သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်က တရုတ်အရင်းအနှီး


မြန်မာပြည်က တရုတ်အရင်းအနှီး
please wait

No media source currently available

0:00 0:05:08 0:00
တိုက်ရိုက် လင့်ခ်


မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက်လို့ ခဏထိုးကျသွားတဲ့ တရုတ် အရင်းအနှီးဟာ ပြန်လည်တိုးပွားနေတာ တွေ့ရပါတယ်။ နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏဟာလည်း ကြီးထွားနေပါတယ်။ တရုတ်ပြည်ကို ဓါတ်ငွေ့စပြီး တင်ပို့တဲ့ (၂၀၁၃) မှာ မြန်မာက တရုတ်ကို တင်ပို့တဲ့ ပို့ကုန်တန်းဖိုးဟာ (၅) ဆလောက် ထိုးတက်သွားပါတယ်။ မြန်မာရဲ့ အကြီးဆုံး ကုန်သွယ်ဖက်ဟာ တရုတ်ပါ။ မြန်မာပြည်မှာ နေတိုင်းလိုလို တရုတ်လွှမ်းမိုးမှုကို အနည်းနဲ့အများ တွေ့နိုင်ပါတယ်။ ဒီလိုဖြစ်လာဖို့ အနှစ် (၂၀) ကျော် တရုတ်က ရင်းနှီးခဲ့ရပါတယ်။ ဒါပေမဲ့ တရုတ် အရင်းအနှီးအကြောင်း အနောက်တိုင်းမှာသာ စာတမ်းထုတ်ဖူးပါတယ်။

မကြာသေးမီကတော့ ဘေဂျင်းမြို့တော်အခြေစိုက် Global Environmental Institute က သုတေသီ (၃) ဦး ရေးသားပြုစုတဲ့ မြန်မာပြည်က တရုတ် အရင်းအနှီး Chinese Investment in Myanmar ဆိုတဲ့ (၄၅) မျက်နှာ စာတမ်း ထွက်လာပါတယ်။ အနောက်တိုင်းရဲ့ ဒဏ်ခတ်မှု၊ သယံဇာတ ကြွယ်ဝမှုနဲ့ တရုတ် မဟာဗျူဟာမှာ အချက်အချာကျမှုကြောင့် မြန်မာပြည်မှာ တရုတ် ရင်းနှီးမြုပ်နံှပုံကို တင်ပြပါတယ်။ ဦးသိန်းစိန်အစိုးရ တက်လာချိန်မှာ တရုတ်ဟာ မြန်မာရဲ့ အကြီးဆုံး ကုန်သွယ်ဘက် ဖြစ်နေပါပြီ။ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းတဲ့နှစ်မှာ ထိုးကျသွားတဲ့ တရုတ် အရင်းအနှီးဟာ အခုတော့ ထိပ်ဆုံးကို ပြန်ရောက်နေပါပြီ။

တရုတ် အရင်းအနှီးထဲမှာ (၆၃) ရာခိုင်နှုန်းက ရေအားလျှပ်စစ်ဖြစ်ပြီး ရေနံ၊ ဓါတ်ငွေ့ နဲ့ သတ္တုတွင်းက (၃၆) ရာခိုင်နှုန်း ဖြစ်ပါတယ်။ အခြားလုပ်ငန်းကဏ္ဍတွေက (၁) ရာခိုင်နှုန်းသာ ရှိပါတယ်။ လုပ်ငန်းကြီးတွေကို တရုတ်အစိုးရပိုင် ကုမ္ပဏီတွေက လုပ်ကိုင်ပြီး၊ ဘိန်းကို အစားထိုးဖို့ ရည်ရွယ်တဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကိုသာ ယူနန် တရုတ်တွေက လုပ်ကိုင်ပါတယ်။ သပိတ်ကျင်းမြို့နယ် တကောင်းတောင်က နီကယ်သတ္တု အနှစ် (၂၀) ထုတ်ယူဖို့ ဒေါ်လာသန်း (၈၀၀) ကျော် တရုတ်က ရင်းနှီးထားပါတယ်။ စပယ်တောင်နဲ့ ကြေးစင်တောင်မှာ ဒေါ်လာသန်း (၅၀၀) ရင်းပြီး ကြေးနီတန်ချိန် (၄၀,၀၀၀) ထုတ်ယူနေပါတယ်။ လက်ပံတောင်းတောင်မှာ ဒေါ်လာသန်း (၁၁၀၀) ရင်းပြီး ကြေးနီတန်ချိန်တသိန်း နှစ်စဉ်ထုတ်ယူဖို့ စီစဉ်နေပါတယ်။ ချင်းပြည်နယ်မှာလည်း နီကယ်သတ္တုထုတ်ယူဖို့ တရုတ်က စီမံကိန်း ချထားပါတယ်။

တရုတ် ရင်းနှီးထားတဲ့ ရေအားလျှပ်စစ်စီမံကိန်း (၂၆) ခုရှိတဲ့အနက် (၃) ခုသာ ပုဂ္ဂလိကပိုင်ဖြစ်ပြီး (၂၃) ခုကို တရုတ်အစိုးရကုမ္ပဏီတွေ ပိုင်ဆိုင်ပါတယ်။ တရုတ်ပြည်ကို လျှပ်စစ်ဓါတ်ပေးမယ့် စီမံကိန်းတွေဖြစ်တာမို့ ရေကာတာ အများစုဟာ တရုတ်နယ်စပ်နဲ့နီးတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ရှိကြပါတယ်။ မြစ်ဆုံ၊ ချီဗွေ၊ ချီဗွေငယ်၊ ဂူဆောက်၊ ခေါင်လန်ဖူး၊ ယီနန်၊ ဖီဇော၊ လိုင်ဇာ စတဲ့ စီမံကိန်းတွေမှာ တရုတ်နဲ့ ဖက်ဆပ်လုပ်သူဟာ ဘိန်းဘုရင် လော်စစ်ဟန်ရဲ့သား ဦးထွန်းမြင့်နိုင်ရဲ့ Asia World ကုမ္ပဏီ ဖြစ်ပါတယ်။ ကွန်းလုံဆည် စီမံကိန်းမှာလည်း ဦးထွန်းမြင့်နိုင် လုပ်ခွင့်ရထားပါတယ်။ Asia World ရဲ့ တရုတ်ကုမ္ပဏီတွေ ဖက်စပ်လုပ်ခွင့်ရတဲ့ ရေအားလျှပ်စစ်စီမံကိန်းပေါင်း (၉) ခုလောက် ရှိပါတယ်။ Asia World ပိုင်တဲ့ သောက်ရေခတ် (၂) က လျှပ်စစ်ဓါတ်အားကို အစိုးရက ပြန်ဝယ်နေပါတယ်။

ဗိုလ်သန်းရွှေရဲ့ လူယုံ ကွယ်လွန်သူ ဦးအောင်သောင်းရဲ့သားများပိုင်တဲ့ IGE ကုမ္ပဏီလည်း တရုတ်နဲ့တွဲပြီး ရေအားလျှပ်စစ် တည်ဆောက်ခွင့် ရထားပါတယ်။ နောင်ဖ နဲ့ ဟပ်ကြီး အပါအဝင် ရေအားလျှပ်စစ် (၄) ခုကို IGE ကုမ္ပဏီက တရုတ်နဲ့တွဲပြီး တည်ဆောက်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ စီမံကိန်း (၄) ခုစလုံး ရပ်ဆိုင်းထားတယ်လို့ ဘေဂျင်းစာတမ်းမှာ ဖော်ပြပါတယ်။ နောင်ဖ ရေအားလျှပ်စစ်က တရုတ်ကို ဓါတ်အားပေးဖို့ ရည်ရွယ်ပြီး ဟပ်ကြီးကတော့ ထိုင်းအတွက် ဖြစ်ပါတယ်။ နောင်ဖ ရေအားလျှပ်စစ်ကို ရှမ်းပြည်နယ်အစိုးရက ခွင့်မပြုကြောင်း မကြာမီက သတင်းထွက်လာပါတယ်။ ဘိန်းအစားထိုး စိုက်ပျိုးရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ စိုက်ပျိုးရေးလုပ်နေတဲ့ တရုတ်ကုမ္ပဏီပေါင်း (၂၀၀) လောက်ရှိကြောင်း ဘေဂျင်းစာတမ်းမှာ ဖော်ပြထားပါတယ်။

ယူနန်ကို ရေနံဓါတ်ငွေ့တင်ပို့တဲ့ မဒေးကျွန် ရေနက်ဆိပ်ကမ်း ပြီးစီးသွားတဲ့အတွက် ကျောက်ဖြူ အထူးစီးပွားရေးဇုန် တည်ဆောက်ရေးကို တရုတ်က စိတ်ဝင်စားနေပါတယ်။ ဒီ စီမံကိန်းအတွက် မတည်ငွေ ဒေါ်လာသန်း (၈၃၀၀) လိုအပ်ပြီး နောက် (၃၅) နှစ်အတွင်းမှာ ဒေါ်လာသန်း (၈၉၀၀၀) ကျော် ရင်းနှီးမြုပ်နံှ ခန့်မှန်းထားပါတယ်။ တရုတ်နဲ့ လက်တွဲမယ့်သူကတော့ ခရိုနီဟောင်း ဦးတေဇ ဖြစ်ပါတယ်။ ယူနန်-ရခိုင် မီးရထားလမ်းဖောက်ဖို့ (၂၀၁၁) က နားလည်မှု ရယူခဲ့ပေမယ့် မတင်မကျ ဖြစ်နေပါတယ်။ လမ်းအစပိုင်းဖြစ်တဲ့ လင်ကျန်းချင်းဟော် အပိုင်းကို (၄) နှစ်နဲ့ တည်ဆောက်မယ်လို့ ရှင်ဟွာသတင်းမှာ ဖော်ပြပါတယ်။

သဘာဝပတ်ဝန်းကျင်နဲ့ လူ့အဖွဲ့အစည်းကို ထိခိုက်နိုင်မယ့် အန္တရာယ်ကို တရုတ်ကုမ္ပဏီကြီးတွေ သဘောပေါက်ပေမယ့် လက်တွေ့အကောင်အထည်ဖော်တဲ့ဘက်မှာ မထိမရောက် ဖြစ်နေတယ်လို့ ဆိုပါတယ်။ မြန်မာနဲ့ ဖက်စပ်လုပ်တဲ့ တရုတ်ကုမ္ပဏီလေးတွေကတော့ ဒီကိစ္စမှာ မြန်မာဘက်က တာဝန်ယူရမယ်လို့ ယူဆပါတယ်။ မြန်မာပြည်က အရပ်ဘက်အဖွဲ့အစည်းတွေကို တရုတ်ကုမ္ပဏီတွေ မကိုင်တွယ်တတ်တာဟာလည်း တရုတ် ဆန့်ကျင်ရေးစိတ် ပြင်းထန်ရတဲ့ အကြောင်းရင်းတရပ် ဖြစ်တယ်လို့ ဆိုပါတယ်။ အရပ်ဘက် အသင်းအဖွဲ့တွေနဲ့ သဟဇာတဖြစ်ရေးဟာ တရုတ်ကုမ္ပဏီတွေရဲ့ ရည်ရွယ်ချက်ဖြစ်သင့်ကြောင်း ဘေဂျင်းမြို့တော်အခြေစိုက် Global Environmental Institute ရဲ့ စာတမ်းမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG