုင်းပြည်တွေဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ စွမ်းအင်တွေရရှိဖို့ သဘာဝအရင်းအမြစ်တွေကို စတေးရတဲ့ကိစ္စ ဒီနှစ်ခုဟာ ပြဿနာအဖြစ် အငြင်းပွားစရာအဖြစ် ရှိနေတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံဟာ အရှိန်အဟုန် အပြင်းထန်ဆုံးနဲ့ ကမ္ဘာပေါ်မှာ စီးပွားရေးတိုးတက်လာတဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ ဒီနိုင်ငံမှာ စီးပွားရေးတိုးတက်ဖို့အတွက် သဘာဝအရင်းအမြစ်တွေကို စတေးရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ပြဿနာဘယ်လောက်အထိ ကြီးကြီးမားမား ဖြစ်ခဲ့ဘူးပါသလဲ။

ဒေါ်လှကျော်ဇော ။ ။ သဘာဝပတ်ဝန်းကျင် ပြဿနာနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့က ပဋိပက္ခတစုံဖြစ်တယ်။ အဲဒီ ပဋိပက္ခကို ဆက်စပ်ပြီးတော့ ဖြေရှင်းကြရတာပဲ။ ဘယ်ဟာက ပိုကောင်းမလဲဆိုတာပေါ့။ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမများဘဲနဲ့ ဖွံ့ဖြိုးတိုးတက်မှု ရရှိရေးအတွက် ကြံဆကြရတာပဲ။ အဲဒီတော့ တရုတ်ပြည်မှာလည်း ပြဿနာတွေ အများကြီး ဖြစ်ပါတယ်။ ဟိုတလောတုန်းက Sichuan မြေငလျင်ကြီး လှုပ်တာတောင်မှ မြစ်ကျဉ်း (၃) သွယ်မှာ ရေကာတာကြီး ဆောက်လို့ဖြစ်တယ်ဆိုပြီး သဘာဝပတ်ဝန်းကျင်သမားတွေက တော်တော်ပဲ ပြောကြဆိုကြပါသေးတယ်။ အစိုးရကိုယ်တိုင် ရှင်းရလင်းရတာတွေ ရှိပါတယ်။ အဲဒီတော့ တရုတ်ပြည်မှာလည်း ပြဿနာတွေ အများကြီးပါ။ ဟိုတလောတုန်းက မြေပြိုပြီး လူတွေတော်တော်သေကြတယ်။ အဲဒါလည်း မြစ်တလျှောက်မှာ ဆည်တွေဆောက်တာ သိပ်များသွားလို့ မြေတွေပြိုတယ်ဆိုပြီ ပြဿနာဖြစ်ပါတယ်။ အဲဒီတော့ တရုတ်ပြည်မှာလည်း ပြဿနာတွေ တော်တော်များများ ဖြစ်နေတာ ကြားရပါတယ်။

ဦးကျော်ဇံသာ ။ ။ အခုန ဒေါ်လှကျော်ဇော ပြောတဲ့ မြစ်ကျဉ်း (၃) သွယ် ရေကာတာကြီးနဲ့ ပတ်သက်ပြီးတော့ အခုအခါမှာ အဲဒီ ရေကာတာ တည်ဆောက်ခဲ့တာနဲ့ ပတ်သက်ပြီး တရုတ်အာဏာပိုင်တွေ၊ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်ပိုင်ကတောင် ပြန်ပြီးစဉ်းစားသင့်တယ်။ နောင်တရတဲ့ သတင်းတွေ ထွက်နေတာကို ကြားသိရပါတယ်။ အဲဒါ ဘယ်လောက်မှန်ပါသလဲ။

ဒေါ်လှကျော်ဇော ။ ။ တရုတ် အစိုးရဘက်ကတော့ ဒါတွေက မဟုတ်ပါဘူးလို့ ပြန်ဖြေရှင်းတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေက တရုတ်အစိုးရကို အပြစ်တင်နေတာပါ။ တရုတ်အစိုးရကို အခုနပြောသလို ပြန်လည်ပြီးတော့ စဉ်းစားကြဖို့၊ ဘာတို့ဆိုပြီး အပြန်အလှန် အင်တာနက်ထဲမှာ ဆွေးနွေးနေကြတာ။ အဲဒါတော့ ရှိတယ်။ ဒါပေမဲ့ အစိုးရဘက်ကတော့ ခိုင်ခိုင်မာမာ ရပ်တည်နေတာက သူတို့လုပ်ဆောင်ချက်က မှန်ပါတယ်ဆိုတဲ့အကြောင်း။ ရေရှည်တိုင်းပြည်အတွက် အကျိုးရှိတယ်ဆိုတဲ့အကြောင်း အဲဒါတွေ ပြောနေတယ်။ အခုလည်း မနေကထင်တယ် တွေ့လိုက်တယ်။ သူတို့ တောင်ပိုင်းကရေတွေကို မြောက်ပိုင်းရွှေ့တဲ့ကိစ္စမှာလည်း သူတို့ ဒီလိုပဲ ဆက်လုပ်နေတာပဲ။ သဘာဝပတ်ဝန်းကျင်သမားတွေကလည်း ပြောနေတာပဲ။ လုပ်တဲ့လူကလည်း လုပ်နေတာပဲ။ သိန်းနဲ့ချီပြီး လူတွေကို ရွှေ့ပြောင်းနေတာပဲ။ တောင်ပိုင်းကရေကို မြောက်ပိုင်းရွှေ့တယ်ဆိုပြီး တူးမြောင်းတွေ ဖောက်နေတာ။ အဲဒီလမ်းမှာရှိတဲ့ လူတွေကို အကုန်လုံး နေရာဒေသပြောင်းပြီး၊ ရွှေ့ပြီး relocate လုပ်ကြတယ်။ အဲဒီကိစ္စတွေ တယ်လီဗေးရှင်းမှာ ပြနေတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ တရုတ်နိုင်ငံဟာ သူတို့နိုင်ငံမှာ ဒီလို ပြဿနာတွေရှိရသားနဲ့ ဗမာနိုင်ငံမှာလာပြီး ဧရာဝတီမြစ်ဆုံမှာ ရေကာတာကြီးတည်ဆောက်ဖို့ လုပ်တာက သူတို့ပြဿနာကို ဒီဘက် သက်သက်ပို့နေသလိုပဲ။ ဗမာပြည်ဘက်က နစ်နာတာကို မငဲ့ကွက်ဘူး။ ကိုယ်ချင်မစာ လုပ်တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်တွေက ပြောဆိုကြပါတယ်။

ဒေါ်လှကျော်ဇော ။ ။ တရုတ်ကိုတော့ ဒီလိုပဲ ဝိုင်းစွပ်စွဲနေကြတယ်လေ။ အာဖရိကတိုက်မှာလည်း ဒီလိုပဲ အပြောခံနေရတာပဲ။ အဲဒီတော့ အပြောအဆိုတော့ ခံရမှာပဲ။ တရုတ်ကလည်း သူ့နိုင်ငံကနေ အပြင်ထွက်ပြီး အဲဒီ ရင်းနှီးမြုပ်နံှမှုလုပ်တဲ့ ကုမ္မဏီတွေကိုတော့ သေသေချာချာ တောင်းဆိုတာပဲ။ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်လို့ ထိန်းသိမ်းဖို့။ အဲဒီနိုင်ငံရဲ့ တရားဥပဒေကို စောင့်ရှောက်ဖို့ ဘာဖို့ညာဖို့ သူပြောနေတာပဲ။ ဒါပေမဲ့ သူ့နိုင်ငံမှာတောင် သူမနိုင်ပါဘူး။ သူ့နိုင်ငံမှာလည်း တချို့ လုပ်ငန်းရှင်တွေက လုပ်ချင်ရာလုပ်တာပဲ။

ဦးကျော်ဇံသာ ။ ။ ဆရာဦးညိုမောင် … ဒေါ်လှကျော်ဇော ပြောအရဆိုရင်တော့ သူတို့ဆီမှာလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး အများကြီး သတိထားဆောင်ရွက်ကြတယ်။ အဓိက ပြဿနာဖြစ်နေတယ်လို့ ဆိုပါတယ်။

ဦးညိုမောင် ။ ။ ဒါကတော့ ဒီလိုရှိပါတယ်။ တရုတ်နိုင်ငံအနေနဲ့က သူတို့ရဲ့ going out strategy ခေါ်တဲ့ သံယံဇာတ ကို ပြင်ပထွက်ရှာတဲ့ဟာကို တရုတ်အစိုးရ အားပေးနေတဲ့အချိန်။ တရုတ်ကုမ္မဏီတွေကလည်း သဘာဝသံယံဇာတတွေကို တိုင်းပြည်ပြင်ပထွက်ပြီး ရှာတဲ့အချိန်နဲ့ ကျနော်တို့ကလည်း သဘာဝသံယံဇာတဖြစ်တဲ့ ကျနော်တို့ဆီကထွက်မယ့် လျှပ်စစ်ကို စီးပွားရေးအရ ရောင်းမယ်ဆိုတဲ့ idea ဖြစ်နေတဲ့အချိန်နဲ့ လာတိုက်ဆိုင်တယ်လို့ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ ကျနော်ကြားဘူးတာက တရုတ်နဲ့ မြန်မာဆိုတာ နယ်ချင်းကပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေ။ အဲဒီတော့ သဘာဝပတ်ဝန်းကျင် ယိုးယွင်းပျက်စီးမှုဆိုတာ နယ်ခြားမရှိဘူး။ ဒီဘက်နယ်စပ်မှာပဲ မိုးခေါင်ပါစေ။ သစ်တောတွေပြုန်းတီးလို့ ငါတို့နဲ့ ဘာမှမဆိုင်ဘူးလို့ အဲဒီလို့ ပစ်ထားလို့ မရဘူး။ တနေရာမှာဖြစ်ရင် အကုန်လုံး ဝိုင်းပြီးဖြစ်တာပဲဆိုတဲ့ အယူအဆမျိုး ကြားဘူးပါတယ်။ တရုတ်တွေက ဒါကို သတိမထားဘူးလား။ ဦးညိုမောင်

ဦးညိုမောင် ။ ။ ဒါက ကျနော်တို့ ပတ်ဝန်းကျင် သိပ္ပံပညာမှာ သီအိုရီအရ ရှိပြီးသာဖြစ်တဲ့အတွက် တရုတ်ပညာရှင်တွေ ဒါကို သိလိမ့်မယ်လို့ ကျနော်ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ တရုတ်ပညာရှင်တွေက ဆရာတို့နဲ့ မြစ်ဆုံကိစ္စတုန်းက သူတို့လည်း ပါတာပဲ။ သူတို့က ဘာဖြစ်လို့ ဆက်လုပ်ဖို့ စဉ်းစားသလဲ။ စီးပွားရေးသမားတွေက ထားပါတော့။

ဦးညိုမောင် ။ ။ အမြင် opinion တွေက တယောက်နဲ့တယောက် မတူနိုင်ပါဘူး။ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို စဉ်းစားတဲ့အခါမှာ လူတဦးချင်းရဲ့ ခံစားချက် feeling မတူရင်လည်း မတူနိုင်ပါဘူး။ နောက်ပြီးတော့ believe ယုံကြည်မှု။ ယုံကြည်မှု မတူရင်လည်း မတူနိုင်ပါဘူး။ နောက်တခုက မြတ်နိုးတန်းဖိုးထားမှု value မတူရင်လည်း မတူနိုင်ပါဘူး။ နောက်တခုကတော့ အကျိုးစီးပွား interest မတူလို့ရှိရင်လည်း မတူနိုင်ပါဘူး။ နောက် ပညာဉာဏ်ရည်လို့ခေါ်တဲ့ intellect မတူလို့ရှိရင်လည်း အမြင်တွေက မတူနိုင်ပါဘူး။ အဲဒီတော့ တရုတ်ပညာရှင်တွေနဲ့ ကျနော်တို့ ပညာရှင်တွေနဲ့ မတူနိုင်တာက ဘာလဲဆိုရင် သူတို့က ကျနော်တို့လို့ ခံစားချက်ရှိမှာ မဟုတ်ဘူး။ ဒါကို ကျနော် အရမ်းပြောတာ မဟုတ်ပါဘူး။ မြစ်ဆုံနားကို လေ့လာစဉ်မှာ ကျနော်ကပြောပါတယ်။ ကျနော်က မြစ်ဆုံကမ်းမှာရှိတဲ့ ဘုရားကို ငေးပြီး ကျနော့်ဘေးမှာရှိတဲ့ တရုတ်ပညာရှင်ကို ပြောပါတယ်။ ဒီ ဘုရားရေမြုပ်တဲ့အထဲ ပါသွားမှာလို့ ပြောတဲ့အခါ သူက ဘာပြောသလဲဆိုရင် - ငါတို့ မင်းတို့ဘုရားကို ပြန်ဆောက်ပေးမှာပါ။ မင်း မပူပါနဲ့။ အဲဒီဟာကို ကျနော် ဘာသိလိုက်လည်းဆိုရင် ကျနော်တို့ရဲ့ cultural value ကို သူက ဘယ်လိုမှ မခံစားနိုင်ဘူး။ ဘာဖြစ်လို့လည်းဆိုရင် သူက ဗမာမှ မဟုတ်တာ။ နောက်ပြီးတော့ ကျနော်တို့က ဘုရားအပေါ်မှာ ယုံကြည်မှု ရှိပေမယ်လို့ သူတို့က ဘယ်ယုံကြည်မှု ရှိပါမလဲ။ သူတို့က ဘာသာတရားမှ မရှိဘဲနဲ့။ နောက်ပိုင်း သိရတာက သူတို့မှာ religion မရှိဘူးဆိုတာကို သိရပါတယ်။ အဲဒါကြောင့် ကျနော်တို့ တန်းဖိုးထားမှု၊ ယုံကြည်မှု၊ ခံစားချက်၊ ဘယ်လိုအကျိုးစီးပွားရမယ်ဆိုတာ ကျနော်တို့ မျှော်မှန်းချက်နဲ့ သူတို့ မျှော်မှန်းချက် မတူတဲ့အခါကြတော့ အမြင်တွေ မတူတာလို့ ဒီလိုပဲ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက ဒေါ်လှကျော်ဇော - တရုတ်နိုင်ငံသမိုင်းထဲမှာ ဘာတွေ့ရသလဲဆိုတော့ တရုတ်နိုင်ငံမှာ နိုင်ငံရေးနဲ့ မြစ်ကြောင်းထိန်းသိမ်းရေးဟာ အတော်လေး ဆက်စပ်နေပါတယ်။ မြစ်ဝါမြစ်ဝှမ်းမှာ တည်ဆောက်ခဲ့တဲ့ ယဉ်ကျေးမှု။ မြစ်ဝါမြစ် ရေလျှံတဲ့အခါမှာ ယဉ်ကျေးမှုပျက်သွားတယ်။ အဲဒီအခါမှာ ကောင်ကင်က Mandate of Heaven ကို ရုတ်သိမ်းသွားပြီ။ အဲဒီမှာ အစိုးရကို တော်လှန်ပုန်ကန်ခွင့်ရှိတယ်။ Rights of Revolution ဆိုတာ စပေါ်ခဲ့တယ်။ အဲဒီတော့ မြစ်ကြောင်းကို ပြန်လည်ထိန်းသိမ်းနိုင်သူဟာ ဘုရင်ပြန်ဖြစ်လာတယ်။ မင်းဆက်သစ်တခု လွန်လာတယ်။ အဲဒီလို dynastic circle လို့ ခေါ်တာပေါ့။ အဲဒီလို နိုင်ငံရေးအားဖြင့် မြစ်ကြောင်းကို ထိန်းသိမ်းနိုင်မှုဟာ အစိုးရရဲ့ စွမ်းရည်တရပ်လို့ တရုတ်သမိုင်းမှာအဖြစ် သတ်မှတ်ခဲ့တာရှိပါတယ်။ အဲဒီအစဉ်အလာရဲ့ လွမ်းမိုးမှု ကျန်သေးတယ်ဆိုရင် မှန်ပါသလား။

ဒေါ်လှကျော်ဇော ။ ။ သူတို့ကတော့ သဘာဝပတ်ဝန်းကျင် သူတို့နိုင်ငံအတွက် တော်တော်ဂရုစိုက်တာပဲ။ လုပ်ပါတယ်။ အခုန မြစ်ကြောင်းထိန်းသိမ်းရေးတွေ ဘာတွေလည်း အများကြီးလုပ်ပါတယ်။ ဒါပေမဲ့လည်း သူတို့ဟာသူတို့လည်း သိပ်မနိုင်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ တရုတ်က သိတဲ့အတိုင်းပဲ အရင်းရှင်စနစ်နဲ့ ပူးတွဲပြီး အရင်းရှင်စနစ်ကို ချော့ပြီး၊ လုပ်ငန်းရှင်တွေကို ချော့ပြီး လုပ်ကိုင်လည်ပတ်နေရတဲ့ ဘဝဖြစ်နေတယ်။ သူ့အနေနဲ့က အရင်းရှင်စနစ်၊ လုပ်ငန်းရှင်တွေ ကောင်းကောင်းလည်ပတ်နိုင်မှသာ သူ့တိုင်းပြည်ရဲ့ အလုပ်လက်မဲ့ပြဿတို့၊ ဘာတို့ညာတို့ကို ဖြေရှင်းနိုင်မှာ။ အဲဒီအခါကြတော့ ဒီလုပ်ငန်းရှင်တွေကို တော်တော် မျက်နှာပေး ဆက်ဆံနေရတာတွေ ရှိတယ်။ ချော့ပေါင်းနေရတာပေါ့။ လုပ်ငန်းရှင်ဆိုတာကလည်း သူ့ရင်းနှီးမြုပ်နံှထားရင် ဒီဟာက အကျိုးအမြတ်ရဖို့အတွက်ပဲ စဉ်းစားတာကို။ ဒီကြားထဲ ဒေသဆိုင်ရာ အရာရှိတွေထဲက အကျင့်ပျက်တဲ့လူ၊ လာဘ်ယူတဲ့လူတွေနဲ့ ပေါင်းပြီးတော့ လုပ်ချင်တာတွေ လုပ်နေတာ သူတို့မှာလည်း ပြဿနာတွေ အများကြီး ရှိနေပါတယ်။

XS
SM
MD
LG