သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ်အရေး ဆွေးနွေးဖြေရှင်းဖို့ မြန်မာအစိုးရ တိုက်တွန်း


စက်တင်ဘာလ ၂၃ရက် ၂၀၁၅ ခုနှစ်က တောင်တရုတ် ပင်လယ်ပြင်အတွင်း တရုတ် ကမ်းခြေစောင့်တပ်ကိုတွေ့စဉ်။ ဓါတ်ပုံ - (AP Photo/Renato Etac)
စက်တင်ဘာလ ၂၃ရက် ၂၀၁၅ ခုနှစ်က တောင်တရုတ် ပင်လယ်ပြင်အတွင်း တရုတ် ကမ်းခြေစောင့်တပ်ကိုတွေ့စဉ်။ ဓါတ်ပုံ - (AP Photo/Renato Etac)

တောင်တရုတ် ပင်လယ်ပြင်အရေး နိုင်ငံတကာ ခုံသမာဓိရုံးရဲ့ ဆုံးဖြတ်ချက်ကြောင့် နောက်ဆက်တွဲ ပြဿနာတွေ မပေါ်ပေါက်အောင် သက်ဆိုင်ရာ နိုင်ငံတွေအနေနဲ့ ညှိညှိနှိုင်းနှိုင်း ထိန်းသိမ်းဆောင်ရွက်ကြဖို့ မြန်မာအစိုးရက တိုက်တွန်းလိုက်ပါတယ်။ တောင်တရုတ် ပင်လယ်ပြင်အတွင်း ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ ကိစ္စမှာ တိုက်ရိုက် ပတ်သက်မှု မရှိပေမဲ့လည်း မြန်မာနိုင်ငံ အပါအဝင် ဖြစ်တဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) ရဲ့ အဖွဲ့ဝင် နိုင်ငံတချို့နဲ့ ပတ်သက်နေတဲ့ ကိစ္စကိုတော့ စောင့်ကြည့် သွားမယ်လို့လည်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုခဲ့တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မသိဂီ ၤထိုက်က ပြောပြပေးမှာ ဖြစ်ပါတယ်။

တရုတ်နဲ့ ဖိလစ်ပိုင် နှစ်နိုင်ငံတို့ရဲ့ တောင်တရုတ် ပင်လယ်ပြင် အတွင်း ရေပြင်ပိုင်နက် ဆိုင်ရာ အငြင်းပွားမှုအပေါ် အနုညာတ ခုံရုံးက ဆုံးဖြတ်ချက် ချလိုက်တဲ့ အပေါ် နှစ်နိုင်ငံတို့ ငြိမ်းချမ်းစွာ ဖြေရှင်းကြဖို့ မြန်မာ အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနက တိုက်တွန်းလိုက်ပါတယ်။ ခုံရုံးရဲ့ ဆုံးဖြတ်ချက် အပေါ် သဘောတူခြင်း မတူခြင်း မဟုတ်ဘဲ သက်ဆိုင်ရာ နှစ်နိုင်ငံတို့ကြား ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ကြဖို့ တိုက်တွန်းတာ ဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန အာဆီယံ ရေးရာ ဦးစီးဌာနရဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်က ဗွီအိုအေကို ပြောပါတယ်။

“ဒီ UNCLOS နဲ့ပတ်သက်ပြီးတော့ကော နိုင်ငံတကာ ဥပဒေနဲ့ပတ်သက်ပြီးတော့ကော ချစ်ကြည်ရင်းနှီးစွာ ညှိနှိုင်းမှုပြုလုပ်ဖို့အတွက် အားပေးထောက်ခံတယ်ဆိုတဲ့ သဘောထားပေါ့နော် ဒါတခုပေါ့။ နောက်တခုက ဘာလဲဆိုရင် Tension (တင်းမာမှု) ဖြစ်မယ့် အားလုံးကိစ္စတွေကို သက်ဆိုင်ရာပါတီတွေစီကနေပြီးတော့ သက်ဆိုင်ရာနိုင်ငံတွေကနေပြီးတော့ ရှောင်ကြဉ်ကြပါဆိုပြီးတိုက်တွန်းထားတာရှိတယ်။ ကျနော်တို့ကတော့ အာဆီယံတွေရဲ့ Consensus (အများ သဘောတူညီချက်) ပေါ့နော် ဒါဆိုလို့ရှိရင်တပိုင်းပေါ့။ နောက်သဘောတူတာ မတူတာထက်စာရင်ကျနော်တို့က ဘာလဲဆိုရင် အဓိကတော့ ဒီဒေသတွင်းမှာပေါ့နော် ဒီလိုပြဿနာဖြစ်တာကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ ဒါကိုပဲ ကျနော်တို့က အဓိကပြောတာပါ။ Ruling (ခုံရုံးဆုံးဖြတ်ချက်) ပေါ်မှာ သဘောတူသလားမတူသလားဆိုတာ ကျနော်တို့ ပြောတာမဟုတ်ပါဘူးခင်ဗျ။”

ဒေသတွင်း ငြိမ်းချမ်းစွာ အတူလက်တွဲ နေထိုင်ရေးဆိုတဲ့ မြန်မာ့ နိုင်ငံခြားရေး မူဝါဒ အရ အခုလို တောင်တရုတ် ပင်လယ်အရေး သဘောထားကြေညာချက်ကို မြန်မာနိုင်ငံဘက်က ထုတ်ပြန်တာ ဖြစ်ပြီး အရှေ့တောင် အာရှ နိုင်ငံများ အသင်း အာဆီယံ အဖွဲ့ကြီး အနေနဲ့တော့ သဘောထား ကြေညာချက် ထွက်လာဖို့ အခြေအနေ မရှိဘူးလို့လည်း ဦးအောင်မျိုးမြင့်က ဗွီအိုအေကို ပြောပါတယ်။

“ ဒီမြန်မာနိုင်ငံဟာဆိုရင် အာဆီယံ Rule base ကိုအခြေပြုတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်တဲ့အလျောက် နိုင်ငံတကာ အသိုက်အဝန်းအတွင်း နိုင်ငံခြားဆက်ဆံရေးကို အကောင်အထည်ဖော်တဲ့နေရာမှာလည်း စည်းမျဉ်ဥပဒေကို လေးစားလိုက်နာမယ်ဆိုပြီးတော့ ကျနော်တို့ပြောထားတာရှိပါတယ်။ ဆိုတော့ ကျနော်တို့ကတော့ ဒီအာဆီယံ ခုနစကားဆက်မယ်ဆိုရင်တော့လေ အာဆီယံကတော့ အခုအနေအထားမှာ Statement ထုတ်နိုင်တဲ့အနေအထား မရှိဘူးလို့ယူဆတယ်။ ဘာကြောင့်လဲဆိုရင် Chairman ပေါ့နော် အာဆီယံရဲ့ Chairman ဖြစ်တဲ့ Laos ကနေပြီးတော့ အာဆီယံ ၁၀ နိုင်ငံရဲ့သဘောထားကို ရဖို့လေ သူမေးပါတယ် ဒီနေ့သူတို့မေးတယ်။ မေးတော့ သူ့ရဲ့အကြောင်းပြန်ကြားစာ နောက်ဆုံးစာမှာဘာတွေ့ရသလဲဆိုတော့ “There is no consensus among ASEAN” လို့တွေ့တယ်။ ဆိုတော့ အာဆီယံနိုင်ငံအတွင်း ၁၀ နိုင်ငံမှာ သဘောတူချက်မရတဲ့သဘောပေါ့နော် အဲဒါတော့ ကျနော်တို့တွေ့ပါတယ်။”

အခု ကြေညာချက်ဟာဆိုရင် တရုတ် နိုင်ငံ အဓိက ပါဝင် ပတ်သက်နေတဲ့ ပိုင်နက်ဆိုင်ရာ အငြင်းပွားမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဘက်က ထူးထူးခြားခြား ထုတ်ပြန်လိုက်တာပါ။ မြန်မာ အစိုးရသစ်ရဲ့ နိုင်ငံခြားရေး မူဝါဒဟာ အရင် အစိုးရ လက်ထက်ကထက် ပိုပြီး တက်ကြွ သက်ဝင်လာတာကို တွေ့ရတယ်လို့လည်း ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးသန့်ကျော်က သုံးသပ်ပါတယ်။

“အစိုးရကတော့ ပိုပြီးတော့ ရပ်တည်ချက်တွေကို အရင်ထက်စာရင်တော့ ထုတ်ပြန်တာကတော့ ကျနော်တို့ သတိပြုမိနေတာပေါ့လေ အထူးသဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ။ အဲဒီ တော့ ပိုပြီးတော့လည်း ပြည်သူလူထုကို ပွင့်ပွင့်လင်းလင်း ဒီဥစ္စာကို အစီရင်ခံနေတဲ့အတွက် ဒါ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေး policy မှာ ပိုပြီးတော့ ရှင်းရှင်းလင်းလင်းဖြစ်လာတာပေါ့လေ။ အဲဒီအတွက်လည်း ကောင်းတဲ့ဘက်က ကြည့်ရင်တော့လည်း အများကြီးကောင်းပါတယ်။”

အရင် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှာတော့ မြန်မာနိုင်ငံ အနေနဲ့ တောင်တရုတ် ပင်လယ်အရေးမှာ တိုက်ရိုက် ပတ်သက်မှု မရှိတာကြောင့် သက်ဆိုင်ရာ နိုင်ငံတွေရဲ့ စိုးရိမ်ချက်တွေ၊ လိုလားချက်တွေကို နားထောင်ပေးခဲ့ပေမယ့် အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ ရော အာဆီယံ နိုင်ငံတွေနဲ့ပါ ဆက်ဆံရေး ပြေလည်စေမယ့် နည်းလမ်းကို ရွေးချယ် ကျင့်သုံးခဲ့တယ်လို့လည်း ဒုတိယ ဝန်ကြီးဟောင်း ဦးသန့်ကျော်က ပြောပါတယ်။ တောင်တရုတ် ပင်လယ်ပြင် အတွင်းက ရေပြင်ပိုင်နက် အားလုံးနီးပါးကို တရုတ်တို့က သူတို့ ပိုင်ဆိုင်တယ်လို့ အစဉ်တစိုက် ပြောဆိုနေတာ ဖြစ်ပေမယ့် ဖိလစ်ပိုင်နဲ့ ပိုင်နက်ဆိုင်ရာ အငြင်းပွားမှုမှာတော့ အနုညာတ ခုံရုံးက ဖိလစ်ပိုင် နိုင်ငံကို အနိုင်ပေးလိုက်တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG