ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သတင်းသုံးသပ်ချက်အစီအစဉ်မှာ ဧရာဝတီမြစ်ဆုံ ရေကာတာ ရပ်ဆိုင်းလိုက်ခြင်း နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Hillary Clinton မြန်မာပြည်သွားရောက်တဲ့ကိစ္စတို့ဟာ မြန်မာပြည်တွင်း နိုင်ငံရေးအခြေအနေသာမက နိုင်ငံခြားဆက်ဆံရေးအတွက်ပါ အရေးပါတဲ့အချက်တွေ ဖြစ်ပါတယ်။ ဒီအချက်တွေကြောင့် ဘယ်လိုအပြောင်းအလဲမျိုးတွေ ဖြစ်လာနိုင်သလဲဆိုတာကို မြန်မာ့အရေးကျွမ်းကျင်သူ အမေရိကန်ပါမောက္ခ David Steinberg နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားတာကို တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ အမေရိကန်ပြည်ထောင်စုရဲ့  မြန်မာနိုင်ငံဆိုင်ရာ မူဝါဒဟာ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ လူတဦးတယောက်တည်းပေါ် မူတည်ထားတယ်ဆိုတဲ့ သုံးသပ်ချက်တချို့  ကျနော်ကြားဘူးပါတယ်။ အခု အမေရိကန်ပြည်ထောင်စုရဲ့  မူဝါဒ ပြောင်းလဲလာတာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  သဘောထားပြောင်းလဲလာလို့လား။ ဒါမှမဟုတ် မြန်မာနိုင်ငံရဲ့  အခြေအနေပြောင်းလဲလာလို့လားဆိုတာနဲ့ ပတ်သက်ပြီး Prof. Steinberg ဘာပြောချင်ပါသလဲ။
Prof. David Steinberg ။ ။ ဒါဟာ အချက်အလက်အများအပြားပေါ် မူတည်တယ်လို့ ကျနော်ထင်ပါတယ်။ အမေရိကန်မူဝါဒမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အဓိကကျတဲ့နေရာက ပါနေပါတယ်။ သူကိုယ်တိုင်လည်း ပြောင်းလဲခဲ့ပါပြီ။ အရင်နှစ်တွေက လုပ်ခဲ့တာတွေနဲ့ လုံးဝမတူတော့ပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ပြောင်းလဲလာစရာဖြစ်လာရတဲ့ အကြောင်းတွေက အများကြီးပါ။ တချက်က ၂၀၁၄ ခုနှစ် အာဆီယံ ဥက္ကဋ္ဌပါ။ နောက်တချက် ခေါင်းဆောင်မှုအပြောင်းအလဲပါ။ သမ္မတကြီးဦးသိန်းစိန်ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ လုံးဝခြားနားပါတယ်။ ချဉ်းကပ်ရလွယ်တယ်။ အပြောင်းအလဲကို စဉ်းစားတတ်တယ်။ နောက်တချက်ကတော့ မြန်မာနိုင်ငံခြားရေး မူဝါဒဟာ ဘက်လိုက်မှုကင်းဖို့ လိုအပ်လာတယ်။ နောက်ဆုံးတချက်က စစ်တပ်ပါ။ စစ်တပ်ဟာ မျိုးချစ်စစ်တပ်ပါ။ တိုင်းပြည်ကို တိုးတက်စေချင်ကြပါတယ်။ နိုင်ငံတကာရဲ့  အသိအမှတ်ပြုတာကိုလည်း ခံချင်ကြပါတယ်။ ဒီအချက်တွေ အားလုံးဟာ အခုဖြစ်လာတဲ့ကိစ္စမှာ သူ့ကဏ္ဍနဲ့သူ ပါဝင်နေကြပါတယ်။
ဦးကျော်ဇံသာ ။ ။ မြန်မာ-တရုတ် နီးစပ်လာမှုကို အမေရိကန်ပြည်ထောင်စုက ဘယ်လောက် စိုးရိမ်ပါသလဲ။ အခုလို မြန်မာနဲ့ ဆက်ဆံဖို့လမ်းကြောင်း ပြန်ပြီးလုပ်လာတာဟာ ဒီ စိုးရိမ်မှုကြောင့်လို့ ဆိုနိုင်ပါသလား။
Prof. David Steinberg ။ ။ ဒါဟာ တခုသောအချက် ဖြစ်ပါလိမ့်မယ်။ အရေးကြီးဆုံးအချက်လို့တော့ ကျနော် မထင်ပါဘူး။ တရုတ်ကတော့ အမေရိကန်အနေနဲ့ တရုတ်ကို ဝိုင်းချုပ်ဖို့ ကြိုးပမ်းမှုလို့ မြင်နိုင်ပါတယ်။ ကျနော်ကို တရုတ်ဘက်က ဒီလိုပဲ မကြာခဏ ပြောဘူးပါတယ်။ ကျနော်ကတော့ သိပ်မထင်ပါဘူး။ ဟုတ်ပါတယ် ကျနော်တို့ဟာ အရှေ့ တောင်အာရှမှာ အမေရိကန်လွှမ်းမိုးမှုတချို့ ကို ပြန်ပြီးမြင်တွေ့ချင်ပါတယ်။ မြန်မာပြည် တိုးတက်ကြီးပွားတာကို မြင်ချင်ပါတယ်။ နိုင်ငံတကာ ဆက်ဆံရေးကောင်းမွန်တာကို မြင်ချင်ပါတယ်။ ဒါပေမဲ့ ဒီဒေသတခုလုံး ဘယ်နိုင်ငံတခုခုမှ လုံးဝကြီးစိုးလွှမ်းမိုးထားတာကိုတော့ မလိုလားပါဘူး။ ဒါဟာ အမှန်ပါပဲ။ မြန်မာတွေကိုယ်တိုင်လည်း ဒီအခြေအနေကို နားလည်းပါတယ်။ ဘယ်နိုင်ငံတခုခုနဲ့မှ သိပ်ပြီးနီးစပ်လွန်တာကို သူတို့ မလိုလားပါဘူး။ အမေရိကန်နဲ့ နီးစပ်ရမှာကိုလည်း သူတို့ မလိုလားပါဘူး။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခုအခါမှာ မြန်မာနိုင်ငံဟာ အမေရိကန်နဲ့ ပြန်လည်သင့်မြတ်လာတဲ့ အလားအလာကို တွေ့မြင်နေရပါပြီ။ ဆိုတော့ တခြားတဘက်မှာ တရုတ်နဲ့ ဆက်ဆံရေးကော ကင်းကင်းကွာကွာ ဖြစ်လာတဲ့ မြန်မာနိုင်ငံကို ကျနော်တို့ မြင်ကြနိုင်တယ်လို့ ထင်ပါသလား။
Prof. David Steinberg ။ ။ မြစ်ဆုံရေကာတာနဲ့ ဆုံးဖြတ်ချက်က သိပ်ကိုအရေးကြီးတဲ့ ဆုံးဖြတ်ချက်လို့ ကျနော်ထင်တယ်။ အဲဒီအတွက် တရုတ်ဘက်က စိတ်ပျက်မှာပါ။ ဒါပေမဲ့ ဒီအတွက် နှစ်နိုင်ငံ ဆက်ဆံရေး ထိခိုက်ရမယ့်ကိစ္စကို လျော့ပါးအောင်လုပ်ဖို့ ကြိုးစားပါလိမ့်မယ်။ မြစ်ဆုံရေကာတာဟာ အစိုးရချင်း ဆက်ဆံလုပ်ဆောင်တဲ့ လုပ်ငန်းထက် ဒီ စီမံကိန်းကို စီးပွားရေးလုပ်ငန်းချင်းထက် သက်ဆိုင်တဲ့ကိစ္စလို့ လုပ်ကြပါလိမ့်မယ်။ နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်ပါလိမ့်မယ် မဟုတ်ပါဘူး။ တရုတ်က သူ့အကျိုးစီးပွားအတွက် မြန်မာကို လိုအပ်သလို၊ မြန်မာကလည်း တရုတ်ကို လိုအပ်ပါလိမ့်မယ်။ အပြန်အလှန် အမှီသဟဲ ပြုနေကြရပါတယ်။ ဒီကိစ္စကို ကျနော် စာအုပ်တအုပ်တောင် ရေးနေပါတယ်။ မြစ်ဆုံရေကာတာကြောင့် အရင်ကထက် နည်းနည်းလေး ခပ်တန်တန် ဖြစ်သွားနိုင်ပေမယ့် ရေရှည်လက်တွဲနေကြပါလိမ့်မယ်။
ဦးကျော်ဇံသာ ။ ။ သုံးသပ်သူတချို့ က အခုလို အမေရိကန်က ပြန်လည်ဆက်ဆံရေး အစပျိုးလာတာဟာ သူတို့အကျိုးစီးပွားက အများအပြားပါပြီးတော့ မြန်မာ့အကျိုးစီးပွားက မဆိုသလောက်သာ ပါတယ်လို့ သုံးသပ်ကြပါတယ်။ ဆရာကြီး ဒီသုံးသပ်ချက်ကို ဘယ်လိုသဘောရပါသလဲ။
Prof. David Steinberg ။ ။ ဒါကို မှန်တယ်လို့ ကျနော်တော့ မထင်ဘူး။ အမေရိကန်အနေနဲ့ ADB, the World Bank ကမ္ဘာ့ဘဏ် တို့ရဲ့  လုပ်ငန်းကို ဆက်လုပ်ခွင့်ပြုတာ။ ပိတ်စို့အရေးယူမှုတာတွေ ပြင်ဆင်ပေးတာ။ ဂျပန်က အထောက်အကူပေးမယ့်ကိစ္စကို ဆန့်ကျင်ဟန့်တားတာတွေ မလုပ်တော့တာတွေ ဒါတွေအားလုံးက မြန်မာလူထုအားလုံးအတွက် အင်မတန် အကျိုးရှိမယ့်ကိစ္စတွေပါ။ မြန်မာတွေ နည်းပညာသင်တန်းတွေလည်း အများကြီး ရလာမယ်။ ဒါတွေကလည်း တိုင်းပြည်ခေတ်မီ တိုးတက်လာမယ့်ကိစ္စပါ။ ဒါကြောင့် မြန်မာအတွက် အကျိုးစီးပွား သိပ်မပါဘူးဆိုတာကို ကျနော်လက်မခံပါဘူး။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ မြန်မာနိုင်ငံကို နိုင်ငံခြားဆက်ဆံရေးမှာ ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံဟာ ဘက်မလိုက်နိုင်ငံတခု မြင်တွေ့လာရတော့မယ်လို့ ဆရာကြီး သုံးသပ်ပါသလား။
Prof. David Steinberg ။ ။ တဖြည်းဖြည်းတော့ ဖြစ်လာနိုင်ပါတယ်။ ဘက်မလိုက်ဝါဒဆိုတာက လွတ်လပ်ရေးရပြီးကတည်းက ကျင့်သုံးလာခဲ့တဲ့ မြန်မာ့အစဉ်အလာ နိုင်ငံခြားရေးဝါဒပါ။ တရုတ်နိုင်ငံနဲ့ကတော့ အထူးဆက်ဆံရေး ပုံစံမျိုး အမြဲရှိနေခဲ့ပါတယ်။ ၁၉၅၀ အစောပိုင်းကာလတုန်းက ဆောင်းပါးတခု ဖတ်ခဲ့ဘူးပါတယ်။ “တရုတ်လောင်းရိပ်အောက်က မြန်မာ့ဘက်မလိုက်ဝါဒ” လို့ ဆိုထားပါတယ်။ အဲဒါကို ကျနော် လက်ခံပါတယ်။ တရုတ်နဲ့ ဆက်ဆံရေးကောင်းဖို့ လိုအပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒါကို လိုလားပါတယ်။ ဒါဟာ မြန်မာပြည်အတွက် အရေးကြီးပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံကို ကျန်တဲ့နိုင်ငံတွေကလည်း ချဉ်းကပ်နိုင်ရပါမယ်။ မြန်မာ့နိုင်ငံခြားရေးဝါဒဟာ လူးသာလွန့်သာ အခြေအနေမှာ ရှိရပါလိမ့်မယ်။
ဦးကျော်ဇံသာ ။ ။ အခုလို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကိုသွားတာ အမေရိကန်နဲ့ မြန်မာနိုင်ငံ ပြန်လည်သင့်မြတ်လာမယ့် အလားအလာရှိတာကို တရုတ်က ကြိုဆိုတယ်လို့ ကြေညာပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။
Prof. David Steinberg ။ ။ တရုတ်က မြန်မာနိုင်ငံကို တည်တည်ငြိမ်ငြိမ် ဖြစ်စေချင်ပါတယ်။ ပိုက်လိုင်းတွေ၊ ရထားလမ်းတွေ ဖောက်နေတဲ့အတွက် နည်းပညာပိုင်းအရလည်း အားထားရတဲ့ အခြေအနေဖြစ်စေချင်ပါတယ်။ ဒါတွေကြောင့် အမေရိကန်နဲ့ ဆက်ဆံရေး ကောင်းလာမှာကို လိုလားတာပါ။ မြန်မာနိုင်ငံ တည်ငြိမ်ဖွံ့ဖြိုးစေချင်တဲ့အတွက် ပြည်တွင်းပုန်ကန်မှုတွေ တရုတ်မလိုလားပါဘူး။ အမေရိကန် ဝင်ရောက်ပူးပေါင်းတဲ့အတွက် မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးမှာ အထောက်အကူဖြစ်စေရင် ဆူပူမှုနည်းပြီး တည်ငြိမ်မယ်။ ဒါကို တရုတ်က လိုလားပါတယ်။ အမေရိကန်က သိပ်ကြီးစိုးမှာ အမေရိကန် စစ်စခန်းတွေ မြန်မာပြည်ထဲ ရှိလာမှာကိုသာ တရုတ်က လိုလားမှာ မဟုတ်ပါဘူး။
ဦးကျော်ဇံသာ ။ ။ အခုလို အမေရိကန်-မြန်မာ ပြန်လည်သင့်မြတ်ရေးလမ်းကြောင်းကို တွေ့လာရတာဟာ အမေရိကန်သမ္မတ အိုဘားမားအစိုးရရဲ့  သင့်မြတ်ရေးလမ်းစဉ် ဖြစ်ပါတယ်။ အမေရိကန်ကွန်ဂရက်လွှတ်တော်မှာ ဥပဒေပြုအမတ်တွေက မြန်မာနိုင်ငံအပေါ်မှာ ဥပဒေပြဌာန်းပြီး ဒဏ်ခတ်ပိတ်စို့ထားတာပါ။ ဒီ ဥပဒေကို ရုတ်သိမ်းလာမယ့် အခြေအနေရှိပါသလား။
Prof. David Steinberg ။ ။ မလွယ်ပါဘူး။ ဒီ ဥပဒေကို ပြန်ရုတ်သိမ်းဖို့ဆိုတာက လွယ်ကူတဲ့ကိစ္စ မဟုတ်ပါဘူး။ ဒါကြောင့်လည်း ပိတ်စို့အရေးယူမှု မလုပ်ပါနဲ့လို့ အစောကတည်းက ကျနော်ကန့်ကွက်လာခဲ့တာပါ။ တချိန်မှာ ပြန်ဖျက်ချင်ရင် ဖျက်ရခက်မယ်ဆိုတာကို ကျနော် သိပါတယ်။ ဒါပေမဲ့ သမ္မတ အိုဘားမား က အင်မတန် လိမ်မာပါးနပ်တဲ့ကိစ္စတခုကို လုပ်လိုက်တယ်လို့ ကျနော်ထင်တယ်။ သူက ဒေါ်အောင်ဆန်းစုကြည်ကို ဖုန်းဆက်ပြီးတော့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန် ကို လွှတ်မယ့်ကိစ္စ ဘယ်လိုသဘောရပါသလဲလို့ မေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က သဘောတူပါတယ်။ ဆိုတော့ အမေရိကန်ကွန်ဂရက် လွှတ်တော်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထောက်ခံထားတဲ့ကိစ္စမှာ သမ္မတ အိုဘားမားကို ဆန့်ကျင်ဖို့ဆိုတာက သိပ်ပြီးခက်ပါလိမ့်မယ်။ ဒါကြောင့် ကွန်ဂရက်လွှတ်တော်ရဲ့  သဘောထားလည်း တဖြည်းဖြည်းပြောင်းလာလိမ့်မယ်လို့ ထင်ပါတယ်။ ဒါ အရေးကြီးပါတယ်။ ဘာပဲပြောပြော မြန်မာ့အရေးဟာ အမေရိကန်နိုင်ငံရေးမှာ ကြီးမားတဲ့ပြဿနာ မဟုတ်ပါဘူး။ ပြဿနာ အသေးလေးပါ။ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒပြောင်းလဲရေးမှာ နိုင်ငံရေးလက်နက်ကိုသုံးပြီး ဆန့်ကျင်ကြလိမ့်မယ်လို့ မထင်ပါဘူး။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ထောက်ခံမှုအရ ပြောင်းတယ်ဆိုရင်တော့ အစိုးရအနေနဲ့ အခက်အခဲမရှိနိုင်ပါဘူး။
ဦးကျော်ဇံသာ ။ ။ ဆိုရင် ဒီ ဥပဒေကို မရုတ်သိမ်းနိုင်ခင်မှာ အမေရိကန်ကုမ္မဏီတွေ မြန်မာနိုင်ငံသွားပြီး ရင်းနှီးမြုပ်နှံတာမျိုး၊ မြန်မာတွေ နည်းပညာပိုင်း လေ့လာသင်ကြားတက်မြောက်လာအောင် အမေရိကန်က လေ့ကျင့်ပေးတာမျိုး အဲဒီလိုကိစ္စတွေကို လက်တွေ့မြင်လာမယ့် အခြေအနေ ရှိပါသလား။
Prof. David Steinberg ။ ။ ဥပဒေကို တဖြည်းဖြည်းချင်းပဲ ရုတ်သိမ်းသွားပါလိမ့်မယ်။ ချက်ချင်း ဖျက်သိမ်းလိုက်တာတော့ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ အခုလောလောဆယ်မှာ အစိုးရဘက်ကလည်း ဒါကို စိတ်မဝင်စားသေးပါဘူး။ မြန်မာဘက်မှာ ပြုပြင်ပြောင်းလဲရေးလုပ်လာတဲ့အပေါ် မူတည်ပြီးမှသာ ဥပဒေထဲက ဒီအချက်ကို လျှော့ပေးမယ်။ ဟိုအချက်ကို လျှော့ပေးမယ်ဆိုတာမျိုး လုပ်လာနိုင်ပါတယ်။ နောက်ဆုံးတနေ့မှာတော့ ပိတ်စို့အရေးယူတာတွေ ပပျောက်သွားလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်နိုင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ အဲဒီလို အချက်တချို့ ကို လျှော့ပေးမယ့်ကိစ္စမှာ ဥပဒေပြုအမတ်တွေရဲ့  သဘောတူညီချက်မပါဘဲ ဖြစ်နိုင်ပါမလား။
Prof. David Steinberg ။ ။ သဘောတူညီမှုတော့ လိုတာပေါ့လေ။ ဒါပေမဲ့ သမ္မတအနေနဲ့ အမေရိကန်အမျိုးသား အကျိုးစီးပွားအတွက် လုပ်နိုင်တဲ့ကိစ္စတချို့  ရှိပါတယ်။ အိုဘားမားအပါအဝင် သမ္မတတိုင်းကတော့ အပြောင်းအလဲဆိုတာကိုတော့ လုပ်ကြပါတယ်။ ၂၀၁၂ ကျရင် ဒီမှာ သမ္မတရွေးကောက်ပွဲလုပ်ပြီး လက်ရှိ သမ္မတပဲ ရှိနေနေ၊ သမ္မတအသစ်ပဲ တက်လာလာ အပြောင်းအလဲတော့ လုပ်မှာပါ။ ဒါပေမဲ့ အဲဒါမတိုင်ခင် တွေ့ရနိုင်တယ်လို့ မျှော်လင့်မိတာတော့ ကျနော်ရှိပါတယ်။ မြန်မာသံအမတ်ကြီးတယောက် အမေရိကန်ကို ရောက်လာနိုင်တယ်။ အမေရိကန် သံအမတ်ကြီးအဆင့် မြန်မာနိုင်ငံမှာ ပြန်ထားနိုင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်ဆုံးအနေနဲ့ အိန္ဒိယနိုင်ငံရဲ့  သဘောထားကို မေးချင်ပါတယ်။ မြန်မာနိုင်ငံ-အမေရိကန် ပြန်လည်သင့်မြတ်မယ့် အလားအလာကို အာဆီယံက ကြိုဆိုတယ်ဆိုတာကို ကြားနေရပါတယ်။ အိန္ဒိယနိုင်ငံက ဒီကိစ္စမှာ ဘာကြောင့် နှုတ်ဆိတ်နေရပါသလဲ။ အိန္ဒိယက ဘာမှပြောတာကို မကြားရပါဘူး။
Prof. David Steinberg ။ ။ မြန်မာနိုင်ငံအပေါ် အိန္ဒိယ စိတ်ဝင်စားတဲ့အချက် နှစ်ချက် ရှိပါတယ်။ နံပတ်တစ်က တရုတ်လွှမ်းမိုးတာကို ထိန်းညှိဖို့ ဖြစ်ပါတယ်။ ဒါဟာ သူတို့အတွက် သိပ်ပြီးလုပ်ရခက်တဲ့ ကိစ္စတခုဖြစ်ပါတယ်။ အိန္ဒိယက မြန်မာနိုင်ငံမှာ တရုတ်တွေ သိပ်ပြီးလွှမ်းမိုးသွားမှာကို သိပ်ပြီးစိုးရိမ်ပါတယ်။ ပါကစ္စတန်နဲ့ တရုတ်နဲ့ သိပ်နီးစပ်နေတော့ အဝိုင်းခံနေရသလို ဖြစ်နေတာပါ။ ဒုတိယအချက်ကတော့ အိန္ဒိယအရှေ့ မြောက်ဘက်က သူပုန်ပြဿနာ ဖြစ်ပါတယ်။ ပြီးတော့ ကုလတန်မြစ် ဖွံ့ဖြိုးရေးစီမံကိန်း လုပ်ဆောင်နေပါတယ်။ ဒါဟာ သူတို့ အရှေ့ မြောက်ဒေသ ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ချက်လည်း ပါဝင်ပါတယ်။ ဒါကြောင့် အိန္ဒိယက မြန်မာနဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ လိုလားပါတယ်။
ဦးကျော်ဇံသာ ။ ။ အခု ဝန်ကြီးကလင်တန် လာတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အိန္ဒိယနိုင်ငံက ဝမ်းသာမယ် ထင်ပါသလား။
Prof. David Steinberg ။ ။ အိန္ဒိယ က သိပ်ဝမ်းသာမှာပါ။ အမေရိကန်ဟာ အခုအခါမှာ အိန္ဒိယနဲ့ ဆက်ဆံရေး ကောင်းနေပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ အမေရိကန်-မြန်မာ ဆက်ဆံရေးကောင်းတော့ အိန္ဒိယ က ကျေနပ်မှာပါ။