သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ နဲ့ မျှော်လင့်ချက်များ


ရွေးကောက်ပွဲ နဲ့ မျှော်လင့်ချက်များ

နှစ်ပေါင်း (၂၀) အတွင်း မြန်မာစစ်အစိုးရ ပြုလုပ်ပေးခဲ့တဲ့ ရွေးကောက်ပွဲ ပြီးဆုံးသွားခဲ့ပါပြီ။ ရွေးကောက်ပွဲ မတိုင်ခင်က လူတချို့  မျှော်မှန်းခဲ့သလို ရွေးကောက်ပွဲကနေ ဒီမိုကရေစီအတွက် နေရာလေးတကွက် ရလာပြီး အဲဒီကမှတဆင့် တိုးချဲ့  သွားလာနိုင်တဲ့အခြေအနေ ဘယ်လောက်တွေ့ရပါပြီလဲ။ ဒီ ရွေးကောက်ပွဲကို မပြစ်ပယ်သင့်ဘူးလို့ ပြောဆိုခဲ့သူ ဥရောပ-မြန်မာရုံး ညွှန်းကြားရေးမှုး ဦးဟန်ယောင်ဝေ ကို ဦးကျော်ဇံသာ (ဗွီအိုအေ) က ဆက်သွယ်မေးမြန်းပြီး ရွေးကောက်ပွဲဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးထားပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ပြီးဆုံးသွားခဲ့ပါပြီ။ ဒီ ရွေးကောက်ပွဲမတိုင်ခင်က ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ အမြင် (၂) မျိုး ရှိမယ်ဆိုရင် မှားမယ် မဟုတ်ပါဘူး။ တချို့ ကတော့ ဒီရွေးကောက်ပွဲက ဖြတ်သန်းရမှာပဲ။ ဒီ ရွေးကောက်ပွဲ ပြီးတဲ့အခါမှာ လုံးဝ မဟုတ်တောင်မှ ဒီမိုကရေစီ လမ်းစလေး ပေါ်လာလိမ့်မယ်။ ဒီမိုကရေစီအရေးအတွက် နေရာတနေရာလေးရမယ်။ တဖြည်းဖြည်း ချဲ့ ထွင်သွားရမယ်ဆိုတဲ့ အကောင်းမြင်ချင်တဲ့ လူတချို့  ရှိခဲ့သလို။ တချို့ ကလည်း ဒီ ရွေးကောက်ပွဲက လုံးဝသုံးလို့ ရမှာမဟုတ်ဘူး။ စစ်တပ်ကသာ ဆက်လက်ကြီးစိုးနေမယ်။ ရွေးကောက်ပွဲ ပြီးတဲ့အခါမှာ ဒုက္ခသည်ပြဿနာတွေ၊ နိုင်ငံခြားကို ထွက်ပြေးလာမယ့် ပြဿနာတွေ ပိုများလာမယ်။ တိုင်းရင်းသားတွေနဲ့ ပိုပြီး ပဋိပက္ခတွေ ရှိလာမယ်ဆိုတာတွေလည်း သုံးသပ်ပြောဆိုကြပါတယ်။ အခု ရွေးကောက်ပွဲပြီးလို့ မကြာခင်မှာပဲ အဆိုးမြင်မယ့် လူတွေရဲ့  အမြင်က ပိုမှန်မယ်လို့ တွေ့ရပါတယ်။ ဦးဟန်အနေနဲ့ အကောင်းမြင်ဘက်က ပါခဲ့တဲ့လူ။ ရွေးကောက်ပွဲပြီးရင် ကောင်းတဲ့အလားအလာ ရှိကောင်းရှိမယ်လို့ မြင်တဲ့လူပါ။ အခုအခါမှာ အဲဒီလို အကောင်းမြင်တဲ့ ဆက်လက်ပြီး ရှိနေပါသေးရဲ့  လား။

ဦးဟန်ယောင်ဝေ ။ ။ ရှိပါတယ်။ ဘာကြောင့်လည်းဆိုရင် အခုဖြစ်နေတဲ့ ကိစ္စက ဖြစ်မယ်ဆိုတာကို အကုန်သိပါတယ်။ နအဖ အနေနဲ့လည်း လိမ်ညာမယ်၊ နိုင်အောင် အရယူမယ်ဆိုတာလည်း သိကြတယ်။ တိုင်းရင်းသားတွေကိုလည်း တိုက်မယ်ဆိုတာလည်း သိတယ်။ ဒါပေမယ့် အနည်းဆုံးကတော့ ဒီအချိန်မှာ လူတိုင်းက နအဖ ကို မထောက်ခံဘူးဆိုတာကို ကမ္ဘာကသိပြီ။ ဘာကြောင့်လည်းဆိုရင် နအဖ ကို ဆန့်ကျင်တဲ့ပါတီတွေ ပေါ်လာတယ်။ လူထုကလည်း တခြားပါတီတွေကို အားပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း နအဖ က ကြိုတင်မဲကို သုံးပြီး သူတို့ နိုင်တယ်ဆိုတာကို လုပ်နေတာ၊ သူတို့ လိမ်တယ်ဆိုတာကို အထင်အရှား မြင်ရပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒီလောက် လိမ်နေတာ၊ မဟုတ်တာတွေလုပ်နေတာ ပေါ်လွှင်နေရဲ့ နဲ့ ဘာဖြစ်လို့ ဒီကနေ ဒီမိုကရေစီအတွက် အလားအလာကောင်းတွေ ပေါ်နိုင်မယ်လို့ ထင်နေရတာလဲ။

ဦးဟန်ယောင်ဝေ ။ ။ အနည်းဆုံးကတော့ လူထုရဲ့  ဆန္ဒကို သူတို့က ဟန်ဆောင်ပြီး နားထောင်တဲ့ အဆင့်ကိုရောက်နေတယ်။ ကျနော်တို့ လုပ်ချင်တာက တကယ်ပဲ လူထုရဲ့ ဆန္ဒကို လိုက်နာနိုင်အောင် လုပ်ချင်တယ်။ အဲဒါကြောင့်မို့ သူ ဟန်ဆောင်ပေမယ့် ကျနော်တို့အတွက် အ နိုင်အကွက်တကွက်လို့ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အကောင်းမြင်လွန်ရာ မကျပေဘူးလား။

ဦးဟန်ယောင်ဝေ ။ ။ ကျနော်တို့ အကောင်းမြင်လွန်တယ်ဆိုတာတော့ မဟုတ်ပါဘူး။ ဘာကြောင့်လည်းဆိုရင် ဒီမိုကရေစီ လိုလားရင် ကျနော်တို့က လူထုပါဝင်မှုရှိမှ ရပါမယ်။ လူထုလက်ခံမှုရှိမှ ရမယ်။ နအဖကလည်း သူတို့ လိမ်ညာပေမယ့် အရင်ကဆိုရင် မဲလိုက်ဆွယ်တယ်။ လူထုတွေကို အကောင်းလုပ်ပြတယ်။ ဒီဟာကလည်း သူတို့အနေနဲ့ ဒီမိုကရေစီသဘော နည်းနည်းပေါက်လာပြီလို့ မြင်ရပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု မကြာခင် အစိုးရသစ်ဖွဲ့လာမယ်။ လွှတ်တော်ကိုလည်း သူတို့ ကြီးစိုးမယ်။ ၈၀ ရာခိုင်နှုန်း အနည်းဆုံး နိုင်တယ်လို့ဆိုတယ်။ ကျန်တဲ့နေရာတွေမှာလည်း စစ်တပ်က ပါအုန်းမယ်။ ၂၅ ရာခိုင်နှုန်း ယူထားတယ်ဆိုတော့။ ဒီအထဲမှာ လူထု သဘောဆန္ဒကို ကိုယ်စားပြုပြီး လွှတ်တော်မှာ ပြောနိုင်မယ့်လူ ဘယ်သူတွေများ ရှိလို့လဲ။

ဦးဟန်ယောင်ဝေ ။ ။ နည်းပေမယ့် ကျနော့်အနေနဲ့ကတော့ အခုနပြောသလို ဒီဟာက လမ်းစဖြစ်ပါတယ်။ အရင်တုန်းကဆိုရင် ကျနော်တို့က နှစ်ပေါင်း (၂၀) ကျော်တုန်းကဆိုရင် ဒေါ်အောင်ဆန်းစုကြည် တို့ အန်အယ်လ်ဒီ ပါတီက ၁၉၉၀ မှာ နိုင်ခဲ့လို့ သူတို့က လူထုဘက်က အော်ပေးလို့ ရခဲ့တယ်။ ဒါပေမဲ့ ပါလီမန်ထဲမှာ မဟုတ်ဘူး။ တရားဝင် မဟုတ်ဘူး။ အပြင်ကနေ အော်နေရတယ်။ အခုကတော့ ပါလီမန်ထဲမှာ လူထုဘက်နေနိုင်တဲ့ ပုဂ္ဂိုလ်တွေ ရောက်လာပြီဆိုတာ တိုးတက်လာတယ်လို့ ဆိုနိုင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တိုင်းရင်းသား ပြဿနာကို ကြည့်ရအောင်ပါ။ တိုင်းရင်းသားတွေဆိုရင် တော်တော်များများ ဘယ်သူကမှ လက်မခံကြဘူး။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို သူတို့လက်အောက် အတင်းအဓမ္မ သွတ်သွင်းတာ။ နိုင်ငံရေးပြဿနာ မဖြေရှင်း မပြေလည်ဘဲနဲ့။ ဆိုတော့ တိုင်းရင်းသားတွေဟာ ဦးဟန်ယောင်ဝေ မြင်သလိုပဲ အခု လွှတ်တော်ဖွဲ့စည်းဖြစ်မယ့် ကိစ္စကလေးကိုပဲ အကောင်းမြင်ပြီးတော့ လက်နက်စွန့်ပြီးတော့ စစ်အစိုးရလက်အောက်ကို ထိုးအပ်သင့်ပါသလား။ ဒါမှ တိုင်းရင်းသားပြဿနာ သူတို့သဘောအရ ပြေလည်တော့မှပေါ့။

ဦးဟန်ယောင်ဝေ ။ ။ တိုင်းရင်းသား ပြဿနာက နှစ်မျိုးရှိပါတယ်။ တဖက်က လက်နက်ကိုင်တဲ့ဖက်နဲ့ တဖက်ကတော့ နိုင်ငံရေးပါတီကနေ ဝင်ပြီးတော့ တိုက်ပွဲဝင်တဲ့ဖက်။ နှစ်ဖက်စလုံး တိုက်ပွဲဝင်ရပါမယ်။ လက်နက်စွန့်သွားမယ်ဆိုရင် လူထုကို ကာကွယ်မယ့်လူ မရှိတော့ပါဘူး။ ဆိုတော့ တိုင်းရင်းသားအနေနဲ့ကတော့ ဘယ်လို့နဲ့မှ နိုင်ငံရေးအဖြေ မရမချင်းကတော့ ဘယ်လိုမှ လက်နက်စွန့်မှာ မဟုတ်ပါဘူး။

ဦးကျော်ဇံသာ ။ ။ တိုင်းရင်းသားတွေကြားမှာ divided ဖြစ်နေမှာပေါ့။ ကချင် ဆိုကြပါစို့။ ကေအိုင်အို က ကချင်လူမျိုး အများစုကို ကိုယ်စားပြုမှု ရယူထားတဲ့ အဖွဲ့အစည်းဖြစ်တယ်။ ငါတို့ဟာ ဒီလက်နက်စွန့်ရေးကို လက်မခံဘူးဆိုပြီး အကုန်လုံး တသွေးတသံ သူတို့ ဆုံးဖြတ်ချက်အတိုင်း မလိုက်နာဘဲနဲ့ - တချို့ ကတော့ ရွေးကောက်ပွဲဝင်မယ့်ကိစ္စကို ဆန့်ကျင်ပြီးတော့ သူတို့အထဲမှာ နှစ်ခြမ်း မကွဲကုန်ဘူးလား။

ဦးဟန်ယောင်ဝေ ။ ။ မကွဲပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ နှစ်ဖွဲ့စလုံးက သူတို့ လူမျိုးအတွက် လုပ်နေကြတာ ဖြစ်ပါတယ်။ ဆိုတော့ တဖက်နဲ့ တဖက် အကန့်အသတ် မလုပ်ဘဲနဲ့ ရှေ့ တိုးနိုင်တဲ့လူ တိုးသွားဖို့လို့ပဲ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကချင်ကိုပဲ နမူနာကြည့်မယ်ဆိုရင် ကချင်ဘက်ကလူတွေ ပြောတယ်။ သူတို့ ကေအိုင်အို နဲ့ affiliation ရှိခဲ့တယ်။ အဆက်အသွယ် ရှိခဲ့တယ်ဆိုတဲ့ လူတွေကို ပါတီမှတ်ပုံတင်ခွင့် မပေးခဲ့ဘူး။ ရွေးကောက်ပွဲလည်း မဝင်ရဘူး။ ဝင်သွားတဲ့ ပါတီတွေက ကြံ့ဖွံ့ပါတီ နဲ့ ကြံ့ဖွံ့လိုပဲ အလားတူ စစ်အစိုးရ proxy ခပ်ဆန်ဆန် ပါတီပဲ သူတို့ဆီမှာ ပြိုင်တယ်လို့ ဆိုကြပါတယ်။ ဒီတော့ နှစ်ဖက်စလုံးက စစ်အစိုးရ လိုလားတဲ့အဖွဲ့ ဖြစ်မနေဘူးလား။

ဦးဟန်ယောင်ဝေ ။ ။ ဟုတ်ပါတယ်။ ဒီနေရာမှာက မတူတာ ဘာလဲဆိုရင် ကြံ့ဖွံ့ဘက် ပါသွားတဲ့ သူကလည်း ကချင် ပါပဲ။ သူက သူ့လူမျိုးအတွက် ပြန်စဉ်းစားပါလိမ့်မယ်။ ဘာကြောင့်လည်းဆိုရင် သူ့က နအဖပါတီထဲမှာ ပါသွားပေမယ့် ကချင်လူမျိုးရဲ့  ရန်သူမဟုတ်ပါဘူး။ အဲဒါကြောင့်မို့ တိုင်းရင်းသားအနေနဲ့က ဘယ်နည်းလမ်းနဲ့ဖြစ်ဖြစ် သူ့လူမျိုးအတွက် ကြိုးစားနိုင်ရင် ကြိုးစားသွားမယ်လို့ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ပြည်တွင်းငြိမ်းချမ်းရေးကို ဘယ်လိုလုပ်ကြမလဲ။ တိုင်းရင်းသားတွေက လက်နက်ကိုင်တဲ့လူက ကိုင်နေအုန်းမယ်ဆိုတော့ အခု စစ်အစိုးရ တဖက်သတ် လုပ်ထားတဲ့ ရွေးကောက်ပွဲက ပေါ်ထွက်လာမယ့် လွှတ်တော် အစိုးရကရော ငြိမ်းငြိမ်းချမ်းချမ်း နဲ့ ဒီမိုကရေစီအရေးကို လုပ်ပိုင်ခွင့်ရှိတဲ့အတိုင်း လုပ်နိုင်ပါမလား။ သို့တည်းမဟုတ် စစ်တပ်က နိုင်ငံတော် လုံခြုံရေး၊ ပြည်တွင်း ဆူပူသောင်းကျန်းမှုကို အကြောင်းပြပြီး တချိန်လုံး ဖိဖိစီးစီး လုပ်ထားမယ့်သဘော ဖြစ်မနေဘူးလား။

ဦးဟန်ယောင်ဝေ ။ ။ အဲဒါတော့ ဟုတ်ပါတယ်။ ဘာကြောင့်လည်းဆိုရင် အခု ဖြစ်လာမယ့် အစိုးရက စစ်ဘက်နဲ့ ဘာမှမဆိုင်ဘူးဆိုတော့ သူက တိုင်းရင်းသား ပြဿနာကို ဖြေရှင်းလို့ မရဘူးဖြစ်မယ်။ တပ်မတော်ကပဲ ဖြေရှင်းမယ့် အလားအလာ ရှိပါတယ်။ ဒါပေမဲ့ တပ်မတော်က အရင်ကလိုပဲ စစ်အင်အားနဲ့ တိုက်မယ်ဆိုရင်တော့ ဘယ်လိုမှ အဖြေရှာနိုင်မယ် မဟုတ်ပါဘူး။ ဒါပေမဲ့ စစ်အစိုးရက တပ်မတော်က တိုင်းရင်းသားပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းချင်တယ်။ တက်လာတဲ့ အစိုးရကို အသုံးပြုပြီးတော့ လူထုရွေးလာတဲ့ အစိုးရအနေနဲ့ တိုင်းရင်းသားတွေနဲ့ ဆွေးနွေးပွဲတွေ လုပ်မယ်ဆိုရင်တော့ အဖြေထွက်လာနိုင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက ဒီ ရွေးကောက်ပွဲကို အပြတ် သပိတ်မှောက်ခဲ့တဲ့ CRPP (Committee Representing the People's Parliament) အဖွဲ့နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့လို ပြည်သူလူထု ထောက်ခံမှု၊ တိုင်းရင်းသားတွေ ထောက်ခံမှု အများစုကို ရတဲ့ အဖွဲ့တွေရဲ့  အခန်းကဏ္ဍ ဘယ်လိုနေမလဲ။

ဦးဟန်ယောင်ဝေ ။ ။ အဲဒီ အဖွဲ့အစည်းတွေကတော့ တရားဝင် ဆက်ပြီးတော့ သွားလို့မရတော့ဘူး။ ဒါက နအဖ ဥပဒေ အရဆိုရင်။ ဒါပေမဲ့ ပြောတဲ့အတိုင်းပါပဲ အဲဒီ ခေါင်းဆောင်တွေကပဲ သူတို့က လူထုအတွက် လုပ်လာတော့ သူတို့ ပါတီ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သူတို့ကတော့ လူထုအတွက် ဆက်ပြီးလုပ်မယ်လို့ ယုံကြည်ပါတယ်။ ဘယ်နည်းလမ်းနဲ့ လုပ်မလဲ။ ဘယ်အဖွဲ့အစည်းနဲ့ လုပ်မလဲဆိုတာကတော့ စောင့်ကြည့်ရလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံး မေးချင်တာကတော့ ပြည်ပအခြေစိုက်ပြီး လှုပ်ရှားနေတဲ့ ဒီမိုကရေစီ အင်အားစုတွေ အကြောင်း ဖြစ်ပါတယ်။ အခု ရွေးကောက်ပွဲကိစ္စ၊ ရွေးကောက်ပွဲမှာ နိုင်ထက်စီးနှင်း လုပ်တဲ့ကိစ္စကိုလူတွေ ကြားနေရတဲ့အချိန်မှာ ဒီမိုကရေစီအရေး အခြေပြ အဖွဲ့အစည်းတွေကလည်း ယှဉ်ပြိုင် အမျိုးသားလွှတ်တော် ခေါ်တာတို့ တချို့ က လက်မခံတာတို့ အဲဒါတွေ ကြားရပြန်ပါတယ်။ အဲဒီ အဖွဲ့တွေရဲ့  အနာဂတ် ဘယ်လို သွားလိမ့်မယ်လို့ ထင်ပါသလဲ။

ဦးဟန်ယောင်ဝေ ။ ။ နအဖ လုပ်တဲ့ဟာကို လက်မခံချင်တာကတော့ ဘယ်သူမှ လက်မခံချင်ပါဘူး။ အပြင်က အဖွဲ့ရော အတွင်းက အဖွဲ့ရော။ ဒါပေမဲ့ ပြည်တွင်းက အဖွဲ့တွေကတော့ လက်မခံလို့ မရဘူး။ သူတို့ကတော့ နအဖ ဘောင်ထဲကနေ ဆက်ပြီးလုပ်သွားရမယ့် အနေအထား ရှိပါတယ်။ အပြင်မှာရှိတဲ့ အဖွဲ့အစည်းတွေကတော့ ကျနော် နားလည်းသလောက်ကတော့ ဒီ တရားမျှတခြင်း မရှိသေးတဲ့ ကာလလုံး၊ ဒီမိုကရေစီ မရသေးတဲ့ကာလလုံး ဆက်ပြီးတော့ အပြင်ကနေ နိုင်ငံတကာကို စည်းရုံးပြီးတော့ နအဖ မကောင်းကြောင်း။ တက်လာတဲ့ အစိုးရက သူတို့လုပ်တဲ့ အလုပ် မှန်သလား၊ မမှန်ဘူးလားဆိုတာကို လိုက်စောင့်ကြည့်မယ်လို့ ကျနော်ယုံပါတယ်။

ဦးကျော်ဇံသာ ။ ။ သူတို့က နအဖ မကောင်းကြောင်းဆိုတော့ သူတို့က ဦးဟန် မြင်တဲ့အမြင်မျိုး။ ဒီဟာ ဘယ်လိုပဲဖြစ်ဖြစ် ဒီမိုကရေစီအတွက် ကောင်းတဲ့ အလားအလာဆိုတဲ့ သဘောထားမျိုး သူတို့မှာ မရှိဘူး။

ဦးဟန်ယောင်ဝေ ။ ။ သူတို့က အဲဒီလိုမျိုး မြင်ပေမယ့် သူတို့လုပ်တဲ့ လုပ်ငန်းက ကောင်းပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ နအဖ မဟုတ်ပေမယ့် တက်လာတဲ့ အစိုးရက ဘယ်လိုအပြစ်ရှိတယ်။ ဘယ်လို လုပ်နေတာ မှားတယ်၊ မှန်တယ် စောင့်ကြည့်ပြီး ထောက်ပြနေမယ်ဆိုရင် အကျိုးဖြစ်တယ်။ ဘာဖြစ်လို့လည်းဆိုရင် ဘယ်သူမှ စောင့်မကြည့်ဘူးဆိုရင် သူတို့က ကြိုက်သလို နအဖ၊ တပ်မတော် က ကြိုက်သလို လုပ်သွားရင် ကျနော် ဒီမိုကရေစီ ရလာနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အပြင်ကနေ စောင့်ကြည့်ပြီး ထောက်ပြနေမယ်ဆိုရင် သူတို့ကလည်း နိုင်ငံတကာ လက်ခံလာအောင် ကြိုးစားကြမယ်လို့ မြင်ပါတယ်။

XS
SM
MD
LG