သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေး နဲ့ ကျန်းမာရေးအခြေအနေ


Lightning flashes in the sky in Zhuhai, Guangdong province, China, May 22, 2013.
Lightning flashes in the sky in Zhuhai, Guangdong province, China, May 22, 2013.

ဗမာစစ်အစိုးရ ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂမှာ အခက်အခဲဖြစ်နေချိန်မှာ အစိုးရတပ်ရဲ့ စစ်ဆင်မှုကြောင့် မြန်မာပြည်အရှေ့ပိုင်း ထိုင်း-မြန်မာနယ်စပ်ဒေသမှာ ကျန်းမာရေးနဲ့ လူ့အခွင့်အရေးအခြေအနေ ဆိုးဝါးနေပါတယ်။ ဒီဒေသ အခြေအနေဟာ မြန်မာပြည်မှာ အဆိုးဝါးဆုံး ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆေးပညာရှင်များအသင်း(Burma Medical Association) ၊ အမျိုးသား ကျန်းမာရေး နဲ့ ပညာရေးကော်မတီ၊ ကျောပိုးအိပ် ကျန်းမာရေးလုပ်သားအဖွဲ့တွေက စုပေါင်းပြီး ပြုစုထားတဲ့ စာမျက်နှာ (၅၀) အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကရင်၊ ကရင်နီ၊ မွန်၊ ရှမ်း နဲ့ ပလောင် ကျန်းမာရေးအဖွဲ့ တွေ ကလည်း အကူအညီပေးကြပါတယ်။

မြန်မာပြည်အရှေ့ပိုင်းက မြို့နယ် (၂၁) မြို့နယ်က ကျန်းမာရေးနဲ့ လူ့ဘဝအခြေအနေတွေကို စစ်တမ်း ကောက်ယူထားတာပါ။ အိမ်ထောင်စု (၅) ထောင် လူဦးရေ (၃) သောင်းကို စစ်တမ်းကောက်ယူတဲ့ အချက်အလက်တွေကို အခြေခံပြီး ရေးထားတဲ့ စာတမ်း ဖြစ်ပါတယ်။ ၂၀၀၈ အောက်တိုဘာလက ၂၀၀၉ ဇန်နဝါရီလကုန်အထိ ကုလသမဂ္ဂစံ သတ်မှတ်ချက်နဲ့အညီ အချက်အလက်တွေကို (၄) လတိုင် စုဆောင်းပြီးမှ အောက်တိုဘာလ နှောင်းပိုင်းမှာ အစီရင်ခံစာ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တိုင်းရင်းသား အရပ်သားတွေ အဆက်အသွယ် ပြတ်စေဖို့အတွက် ဗမာစစ်အစိုးရဟာ ၁၉၇၀ က စပြီး ဖြတ် (၄) ဖြတ် စစ်ဆင်းရေးလုပ်ပါတယ်။ တိုင်းရင်းသား တပ်ဖွဲ့တွေကို ရိက္ခာ၊ ရံပုံငွေ၊ သတင်း နဲ့ လူအင်အား ဖြတ်တောက်ဖို့ ရည်ရွယ်ပြီး တိုင်းရင်းသား ကျေးရွာတွေကို အတင်းအဓမ္မ နေရာရွှေ့ပြောင်းမှု၊ ဖျက်ဆီးမှုတွေ လုပ်တဲ့အတွက် မြန်မာပြည်အရှေ့ပိုင်းမှာ အိုးမဲ့အိမ်မဲ့ ဖြစ်သွားရသူပေါင်း ငါးသိန်းလောက် ရှိတယ်လို့ ဆိုပါတယ်။ ဒီဒေသမှာ အသက်ရှင်သန်ဖို့ ခက်ခဲတာမို့ ကလေးအသေအပျောက်နှုန်း အများဆုံး ဖြစ်ပါတယ်။ သွားဖွားစဉ် သေဆုံးတဲ့ ကလေးဦးရေဟာ ပြည်မ မှာထက် (၃) ဆ လောက် ပိုများပါတယ်။ (၅) နှစ်အောက်အရွယ် သေဆုံးတဲ့နှုန်းဟာ ပြည်မထက် (၂) ဆ လောက် ပိုများနေတာ တွေ့ရပါတယ်။ ကာကွယ်လို့ရတဲ့ ရောဂါတွေကြောင့် သေဆုံးကြတာများပါတယ်။

ကလေးလူကြီး သေဆုံးသူဦးရေ (၂၅) ရာခိုင်နှုန်းဟာ ငှက်ဖျားရောဂါကြောင့် ကွယ်လွန်ကြရတာဖြစ်ပြီး (၁၅) ရာခိုင်နှုန်းဟာ ဝမ်းပျက်ပြီး သေဆုံးရတာလို့ ဆိုပါတယ်။ သေနတ်ဒဏ်ရာ၊ မြေမြုပ်မိုင်းဒဏ်ရာကြောင့် သေဆုံးရသူကတော့ (၂) ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ (၅) နှစ်အောက်အရွယ် ကလေးတွေဟာ ငှက်ဖျားဒဏ်ကို အခံရဆုံးဖြစ်ပါတယ်။ ရှမ်းပြည်နယ်မှာ ငှက်ဖျားရောဂါ အများဆုံးဖြစ်ပွားပြီး မွန်ပြည်နယ်မှာ အနည်းဆုံး ဖြစ်ပါတယ်။ ဗမာစစ်အစိုးရစာရင်းမှာတော့ ငှက်ဖျားရောဂါ ခံစားရသူဦးရေဟာ အမြဲတမ်း နည်းနေပါတယ်။ ဥပမာ ၂၀၀၃ ခုနှစ်က ကရင်ပြည်နယ်မှာ ငှက်ဖျားရောဂါ ခံစားရသူ တထောင်ကျော်သာ ရှိတယ်လို့ ဗမာစစ်အစိုးရက မှတ်တမ်းတင်ထားပေမယ့် တနှစ်ထဲမှာပဲ ငှက်ဖျားရောဂါ ခံစားရသူ (၃)သောင်း ကို ဒေသခံ ကျန်းမာရေးလုပ်သားတွေက ကုသပေးခဲ့ရပါတယ်။ ငှက်ဖျားရောဂါ ခံစားရသူဦးရေဟာ ဗမာစစ်အစိုးရရဲ့ စာရင်းထက် (၁၅) ဆ လောက် ပိုများနေပါတယ်။

သေဆုံးသူကလေးလူကြီး (၂၀) ရာခိုင်နှုန်းဟာ ဝမ်းပျက်ရောဂါ ခံစားရသူတွေ ဖြစ်ပါတယ်။ ဆားနဲ့ သကြား ရောစပ်ထားတဲ့ရေကို သောက်သုံးပြီး ကာကွယ်နိုင်တဲ့ ဝမ်းပျက်ရောဂါကြောင့် အာဟာရဓါတ်ချို့တဲ့ပြီး နောက်ဆုံး သေဆုံးကြရတာပါ။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းတွေထဲမှာ အခြေခံ လူထုကျန်းမာရေး ဗဟုသုတ ခေါင်းပါးတာလည်း ပါဝင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာပြည် အရှေ့ပိုင်းဒေသဟာ အာဟာရဓါတ်ချို့တဲ့သူ အများဆုံးအရပ် ဖြစ်တယ်လို့ ဆိုလိုပါတယ်။ အိမ်ထောင်သည်တွေထဲမှာ (၈၀) ရာခိုင်နှုန်းဟာ ခေတ်ပေါ် ပဋိသန္ဓေတားဆေးကို မသုံးစွဲကြပါဘူး။ ဒီကြားထဲ ကိုယ်ဝန်ဆောင်နိုင်တဲ့ အရွယ်တွေထဲမှာ ၂၀%ဟာ အာဟာရဓါတ်ချို့တဲ့ နေပါတယ်။ ဒီလို အခြေအနေမှာ တောထဲမှာ သားဖွားရတာကြောင့် အသေအပျောက် များရတာ ဖြစ်ပါတယ်။ အတင်းအဓမ္မ ရွှေ့ပြောင်းခံသူတွေထဲမှာ အာဟာရဓါတ်ချို့တဲ့သူဦးရေ အများဆုံး ရှိနေတာကို တွေ့ရပါတယ်။

စစ်တမ်းကောက်ယူတဲ့ မိသားစုတွေထဲမှာ (၁၀) ရာခိုင်နှုန်းလောက်ဟာ အဓမ္မခိုင်းစေတာကို ခံခဲ့ရကြောင်း သိရပါတယ်။ ပျမ်းမျှနှုန်းနဲ့ဆိုရင် တနှစ်မှာ ရက် (၃၀) လောက် အဓမ္မခိုင်းစေတာကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ပေါ်တာလိုက်ရသူတွေဟာ အသက်အန္တရာယ် စိုးရိမ်ရပါတယ်။ အစိုးရတပ်က ခိုင်းလွန်းတဲ့အတွက် ဝမ်းစာ ရှာဖို့တောင် အချိန်မရတော့လို့ ထွက်ပြေးကြတဲ့ မိသားစုတွေလည်း အများကြီး ရှိပါတယ်။ စစ်အစိုးရရဲ့ စိတ်ကူးယဉ် ကြက်ဆူပင်ကို စိုက်ပေးခဲ့ရတဲ့ အိမ်ထောင်စုပေါင်း (၅) ထောင်ကျော်ကိုလည်း မှတ်တမ်းတင် ထားပါတယ်။ အဓမ္မ အခိုင်းခံတွေထဲမှာ ပေါ်တာလိုက်ရတာ အဆိုးဆုံးပါ။ တချို့ဆိုရင် အစိုးရတပ် ခိုင်းတာ တွေချည်း လုပ်ပေးနေရလို့ မိသားစုအတွက် ဝမ်းစာဖူလုံအောင် မရှာနိုင်တော့တဲ့အတွက် ထွက်ပြေးကြရ ပါတယ်။

အစိုးရတပ်ရဲ့ နှိပ်စက်ညှဉ်းပမ်းမှု ရက်စစက်မှုကြောင့် ဒေသခံ တိုင်းရင်းသားတွေ ကျန်းမာရေး ချို့တဲ့လာ ရတာ ဖြစ်ပါတယ်။ မြန်မာပြည်အရှေ့ပိုင်းဒေသမှာ ဒုက္ခမျိုးစုံ ကြုံတွေ့နေရသူတွေကို အပြည်ပြည်ဆိုင်ရာ ကုသိုလ်ဖြစ်အဖွဲ့တွေက ကူညီစောင့်ရှောက်လိုပေမယ့် ဗမာစစ်အစိုးရက ပြည်ဝင်ခွင့် မပေးပါဘူး။ ဒေသခံတွေက ကိုယ်ထူကိုယ်ထနည်းနဲ့ ကျန်းမာရေးအခြေအနေ ကောင်းမွန်လာအောင် ကြိုးစားနိုင်ပေမယ့် အစိုးရတပ်ရဲ့ နှောက်ယှက်မှုတွေကြောင့် အခက်အခဲတွေ တွေ့နေရပါတယ်။

XS
SM
MD
LG