ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သတင်းသုံးသပ်ချက်အစီအစဉ်မှာ ဦးကျော်ဇံသာ မကြာခင် ကုန်ဆုံးတော့မယ့် ၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွက် သတင်းကောင်းတွေနဲ့ လာမယ့် ၂၀၁၂ ခုနှစ်အတွင်း ဖြစ်ထွန်းလာနိုင်တဲ့ အခြေအနေတွေကို Weekly Eleven News ဂျာနယ် အယ်ဒီတာချုပ် ကိုဝေဖြိုး နဲ့ ဧရာဝတီသတင်း အယ်ဒီတာချုပ် ကိုအောင်ဇော် တို့နဲ့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ကျနော်တို့ သတင်းသမားတွေအနေနဲ့ ၂၀၁၁ သတင်းတွေထဲမှာ ဘယ်လိုသတင်းတွေက သတင်းကောင်းတွေအဖြစ် ရေးသားခဲ့ကြရတယ်။ သတင်းကောင်းဆိုတာလည်း ကျနော်တို့ သတင်းရှုထောင့်ကနေ ကြည့်ပြီးတော့ သတင်းအင်္ဂါရပ်တွေဘာတွေနဲ့ ညီတာကိုပြောတာ မဟုတ်ပါဘူး။ တိုင်းပြည်အတွက်၊ ပြည်သူအတွက်၊ လူ့အဖွဲ့အစည်းအတွက် ကောင်းတဲ့သတင်းလို့ ယူဆနိုင်သလဲဆိုတာကို စပြီးကြည့်ကြရပါစို့ခင်များ။ ပထမဦးဆုံး ဆရာကိုဝေဖြိုးအနေနဲ့ ဘယ်သတင်းတွေက သတင်းကောင်းလို့ ဆိုချင်ပါသလဲ အကြမ်းမျဉ်းသုံးသပ်ပေးပါ။
ကိုဝေဖြိုး ။ ။ ၂၀၁၁ ခုနှစ်ကတော့ ကျနော်တို့ နိုင်ငံအတွက်ကော၊ ကျနော်တို့ မီဒီယာအတွက်ကော အများပြည်သူကို ဖော်ပြပေးနိုင်တဲ့ အများပြည်သူသိချင်တဲ့ အကြောင်းအရာတွေ အများဆုံးနှစ်ထဲမှာ ပါဝင်တဲ့နှစ်တနှစ်ပါ။ အထူးသဖြင့် ကျနော်တို့ အကောင်းဆုံးလို့ ပြောနိုင်တဲ့သတင်းကတော့ မြစ်ဆုံအရေးနဲ့ ပတ်သက်တဲ့သတင်းပါ။ ပြည်တွင်းအနေနဲ့ဆိုရင်တော့ ပြည်တွင်းမှာရှိတဲ့ တနိုင်ငံလုံးပြည်သူတွေက မြစ်ဆုံမှာ ဆောက်မယ့်ရေကာတာကိစ္စနဲ့ ပတ်သက်လို့ တော်တော်များများက စိုးရိမ်ကြောင့်ကြမှုတွေနဲ့ အများအပြားပြောဆိုခဲ့တဲ့အချိန်မှာ နိုင်ငံတော်သမ္မတက မြစ်ဆုံကိစ္စနဲ့ ပတ်သက်ပြီး သူ့သမ္မတ သက်တမ်းတလျှောက်မှာ ရပ်နားထားမယ်ဆိုတဲ့သတင်းက တခြားသတင်းတွေထဲက အကောင်းဆုံးထဲမှာ အပါအဝင်တခုလို့ ပြောလို့ရပါတယ်။ တခြား အပြောင်းအလဲတွေမှာလည်း နိုင်ငံရေးအနေနဲ့ ကြည့်မယ်ဆိုရင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံတဲ့သတင်း။ နောက်တခါ ဒီဘက် အရပ်သားအစိုးရအဖြစ် ပြောင်းလဲလာပြီးနောက်မှာ ကျနော်တို့ နိုင်ငံက နိုင်ငံတကာ အသိုင်းအဝိုင်းထဲကို ပြန်လည်ခြေချလာတဲ့ အကြောင်းအရာတွေက ကောင်းမွန်တဲ့သတင်းအဖြစ် ဖော်ပြနိုင်ခဲ့တယ်လို့ ကျနော်ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆရာကိုအောင်ဇော် သဘောထားလည်း ပြောပြအုန်း။ ဘယ်သတင်းတွေကို ပြီးခဲ့တဲ့နှစ်က သတင်းကောင်းတွေလို့ သတ်မှတ်လိုပါသလဲခင်များ။
ကိုအောင်ဇော် ။ ။ သတင်းကောင်းတွေ များတဲ့နှစ်ပါ။ ၂၀၁၁ ဒီနှစ်က အခုနပြောသွားတဲ့ မြစ်ဆုံသတင်း။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန် မတိုင်ခင်မှာ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နဲ့ စတွေ့ကတည်းက အပြင်ကသတင်းထောက်တွေက guess feeling … sense တခုရနေခဲ့တယ်။ အပြောင်းအလဲတခု လာနေပြီဆိုတဲ့ပုံစံမျိုး။ အဲဒါမျိုးကိုရခဲ့တာ။ အဲဒီသတင်းမျိုးတွေကို အပြင်က မရသော်လည်း အတော်အားကျိုးမာန်တက် လိုက်ခဲ့တယ်။ ရေးခဲ့တယ်။ ထောင့်စုံက ရေးနိုင်ခဲ့တယ်။ နောက်ဆုံးတခုကတော့ မြန်မာနိုင်ငံကို sanction နဲ့ ပိတ်စို့ထားပြီးတော့မှ မမျှော်လင့်ဘဲနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန် လာတဲ့ခရီးစဉ်။ အဲဒီ ခရီးစဉ်မတိုင်ခင်မှာ သမ္မတ အိုဘားမားကနေ သူ့ Air Force One ကနေ ဒေါ်အောင်ဆန်းစုကြည် နဲ့ စကားပြောတယ်။ နောက် မြန်မာကို အာဆီယံဥက္ကဋ္ဌအဖြစ်နဲ့ အသိအမှတ်ပြုခဲ့တယ်။ ၂၀၁၄ မှာ ကျင်းပမယ့်ကိစ္စ။ အဲဒီသတင်းတွေကို ကျနော်တို့ အားကျိုးမာန်တက် လိုက်ခဲ့တယ်။ နောက်ပြီးတော့ ဒါတွေက မြန်မာပြည်အတွက်လည်း အားရှိစေတဲ့ သတင်းကောင်းတွေလို့ ကျနော်ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ သတင်းကောင်းတွေတော့ ဟုတ်ပါပြီ။ သတင်းထဲမှာမှ ကျနော်တို့ သတင်းသမားတွေ လွတ်လွတ်လပ်လပ် ပြောလို့မရခဲ့တဲ့ သတင်းတွေကို သတင်းဆိုးလို့ သတ်မှတ်မယ်ဆိုရင် သတ်မှတ်နိုင်တဲ့သတင်းတွေ ပြည်တွင်းမှာ တိုင်းရင်းသားတွေနဲ့ ပဋိပက္ခဖြစ်တဲ့အတွက်ကြောင့် အဲဒီမှာ တိုင်းရင်းသားစစ်ပြေးဒုက္ခသည်တွေ ဒုက္ခပင်လယ်ဝေရတဲ့ကိစ္စတွေ။ တခါ နိုင်ငံရေးအကျဉ်းသားတချို့ရဲ့ ကျန်းမာရေးကိစ္စတွေ။ အဲဒီလို သတင်းမျိုးတွေကိုရော ကြားတော့ကြားရတယ် ဘယ်လောက်ကျေကျေနပ်နပ် ပွင့်ပွင့်လင်းလင်း ရေးသားခွင့် ရခဲ့ပါသလဲ။
ကိုဝေဖြိုး ။ ။ စောစောက ပြောတဲ့သတင်းတွေထဲမှာဆိုရင် ကျနော်တို့ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ခဲ့တဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ရှိရင် ကျနော်တို့အနေနဲ့ တချို့အကြောင်းအရာတွေကို သင့်သလျှောက်ကလွှဲရင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနိုင်ခြင်း မရှိပါဘူး။ ဒါအပြင် နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်လို့လည်း တချို့ အကြောင်းအရာတွေမှာ … ထားပါတော့ ပြီးခဲ့တဲ့နှစ်အတွင်းမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေသူ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ငြိမ်းချမ်းသာခွင့် နှစ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။ တချို့ ပါသင့်ပါထိုက်သူတွေ ပါလာသလို။ ကျနော်တို့ ပါစေချင်တဲ့ အများ မျှော်လင့်နေတဲ့ တချို့လည်း ပါမလာသေးတာ ရှိပါတယ်။ အဲဒီတော့ အဲဒါတွေနဲ့ ပတ်သက်လို့ ဖော်ပြသင့် ဖော်ပြထိုက်သလောက် အခြေအနေကလွှဲလို့ တချို့အပိုင်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနိုင်ခဲ့ခြင်း မရှိပါဘူး။
ဦးကျော်ဇံသာ ။ ။ ကိုအောင်ဇော် တို့ကတော့ အပြင်ကဆိုတော့ ပြည်တွင်းမီဒီယာတွေထက် အဲဒီကိစ္စတွေကို ပိုပြီးဖော်ပြခွင့်ရခဲ့တယ် ထင်ပါတယ်။
ကိုအောင်ဇော် ။ ။ ကျနော်ထင်တယ် အပြင်နဲ့အထဲ နှစ်ဖက်စလုံးက complimentary role တခုကို ကျနော်တို့ play ကြတယ်ထင်ပါတယ်။ ဆိုတော့ ကျနော်တို့ နှစ်ခုပေါင်းမှ တခုဖြစ်တဲ့ သဘောဖြစ်နေပါတယ်။ အဲဒါလည်း ကျနော်ထင်တယ် သဘာဝကျပါတယ်။ လောလောဆယ်အနေအထားနဲ့ဆိုရင်။ အပြင်မှာဆိုရင်တော့ ကျနော်တို့က ပြည်တွင်းစစ်ဖြစ်နေတဲ့ကိစ္စ။ ကချင်မှာ တိုက်ပွဲတွေ ပြန်ဖြစ်တဲ့ကိစ္စ။ နောက်ပြီးတော့ အကျဉ်းသားကိစ္စတွေမှာဆိုရင်လည်း ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ရဲ့ ကျန်းမာရေးကိစ္စတွေ ထဲထဲဝင်ဝင် ရေးခွင့်ရခဲ့တာ ရေးခွင့်ရနေဆဲဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အထဲမှာရှိတဲ့ ကျနော်တို့ ညီနောင် သတင်းစာဆရာတွေ၊ အယ်ဒီတာတွေ Eleven ကအစ အဲဒါတွေကို ထဲထဲရောက်ရောက် သူတို့ ရေးလို့မရတာ ရှိပါတယ်။ ဒါကြောင့် ကျနော်တို့ ဒီဘက်ကနေပြီးတော့ သူတို့မရနိုင်တဲ့ အပိုင်းတွေ၊ သူတို့ မရေးနိုင်တဲ့အပိုင်းတွေကို ကျနော်တို့ ဒီဘက်ကနေပြီးတော့ မီးမှောင်းထိုးပြပြီး နိုင်ငံတကာနဲ့ ပြည်တွင်းက ပရိသတ်တွေ သိအောင် ကျနော်တို့ ရေးပြခြင်း ဖြစ်ပါတယ်။ အမှန်တော့ သတင်းကောင်းတခုက ဘာလဲဆိုတော့ ကျနော်မြင်တာ အားရမိတာတခုရှိတာက ကျနော်တို့လို website တွေက အထဲမှာ ban လုပ်ထားတာ ရှိပါတယ်။ လွန်ခဲ့တဲ့ သုံးလ၊ လေးလ လောက်ကစပြီး အဲဒီ ban လုပ်ထားတဲ့ website တွေကို ရုတ်လိုက်ပါတယ်။ ရုတ်လိုက်ပြီးနောက်ပိုင်း ပြည်တွင်းက ကျနော်တို့ရဲ့ site တွေကို အများကြီး ဖတ်တဲ့လူတွေ အများကြီးဖြစ်သွားတာကို တွေ့ရပါတယ်။ ဆိုတော့ အခုဆိုရင် မြန်မာပြည်ကလာပြီး ကြည့်တဲ့ စာဖတ်သူဦးရေဟာ နံပတ် နှစ် အဆင့်မှာ ဖြစ်သွားပါတယ်။ ဒါက သတင်းကောင်းတခုပါ။ နောက်တချက်က ပြည်တွင်းမှာရှိတဲ့ မီဒီယာတွေက အတိုင်းအတာတခုအထိ ဒေါ်အောင်ဆန်းစုကြည် အကြောင်း ရေးခွင့်ရတာတို့။ ပြည်တွင်းစစ်ကိစ္စကိုလည်း အပေါ်ယံ ပါးပါးလေးရေးလို့ ရတဲ့ကိစ္စမျိုးတွေ ဖြစ်လာတာကအစ ဒါလေးတွေကတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒါပေမဲ့ ကျနော်ထင်တာကတော့ ပြည်ပကနေပြီတော့ အားကျိုးမာန်တက် ပြည်တွင်းက ကျနော်တို့ ညီနောင်မိတ်ဆွေတွေ၊ သတင်းစာဆရာတွေ လုပ်လို့မရတာတွေကို ကျနော်တို့ ဒီကလုပ်ပေးနိုင်တာ သတင်းကောင်းတခုပါ။
ဦးကျော်ဇံသာ ။ ။ နောက် မြန်မာနိုင်ငံအတွင်းမှာ ပြီးခဲ့တဲ့နှစ်အတွင်းက လူ့အခွင့်အရေးကော်မရှင် ဖွဲ့လိုက်တယ်ဆိုတဲ့ သတင်းဟာ ပထမဆုံး ကြားရတာ အတော်အားရစရာကောင်းတဲ့ သတင်းပါ။ ဒါပေမဲ့ အဲဒီသတင်းရဲ့ နောက်ဆက်တွဲမှာ ဘာတွေ လုပ်ပေးနိုင်သလဲဆိုတဲ့ သတင်းတွေ ပေါ်ထွက်ခဲ့ပါသလဲ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီ။
ကိုဝေဖြိုး ။ ။ အဲဒီကိစ္စနဲ့ ပတ်သက်လို့လည်း အခုန ကိုအောင်ဇော် ပြောသွားသလိုပါ။ ကျနော်တို့ ပြည်တွင်းကအနေအထားနဲ့ ပတ်သက်လို့ ကျနော်တို့က အတတ်နိုင်ဆုံး ဒီမတိုင်ခင်ကော ၂၀၁၁ မတိုင်ခင် အခြေအနေ ပြီးခဲ့တဲ့ လေးငါးခြောက်နှစ် အတွင်းမှာ ဘယ်လိုအခြေအနေမျိုးကနေ ဒီလိုအခြေအနေရောက်လာအောင် ကျနော်တို့ ဘယ်လောက်၊ ဘယ်လိုမျိုး လုပ်ခဲ့တယ်ဆိုတာ အားလုံးအသိဖြစ်သလို။ ဒီနှစ်အတွင်းမှာလည်း ကျနော်တို့ ရနိုင်တဲ့နေရာကနေ ကျနော်တို့ မီဒီယာတာဝန် ကျေပြွန်အောင် အတတ်နိုင်ဆုံး ဖော်ပြသင့် ဖော်ပြထိုက် ဖော်ပြနိုင်ခွင့်ရအောင် နည်းမျိုးစုံနဲ့ လုပ်ခဲ့ပါတယ်။ လူ့အခွင့်အရေး နဲ့ ပတ်သက်လို့ရှိရင်လည်း ကျနော်တို့ ရေးထိုက်တာတွေ၊ ရေးသင့်တာတွေ၊ ရေးသင့်တာထက် ပိုပြီးရေးနိုင်အောင် ကြိုးစားသလို ရေးခဲ့ပါတယ်။ သို့သော် တချို့အပိုင်းတွေမှာ အစောက ဆရာမေးသလို ကျယ်ကျယ်ပြန့်ပြန့် သတင်းတခုရဲ့ နောက်က follow up လိုက်နိုင်တဲ့ အပိုင်းတွေမှာ တချို့နေရာတွေမှာ လိုတာလေးတွေ ရှိနေပါတယ်။ လိုတာလေးတွေ ရှိတယ်ဆိုတဲ့နေရာမှာ နှစ်ပိုင်းရှိသလို။ ဒီဘက်က လုပ်ဆောင်မှုအပိုင်းက မေးမြန်းမှု၊ ဖော်ထုတ်ရေးသားမှုအပိုင်း လိုအပ်ချက်ရှိနေသလို။ တဖတ်က ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပိုင်မှု၊ ထုတ်ပြန်မှုအပိုင်းတွေမှာ ရေးလို့ရနိုင်တဲ့အနေအထားတွေမှာလည်း တချို့ လိုအပ်တာတချို့ ရှိနေဆဲပါ။
ဦးကျော်ဇံသာ ။ ။ ၂၀၁၁ ကုန်လွန်တော့မှာ ဖြစ်ပါတယ်။ ၂၀၁၂ ကို မှန်းကြည့်ကြပါစို့ခင်များ။ ၂၀၁၂ ရဲ့ အလားအလာကော ဘယ်လိုဖြစ်လာမယ် ထင်ပါသလဲ။ ပထမဦးဆုံး သတင်းအနေနဲ့ ပိုမိုပြီး လွတ်လွတ်လပ်လပ် ရလာမယ် ထင်ပါသလား။ ဆရာကိုဝေဖြိုး ဆက်ပြောပါ။ ပြည်တွင်းက လူတယောက်အနေနဲ့။
ကိုဝေဖြိုး ။ ။ ကျနော်ပြောချင်တာကတော့ ၂၀၁၁ က ကျနော်တို့ နိုင်ငံရဲ့ အပြောင်းအလဲတွေရဲ့ အစလို့ ကျနော် ယုံကြည်ပါတယ်။ စောစောက ကိုအောင်ဇော် ပြောတဲ့အထဲမှာလည်း ပါပါတယ်။ ၂၀၁၄ အာဆီယံဥက္ကဋ္ဌအဖြစ် အသိအမှတ်ပြုခြင်းအပါအဝင်။ ဟီလာရီ ကလင်တန် က နှစ်ပေါင်း (၅၀) ကျော်အတွင်းမှာ နိုင်ငံခြားရေးဝန်ကြီးတယောက်အနေနဲ့ လာခဲ့တဲ့ခရီးစဉ် အပါအဝင် ကျနော်တို့ဆီမှာ နိုင်ငံတကာ အသိုင်းအဝိုင်းထံ ပြန်လည်ဝင်ဆန့်နိုင်အောင် ကြိုးပမ်းခဲ့တာတွေ အများအပြားရှိပါတယ်။ အဲဒီတော့ ကျနော် နားလည်းတာကတော့ နောက်ဆက်တွဲအနေနဲ့ နိုင်ငံတကာအဝန်းအဝိုင်းနဲ့ ဆက်ဆံနိုင်လောက်တဲ့ လုံလောက်တဲ့ စံနှုန်းတွေ ရှိဖို့ ကြိုးပမ်းလာခြင်းကို မြင်ပါတယ်။ ဒီအတိုင်း မှန်ခဲ့လို့ ဒီလမ်းကြောင်းအတိုင်းပဲ အကောင်းဖက်ကို ဆက်သွားခဲ့မယ်ဆိုရင်တော့ ၂၀၁၂ က ကျနော်တို့ နိုင်ငံအတွက် ဒီထက် မျှော်လင့်စရာတွေ အများကြီးရှိလာနိုင်တဲ့ နှစ်လို့ ပြောလို့ရနိုင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ကိုအောင်ဇော်ရဲ့ ၂၀၁၂ မျှော်လင့်ချက်လည်း ပြောပါ။
ကိုအောင်ဇော် ။ ။ ၂၀၁၂ ရဲ့ Crystal ball ကို ကျနော်တို့ ကြည့်မယ်ဆိုရင်တော့ အခုန ကျနော်အမြဲတမ်း ပြောနေတဲ့ အထူးသတိထား စောင့်ကြည့်ကြိုဆိုတယ်။ Cautious optimism ကိုဆက်ပြီး ထိန်းသိမ်းရမယ်။ အခုသွားနေတဲ့ အရှိန်ကို ကျနော်တို့ မရုတ်အောင် မီဒီယာတွေက သူ့ရဲ့ watch of role ကနေ အပြင်ကနေ၊ အထဲကနေ အလုပ်လုပ်ဖို့ လိုတယ်လို့ထင်တယ်။ ဆိုတော့ ပြည်တွင်းမှာရှိတဲ့ မီဒီယာ၊ ပြည်ပမှာရှိတဲ့ မီဒီယာတွေ professional ဖြစ်ဖြစ်နဲ့ အခု ၂၀၁၂ မှာ ဖြစ်လာမယ့် ကောင်းကျိုးဆိုးကျိုးတွေကို ဘယ်လောက်အထိ critical ဖြစ်ဖြစ်၊ independence ဖြစ်ဖြစ်နဲ့ ကျနော်တို့က cover လုပ်နိုင်မလဲ။ Media ethics တွေ မီဒီယာတွေမှာ ရှိသင့်တဲ့ ကျင့်ဝတ်တွေနဲ့အညီ ဘယ်လောက်လုပ်လို့ရမလဲ။ အစိုးရကလည်း အပြောနဲ့အလုပ်ညီညီနဲ့ ဘယ်လောက် အခွင့်ပေးမလဲ ဆိုတာတွေက အရေးကြီးတဲ့နေရာတွေလို့ ကျနော်ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ တဆက်တည်း မေးချင်တာက အဲဒီမှာ အစိုးရက မီဒီယာလွတ်လပ်ခွင့်ကို မီဒီယာသမားတွေ မျှော်လင့်သလောက် မလိုက်လာနိုင်ဘူး။ အဲဒီအထဲ မီဒီယာသမားတွေက သူတို့ မျှော်လင့်ထားတာထက် ဘောင်ချဲ့ရေးရတယ်လို့ မြင်ပြီး မီဒီယာ နဲ့ အာဏာပိုင်တို့ကြားမှာ ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ပြီးတော့ နောက်ပြန် လျှောကျနိုင်တဲ့ အဆိုးဆုံး scenario အနေအထားမျိုး ဖြစ်နိုင်တယ့် အခြေအနေ ရှိနိုင်သလား။
ကိုအောင်ဇော် ။ ။ ဖြစ်နိုင်တာပေါ့။ ကျနော်ထင်တာကတော့ ဖြစ်နိုင်တယ်ထင်တယ်။ ကျနော်တို့ အကောင်းဆုံးကို မျှော်လင့်သလို၊ အဆိုးဆုံးကိုလည်း လျှော့မတွက်ထားသင့်ဘူးလို့ ကျနော်ထင်ပါတယ်။ အထက်မှာရှိတဲ့ တကယ့် corruption ဖြစ်တဲ့ကိစ္စတွေ။ corrupt ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးတွေကိစ္စတွေ၊ အတွင်းရေးကိစ္စတွေ မီဒီယာတွေမှာ ယနေ့အချိန်အထိ ဖော်ပြခွင့်မရသေးတာ အများကြီးရှိပါတယ်။ အဲဒါတွေကို ကျနော်တို့ ဖော်ပြခွင့်၊ ရေးခွင့်။ အဲဒါတွေကို လိုင်းမာတွေလို့ ပြောလို့ရတယ့် လူတွေက ဘယ်လိုတုံ့ပြန်မလဲ။ အရေးယူမလဲဆိုတာတွေက ၂၀၁၂ - ၂၀၁၃ တို့မှာ အဲဒါတွေကို စမြင်ရတော့မယ်လို့ ထင်တယ်။ အဲဒီအတွက် ကျနော်တို့ ကြိုတင်ပြင်ဆင်ရမယ်။ နိုင်ငံတကာကလည်း ကြိုတင်ပြင်ဆင်သင့်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ကိုဝေဖြိုး က ဘယ်လိုမြင်ပါသလဲ။ အဲဒီ အာဏာပိုင်တွေကြားထဲက တင်းမာတဲ့ လူတွေနဲ့ မီဒီယာနဲ့ ထိပ်တိုက်တွေ့လာပြီးတော့ မီဒီယာ လွတ်လပ်ခွင့်က ပိုပြီးတင်းကြပ်ခံလာရနိုင်ဖွယ် ရှိလာနိုင်ပါသလား။
ကိုဝေဖြိုး ။ ။ လက်ရှိ အနေအထားက ကျနော်တို့ ဖြတ်သန်းလာခဲ့တဲ့ လေးငါးဆယ်နှစ် ထက်ဆရင် အခုလက်ရှိမှာ တချို့ ဖြေလျှော့ပေးလာတဲ့ အနေအထားတွေ ရှိလာတယ်ဆိုတာတော့ အားလုံးလည်း မြင်နေတွေ့နေကြပါတယ်။ တချို့လည်း တချို့ကိစ္စရပ်တွေမှာ အပြောင်းအလဲကို တကယ် ယုံကြည်ပြီး ဒီအပြောင်းအလဲတွေမှာ ပါဝင်ပတ်သက်လာသူတွေ ရှိနေသလို။ တချို့လည်း ဒီအပေါ်မှာ လိုက်လျောညီထွေ မဖြစ်လာနိုင်သေးတာတွေ၊ မီဒီယာတွေရဲ့ အနေအထားကို နားမလည်နိုင်သေးတာတွေလည်း တချို့ရှိနိုင်ပါတယ်။ ဒီအပေါ်မှာ ကျနော်တို့က သတိရှိရှိနဲ့ ကျနော်တို့ လုပ်စရာရှိတဲ့အလုပ်ကို သတိထားပြီးတော့ အကောင်းဆုံးလုပ်နိုင်ဖို့ အတတ်နိုင်ဆုံး နောက်ပြန်မသွားရလေအောင် ကျနော်တို့ ရှိနေတဲ့နေရာ၊ ရနေတဲ့ လမ်းကြောင်းလေးကနေ ဒီလိုပဲ ဖြည်းဖြည်းချင်းချဲ့ပြီးတော့ … တချို့ကိစ္စရပ်တွေက ဖြည်းဖြည်းသွားလို့ မဖြစ်နိုင်ဘူး။ မြန်မြန်သွားရမှာတွေ ရှိပါတယ်။ အဲဒါကတော့ အားလုံး ပူးပေါင်းဆောင်ရွက်မှ ရမယ့်ကိစ္စပါ။
ဦးကျော်ဇံသာ ။ ။ ပုဂ္ဂလိက သတင်းစာ လွတ်လွတ်လပ်လပ် ထုတ်ပိုင်ခွင့်ဆိုတာကော ၂၀၁၂ အတွင်းမှာ ကိုဝေဖြိုး တို့ Eleven Media က ရရင်လည်း အရင်ဆုံးရမယ်လို့ တချို့က ခန့်မှန်းနေကြပါတယ်။
ကိုဝေဖြိုး ။ ။ ကျနော်တို့ရယ်မှ မဟုတ်ပါဘူး။ ကျနော်တို့ကတော့ ပြည်တွင်းမှာနေပြီး ပုဂ္ဂလိက သတင်းစာ ထုတ်နိုင်တဲ့ ပြင်ဆင်ထားမှုရှိရင် ကျနော်တို့မှ မဟုတ်ပါဘူး ဘယ်သူမဆို ရစေချင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ကျနော် တခု စဉ်းစားမိတာက ဒီလို မီဒီယာသမားတွေက မီဒီယာလွတ်လပ်ခွင့် ဘောင်ချဲ့ ဖို့ စဉ်းစားလာကြတာကို ဒီမိုကရေစီတောင်းဆိုနေကြတဲ့ လှုပ်ရှားတဲ့ နိုင်ငံရေးသမားတွေကရော နားလည်းကြပါသလား။ ဒီမိုကရေစီ အခွင့်အရေးထဲမှာ သတင်းလွတ်လပ်ခွင့် အပြည့်အဝပေးပါဆိုပြီတော့ နိုင်ငံရေးဘက်ကရော ပံ့ပိုးပြောပေးဖို့ မလိုဘူးလား။ ပြောတာကို ကြားရပါသလား။ လွှတ်တော်တို့ ဘာတို့မှာ လွှတ်တော်အမတ်တွေ သတင်းလွတ်လပ်ခွင့်ပေးပါလို့ အဆိုတင်သွင်းတာတွေ ကြားရပါသလား။
ကိုအောင်ဇော် ။ ။ လွှတ်တော်ထဲက အသံတွေကတော့ သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး ပြောတာဆိုတာတွေ အရမ်းနည်းတာကို ကျနော်တွေ့ရပါတယ်။ ဒါပေမဲ့ မမျှော်လင့်ဘဲနဲ့ လွှတ်တော်ဥက္ကဋ္ဌတွေ၊ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်း တို့ကအစ မီဒီယာနဲ့ ပတ်သက်ပြီး ပြောလာတာလေးတွေ တွေ့ရတဲ့အခါကြတော့ နည်းနည်းအံ့သြမိတယ်။ ကျနော်ထင်တယ် လွှတ်တော်အမတ်တွေကိုယ်တိုင်က ဒီမိုကရေစီ လမ်းစဉ်ကို ကျင့်သုံးတယ်။ ဒီမိုကရေစီကို တိုက်လာတယ်ဆိုတဲ့ လူတွေကိုယ်တိုင်ကလည်း ကျနော် ထင်တာကတော့ အပြောနဲ့အလုပ် ညီညီ။ ကျနော်တို့ရဲ့ ကဏ္ဍ။ ကျနော်တို့ရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုပြီးတော့ လွှတ်တော်ထဲမှနဲ့ လွှတ်တော်ပြင်ပမှာ သတင်းစာဆရာတွေကို ဆက်ဆံတဲ့နေရာမှာ ပုံစံလေးတွေပြောင်းပြီး ဆက်ဆံမယ်ဆိုရင်တော့ မြန်မာပြည်က ဒီထက်ပိုပြီး အလားအလာကောင်းတဲ့ သတင်းတွေကို cover လုပ်နိုင်မယ်လို့ ကျနော်ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဆရာကိုဝေဖြိုးရဲ့ နောက်ဆုံးမှတ်ချက်လည်း ပြောပါ။ မြန်မာနိုင်ငံက နိုင်ငံရေး အသိုင်းအဝိုင်း၊ ဒီမိုကရေစီအင်အားစု - ဒီမိုကရေစီလိုလားတဲ့ နိုင်ငံရေး အသိုင်းအဝိုင်းက မီဒီယာတွေကို ဆက်ဆံတာက ဘယ်လို နေပါသလဲ။ ပိုပြီးတော့ လွတ်လွတ်လပ်လပ်။ ပိုပြီး တော့ နားလည်းမှုနဲ့ ဆက်ဆံမှု လိုသေးတယ်လို့ ထင်ပါသလား။ အလုံအလောက် သူတို့ဟာ လွတ်လပ်မှု ပွင့်လင်းမှု ပေးနေတယ်လို့ ထင်ပါသလား။
ကိုဝေဖြိုး ။ ။ ကျနော်တို့ ပြည်တွင်းမှာ သတင်းနဲ့ ပတ်သက်လို့ရှိရင်တော့ အခုအချိန်မှာ သတင်းနဲ့ ပတ်သက်လို့ sensitive ဖြစ်နေတာလေးတွေ ရှိနေပါသေးတယ်။ အဲဒါကတော့ နယ်ပယ်တိုင်းမှာပါ။ တကယ်တော့ မီဒီယာအနေနဲ့ တချို့ကိစ္စရပ်တွေမှာ source ကို ဒီအကြောင်းအရာကို ဘယ်သူက ဘယ်လိုပြောပါတယ်ဆိုတာကို တိတိကျကျ ရေးနိုင်ဖို့ တချို့အပိုင်းတွေမှာ ပွင့်ပွင့်လင်းလင်း ပြောတဲ့လူတွေ ရှိနေပေမယ့် တချို့အပိုင်းတွေမှာ ပွင့်ပွင့်လင်းလင်း မပြောနိုင်သေးတဲ့။ ပြောလို့မရသေးတဲ့ လူတွေအများအပြား ရှိနေပါသေးတယ်။ ကျနော်တို့ကတော့ ဒီအပြောင်းအလဲတွေကို မြန်မြန်ဆန်ဆန် အားလုံးက ရဲရဲတင်းတင်းနဲ့ ပြောသင့်ပြောထိုက်တာတွေ မှန်တာကို မှန်တယ့်အတိုင်း ပြောခွင့်ရစေချင်ပါတယ်။ နောက်တခါ ဘယ်နယ်ပယ်မှ မဟုတ်ပါဘူး။ တချို့နယ်ပယ်တွေမှာလည်း အပြောင်းအလဲအတွက် အခု ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကဆိုရင် ပြည်သူ့လွှတ်တော်က အားကစား၊ ယဉ်ကျေးမှု နဲ့ ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ သူရဦးအေးမြင့် က စာနယ်ဇင်း လွတ်လပ်ခွင့်မရှိရင် ဒီမိုကရေစီ မရှိနိုင်ဆိုတဲ့ စကားလုံးမျိုး သုံးနှုန်းသွားတာမျိုးတွေကို တွေ့ရပါတယ်။ ဆိုတော့ ဒါမျိုးက တကယ်ပြောသင့် ပြောထိုက်တဲ့ လူကပြောသလို။ တချို့တွေကလည်း ဒါကို တကယ့်လက်တွေ့ အကောင်အထည်ဖော်တဲ့ နေရာတွေမှာ တကယ်ကို ဖြစ်စေချင်ပါပြီ။ ကျနော်တို့ နိုင်ငံအနေနဲ့လည်း မီဒီယာ လွတ်လပ်ခွင့် ရှိနေစေချင်ပါပြီ။