သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည် အပြောင်းအလဲများနဲ့ ဦးဝင်းတင်


မြန်မာနိုင်ငံမှာ ဖြစ်ထွန်းလာတဲ့ မီဒီယာလောက အလားအလာနှင့် နိုင်ငံရေး ရုန်းကန်ပြောင်းလဲမှုတွေဟာ အကောင်းမြင်နိုင်လောက်ပေမယ့် တိုင်းရင်းသားပြဿနာကို ကိုင်တွယ်နေပုံဟာ လမ်းလွဲနေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သတင်းစာဆရာကြီးဦးဝင်တင်က ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲများနှင့် ပတ်သက်ပြီးတော့ ဦးဝင်းတင် နှင့် ဗွီအိုအေ ဝိုင်းတော်သား ဦးကျော်ဇံသာ တို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ။ ။ ပထမဦးဆုံးက ကျနော်တို့ သတင်းသမားနောက်ခံရှိတဲ့ ပုဂ္ဂိုလ်ဆိုတော့ ဆရာ့ကို ကျနော် မြန်မာနိုင်ငံရဲ့ မီဒီယာ အခြေအနေနှင့် ပတ်သက်ပြီးတော့ မေးချင်ပါတယ်။ မြန်မာနိုင်ငံမှာ အခု ပြန်ကြားရေးဝန်ကြီး အပြောင်းအလဲ လုပ်လိုက်တယ်။ ပထမတုန်းကရှိခဲ့တဲ့ ပြန်ကြားရေးဝန်ကြီးက အတော်လေး တင်းမာတယ်လို့ လူတွေက သုံးသပ်ကြပါတယ်။ အခု သဘောထား ပျော့ပျောင်းမှုရှိတဲ့ ဝန်ကြီးတစ်ဦး တက်လာတယ်။ သူက သတင်းသမားတွေကို ခေါ်ယူညှိနှိုင်းပြီတော့ မီဒီယာဥပဒေအသစ် ပြဋ္ဌာန်းမယ်ဆိုပြီးတော့ သူပြောလာတယ်လို့ သိရပါတယ်။ ဒီကိစ္စအပေါ် ဆရာ့သဘောထား သိချင်ပါတယ်။

ဦးဝင်းတင်။ ။ ကျနော်ပြောချင်တာကတော့ ဘာလဲဆိုတော့ တင်းမာတဲ့ သဘောထားရှိတယ်၊ ဟုတ်လား။ ပြန်ကြားရေးဝန်ကြီးဆိုတာတွေ ပေါ်တဲ့အခါမှာလည်း ကျနော်တို့တွေက သတင်းသမားတွေဟာ မိမိတို့ကိုယ့်အလုပ်ကိုပဲ ကိုယ်လုပ်ကြရတယ်။ ရုန်းကန်ကြရတယ်။ ဒီလို မတရားတဲ့ ဖိနှိပ်တဲ့ ဥပဒေတွေ ချုပ်ချယ်တဲ့ ဥပဒေတွေကိုလည်း ကိုယ့်နည်းကိုယ့်ဟန်နှင့် တက်နိုင်သမျှ ဒီလိုတွန်းလှန်ခဲ့တယ်။ ဒူးမထောက်ခဲ့ဘူး။ အခု သဘောထားပျော့ပျောင်းတဲ့ ဝန်ကြီးတွေပေါ်လာတဲ့အခါကြတော့ ပိုပြီးတော့ ကျနော်တို့လုပ်ငန်းတွေ ဆက်လုပ်ဖို့ပဲ ရှိတာပေါ့ဗျာ။ ပျော့ပျောင်းတဲ့ ဝန်ကြီးလက်ထက်မှာဆိုရင်တော့ ကောင်းတဲ့အလားအလာတွေ ပေါ်မယ်လိုတော့ ကျနော်တို့ မျှော်လင့်တယ်။

ဦးကျော်ဇံသာ။ ။ မီဒီယာသမားတွေကကော တာဝန်သိသိရေးတက်ဖို့ လိုအပ်ပါသေးသလား။ မြန်မာနိုင်ငံမှာ။ သူတို့သတင်းကို သူတို့တာဝန်ယူပြီးတော့ တာဝန်ကျေကျေလုပ်ကြပြီးလို့ ဆရာယူဆပါသလား။

ဦးဝင်းတင်။ ။ဒီဟာကတော့ လုပ်တက်ပါတယ်ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ သတင်းစာတွေဆိုတာ ဒီစစ်အစိုးရကြီးစိုးနေတာ နှစ်ပေါင်း ၅၀ လောက်ရှိပြီ။ တကယ်တော့ သတင်းစာတွေပေါ်တာ နှစ်ကမြန်မာနိုင်ငံမှာ ရာနှင့်ချီပြီရှိခဲ့ပါပြီ။ အဲဒီဟာတွေမှာလည်း အမျိုးစုံသော ခေတ်ကာလတွေကို ကျော်ဖြတ်ခဲ့တယ်။ တာဝန်အမျိုးမျိုးသိစွာနဲ့ တိုင်းပြည်ရဲ့တာဝန်တွေ နိုင်ငံရဲ့တာဝန်တွေ ထမ်းဆောင်ခဲ့တဲ့ သတင်းစာဆရာတွေဟာ သတင်းစာလောကတွေက ဒီသတင်းစာလောကမှာ သမိုင်းရှိပါတယ်။ သမိုင်းရှိတဲ့လူတွေဆိုတာ ကိုယ့်အလုပ်လုပ်ဖို့ လမ်းပွင့်ရင်ပွင့်သလောက် မြန်ရင် လျှောက်နိုင်ပါတယ်။ မှန်မှန်လျှောက်နိုင်ပါတယ်လို့ ကျနော်ပြောချင်ပါတယ်။

ဦးကျော်ဇံသာ။ ။ ကျနော်တို့ အာဏာပိုင်းအသိုင်းအဝိုင်း မီဒီယာအကြောင်းကိုပြောပြီးပါပြီ။ နိုင်ငံရေးအသိုင်းအဝိုင်း အတိုက်အခံအသိုင်းအဝိုင်းကကော မီဒီယာအပေါ်မှာ သဘောထားမှန်မှန်ကန်ကန် မျှမျှတတ ရှိတယ်လို့ ဆရာထင်ပါသလား။ မီဒီယာနှင့် ပတ်သက်ပြီးတော့။

ဦးဝင်းတင်။ ။အဲ့ဒီကိစ္စက ဘာလဲဆိုတော့ နိုင်ငံရေးသက်တမ်းတွေက ဘယ်လိုပြောရမလဲဆိုလို့ရှိရင် ကျနော်တို့ နိုင်ငံရေးလောကမှာ ဒီနိုင်ငံရေးပါတီတွေဆိုတာလည်း အရင်တုန်းက ဒီနှစ်ပေါင်းများစွာ နှစ်ပေါင်း ၅၀ လောက် ပျောက်ကွယ်နေတယ့် အခါကြတော့ နိုင်ငံရေးလောကမှာ နိုင်ငံရေးမျိုးဆက်တွေပေါ့ နိုင်ငံရေးခေါင်းဆောင်တွေ နိုင်ငံရေးအဖွဲ့အစည်းတွေဆိုတဲ့ လူတွေရဲ့ ကြားထဲမှာ ဒီမီဒီယာတွေအပေါ်မှာ မှန်ကန်တဲ့ သဘောထားတွေ ထားနိုင်ခြင်း အားနည်းတယ်လို့ ကျနော်ကပြောချင်ပါတယ်။ အဲ့ဒါနှင့်ပတ်သက်လို့ကတော့ ကျနော်တို့ အားနည်းတယ် ဘယ်လောက်ပဲ အားနည်းတယ်ဆိုသော်များလည်း မီဒီယာရဲ့ဆန့်ကျင်မှု မီဒီယာကို ရန်လိုမှု မဖြစ်ဘူးဆိုတာကို အခုကျနော်ထင်တယ် နိုင်ငံရေးပါတီတွေအဖွဲ့အစည်းတွေ နိုင်ငံရေးသတင်းသမားတွေကလည်း ပိုပြီးတော့ သဘောပေါက်လာတယ်။ ပိုပြီးတော့ မြင်လာတယ်။ မီဒီယာနှင့် သန့်သန့် မျှတစွာ ဆက်ဆံပါမယ်။ မီဒီယာ Fairly ဖြစ်ရမယ်ဆိုတာကို ဒီအားလုံးက မြန်မြန်ဆန်ဆန် သဘောပေါက်နေပါပြီ။ အဲဒါကြောင့် နိုင်ငံရေးလောကရဲ့ မှန်ကန်တဲ့ တုံ့ပြန်မှုကိုလည်း မီဒီယာတွေက ရရှိမှာဖြစ်ပါတယ်လို့ ကျနော်က အဲဒီလိုပဲ ပြောချင်ပါတယ်။

ဦးကျော်ဇံသာ။ ။ ဟုတ်ကဲ့ ဆရာ။ ကျနော်က သူများတွေအကြောင်းကိုမေးပြီးပြီ။ အခု ကျနော်တို့အကြောင်းလည်း ဆရာသဘောထားကိုမေးပါရစေ။ ကျနော်တို့ ပြည်ပမီဒီယာတွေရဲ့ အခန်းကကော ကျန်ပါသေးရဲ့လား။ ပြည်တွင်းမှာ ပွင့်လင်းလာပြီဆိုရင်။

ဦးဝင်းတင်။ ။ ကျနော်ထင်တယ်ဗျ။ ပြည်ပမီဒီယာတွေက ဘယ်လိုဆက်ပြီးတော့စခန်းသွားမယ်ဆိုတာတော့ ပြည်ပမီဒီယာတွေကဘဲ သူတို့ရဲ့လုပ်ငန်းကို သူတို့သိလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ ပြည်တွင်းကအနေနှင့် ပြောရမယ်ဆိုရင်တော့ ရှင်းရှင်းပြောရရင် ပြည်တွင်းမီဒီယာရဲ့ ပြည်သူလူထုအပေါ် နိုင်ငံရေးအဖွဲ့အစည်းတွေကကော ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေကော အကုန်ပြောရရင် အစိုးရကော ပြည်ပမီဒီယာတွေရဲ့အင်အား၊ ပြည်ပမီဒီယာတွေရဲ့စွမ်းအား၊ ပြည်ပမီဒီယာတွေရဲ့တန်ခိုးအာနိသင် သြဇာပေါ့ အဲဒါကို ကောင်းကောင်းသိတယ်လို့ ကျနော်ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းလေးငါးဆယ်လောက် အတွင်းမှာ ကျနော်တို့ပြည်တွင်းမှာရှိတယ့် နိုင်ငံရေးအင်အားစုတွေ ဘာတွေကော အားလုံးဟာ ပြည်ပမီဒီယာကိုပဲ အားကိုးပြီး နားထောင်နေကြရတာ။ ပြည်ပမီဒီယာတွေအပေါ်မှာတော့ ကျနော်တို့ သဘောထားတွေဟာ မှန်မှန်ကန်ကန် ရှိတယ်လို့ ကျနော်ယူဆပါတယ်။ အဲဒီတော့ ပြည်ပမီဒီယာတွေ ဘယ်လိုစခန်းဆက်သွားမလဲ။ စခန်းသွားဖို့ကော သူတို့မှာ အခက်အခဲတွေ ဘာတွေရှိလဲဆိုတာတော့ ကျနော်တို့ မသိဘူးပေါ့ခင်ဗျာ။ ဘာပဲပြောပြော သို့သော် ပြည်ပမီဒီယာတွေဟာ အခုရှိနေတဲ့လုပ်ငန်းတွေထက် ပိုပြီးတော့ တိုးချဲ့လာနိုင်မယ်။ ပိုပြီးတော့ ကြီးပြင်းလာအောင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်လာမယ်။ သို့မဟုတ်လည်း ပြည်တွင်းမှာကို လာပြီးတော့ အခြေစိုက်ပြီးတော့ ပြည်တွင်းက သတင်းတွေကို ပိုပြီးတော့ယူနိုင်တယ်။ ပြည်တွင်းရဲ့ သဘောထားတွေကို ပိုပြီးတော့ ဖော်ပြနိုင်မယ်။ ဆိုလို့ရှိရင်တော့ ပိုတောင်ကောင်းဖို့ လမ်းမှာရှိတယ်လို့ ကျနော်ကတော့ အဲလိုဘဲပြောချင်ပါတယ်ခင်ဗျာ။

ဦးကျော်ဇံသာ။ ။ မီဒီယာအကြောင်းကိုပြောပြီးနောက် ကျနော် နိုင်ငံရေးဘက်ကိုလည်း နည်းနည်းပြောချင်ပါတယ်။ အခုနောက်ဆုံး တိုးတက်မှုတစ်ခုကို ကြည့်ရမယ်ဆိုရင် လွှတ်တော်ဥပဒေပြု ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍဟာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ဝန်ကြီးတွေရဲ့အခန်းကဏ္ဍ မမြင်ဘူးဆိုပြီးတော့ အငြင်းပွားခဲ့ပြီးတဲ့နောက်မှာ အဲ့ဒီလို ဆုံးဖြတ်ခဲ့တဲ့ ဖွဲ့စည်းပုံခုံရုံးကို ဖယ်ရှားလိုက်ကြပါတယ်။ ခုံးရုံးအဖွဲ့ဝင်အားလုံးကို ဒီဟာ လွှတ်တော်ဘက်ကအောင်ပွဲလို့ သာမာန်အားဖြင့် ယူဆနိုင်ပါတယ်။ ဒါပေမဲ့ တဖက်ကကြည့်မယ်ဆိုရင်လည်း လွှတ်တော်ဥက္ကဋ္ဌနှင့် ဒီအုပ်ချုပ်ရေးပိုင်းအကြီးအကဲ ကြားမှာ ပုဂ္ဂိုလ်ရေးပြိုင်ဆိုင်မှုကသာ ပိုပြီးလွှမ်းမိုးနေတယ်လို့ တချို့ကဆိုကြပါတယ်။ ဒီကိစ္စကိုဆရာ ဘယ်လိုသုံးသပ်လိုပါသလဲ။ ပုဂ္ဂိုလ်ရေးပြိုင်ဆိုင်မှုကြောင့် ပြောင်းလဲရသောပြောင်းလဲမှုလား။

ဦးဝင်းတင်။ ။ နိုင်ငံရေးဆိုတာတော့ ဒီလို နိုင်ငံရေးအကျပ်အတည်းတွေ သို့မဟုတ်ရင်လည်း နိုင်ငံရေးအတိုးအတိုက်တွေ တိုက်ခိုက်မှုတွေ ရင်ဆိုင်မှုတွေပေါ်ပြီဆိုရင်တော့ ဘာပဲပြောပြော ဒါအခြေခံအားဖြင့်တော့ ပါတီ်တွေရဲ့ အနေအထား သို့မဟုတ်ရင်လည်း ပုဂ္ဂိုလ်ရေး အနေအထားတွေတော့ ပါမြဲပဲပေါ့။ ဒါတွေကတော့ ကျနော်သိပ်ပြီးမပြောချင်ပါဘူး။ ကျနော်ပြောချင်တာ ဘာလဲဆိုတော့ ဘာဘဲပြောပြော ဒီလိုရုန်းကန်ဖို့မှုတွေ ယုံလွဲမှုတွေ များများပေါ်မှသာလျှင် ရှင်သန်မှုဟာပိုပြီးတော့ ကြီးမားလာလိမ့်မယ်။ နိုင်ငံရေးဟာပိုပြီးတော့ လမ်းကြောင်းတွေ ပိုပွင့်လာမယ်။ ပိုပြီးတော့လည်း အားကောင်း နိုင်ငံရေးအားကောင်းလာလိမ့်မယ်လို့ ကျနော်ယူဆပါတယ်။ တစ်ခုပဲရှိတာ နိုင်ငံရေးက အားကောင်းလွန်တယ်ဆိုရင်တော့ ထုံးစံအတိုင်းဘဲ တခါတလေကျတော့ ချော်ချွတ်လဲတက်တာ ရှိတဲ့အတွက် ဒီလို ကျနော်တို့ အားပြိုင်မှုတွေ အစိုးရ နှင့် လွှတ်တော်နှင့်ဆိုတာတွေ သိပ်များလာလို့ရှိရင် ကျန်တဲ့ အင်အားစုတွေပေါ့ဗျာ ဒီမိုကရေစီ မလိုလားတဲ့အင်အားစုတွေ ဒီမိုကရေစီနှင့် ဆန့်ကျင်တဲ့အင်အားစုတွေရဲ့ ခေါင်းထောင်လာမှု သို့မဟုတ်လို့ ရှိရင်လည်း ပြန်ပြီးတော့ တုံ့ပြန်လာမှုများရှိမလား သို့မဟုတ်လို့ ရှိရင်လည်း အရပ်စကားနှင့် ပြောမယ်ဆိုရင်တော့ မြန်မာပြည်နိုင်ငံရေးမှာ ရှေ့သွားနေတယ်လို့ ပြောဆိုနေတဲ့ ကြားထဲကပဲ နောက်ပြန်လည်မှုတွေပေါ့ဗျာ ပေါ်ပေါက်လာမလား ဆိုတာတော့ စိုးရိမ်စရာကောင်းတယ်လို့ပဲ ပြောချင်ပါတယ်ဗျ။

ဦးကျော်ဇံသာ။ ။ အခု လွှတ်တော်မှာလည်း ပြုပြင်ပြောင်းလဲရေးတွေဖြစ်လာပြီး အစိုးရအဖွဲ့ဝင်တွေကိုလည်း အပြောင်းအလဲလုပ်တယ်။ နောက်ဥပဒေကိုလည်းပဲ အများကြီးပြဋ္ဌာန်းတယ် ဆိုတာတွေ တွေ့ရပါတယ်။ ဒီပြုပြင်ပြောင်းလဲမှုတွေဟာ လက်တွေ့ ပြည်သူ့ဘဝကို အကျိုးသက်ရောက်မှု ရိုက်ခက်မှု အကျိုးပြုမှု တစုံတရာရှိပါရဲ့လား။ လောလောဆယ်ကတော့ ပြည်သူတွေရဲ့ ငြီးတွားသံကတော့ ဆက်လက်ကြားနေရဆဲဖြစ်ပါတယ်။

ဦးဝင်းတင်။ ။ အမှန်တိုင်းကတော့ နိုင်ငံရေးအားဖြင့်ကတော့ ဒီအကျိုးသက်ရောက်မှုက အတော်နည်းသေးတယ်လို့ပဲ ကျနော်က ပြောချင်တယ်ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ဥပမာပြောရရင် မီဒီယာလောကမှာတော့ ဒါ အကျိုးသက်ရောက်မှုလေးတွေ တော်တော်များပါတယ်။ သို့သော် နိုင်ငံရေးလို့ပြောရမယ် ပြည်သူ့ဘဝပေါ့ဗျာ။ ဒီနေ့မှာဆို တစ်မျိုးသားလုံးရဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးဆိုတဲ့ ဘဝတွေမှာတော့ ကျနော်ထင်တယ် အကျိုးသက်ရောက်မှုဟာနည်းတုန်းပဲ ရှိသေးတယ်လို့ ကျနော်ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့ ခင်ဗျာတို့တွေ့မှာပဲ အလုပ်သမားတွေကိစ္စ၊ လယ်သမားတွေကိစ္စ၊ အခုနောက်ဆုံးတော့ မြန်မာပြည် မြောက်ပိုင်းမှာရှိတဲ့ လက်ပံတောင်းတောင်တို့၊ မိုးမြင့်တောင်တို့ဆိုတဲ့ နေရာတွေက အလုပ်သမားတွေ လူထုတွေ ခံစားနေရတာ။

နောက်တခါ လယ်သမားတွေ ခံစားနေရတဲ့ ဒုက္ခတွေ။ ဒီဒုက္ခတွေဟာ ဘယ်လိုဖြစ်လဲဆိုတော့ တိုင်းပြည်မှာ နိုင်ငံရေးကို ဖန်တီးနေတယ်ဆိုတဲ့ အင်အားစုတွေလို့ ပြောရမယ့် ပါတီကြီးတွေ၊ ဥပမာဆိုပါတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကြီးတွေနှင့် ပတ်သက်နေတယ်။ နောက်တခါ ဥပမာဆိုပါတော့ စစ်တပ်နှင့်လည်း ပတ်သက်နေတယ်။ စစ်တပ်ကနေ ဦးစီးပြီးလုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေနှင့်လည်း ပတ်သက်နေတယ်။ အဲဒီတော့ ဒီလုပ်ငန်းတွေမှာတော့ နိုင်ငံရေး အကျိုးသက်ရောက်မှုလို့ ပြောရမယ့် အကျိုးသက်ရောက်မှုဟာ အတော်နည်းပါးတယ်။ အခုထိ နည်းတုန်းပဲ ဖြစ်တယ်။ အကျပ်အတည်းတွေ၊ အချုပ်အချယ်တွေ၊ အကန့်အသက်တွေ၊ အဟန့်အတားတွေ၊ အပိတ်အဆို့တွေ၊ နောက်ပြီးတော့ ရှင်းရှင်းပြောရရင် နိုင်ငံရေးကစားမှုတွေပေါ့ဗျာ။ နိုင်ငံရေး ကျားကစားမှုတွေလိုဟာမျိုးကတော့ အများကြီး ကြုံတွေ့နေရတုန်းပဲ ဖြစ်တယ်။ အဲဒါကြောင့် ပြည်သူတွေကြားထဲမှာ သို့မဟုတ်လည်း နိုင်ငံရေးအင်အားစုတွေ ကြားထဲမှာ သို့မဟုတ်လည်း တိုင်းပြည်ရဲ့ လူမျိုးစုတွေကြားထဲမှာတော့ အကျိုးသက်ရောက်မှု များများစားစား မရှိဘူးလို့ ကျနော်ပြောချင်ပါတယ် ခင်ဗျာ။

ဦးကျော်ဇံသာ။ ။ ကျနော်နောက်ဆုံးမေးချင်တဲ့ မေးခွန်းကလည်း အဲဒီ့ တိုင်းရင်းသားတွေရဲ့အရေး ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ ဖြစ်ပါတယ်။ တိုင်းရင်းသားတွေနှင့် ဆက်ဆံတဲ့အခါမှာကော ဘယ်လိုအခက်အခဲတွေ ရှိနေသေးလဲ မြင်ပါလားလဲ။ ကျားကစားမှုတွေ ခံနေရသလား။ သို့မဟုတ် အတော်လေး နီးစပ်နေပြီလား ဆရာ။

ဦးဝင်းတင်။ ။ ကျားကစားတာတင် မကဘူးဗျ။ ဒီတိုင်းရင်းသားတွေကိစ္စနှင့် ပတ်သက်ရင်တော့ ကျနော် ဘယ်လိုပြောချင်လဲဆိုတော့ ကျားကစားနေတာ မဟုတ်ဘူး။ ကျားစားနေတာလို့တောင်မှ ကျနော်ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းရေးကိုလုပ်တဲ့နေရာမှာ ဥပမာ အစိုးရရပ်စဲရေးက အရင်စရမယ်လို့၊ တွေ့ဆုံဆွေးနွေးရေးက အရင်စရမယ်လို့ ဘာတွေလျှောက်ပြောနေတာ။ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးကို တကယ်လုပ်ချင်တယ် သို့မဟုတ်ရင်လည်း တိုင်းရင်းသားတွေကြားထဲမှာ ဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို ဖြေရှင်းချင်တယ်ဆိုရင် တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ တန်းတူပညာရေးနှင့် ဒီကိုယ်ပိုင်၊ ကိုယ့်ကမ္ဘာကို ကိုယ်ဖန်တီးမယ်ဆိုတဲ့ ဒီကိစ္စတွေကို ကျနော်တို့ ပထမ ဖြေရှင်းရမယ်။ အဲဒါဘာလဲဆိုတော့ နိုင်ငံရေးစားပွဲပေါ်မှာ ဖြေရှင်းရမယ့် ကိစ္စဖြစ်ပါတယ်။ အဲဒီတော့ နိုင်ငံရေး စားပွဲကိုရောက်အောင်အတွက် ဥပမာ ပစ်ခတ်ရပ်စဲဖို့ လိုတယ်ဆိုရင်တော့လည်း ကျနော်တို့ သဘောတူပါတယ်။ သို့သော် ပစ်ခတ်ရပ်စဲရေး တစ်ခုနှင့်တော့ စခန်းသိမ်းလို့မရဘူး။ ပစ်ခတ်ရပ်စဲရေး ရှိတယ်ဆိုရုံနှင့်လည်း မပြီးဘူး။ တကယ်လုပ်ရမှာက အဓိကရပ်စဲရေး ဟာ ကြိုတင်ပြင်ဆင်တာဘဲ လမ်းဖောက်တာဘဲ။ သို့သော် တကယ် လမ်းဆုံးတဲ့နေရာဟာ ရှိရမယ့်ဟာကဘာလဲဆိုတော့ ဒီတွေ့ဆုံဆွေးနွေးမှု။ နိုင်ငံရေးတွေ့ဆုံဖြေရှင်းမှု။ အဲဒါဟာက လိုပါတယ်။

နိုင်ငံရေးတွေ့ဆ ုံဖြေရှင်းမှုမရှိဘဲနှင့်။ အခု ဥပမာ ပြည်ပကနေပြီးတော့ ပြည်တော်ပြန်တွေဖိတ်တာတို့၊ ပြီးရင် ဟိုအဖွဲ့ဒီအဖွဲ့ကလူတွေ ပြောတာတို့ ၊ ဟိုအဖွဲ့အစည်းကပြောတာ၊ ကျောင်းသားကပြောတာ ဒီလိုဟာတွေ လျှောက်ပြီးတော့ ကောက်သင်းကောက်သလို ဗြုတ်စဗျင်းတောင်းတွေ လျှောက်ပြီးတော့ လုပ်နေရင်တော့ မရဘူး။ နိုင်ငံရေးဖြေရှင်းဖို့ပဲ တိုင်းရင်းသားတွေနှင့် ပြည်ထောင်စုအစိုးရနှင့် အဲဒီ နိုင်ငံရေးဖြေရှင်းမှု တကယ်လုပ်ပါ။ နိုင်ငံရေးအကျိုးဆောင်ဆိုတဲ့ လူတွေနှင့် ပြောလိုက်။ ဒီလိုဟာမျိုးတွေနှင့် လုပ်နေလို့ကတော့ မရဘူး။ ပြည်တွင်းစစ်ရဲ့သဘော၊ ပြည်တွင်းငြိမ်းချမ်းရေးရဲ့သဘော က နိုင်ငံရေးနာတာရှည်ရောဂါ ဖြစ်ပါတယ်။ အဲဒီ နာတာရှည်ရောဂါကိုတော့ ကျနော်တို့ နိုင်ငံရေး ဆေးမီးတိုလေးနှင့် လုပ်နေလို့မရဘူး။ တကယ့်ကို တကယ့် ဆေးကောင်းဝါးကောင်းနှင့် အမြစ်ပြတ်နိုင်တဲ့ဆေးမျိုးနှင့်သာ ကုမှဖြစ်မယ်လို့ ကျနော်အဲဒီလိုပဲ ပြောချင်ပါတယ်။
XS
SM
MD
LG