သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တော်ပြန် ၈၈ မျိုးဆက်တွေနဲ့ ပြည်တွင်းနိုင်ငံရေး


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာဆွေးနွေးခန်းအစီအစဉ်မှာ ပြည်ပတိုင်းနိုင်ငံများမှာ နှစ်ပေါင်းများစွာ ခိုလှုံပြီး မြန်မာ့အရေး လှုပ်ရှားခဲ့ကြတဲ့ ၈၈ မျိုးဆက်များ မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်ပြီး နိုင်ငံရေးလှုပ်ရှားမှုများ လုပ်ကိုင်ရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲ၊ ပြဿနာ အခြေအနေများကို မကြာသေးခင်က မြန်မာနိုင်ငံကို ပြန်သွားခဲ့တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအဖွဲ့ဝင် ဦးဇော်မိုးကျော် ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုဇော်မိုးကျော်တို့လို ပြည်ပမှာ နှစ်ပေါင်း နှစ်ဆယ်ကျော်လောက်ကြာနေပြီး ပြည်တွင်းကို ပြန်သွားတဲ့ ၈၈ က တက်ကြွစွာလှုပ်ရှားခဲ့ကြတဲ့ ကျောင်းသားဟောင်းတွေဟာ မြန်မာနိုင်ငံရေးမှာ ဆက်လက်ပြီးတော့ ပါဝင်လုပ်ဆောင်ဖို့ဆိုတဲ့ ရည်ရွယ်ချက် ဘယ်လောက်ရှိကြပါသလဲ။ ပြည်ပကို ထွက်လာတဲ့ ကျောင်းသားတွေအားလုံးဟာ တစုတပေါင်းတည်းသဘောနဲ့ ငါတို့ပြန်လည်ပြီးတော့ ငါတို့စခဲ့တဲ့လမ်းကို ပြန်ပြီးဆက်လျှောက်မယ်ဆိုတဲ့ အယူအဆမျိုး မပြန်ခင်မှာ ရှိကြရဲ့လား။ သို့မဟုတ် တယောက်ချင်းတဦးချင်း ကိုယ့်သဘောအရ ကိုယ်ပြန်ကြတာလား။ သိချင်ပါတယ်။

ဦးဇော်မိုးကျော် ။ ။ ရှိပါတယ်။ ကျနော်တို့ ၁၉၈၈ ကတည်းက စခဲ့တဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှု မပြီးဆုံးသေးဘူး၊ ဆက်လုပ်မယ်။ နောက်ဆုံး မြန်မာနိုင်ငံ ကျနော်တို့ ဖြစ်စေချင်တဲ့ နိုင်ငံတကာစံချိန်စံညွှန်တွေနဲ့ညီတဲ့ နိုင်ငံရေးအခြေအနေ၊ လူမှုရေးအခြေအနေ၊ စီးပွားရေးအခြေအနေ ရှိတဲ့အထိ တိုင်းပြည်ကို ပြုပြင်ပြောင်းလဲပြီးတော့ လုပ်ဆောင်သွားချင်တယ်ဆိုတဲ့ စိတ်ကူးမျိုးတွေရှိတယ်။ ၈၈ ပြီးခါစတုန်းက စပြီးလုပ်ခါစတုန်းကတော့ မခံချင်စိတ်တွေနဲ့ တွန်းလှန်မယ်ဆိုတာလောက်ပဲရှိတယ်။ နောက်ပိုင်း နိုင်ငံတကာကို ရောက်တဲ့အခါမှာ တချို့လေ့လာခွင့်ရတာတွေ၊ နိုင်ငံတကာမှာရှိတဲ့ တခြားနိုင်ငံတွေရဲ့ နိုင်ငံရေးပုံစံတွေ၊ လူမှုရေးပုံစံတွေ သိမြင်လာလေ၊ ကိုယ့်နိုင်ငံကို ဖြစ်ထွန်းပြောင်းလဲစေချင်တဲ့ စိတ်ကူးတွေ၊ အိုင်ဒီယာတွေ ပိုပြီးရှိလာလေ။ အဲဒီလို ဖြစ်လာတဲ့အတွက် တချိန်ချိန် မြန်မာပြည်မှာ ငါတို့ နိုင်ငံရေးလုပ်ခွင့်ရမယ်။ ဒါမှမဟုတ် မြန်မာပြည်မှာ အပြောင်းအလဲဖြစ်မယ်ဆိုလို့ရှိရင် ကျနော်တို့ ဒီမှာ တွေ့ထား၊ မြင်ထား၊ ကြားထားတဲ့ ပုံစံတွေနဲ့ ကိုယ့်နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မယ်၊ ပြုပြင်ပြောင်းလဲမယ်ဆိုတဲ့ စိတ်ကူးမျိုးတွေ တယောက်ချင်းဆီမှာ ရှိသလို၊ အဖွဲ့အစည်းတွေမှာလည်းရှိတယ်။ တကယ်တမ်း ကျနော်တို့ထင်တာ ကျနော်တို့ အပြင်ကလူတွေ ထင်တာကလည်း တထပ်တည်းပဲ ၈၈ တွေက ငါတို့ အခုအချိန်အထိ ပါဝင်လှုပ်ရှားဆောင်ရွက်နေကြတယ်ဆိုတာမျိုး ကျနော်တို့ စိတ်ထဲမှာရှိကြပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု ဒီနေရာမှာ စိတ်ဝင်စားတာက နှစ်ပေါင်း နှစ်ဆယ်လုံးလုံး တိုင်းပြည်နဲ့ ကွဲကွာပြီးတော့ နိုင်ငံတကာမှာ နေခဲ့တယ်။ နိုင်ငံတကာအသိုင်းအဝိုင်းကြားမှာ ကျင်လည်လှုပ်ရှားခဲ့ကြတယ်။ ဆိုတော့ ကိုဇော်မိုးကျော်တို့ရဲ့ အတွေးအမြင်တွေက အများကြီး ပြောင်းလဲသွားမှာပါ။ နှစ်ပေါင်း နှစ်ဆယ်ဆိုတဲ့ အတွေ့အကြုံဟာ နည်းတာမဟုတ်ဘူး။ လူ့ဘဝမှာ တော်တော်ကို အရေးကြီးတဲ့ ကာလရှည်ကြီးတခု။ ဆိုတော့ ဒီအတွေးအမြင်တွေနဲ့ မြန်မာနိုင်ငံထဲမှာ ဆက်လက်ပြီးတော့ လှုပ်ရှားကျန်ရစ်ခဲ့ကြတဲ့လူတွေရဲ့ အတွေးအခေါ်၊ အယူအဆ အမြင်တွေဟာ ဘယ်လောက် ကွာဟမှု တွေ့ရပါလဲ။

ဦးဇော်မိုးကျော် ။ ။ ကွာဟမှုတော့ ရှိပါတယ်။ မြန်မာပြည်ထဲမှာရှိပြီးတော့ နိုင်ငံရေး လုပ်တဲ့လူတွေအနေနဲ့လည်း နိုင်ငံတကာအခြေအနေတွေကို သတင်းတွေကတဆင့်၊ စာအုပ်စာတမ်းတွေ၊ မီဒီယာတွေကတဆင့် လေ့လာဆည်းပူးထားပြီး သိရှိတဲ့လူတွေလည်း အများကြီးရှိပါတယ်။ သူတို့မှာလည်း သိကြမြင်ကြတာတွေ ရှိပါတယ်။ ဒါပေမဲ့ ကျနော် ပြောချင်တာကတော့ အပြင်ရောက်သွားတဲ့ လူတွေမှာ လက်တွေ့ခံစား ဖြတ်သန်းရတဲ့ အတွေ့အကြုံတွေ ရှိပါတယ်။ ဥပမာ ဒီမိုကရေစီစနစ်ဆိုပါစို့။ ဒီမိုကရေစီနိုင်ငံတွေဖြစ်တဲ့ Scandinavian နိုင်ငံတွေ၊ အမေရိကန်လို နိုင်ငံ၊ ကျန်တဲ့နိုင်ငံတွေမှာ ကိုယ်တိုင်သွားပြီးတော့ နေဖူးတယ့်၊ အလုပ်လုပ်ဖူးတယ်။ ဒါမှမဟုတ် internship အလုပ်သင်လိုဟာမျိုးတွေ လုပ်ဖူးတယ်၊ လေ့လာဖူးတယ်ဆိုရင် ဒီစနစ်တွေနဲ့ ပတ်သက်ပြီး ကိုယ်တိုင်တွေ့ကြုံခံစားရတာတွေ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ဒါမျိုးတွေ ရှိပါတယ်။ အထဲမှာလည်း မသိဘူးတော့ မဟုတ်ဘူး။ သိနေကြပါတယ်။ သတင်းတွေကတဆင့်၊ စာအုပ်စာတမ်းတွေကတဆင့် သိတာတွေလည်း ရှိပါတယ်။ တကယ်တမ်း လက်တွေ့ဖြတ်သန်းမှုအရ၊ ကိုယ်တိုင်တွေ့ကြုံဖြတ်သန်းမှုအရ ကွာခြားမှုတွေ အများကြီးရှိတယ်။ အထူးသဖြင့် exposure မြင်နိုင်လာတယ်၊ သိလာနိုင်တယ်။ ပြဿနာတရပ်ကို ဖြေရှင်းတဲ့ပုံစံတွေ၊ ချဉ်းကပ်တဲ့ပုံစံတွေ။ အဲဒါမျိုးတွေ ကွာဟနေတာကို တွေ့နိုင်ပါတယ်။ အပြင်က ပြန်သွားတဲ့လူတွေနဲ့ အထဲမှာရှိတဲ့ ကျနော်တို့ ရဲဘော်မိတ်ဆွေ၊ လုပ်ကြကိုင်ကြတဲ့ လူတွေနဲ့ အနေအထားကြားထဲမှာ ကွာဟမှုတွေတော့ ရှိတယ်။ အဲဒီတော့ အလုပ်တခုကို စလုပ်မယ်ဆိုကတည်းက စဉ်းစားတဲ့ပုံစံတွေ အဲဒါမျိုးတွေ ကွာဟမှု ရှိပါတယ်။ ဘာဖြစ်လဲဆိုတော့ ပြည်တွင်းမှာရှိတဲ့ လူတွေက သိနိုင်မြင်နိုင်တယ်။ သို့သော် နှိုင်းယှဉ်ဖို့အတွက် အနေအထားပေါ့။ မြန်မာပြည်မှာဆိုရင် မြန်မာပြည်မှာရှိတဲ့ အာဏာရှင်အောက်မှာ စည်းမျဉ်းတွေကြားမှာ၊ ဆင်းရဲပင်ပန်းမှုကြမှာ သူတို့ နေ့တဓုဝ ဖြတ်သန်းခဲ့ရတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက အဲဒီလို ပြည်ပက ပြန်သွားတဲ့ ကျောင်းသားတွေ ကိုဇော်မိုးကျော်တို့အနေနဲ့ နိုင်ငံတကာမှာ ဒီမိုကရေစီ ထွန်းကားတဲ့နိုင်ငံတွေမှာ ဖြစ်နေတဲ့ လူမှုရေး၊ လူမှုအသိုင်းအဝိုင်းရဲ့ စံတွေနဲ့ မြန်မာနိုင်ငံက ပြည်သူတွေရဲ့ လူမှုအသိုင်းအဝိုင်းကြားက စံတွေက ကွဲလွဲမှု ရှိလိမ့်မယ် ထင်ပါတယ်။ ဆိုတော့ ဒီဟာကို သုံးသပ်ပြီးတော့ မြန်မာနိုင်ငံအခြေအနေနဲ့ အံ့ဝင်ဂွင်ကျဖြစ်အောင် မူချမှတ်ဆောင်ရွက်ကြမယ်ဆိုတဲ့နေရာမှာ ပြည်တွင်းကျန်ခဲ့တဲ့ ပုဂ္ဂိုလ်တွေနဲ့ ပြည်ပက ပြန်တဲ့လူတွေကြားမှာ ဘယ်လို ညှိနှိုင်းကြမလဲ။ ညှိနှိုင်းရမယ်ဆိုရင် ညှိနှိုင်းလို့ရမလား။

ဦးဇော်မိုးကျော် ။ ။ ဥပမာ ကျနော်တို့ ပြန်သွားတယ်။ အထဲရောက်သွားတော့ အထဲကတချို့ သတင်းစာနယ်ဇင်းက လူတွေပဲဖြစ်ဖြစ်၊ နိုင်ငံရေးဖက်က လူတွေက ပြောတာရှိတယ်။ မင်းတို့က ဟိုနိုင်ငံအနေနဲ့ ဒို့ဒီမှာအခြေအနေနဲ့ မတူဘူးလေ။ မကိုက်ကြဘူးလို့ ပြောတာမျိုးတွေ ကျနော်တို့လည်း တွေ့ရပါတယ်။ ဒါပေမဲ့ အဓိကအချက် ကျနော် ဆိုလိုတာက ဥပမာ လွတ်လပ်ခွင့်လိုဟာမျိုး၊ လူ့ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေးဆိုတာ ဘယ်နိုင်ငံ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် အတူတူပါပဲ။ ဒီအခြေခံပေါ်မှာတော့ နိုင်ငံတကာမှာဖြစ်စေ၊ မြန်မာပြည်မှာဖြစ်စေ ကွဲလွဲမှုရှိမယ်လို့ ကျနော် မထင်ဘူး။ အဲဒီတော့ အဓိက တဖြည်းဖြည်း ပြောင်းလဲယူသွားမယ်။ ဗမာပြည်ကတော့ အာဏာရှင်စနစ်ကနေ တဖြည်းဖြည်း ပြောင်းလဲယူရမှာဖြစ်တဲ့အတွက် ချက်ချင်းမရနိုင်သေးဘူးဆိုတာမျိုးတော့ ရှိနိုင်တယ်။ အခြေခံ basic concept ကတော့ ကွဲလွဲစရာအကြောင်းမရှိဘူး။ လုပ်နည်းလုပ်ဟန်သာ ကွဲလွဲတာမျိုးရှိနိုင်မယ်။ တဖတ်က ဆိုလိုတာက မြန်မာပြည်က ချက်ချင်းအနောက်တိုင်း နိုင်ငံကြီးတွေလို ဒီမိုကရေစီ မဖြစ်နိုင်ဘူး။ ဒါကတော့ လက်ခံနိုင်တယ်။ ဒါပေမဲ့ အဲဒါကို ပြုပြင်ပြောင်းလဲတဲ့အခါမှာ လုပ်နည်းကိုင်နည်း။ ဥပမာ အစုအဖွဲ့တဲ့နည်းတွေကစလို့ တကယ်တမ်းကြရင် နိုင်ငံတကာမှာ လုပ်တဲ့ပုံစံတွေကို အတုယူတာမျိုး။ ကောင်းတဲ့အချက်တွေကို လေ့လာဆည်းပူးပြီး လုပ်တာမျိုးတွေ လုပ်သွားမယ်ဆိုရင် ပိုကောင်းပါတယ်။

ဦးကျော်ဇံသာ ။ ။ အခုပဲ မြန်မာနိုင်ငံမှာ လောလောဆယ် ကြုံတွေ့နေရတဲ့ ပြဿနာ။ မြန်မာပြည်သူတွေဟာ ဒီမိုကရေစီဆိုတာကို လိုလားကြတယ်။ ဒါပေမဲ့ တချိန်တည်းမှာ ကြားနေရတာက ဒီမိုကရေစီဆိုတာက အခြေခံအားဖြင့် မတူကွဲပြားတဲ့ စရိုက်သဘာဝတွေ၊ ယဉ်ကျေးမှု ဓလေ့ထုံတမ်းတွေကို နားလည်းလက်ခံကြတာ အများကြီးပါ ဒီဖက်မှာဆိုရင်။ ဆိုတော့ မြန်မာပြည်သူတွေဟာ ဒီဖက်မှာ လက်ခံသလို မတူကွဲပြားမှုကို အကန့်အသတ် လက်ခံနိုင်မယ့် အလားအလာ ရှိကြရဲ့လား။ အဲဒါမျိုးကိစ္စကြတော့ ကိုဇော်မိုးကျော်တို့ ဘယ်လို သုံးသပ်ကြသလဲ။

ဦးဇော်မိုးကျော် ။ ။ လက်ခံနိုင်ဖို့ဆိုတာကတော့ တခုရှိတယ် အလေ့အကျင့်နဲ့လည်းဆိုင်တယ်။ တခါမှ မတူညီမှု၊ ကွဲပြားမှုတွေအပေါ်မှာ လက်ခံတယ့်၊ ဒါမှမဟုတ် ထိတွေ့ရတဲ့ အတွေ့အကြုံ၊ အလေ့အကျင့်နည်းတယ်ဆိုလို့ရှိရင်တော့ ချက်ချင်းကြီး ဒီမိုကရေစီရင့်သန်သလို မတူကွဲပြားမှုတွေကို ချက်ချင်းလက်ခံဖို့ဆိုတာ မြန်မာ့လူ့အဖွဲ့အစည်းမှာ နည်းနည်းဖြစ်ချင်မှဖြစ်မယ်။ ဒီနေရာမှာ ကျနော် တခုနည်းနည်း ပြောချင်တာရှိတယ်။ မြန်မာ့လူ့အဖွဲ့အစည်းမှာ နိုင်ငံရေးအရ အစိုးရအဖွဲ့အစည်းတွေက နှစ်ပေါင်းများစွာ ပိတ်တဲ့အချက်လည်း ပါပါတယ်။ နောက်ပြီးတော့ တိုင်းပြည်က စီးပွားရေး မဖွံ့ဖြိုးတာလည်းပါတယ်။ အဲဒီတော့ များသောအားဖြင့် မြန်မာပြည်မှာရှိတဲ့ မြို့နယ်တွေ ကျေးလက်တွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်ကတည်းက ထူးထူးခြားခြား ပြောင်းလဲတိုးတက်သွားတာ မတွေ့ရဘူး။ တဖတ်မှာ ဘာဖြစ်လဲဆိုတော့ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်ယဉ်ကျေးမှု ဆိုတာလောက်ထဲမှာ ပုံမှန်လည်ပတ်နေကြတယ်။ တဖတ်က နိုင်ငံရေးအရ ပြောမယ်ဆိုရင် မြန်မာ့လူ့အဖွဲ့အစည်းက ကြည့်ရင် conservative ရှေ့ရိုးစွဲဆန်သလို ဖြစ်နေတယ်။ အဲဒါကလဲ လက်ရှိ အခုနလိုမျိုး မတူညီမှု၊ ကွဲပြားမှုတွေကို အလုံးစုံ လက်ခံနိုင်ပါ့မလားဆိုတာ ဒီနေရာမှာ မေးစရာ မေးခွန်းတွေ ဖြစ်လာတယ်။ စဉ်းစားစရာတွေ ဖြစ်လာတယ်။ ဆိုလိုတာက ဒီထက် ကြီးပွားဖွံ့ဖြိုးတိုးတက်လာဖို့လိုတယ်။ လွတ်လပ်ခွင့်ရှိဖို့လိုတယ်။ လူတွေ ပညာပိုတတ်လာဖို့လိုတယ်။ ဒီလို အခြေခံတွေ ဖြစ်လာပြီး လူ့အဖွဲ့အစည်းက ပြောင်းလဲတိုးတက်လာတယ်ဆိုရင်တော့ အခုန ဒီမိုကရေစီစနစ်အရ မတူကွဲပြားမှုတွေကို လက်ခံနိုင်တယ်ဆိုတဲ့ အခြေအနေတွေ ဖြစ်လာလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ ကျနော်လည်း အဓိက အဲဒီအချက်ကို ပြောလိုတာပါ။ ကိုဇော်မိုးကျော်တို့က ဒီလိုအမြင်ရှိတယ်။ ဒါပေမဲ့ အခုနပြောတဲ့ conservative ဖြစ်နေတဲ့ society ကြားထဲမှာနေပြီးတော့ လှုပ်ရှားနေကြတဲ့ လူတွေအနေနဲ့ ကဲ ဒီလိုပြင်ကြမယ်လို့ ကိုဇော်မိုးကျော်တို့ပြောရင် လှုပ်ရှားသူ activists အချင်းချင်းကြားမှာ သဘောတူညီမှု ရကြပါရဲ့လား။

ဦးဇော်မိုးကျော် ။ ။ ဒီလှုပ်ရှားသူတွေကြားထဲမှာ ပြောရင်တော့ အဓိကတော့ အဲဒီ ကွဲလွဲမှုတွေရှိတယ်။ ရှိတယ် ဒါပေမဲ့ အခုနလို နိုင်ငံရေးလှုပ်ရှားသူတွေ။ သို့မဟုတ် နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ တာဝန်ရှိတာကတော့ ကိုယ့်ကိုယ်ကို အမြင်ကြွယ်ဝလာဖို့၊ ဗဟုသုတရှိဖို့။ နောက်တခုက ပြုပြင်ပြောင်းလဲနိုင်တဲ့ flexible ရှိဖို့ဆိုတဲ့ အရည်အချင်းမျိုးတွေ ရှိအောင်လေ့လာထားကြတယ်လို့ပဲ ကျနော်က နားလည်းပါတယ်။ အဲဒီတော့ ဆိုလိုတာက အဲဒါတွေ တကယ်တမ်း မြန်မာ့လူ့အဖွဲ့အစည်းဆိုတာလည်း နိုင်ငံတကာအခြေအနေနဲ့ ကင်းလွှတ်ပြီး နေလို့ရတာမဟုတ်ဘူး။ အဲဒီကြားထဲမှာ ကိုယ့်လူ့အဖွဲ့အစည်းကို ဘယ်လို ပြုပြင်ပြောင်းလဲမယ်ဆိုတာကို သူတို့လည်း နားလည်းသဘောပေါက်ကြမယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ လက်တွေ့လုပ်ဆောင်တဲ့ နေရာမှာတော့ ပြောဆိုဆွေးနွေးရတဲ့အပိုင်းမှာ တယောက်ကမြင်တာနဲ့ တယောက်က မမြင်တာနဲ့၊ တယောက်ကမြင်တာအချင်းချင်း မတူတာနဲ့ အဲဒီအခက်အခဲတွေကတော့ ရှိနေတယ်ဆိုတာ တွေ့ရပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ကိုဇော်မိုးကျော်တို့ရဲ့ အဖွဲ့အစည်း ၈၈ ပြည်ပပြန် ကျောင်းသားတွေအနေနဲ့ အခုလက်တွေ့ နိုင်ငံရေးအားဖြင့် ဘာများကြိုးပမ်းမှုတွေ ရှိနေပါသလဲ။ ပါတီထောင်ပြီးတော့ ၂၀၁၅ ရွေးကောက်ပွဲကို ဦးတည်ပြီးတော့ လှုပ်ရှားနေတဲ့ လှုပ်ရှားမှုတွေ ရှိနေပါသလား။ ပြည်တွင်းမှာကျန်ခဲ့တဲ့ ၈၈ တွေနဲ့ ပေါင်းပြီးတော့ အဲဒီလို လှုပ်ရှားဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေ ထားခဲ့ကြသလား။

ဦးဇော်မိုးကျော် ။ ။ ပြန်သွားတယ်ဆိုကတည်းက ကျနော်တို့အဖွဲ့အစည်းတွေ ဥပမာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီပဲဖြစ်စေ၊ ABSDF ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးဖြစ်စေ ဒီလိုအဖွဲ့အစည်းတွေမှာ ပြန်သွားကတည်းက ပြန်သွားပြီးရင် မြန်မာပြည်မှာရှိတဲ့ အခြေအနေတွေနဲ့ လိုက်လျောညီထွေစွာ လုပ်ဆောင်ရမယ်ဆိုတာတွေကို နားလည်းတယ်။ ကိုယ့်ရည်မှန်းချက်တွေကို အကောင်အထည်ဖော်တဲ့နေရာမှာ နည်းဗျူဟာတွေ ပြောင်းလဲသွားရမယ်ဆိုတာတွေ နားလည်းကြတယ်။ ဒါပေမဲ့ ပြဿနာက ဘာလဲဆိုတော့ တကယ်တမ်း ထင်သလောက် မပေါက်ဘူးလို့ ကျနော်ထင်တယ်။ ကျနော့် သုံးသပ်ချက်အရ။ ပြန်သွားတဲ့ အဖွဲ့အစည်းတွေမှာ ပြည်တွင်းအင်အားစုအဖွဲ့အစည်းတွေကြားထဲမှာ ပြန်ပြီးဝင်ဆံ့နိုင်ဖို့ဆိုတာတောင် တော်တော်လေး လုပ်ရမယ့်သဘောမျိုး ဖြစ်နေတယ်။ အထဲမှာ ပြန်ရောက်သွားတဲ့အခါမှာ အခုန မူရင်းပါတီထဲက အုပ်စုတွေနဲ့တောင်မှ အမြင်ကွာခြားမှုတွေ၊ ညှိနှိုင်းရတာတွေ အများကြီးတွေ ဖြစ်လာတယ်။ နောက်တခုက ကျနော်တို့ ပြန်သွားတယ်ဆိုတော့ အနှစ် (၂၀) ကျော်ဆိုတော့ ကိုယ့်မြို့ကိုယ်ပြန်သွားရင်တောင်မှ လူတော်တော်များများနဲ့ မသိတာတွေ၊ ကင်းကွာသွားတာတွေ အများကြီးရှိတယ်။ ကျန်တဲ့အဖွဲ့အစည်းတွေ၊ ပြည်တွင်းက အဖွဲ့အစည်းတွေအနေနဲ့ ဘယ်လောက် နွေးနွေးထွေးထွေး လက်ခံနိုင်လဲ။ လက်တွဲနိုင်လဲဆိုတဲ့ အခြေအနေတွေကလည်း အများကြီး လိုအပ်ပါတယ်။ ဆိုတော့ ဥပမာ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ ဦးဆောင်တဲ့ ၈၈ အင်အားစုတွေနဲ့ပင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ABSDF တို့နဲ့ တော်တော်များများ လက်တွဲလုပ်နိုင်တယ်ဆိုတာမျိုး မတွေ့ရပါဘူး။ NLD လို အဖွဲ့အစည်းကြီးပင် ပြည်ပက ပြန်လာတဲ့ အင်အားစုတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ ဘယ်လောက် ထိတွေ့သလဲ။ သူတို့ ဘယ်လောက် စိတ်ဝင်စားသလဲ။ ဒီလူတွေက အသုံးတည်မလား၊ မတည်ဘူးလား။ လက်တွဲလို့ ရမလား၊ မရဘူးလားဆိုတာ ကျနော်ကတော့ NLD မှာလည်း အဲဒီအမြင်စိတ်ရှိပုံ မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီအဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံ ပြောဆိုတာမျိုး မရှိဘူးလို့ ကျနော်က မြင်တယ်။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အခုန လူ့ဘောင်သစ်ပါတီခေါင်းဆောင်၊ ကျောင်းသားခေါင်းဆောင်တွေနဲ့ လက်ခံတွေ့ဆုံတာမျိုး၊ စကားပြောတာမျိုးတွေ မတွေ့ရပါဘူး။
XS
SM
MD
LG