သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လယ်ယာစီးပွားရေးသမား နှင့် မြေယာမဲ့များ


လယ်သမားများ ဆန္ဒပြနေမှုမြင်ကွင်း၊ ရန်ကုန်
လယ်သမားများ ဆန္ဒပြနေမှုမြင်ကွင်း၊ ရန်ကုန်

အရပ်သားတပိုင်း အစိုးရဖွဲ့ပြီး (၃) လအကြာ (၂၀၁၁) ဇွန်လမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဟာ အရေးကြီးကြောင်း သမ္မတဦးသိန်းစိန်က ပြောပါတယ်။ ဒါပေမဲ့ သိသာမြင်သာနေတာကတော့ လယ်ယာမဲ့ဦးရေ တိုးပွားပြီး လယ်ယာစီးပွားရေးလုပ်ငန်းကြီးတွေ များလာတာပါ။ ဒီကိစ္စကို နှစ်နဲ့ချီပြီး လေ့လာနေသူ Kevin Woods က Commercial Agriculture Expansion in Myanmar ဆိုတဲ့ (၇၅) မျက်နှာစာတမ်းကို လွန်ခဲ့တဲ့လက ထုတ်ဝေလိုက်ပါတယ်။ ဦးသိန်းစိန်အစိုးရ သက်တမ်း (၂) နှစ်အတွင်း လယ်ယာစီးပွားရေးကုမ္ပဏီပိုင် မြေပမာဏ ဧက (၂) သန်းကနေ (၅) သန်းအထိ တိုးသွားပါတယ်။

စိုက်ပျိုးရေးလုပ်ငန်းကြီးတွေ လုပ်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ (၁၉၉၁) ခုနှစ်ကစပြီး ခရိုနီကုမ္ပဏီတွေကို စစ်အစိုးရက မြေဧက အများအပြား ဈေးပေါပေါနဲ့ ဝေငှခဲ့ပါတယ်။ ဆယ်နှစ်ကြတော့ (၂၀၀၁) မှာ မြေဧက (၁) သန်းကျော်မှာ လယ်ယာလုပ်ခွင့်ရတဲ့ ကုမ္ပဏီ တရာကျော် ရှိလာပါတယ်။ နောက်ဆယ်နှစ်အကြာ (၂၀၁၁) မှာ ဦးသိန်းစိန်အစိုးရ တက်လာတဲ့အခါ ကုမ္ပဏီ နှစ်ရာကျော်ဟာ မြေဧက (၂) သန်းကျော်မှာ စီပွားရေးလုပ်ခွင့် ရထားတာကို တွေ့နိုင်ပါတယ်။ ဦးသိန်းစိန်အစိုးရ သက်တမ်းတနှစ် ကြာလာတဲ့အခါမှာ စီးပွားရေးလုပ်ငန်းတွေ လက်ထဲရောက်သွားတဲ့ မြေပမာဏဟာ ဧက (၃) သန်းခွဲ ရှိလာပါတယ်။

မြေယာမဲ့ဘဝ ရောက်သွားခဲ့တဲ့ လယ်သမားဦးရေဟာ အမြဲတမ်း တိုးပွားနေပါတယ်။ နေရာဒေသကိုလိုက်ပြီး လယ်ယာမဲ့ဦးရေ အနည်းနဲ့အများ ရှိလာပါတယ်။ အရှေ့ပိုင်းဒေသ တိုင်းရင်းသားနယ်မြေမှာတော့ နေရပ်ဌာနေကို စွန့်ခွါရသူတွေ သိန်းချီပြီး ရှိလာပါတယ်။ ဒါကြောင့် လွတ်လပ်မှု အနည်းအကျဉ်း ရှိလာတဲ့အခါမှာ ကန့်ကွက်ဆန္ဒပြသူတွေ များပြားလာတာ ဖြစ်ပါတယ်။ (၂၀၁၃) ရောက်တော့ လယ်ယာစီးပွားရေး လုပ်ငန်းကြီးတွေလက်ထဲ လွှဲပြောင်းပေးလိုက်တဲ့ မြေယာဧကဟာ (၅) သန်းကျော်နေပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ လုပ်ခွင့်ပေးထားတဲ့မြေမှာ (၂၅) ရာခိုင်နှုန်းကိုသာ စိုက်ပျိုးရေးလုပ်တယ်လို့ မီချီဂန် (Michigan) တက္ကသိုလ်ထုတ် (၂၀၁၄) လယ်ယာစီးပွားရေးစာတမ်းမှာ ဖော်ပြပါတယ်။ လုပ်ခွင့်ပေးထားတဲ့မြေမှာ ဘာမှ မလုပ်ဘဲထားတာကို အစိုးရက သိပေမယ့် အရေးယူတာမျိုး မရှိဘူးလို့ ဆိုပါတယ်။

လူဦးရေ (၇၀) ရာခိုင်နှုန်း နေထိုင်တဲ့ ကျေးလက်ဒေသမှာ မြေမဲ့ယာမဲ့တွေ များပြားလာပြီး ဆင်းရဲကျပ်တည်းလာရပုံကို ပြည်တွင်းပြည်ပ အဖွဲ့အစည်းမျိုးစုံက ကွင်းဆင်းလေ့လာပြီး အစီရင်ခံစာတွေ ရေးကြပါတယ်။ တိုင်းရင်းသားနဲ့ အရပ်သားအသင်းအဖွဲ့တွေဟာ အခါအားလျော်စွာ အစီရင်ခံစာထုတ်ပြီး မြေယာပြဿနာကို မီးမောင်းထိုးပြကြပါတယ်။ နိုင်ငံခြားအဖွဲ့အစည်းတွေထဲမှာတော့ နယ်သာလန်အခြေစိုက် Transnational Institute ဟာ ဒီကိစ္စကို အများဆုံး ရေးပါတယ်။ အမေရိကန်တက္ကသိုလ်တွေဖြစ်တဲ့ ဟားဗတ် (Harvard)၊ ကိုလံဘီယာ (Columbia) နဲ့ မီချီဂန် (Michigan) က လေ့လာရေးအဖွဲ့တွေကလည်း ရေးတာမို့ လယ်ယာနဲ့ ပတ်သက်တဲ့ စာတမ်းပေါင်း အစိတ်သုံးဆယ်လောက် ရှိပါတယ်။ လူဦးရေ အများဆုံးရှိတဲ့ ကျေးလက်မှာ လယ်ယာမဲ့ ပေါများလာပြီး ဆင်းရဲတွင်းနက်နေပုံကို အစီရင်ခံစာအားလုံးမှာ ဖော်ပြကြပါတယ်။

၂၀၁၂ မှာ ပြဌာန်းတဲ့ လယ်ယာမြေဥပဒေနဲ့ မြေလွတ်မြေလပ်မြေရိုင်း ဥပဒေဟာ တိုးတက်မှု အနည်းအကျဉ်းရှိပေမယ့် မရှင်းလင်းဘူးလို့ ဥပဒေပညာရှင် Robert Oberndorf က (၂၀၁၂) နိုဝင်ဘာမှာ ဝေဖန်ထားပါတယ်။ လယ်ယာစီးပွားရေးလုပ်ငန်းတွေ ပေါ်ထွက်အောင်သာ အားပေးပြီး တနိုင်တပိုင် စိုက်ပျိုးတဲ့ လယ်သမားတွေကို အကာအကွယ် မပေးနိုင်တဲ့ ဥပဒေလို့ ဆိုပါတယ်။ လယ်လုပ်ခွင့်ကို ပယ်ဖျက်နိုင်တဲ့ အာဏာအစိုးရမှာ ရှိတာမို့ လယ်သမားတွေကို ဒီ အာဏာစက်က မကာကွယ်နိုင်ပါဘူး။ ဒါကြောင့် ဓလေ့ထုံးစံမှာ စိုက်ပျိုးခွင့်ရှိတာကို အစိုးရက အသိအမှတ်ပြုဖို့ လိုပါတယ်။ အရပ်သားနဲ့ လယ်သမားအဖွဲ့တွေကို တိုင်ပင်ပြီး လယ်ယာမြေဥပဒေနဲ့ မြေလွတ်မြေရိုင်း ဥပဒေကို ပြင်ဆင်ဖို့ အကြံပေးထားပါတယ်။

ကျေးလက်လူဦးရေမှာ လယ်ယာမဲ့ အရေအတွက်ဟာ (၃၀) ကနေ (၅၀) ရာခိုင်နှုန်းအထိ ရှိတယ်လို့ ခန့်မှန်းပါတယ်။ မြေယာမဲ့ဦးရေ အများဆုံးကို ပဲခူးတိုင်း၊ မန္တလေးတိုင်း နဲ့ ရခိုင်ပြည်နယ်တွေမှာ တွေ့နိုင်ပါတယ်။ မန္တလေးတိုင်းက မြို့နယ် (၅) ခုမှာ လူဦးရေ (၉၉) ရာခိုင်နှုန်းဟာ လယ်ယာမဲ့ ဖြစ်နေပါတယ်။ ကချင်ပြည်နယ်ရဲ့ လူဦးရေ (၅၀) ရာခိုင်နှုန်းကျော်မှာ လယ်ယာ မရှိပါဘူး။ မွန်ပြည်နယ်မှာ မြို့နယ် (၆) ခုမှာ လူဦးရေ (၉၅) ရာခိုင်နှုန်းဟာ လယ်ယာမဲ့တွေပါ။ ဒါကြောင့် မြေဝေငှမှုကို ချက်ချင်းရပ်ဆိုင်းပြီး မြေမဲ့မှုပြဿနာကို အရင်ဆုံးဖြေရှင်းဖို့ လယ်ယာမြေ အစီရင်ခံစာအားလုံးက အကြံပေးထားပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တိုင်းပြည်ထဲက မြေအားလုံးကို အစိုးရကပိုင်ပါတယ်။ ဒါကြောင့် အဂတိလိုက်စားတဲ့ အစိုးရလက်ထက်မှာ မြေပိုင်ရှင်အစိုးရဟာ ထင်သလို လုပ်နိုင်ပါတယ်။ မြေယာနဲ့ဆိုင်တဲ့ အာဏာပိုင်တွေကတော့ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဌာနနဲ့ သစ်တောရေးရာဌာန ဖြစ်ပါတယ်။ မြေအမျိုးမျိုးကို ဥပဒေအမျိုးမျိုးနဲ့ ကြည့်လို့ရတဲ့အတွက် အလွန်ရှုပ်ထွေးပြီး လုပ်နည်းလုပ်ထုံးအမျိုးမျိုး ရှိနေတာဟာ အငြင်းပွားစရာ ဖြစ်နေပါတယ်။ လောလောဆယ်မှာတော့ ကျေးလက်ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမှုလျော့နည်းရေးကိစ္စဟာ အပြောလွယ်သလောက် အကောင်အထည်ဖော်ဖို့ ခက်ခဲ့နေပါတယ်။

XS
SM
MD
LG