သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၅ ရွေးကောက်ပွဲ NLD ဝင်မဝင်


ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး ၂၀၁၅ ရွေးကောက်ပွဲကြေညာချက် ရှင်းလင်းပြောကြားနေစဉ် (အောက်တိုဘာ ၂၁၊ ၂၀၁၄)
ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး ၂၀၁၅ ရွေးကောက်ပွဲကြေညာချက် ရှင်းလင်းပြောကြားနေစဉ် (အောက်တိုဘာ ၂၁၊ ၂၀၁၄)

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို နောက်နှစ် နိုဝင်ဘာလမှာ ကျင်းပမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်ပါတယ်။ ဒီကြေညာချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြိုဆိုတယ်လို့ သိရပါတယ်။ လက်ရှိဖွဲ့စည်းပုံ မပြင်ဆင်ဘဲ ရွေးကောက်ပွဲ ကျင်းပလာမယ်ဆိုရင်ကော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လက်ခံမလား။ ဝင်ရောက်ယှဉ်ပြိုင်လားဆိုတာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တရားဝင်ပြောခွင့်ရပုဂ္ဂိုလ်၊ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဝင်းမြင့် နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ရွေးကောက်ပွဲကော်မရှင်ကနေ ၂၀၁၅ ရွေးကောက်ပွဲကို နိုဝင်ဘာလအတွင်းမှာ ကျင်းပဖြစ်မယ်ဆိုတဲ့ ကြေညာချက် ထွက်လာပါတယ်။ အဲဒီ ကြေညာချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘောထား။ ကြိုဆိုတယ်လို့ ပြောထားတာကို ကျနော်တို့ ကြားပြီးပါပြီ။ အဲဒီကိစ္စကို ဦးဝင်းမြင့် ဆက်ပြောတာ ကြားချင်ပါတယ်။

ဦးဝင်းမြင့် ။ ။ ကြိုဆိုတာလို့ ပြောထားတာ ကျနော် မသိဘူး။ ဘယ်သူ ပြောထားပါသလဲ။

ဦးကျော်ဇံသာ ။ ။ ဦးထွန်းထွန်းဟိန် အသံနဲ့ …

ဦးဝင်းမြင့် ။ ။ ကျနော်က ဥပဒေအတိုင်းပြောမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲက (၅) နှစ်တကြိမ် ကျင်းပရမယ်။ ဒါကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားတဲ့ အခွင့်အရေး။ အစိုးရအဖွဲ့ အပြောင်းအလဲကလည်း နိုင်တဲ့ ရွေးကောက်ပွဲရလဒ်ပေါ် မူတည်ပြီးတော့ အပြောင်းအလဲက (၅) နှစ်တကြိမ် ရှိတာပဲ။ ဒါက တစ်ခု။ နောက်တစ်ခုက ကျနော်တို့ ၉၀ ရွေးကောက်ပွဲကိုကြည့်ကြည့်၊ ၂၀၁၀ ရွေးကောက်ပွဲကိုကြည့်ကြည့်၊ ၂၀၁၂ ရွေးကောက်ပွဲကိုကြည့်ကြည့်။ ငြိမ်းချမ်းရေးရမှ ငြိမ်းချမ်းရေးဖြစ်စဉ်တွေရှိမှ ရွေးကောက်ပွဲ လုပ်ရတာမှ မဟုတ်ဘဲ။ ငြိမ်းချမ်းရေးရဖို့ကတော့ ကျနော်တို့လည်း လိုလားတာပဲ။ အဓိက လိုအပ်တာပေါ့။ သို့သော် ရွေးကောက်ပွဲဖြစ်စဉ်ကတော့ သူ့သတ်မှတ်ချက်နဲ့ ဥပဒေနဲ့အညီ ဆက်သွားရမှာပဲ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘောထားကို တခွန်းတည်း ပြောမယ်ဆိုရင် ကြိုဆိုတယ်လို့ ပြောနိုင်ပါလား။

ဦးဝင်းမြင့် ။ ။ ဟုတ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ရွေးကောက်ပွဲကတော့ လုပ်ဖြစ်မယ်။ သို့သော်လဲ ဒီရွေးကောက်ပွဲဟာ စောစောက ပြောခဲ့တဲ့ အခြေအနေတွေကို ကြည့်ပြီးတော့ ပြောရမယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုယ်၌က လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မယ့်အလားအလာ မရှိဘူးဆိုပြီး လူတွေ ကန့်ကွက်နေကြတာ ရှိပါတယ်။ အဲဒီကိစ္စတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရပ်ဆိုင်းလိုက်မလား။

ဦးဝင်းမြင့် ။ ။ အဲဒါကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပေါ် မူတည်ပြီးတော့ လွတ်လပ်ပြီး တရားမျှတမှု ရှိလားမရှိလားပေါ်မယ်။ အခုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးက ပြည်ထောင်စုလွှတ်တော်ကိုတောင် အစီရင်ခံစာ မတင်သေးဘူး။ နောက်တခါ ပြည်ထောင်စုလွှတ်တော်မှာလည်း ဆွေးနွေးပြီးတော့ ဆုံးဖြတ်ပြီးတော့ ပြင်ဆင်ထားတာတွေ မပေါ်သေးဘူး။ အဲဒါတွေကြည့်ပြီးတော့မှ ဘယ်လောက် လွတ်လပ်ပြီး တရားမျှတမှုရှိတယ်ဆိုတာ ပေါ်မှာပေါ့။ အဲဒီအခါမှ ပြောလို့ရမယ်။ အခုကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ကျနော်တို့က မတင်သေးပေမဲ့လဲ လက်ရှိ ဥပဒေအရကိုက ဘယ်လိုပဲဖြစ်ဖြစ် (၅) နှစ် ပြည့်လို့ရှိရင် ရွေးကောက်ပွဲက၊ လွှတ်တော်သက်တမ်းက (၅) နှစ်၊ အစိုးရသက်တမ်းက (၅) နှစ်ရှိတော့ ရွေးကောက်ပွဲကတော့ ပုံမှန် ကျင်းပနေရမှာပဲ။ ဒါက ဥပဒေအချက်ကို ကျနော်က ပြောတာ။

ဦးကျော်ဇံသာ ။ ။ ရွေးကောက်ပွဲတော့ ကျင်းပမယ်ဆိုတာ။ အဲဒါ မပြင်ဘဲနဲ့ အခုကြေညာချက်အတိုင်း ကျင်းပဖြစ်မယ်ဆိုရင်ကော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆက်လက်ကြိုဆို ထောက်ခံပါသလား။

ဦးဝင်းမြင့် ။ ။ ဒါကတော့ ကျနော်တို့က ဒီလို ပြင်တာမပြင်တာကတပိုင်း၊ အစောက ကျနော်ပြောထားတာ ဥပဒေက ပေးထားတဲ့အပိုင်းကို ပြောတာ။ ဥပဒေကတော့ ရွေးကောက်ပွဲက (၅) နှစ်တကြိမ် ကျင်းပရမှာပဲ။ ဒါကို ပြောတာ။ ဖွဲ့စည်းပုံပြင်တာ မပြင်တာနဲ့ကို ပြောနေတာ မဟုတ်ဘူး။ ပြင်တာမပြင်တာပေါ်မှာက တပိုင်း။ ဒါက ဘယ်လောက်ပြင်မယ်၊ ဘယ်လောက် မပြင်ဘူး။ ဘယ်လောက် လွတ်လပ်မှုရှိမယ်။ ဘယ်လောက် တရားမျှတမှုရှိမယ်။ ဘယ်လောက် ဒီမိုကရေစီကျင့်စဉ်တွေ ပါမယ်။ ဒါက ဆွေးနွေးပြီးမှတပိုင်း။ ဒါက ပြောလို့ရမယ်။ အခုဟာကတော့ ပြင်ခြင်းမပြင်ခြင်းကို မသိသေးဘဲနဲ့ ဒီပေါ်မှာတော့ ကျနော်တို့က ကြိုပြောလို့တော့ မရသေးဘူး။ ဒါကြောင့် အခုနက ဦးကျော်ဇံသာ မေးတဲ့ ကြိုဆိုသလားဆိုတာ ဦးကျော်ဇံသာ မေးလို့သာ ပြောလိုက်တာ။ ဒါက ဥပဒေအရှိကို ပြောနေတာ။ ရွေးကောက်ပွဲ ဥပဒေအရှိကို တချို့က ပြောနေတာ ငြိမ်းချမ်းရေးဖြစ်စဉ်ရမှ ရွေးကောက်ပွဲလုပ်မယ်ဆိုလို့။ ဒါနဲ့ မဆိုင်ဘူး။ ရွေးကောက်ပွဲ ဥပဒေအရ၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ (၅) နှစ် သက်တမ်း၊ (၅) နှစ်ပြည့်ရင် ရွေးကောက်ပွဲကျင်းပရမယ်။ နောက်တခါ ရွေးကောက်ပွဲ ကျင်းပတယ်ဆိုတာကလဲ ပြည်ထောင်စုကော်မရှင်ရဲ့ အဆုံးအဖြတ်က အပြီးအပြတ်ပဲ။ ဒါကြောင့် ဥပဒေကို ပြောတာ။

ဦးကျော်ဇံသာ ။ ။ ရှင်းပါတယ်။ အခု ရွေးကောက်ပွဲသည် ဥပဒေပြင်ဆင်ရေးအပိုင်းမှာ ကြည့်မယ်ဆိုရင် (၄၃၆) ကို ပြင်ဖို့ အဓိကကျတဲ့အချက်။ အဲဒါနဲ့ ပိုအရေးကြီးတာက ရွေးကောက်ပွဲနဲ့ တိုက်ရိုက်ဆက်စပ်နေတယ်လို့ ပြောရမှာက (၅၉-စ) ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတဖြစ်နိုင်တဲ့ အလားအလာကို ကန့်သတ်ထားတဲ့အချက်လို့ လူတိုင်းနားလည်းကြပါတယ်။ အဲဒီအချက်ကို ပြင်ဆင်မယ့် အလားအလာ ဘယ်လောက်တွေ့ရပါသလဲ။

ဦးဝင်းမြင့် ။ ။ ကျနော်တို့ကတော့ ကျနော်တို့ ရပ်တည်ချက်ကို တရားဝင်ကြေညာပြီးပြီ။ အဲဒီအလားအလာ (၄၃၆) ပဲဖြစ်ဖြစ်၊ (၅၉-စ) ပဲဖြစ်ဖြစ်။ အဲဒီအလားအလာက ဘယ်လောက်ရှိမလဲဆိုတာက ကျနော် ပြောချင်တာကတော့ ကိုယ်စားလှယ်တွေက ပြည်သူလူထုက ရွေးကောက်တင်မြှောက်ပါတယ်ဆိုတဲ့ ကိုယ်စားလှယ်တွေ။ နောက်တခါ ပြည်သူလူထုက ဒီမိုကရေစီလိုလားနေတယ်။ ဒီမိုကရေစီ လိုချင်တယ်။ လူ့အခွင့်အရေးတွေ လိုချင်တယ်။ အဲဒီလို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ လိုချင်တဲ့ ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေ၊ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒကို ဘယ်လောက်အထိ ဖော်ထုတ်မလဲ။ နောက်တစ်ခုက ၈၈ တုန်းက ရဟန်းရှင်ပြည်သူ ကျောင်းသူကျောင်းသားတွေ အသက်သွေးချွေးပေးခဲ့တဲ့အပေါ်မှာ အခု ကိုယ်စားလှယ်တွေက အဲဒီလို အဆုံးအဖြတ်ပြုမယ့် ကိုယ်စားလှယ်တွေက ဘယ်လောက် တန်းဖိုးထားမလဲ။ သူတို့ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်မယ်။ အဲဒီလို ဒီမိုကရေစီကျင့်စဉ်နဲ့ပဲ ပြောလို့ရမယ်။ အဲဒီအပေါ်မှာ မူတည်မယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် စဉ်းစားမိတာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို လိုလားထောက်ခံတဲ့ ပြည်သူတွေအနေနဲ့ သူတို့အနေနဲ့ ဒီရပ်တည်ချက်နဲ့ ပတ်သက်ပြီး အမြင်ရှင်းပါ့မလား။ သူတို့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲ ကျင်းပမယ့်ဟာကို ထောက်ခံလိုက်ပြီဆိုတဲ့ နားလည်မှုမျိုး ဖြစ်သွားမလား။ အဲဒါကို ကျနော် ပြောလိုတာပါ။ ပြည်သူတွေ ချစ်ချစ်ခင်ခင် …

ဦးဝင်းမြင့် ။ ။ အဲဒါက ကျနော်တို့ ဆိုလိုချင်တာက ရွေးကောက်ပွဲကျင်းပတာကို ကျနော်တို့က ဖွဲ့စည်းပုံပြင်တာ မပြင်တာကို တပိုင်းပြောတာ မဟုတ်ဘူး။ ဖွဲ့စည်းပုံပြင်တာက တပိုင်း။ ကျနော်တို့ အခုန ပြောချင်တာက ရွေးကောက်ပွဲက (၅) နှစ်ပြည့်ရင် ကျင်းပရမယ်ဆိုတဲ့ ဥပဒေအရှိကို ပြောတာ။ ဒါကိုပြောတာ။ ဖွဲ့စည်းပုံ ပြင်ပေးခြင်း၊ မပြင်ပေးခြင်း။ ပြင်ပြင်မပြင်ပြင် ဝင်မယ်၊ မဝင်ဖို့ကို ပြောနေတာ မဟုတ်ဘူး။ ဒါက ရှင်းရှင်းလေးပဲ။ ကျနော်တို့ အခုပြောနေတာ ပြင်ပြင်မပြင်ပြင် ဝင်ဖို့ကို ပြောနေတာ မဟုတ်ဘူး။ ရွေးကောက်ပွဲကော်မရှင်က ကြေညာတာကို ကြိုဆိုစကားအပေါ်မှာ ဥပဒေအရှိကို (၅) နှစ်တကြိမ် ကျင်းပရမယ်ဆိုတာကို ပြောနေတာ။ ဟိုဖက်နဲ့ မဆိုင်ဘူး။ ဖွဲ့စည်းပုံ ပြင်ခြင်းမပြင်ခြင်း ရွေးကောက်ပွဲဝင်မယ်ဆိုတာကို ပြောနေတာ မဟုတ်ဘူး။ အဲဒါနဲ့ဆွဲပြီးတော့ ဆက်လို့တော့ မရဘူး။ အခုန ခင်များ မေးကတည်းက ကော်မရှင်က ကြေညာတဲ့အပေါ်မှာ ကြိုဆိုသလား မေးတဲ့အပေါ်မှာ ဥပဒေအရှိကို ပြောတာ။ ဒါကိုပဲ ပြောတာ။

ဦးကျော်ဇံသာ ။ ။ ကျနော် ရှင်းအောင်ပြောရရင် ရွေးကောက်ပွဲဝင်မယ် မဝင်ဘူးဆိုတဲ့ ဆုံးဖြတ်ချက် မဟုတ်ဘူး။ ကော်မရှင်ရဲ့ ကြေညာချက်ကို ဥပဒေအကြောင်းအချက်အရ လက်ခံတယ်။ အဲဒါကို ပြောတာ။

ဦးဝင်းမြင့် ။ ။ ဟုတ်တယ်။ အခု ကော်မရှင်က မနေ့က ပြောလိုက်တယ်။ CSO တွေနဲ့ တွေ့တဲ့အခါမှာ အဲဒီအပေါ်မှာ ဒါက ဥပဒေနဲ့အညီ ပြောတာဖြစ်တယ်။ ဥပဒေနဲ့အညီဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ရွေးကောက်ပွဲဥပဒေနဲ့အညီ ပြောတာဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ (၅) နှစ်တကြိမ် ကျင်းပရမယ်။ ဖွဲ့စည်းပုံပြင်တဲ့ဟာနဲ့ ဆက်ပြီးတော့ ဝင်မယ်မဝင်ဘူး ကျနော် မပြောဘူး။ ခင်များ မေးကတည်းက ကော်မရှင်ကြေညာတဲ့အပေါ် မေးလို့၊ ကော်မရှင်ကြေညာတဲ့အပေါ် ပြောတာ။

ဦးကျော်ဇံသာ ။ ။ ကော်မရှင်ကြေညာတဲ့အတိုင်း ရွေးကောက်ပွဲ ကျင်းပဖြစ်လာမယ်ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဝင်မယ်မဝင်ဘူးဆိုတာလည်း မပြောနိုင်သေးဘူးပေါ့။

ဦးဝင်းမြင့် ။ ။ ဒါက ကျနော်တို့ ပြောပြီးပြီလေ။ အခုဟာက ကော်မရှင်က ပြောတဲ့ကြေညာချက်ပေါ်မှာပဲ ကျနော်တို့က ဥပဒေအရှိကို ပြောတာ။ ဟိုဟာက အခုနပြောပြီးပြီး ဘယ်လောက်ပြင်ခြင်းမပြင်ခြင်း ဘယ်လောက်ရှိမရှိဆိုတာ ဘာမှမသိသေးဘူး။ ဘာမှ မသိသေးတဲ့အပေါ်မှာလဲ ဘာမှ ပြောစရာမလိုသေးဘူး။ ဘာမှ မသိသေးတဲ့အပေါ်မှာ ကျနော်တို့ CEC ဆုံးဖြတ်ချက် ဘာမှမရှိသေးဘူး။

ဦးကျော်ဇံသာ ။ ။ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှု NLD ဘယ်လောက် ရှိထားပါသလဲ။

ဦးဝင်းမြင့် ။ ။ ကြားဖြတ်တုန်းကတော့ ကျနော်တို့ လုပ်ထားတာရှိတယ်။ ကြားဖြတ်တုန်းက အောင်နိုင်ရေး စာထွက်ထားပြီးပြီ။ ကြားဖြတ်က မရှိတော့ဘူးဆိုတော့ ဒါကတော့ ကျနော်တို့ဖက်ကတော့ ဟိုဒင်းတော့ လုပ်ထားတာပေါ့။ နဂိုအတိုင်းတော့ ဒါကတော့ အမြဲ alert လုပ်ထားတယ်။ နှိုးနှိုးကြားကြားတော့ ရှိနေတာပေါ့။

ဦးကျော်ဇံသာ ။ ။ နောက်တခု မေးချင်တာကတော့ ဒီကိစ္စကို လူတချို့က ပြောကြတယ်။ ကြီးလေးကြီးလို့ ပြောတဲ့ သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်အကြီးအကဲ၊ စစ်တပ်အကြီးအကဲ - အဲဒီ (၄) ပွင့်ဆိုင် ဆွေးနွေးပြီး အဖြေရှာသင့်တယ်ဆိုတဲ့ ကိစ္စတရပ်လည်း ရှိနေပါတယ်။ အဲဒါ ဘယ်အထိ ခရီးရောက်နေပါသလဲ။

ဦးဝင်းမြင့် ။ ။ ဘာမှ မကြားသေးဘူးလေ။ ခင်များတို့ သိတဲ့အတိုင်းလေ။ ဘာမှမကြားသေးဘဲ။ ကျနော်တို့ဖက်က တောင်းဆိုတာ။ တွေ့ဆုံဆွေးနွေးရေးဆိုတာ အခုမှ တောင်းဆိုတာ မဟုတ်ဘူး။ ၈၈ ကတည်းက တောက်လျှောက်တောင်းဆိုလာတာပါ။ ၉၀ ခုနှစ်ကတည်းက တောက်လျှောက် တောင်းဆိုလာတာ။ အခုလည်း တောက်လျှောက်တောင်းဆိုနေတာ။ ဒါက ကျနော်တို့ရဲ့ ရပ်တည်ချက်ပဲ။ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တွေ့ဆုံဆွေးနွေးရေးဆိုတာ တောက်လျှောက်တောင်းဆိုလာတာ။ ဒါပေမဲ့ ဘယ်အထိ ခရီးရောက်နေပြီလဲဆိုရင် ဘာမှ ပြောသံမကြားသေးဘူး။

ဦးကျော်ဇံသာ ။ ။ ကျနော် မေးရတာက အဲဒီလို တွေ့ဆုံဆွေးနွေးမှုမျိုး ဖြစ်လိုက်ရင် အခု ရွေးကောက်ပွဲကိစ္စ၊ ဖွဲ့စည်းပုံကိစ္စတို့ဘာတို့ ပတ်သက်ပြီးတော့ လူတွေလည်း အမြင်ရှင်းသွားပြီးတော့ ဘယ်လိုဖြစ်မယ်ဆိုတာ သိလာနိုင်မယ်ထင်လို့ပါ။

ဦးဝင်းမြင့် ။ ။ ဟုတ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့က အခုနပြောသလို ဘာမှမကြားသေးလို့ မကြားသေးတဲ့အတိုင်း ဦးကျော်ဇံသာကို ပြောပြတာ။ အခုထိ တောင်းထားတဲ့ဟာကို ကျနော်တို့ဖက်က အကြိမ်ကြိမ်ပါ တောက်လျှောက်ပြောနေတာပါ။ တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ။ ဒါပေမဲ့ တောင်းထားပေမဲ့လဲ အခုထ ဘာမှမကြားသေးပါဘူး။ မကြားသေးလို့ မကြားသေးတဲ့အကြောင်း ပြောရတာ။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံး ကြိုတင်ခန့်မှန်းတဲ့ မေးခွန်းတခု မေးပါရစေ။ တကယ်လို့ ဒီအခြေအနေအတိုင်းသာ ရွေးကောက်ပွဲ ကျင်းပမယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အမတ် အရေအတွက် ရရှိမှု ဘယ်လိုဖြစ်လာလိမ့်မယ်လို့ တွက်ပါသလဲ။

ဦးဝင်းမြင့် ။ ။ ကျနော်တို့ကတော့ ကြိုတင်ပြီးတော့ ဘာတခုကိုမှ ကြိုတင်ပြီးတော့ ခန့်မှန်းပြီးတော့ ကျနော်တို့က ဟိုဒင်းမဖြစ်ဘူး။ ကျနော်တို့က လက်တွေ့ကျကျပဲ လုပ်တယ်။ လက်တွေ့ဖြစ်ရပ်တွေပေါ်မှာပဲ ကြည့်ပြီးတော့ လုပ်စရာရှိတာကို အဖွဲ့ချုပ်က လုပ်သွားမှာပဲ။ ကြိုတင်ခန့်မှန်းပြီးတော့ ဟိုဒင်းမဖြစ်ထားဘူး။ ဘယ်လိုလာမယ်မှန်း မသိတဲ့ဟာကြီးကို ကျနော်တို့က ဘယ်လို သွားဆုံးဖြတ်ထားမလဲ။

ဦးကျော်ဇံသာ ။ ။ နောက်တခုက နိုင်ငံတကာပညာရှင်တချို့၊ သုံးသပ်သူတချို့ကို ကျနော် မေးကြည့်တဲ့ သူတို့က မြန်မာနိုင်ငံ ရွေးကောက်ပွဲကို နိုင်ငံတကာက ၂၀၁၅ ရွေးကောက်ပွဲကို ဖွဲ့စည်းပုံမပြင်ဘဲ။ အခုသဘောကျအတိုင်း ဆက်လက်ပြီးတော့ ၂၀၀၈ အတိုင်း လုပ်မယ်ဆိုရင် နိုင်ငံတကာ ဘယ်လိုသဘောထားမလဲဆိုတာကို ကျနော် မေးကြည့်ပါတယ်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုက အစ။ ကျနော် ရရှိတဲ့အဖြေကတော့ ရွေးကောက်ပွဲမှာ တရားမျှတပြီး၊ လွတ်လပ်ပြီး Free and Fair Election ဖြစ်တယ်။ မဲရေတွက်မှု တရားမျှတတယ်ဆိုရင် ဒါနဲ့ပဲ တိုင်းတာမယ်ဖြစ်တယ်လို့ ထင်တယ်ဆိုပြီး ပညာရှင်တွေ သုံးသပ်ကြပါတယ်။ ဖွဲ့စည်းပုံ ပြင်မယ်မပြင်မယ့်ကိစ္စက အဓိက ထည့်တွက်ကြလိမ့်မယ် မဟုတ်ဘူးလို့ ဆိုကြပါတယ်။ အဲဒီသဘောထားအပေါ် NLD က ဘယ်လို လက်ခံထားပါသလဲ။

ဦးဝင်းမြင့် ။ ။ အဲဒါက ကျနော်တို့ကို ဘာမှ ပြောထားတာ မဟုတ်ဘူးလေ။ ကျနော်တို့ကိုလဲ ဒါနဲ့ ပတ်သက်လို့ ဘာမှ သူတို့နဲ့ ဆွေးနွေးထာတာ မရှိဘူးလေ။ ဆိုလိုချင်တာက ဘယ်လောက်အထိ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မလဲ။ နောက်တခုက ဘယ်လောက် ဒီမိုကရေစီနည်းလမ်းကျမလဲ။ ဒါတွေကို ကြည့်ရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီနည်းလမ်း မကျဘဲနဲ့ လွတ်လပ်ပြီး တရားမျှတမှု မရှိဘဲဆိုတာက အဲဒီ ရွေးကောက်ပွဲကျင်းပတဲ့ နေ့တနေ့ကိုပဲ ကြည့်လိုရတာ မဟုတ်ဘဲ။ ရွေးကောက်ပွဲမတိုင်ခင် ဖြစ်ရပ်တွေနဲ့ ရွေးကောက်ပွဲမတိုင်ခင် ကြိုတင်ပြဌာန်းတဲ့ ဥပဒေ၊ နည်းဥပဒေတွေရှိမယ်။ နောက် ရွေးကောက်ပွဲနေ့မှာ ဖြစ်တာတွေရှိမယ်။ ပြီးရင် ရွေးကောက်ပွဲပြီးသွားရင် ခုံအဖွဲ့တွေ ဆုံးဖြတ်ပုံ ဆုံးဖြတ်နည်းတွေရှိမယ်။ ဒါတွေ အကုန်လုံးကို လေ့လာကြည့်ပြီးမှ ဆုံးဖြတ်လို့ရမှာပေါ့။ အခု ဒါတွေက ဘာမှမပေါ်လာသေးဘဲနဲ့တော့ ကြိုတင်ပြီး ခန့်မှန်းပြီး ဆုံးဖြတ်တာကို မှတ်ချက်မပေးနိုင်ဘူး။

XS
SM
MD
LG