သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်လို့ တိုင်းပြည် ထိခိုက်သွားမလား


၂၀၀၈ အခြေခံဥပဒေမူကြမ်း ရေးဆွဲစဉ် က လှုံ့ဆော်ရေးဆိုင်းဘုတ်
၂၀၀၈ အခြေခံဥပဒေမူကြမ်း ရေးဆွဲစဉ် က လှုံ့ဆော်ရေးဆိုင်းဘုတ်
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှ မြန်မာနိုင်ငံဟာ တိုင်းတပါးရဲ့ သြဇာကိုမခံယူဘဲ ပြည်သူလူထုရဲ့ ဆန္ဒအတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်တာဟာ တိုင်းပြည်အတွက် အန္တရာယ်တစုံတရာ ရှိနိုင်ပါသလား။ တိုင်းပြည်အန္တရာယ်ဖြစ်မယ်လို့ ခြိမ်းခြောက်ပြီး ဖွဲ့စည်းပုံပြင်ဆင်ရေးကို ကန့်ကွက်တာဟာ တိုင်းပြည်အကျိုးလား၊ ပါတီအကျိုးလား ဆိုတာတွေနဲ့ ပတ်သက်ပြီး မြန်မာ့အရေးကျွမ်းကျင်သူ ပါမောက္ခ David Steinberg နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ Professor Steinberg ခင်များ။ အခု မြန်မာနိုင်ငံမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး သိပ်ပြီးတော့ အလေးအနက် ဆွေးနွေးနေကြတဲ့ အသံတွေ ကြားနေရပါတယ်။ ဒီဖွဲ့စည်းပုံထဲမှာ ဒီမိုကရေစီမဆန်တဲ့ အချက်တွေ အများကြီးရှိနေလို့ ပြန်ပြင်ရင်လည်း ပြင်ရမယ်။ အသစ်ပြန်ရေးရင်လည်း ရေးရမယ်ဆိုတဲ့အသံတွေ အများကြီးကြားနေရပါတယ်။ ဆိုတော့ ဆရာကြီးအနေနဲ့လည်း ဒီဖွဲ့စည်းပုံဟာ ဒီမိုကရေစီမဆန်ဘူးဆိုတာ အရင်တုန်းက ပြောခဲ့ပြီးဖြစ်ပါတယ်။ အခုတခါ ပြန်ပြီးတော့ ပြောပါအုံး။ ဘယ်အချက်တွေက ဖွဲ့စည်းပုံမှာ ဒီမိုကရေစီ မဆန်တဲ့အချက်တွေ ဖြစ်နေသလဲဆိုတာကို။

David Steinberg။ ။ ဖွဲ့စည်းပုံအရ လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးက ရွေးကောက်ခံတွေ မဟုတ်ကြပါဘူး။ ၂၅% က ခန့်အပ်ခံရသူတွေ ဖြစ်နေပါတယ်။ ဒီလူတွေက စစ်တပ်ကပဲလာလာ၊ ပါတီတခုကပဲလာလာ၊ အလုပ်သမားသမဂ္ဂကပဲလာလာ၊ စီးပွားရေးလောကလာလာ။ ခန့်အပ်ခံရသူတွေဆိုတော့ ဒီမိုကရေစီနည်းလမ်းမကျပါဘူး။ ဒါကို ကြည့်လို့ရှိရင် အဲဒီ ဖွဲ့စည်းပုံကိုလည်း ဒီမိုကရေစီဖွဲ့စည်းပုံလို့ ခေါ်ရခက်နေပါတယ်။ ဒီမိုကရေစီပြု လွှတ်တော်မှာ အမတ်တွေအားလုံးဟာ ရွေးကောက်ခံတွေ ဖြစ်နေပါတယ်။ မြန်မာ့ဖွဲ့စည်းပုံမှာ ၇၅% က ရွေးကောက်ခံတွေပါ။ ဒါက ကောင်းပါတယ်။ ဆိုတော့ ဒီမိုကရေစီကို ဘယ်လောက်လိုချင်သလဲ ဆိုတာတွေကတော့ မြန်မာပြည်သူတွေက ရွေးချယ်ဆုံးဖြတ်ရမှာပါ။

ဦးကျော်ဇံသာ ။ ။ ကျနော် ဒီနေရာမှာ မြန်မာနိုင်ငံအကြောင်း ရှေ့ဆက်မမေးခင်မှာ။ အင်ဒိုနီးရှား ဖွဲ့စည်းပုံအကြောင်း နည်းနည်းမေးချင်ပါတယ်။ တချိန်တုန်းက အင်ဒိုနီးရှားမှာလည်း ဒီလိုမျိုး မဟုတ်ဘူးလား။ ဖွဲ့စည်းပုံက ဒီလို ၂၅% စစ်တပ်က ခန့်အပ်တာတွေနဲ့ ကြီးစိုးနေခဲ့တယ် မဟုတ်ဘူးလား။

David Steinberg။ ။ မြန်မာ့ဖွဲ့စည်းပုံဟာ ဗိုလ်ချုပ်ကြီး ဆူဟာတိုလက်ထက် အင်ဒိုနီးရှား နမူနာကိုယူထားတယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အဲဒီတုန်းက ဒီ ဖွဲ့စည်းပုံမျိုးဟာ အင်ဒိုနီးရှားမှာ အလုပ်မဖြစ်ခဲ့ဘူးလို့ ဆရာကြီးက ဆိုချင်သလား။

David Steinberg။ ။ တခြားအချက်အလက်တွေကို ထည့်တွက်ရင်တော့ ဖွဲ့စည်းပုံဟာ အလုပ်ဖြစ်နိုင်ပါတယ်။ အလုပ်ဖြစ်တယ်၊ မဖြစ်ဘူးဆိုတာဟာ အဓိပ္ပါယ်ဖွင့်ရ အင်မတန်ကျယ်ပြန့်ပါတယ်။ ဥပဒေတွေ ပြဌာန်းချမှတ်နိုင်မလား။ ပြည်သူတွေရဲ့ ဘဝကို အကျိုးပြုနိုင်သလား။ ဒါတွေအားလုံးဟာ အရေးကြီးတဲ့ မေးခွန်းတွေပါ။ သူတို့လွှတ်တော်က ဘာတွေကို လိုချင်သလဲဆိုတာ ပြည်သူက ဆုံးဖြတ်ရမှာပါ။ ကျနော်တို့ အမေရိကန်ပြည်ထောင်စုမှာဆိုရင် တကယ့်ပြဿနာ ကြုံနေရတာပါ။ ဥပဒေပြုလွှတ်တော်ဟာ ဘာကိုမှ အတည်မပြုနိုင် ဖြစ်နေပါတယ်။ ယုတ်စွအဆုံး လောလောဆယ်မှာပေါ့။

ဦးကျော်ဇံသာ ။ ။ မြန်မာဖွဲ့စည်းပုံအကြောင်းကို ဆက်ရအောင်ပါ။ မြန်မာဖွဲ့စည်းပုံမှာ အုပ်ချုပ်ရေးကဏ္ဍရဲ့ အကြီးအကဲဖြစ်တဲ့ သမ္မတ၊ သမ္မတလောင်းအတွက် အရည်အချင်း သတ်မှတ်ချက်တွေကို ဘာပြောချင်ပါသလဲ။ ပြင်ရမယ်လို့ ပြောနေကြတဲ့အထဲမှာ ဒါဟာ အဓိကအချက်တချက် ဖြစ်နေပါတယ်။

David Steinberg။ ။ နိုင်ငံတိုင်းက သူဟာသူ ဆုံးဖြတ်ကြတာပါပဲ။ အမေရိကန်ပြည်ထောင်စုမှာလည်း သမ္မတဖြစ်မယ့်သူဟာ ဒီနိုင်ငံအတွင်း မွေးဖွားသူဖြစ်ရမယ်လို့ သတ်မှတ်ထားပါတယ်။ မြန်မာနိုင်ငံမှာလည်း သမ္မတဖြစ်မယ်သူရဲ့ မိသားစုဝင်တွေဟာ တိုင်းတပါးကို သစ္စာခံသူ မဖြစ်စေရလို့ ဆိုထားပါတယ်။ ဒီပြဌာန်းချက်တွေဟာ လူပုဂ္ဂိုလ်တဦးတယောက်ထဲကို ရည်ရွယ်ပြီး လုပ်ထားတာ မဟုတ်ဘူးဆိုရင် လူတိုင်းနဲ့ အကြုံဝင်အောင် ယေဘုယျပြဌာန်းချက်သာ ဖြစ်တယ်ဆိုရင် သက်ဆိုင်ရာနိုင်ငံက ဆုံးဖြတ်ချမှတ်နိုင်တယ်လို့ ကျနော် ထင်တယ်။ ဒါပေမဲ့ လူပုဂ္ဂိုလ် တဦးတယောက်ကို တမင်သက်သက် ရည်စူးပြီးတော့ အငြိုးအတေးနဲ့လုပ်တဲ့ act ဖြစ်နေရင်တော့ လုံးဝမဖြစ်သင့်တဲ့ ကိစ္စမျိုးပါ။

ဦးကျော်ဇံသာ ။ ။ နောက်တခုက ဗဟိုအစိုးရနဲ့ ဒေသန္တရတွေအကြား အာဏာခွဲဝေတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါကိုလဲပဲ ပြင်ရမယ်။ တချို့ကဆို လုံးဝအသစ်ပြန်ရေးရမယ်လို့ ပြောနေကြပါတယ်။ ဆရာကြီး ဘယ်လိုသဘောရပါသလဲ။

David Steinberg။ ။ ဒီအချက်ဟာ အင်မတန်ကို သိမ်မွှေ့တဲ့ကိစ္စ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတိတ်က ကြုံတွေ့ခဲ့ရတဲ့ ပြဿနာတခုကလည်း ဗဟိုချုပ်ကိုင်မှုကိစ္စ ဖြစ်ပါတယ်။ Unitary State ပုံစံနဲ့ ဗဟိုအစိုးရဟာ တိုင်းပြည်ရဲ့ ကျန်အစိတ်အပိုင်းတွေမှာ ဖြစ်နေတဲ့ အခြေအနေတွေကို ဘာမှနားမလည်းခဲ့ကြပါဘူး။ ဥပဒေပြဌာန်းချက်တွေ၊ စည်းမျဉ်းစည်းကမ်းချက်တွေ အဲဒီနေရာတွေမှာ အာနိသင်သက်ရောက်မှု မရှိခဲ့တာတွေ အများကြီးပါ။ ဒီပြဌာန်းချက်တွေကလည်း ဒေသန္တရ ပြဿနာတွေကို ထည့်သွင်းစဉ်းစားတာ မရှိခဲ့ပါဘူး။ တကယ်လို့သာ ဒေသန္တရ လွှတ်တော်တွေ၊ ပြည်နယ်လွှတ်တော်တွေ ရှိခဲ့မယ်ဆိုရင် ဒီလွှတ်တော်တွေသာ ဒေသခံလူထုရဲ့ သဘောဆန္ဒကို အမှန်တကယ် ထင်ဟပ်နိုင်မယ်ဆိုရင် ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်ကြမှာ ဖြစ်ပါတယ်။ ဆိုလိုတာက ဒေသန္တရ ပြည်နယ်၊ သူတို့လက်ထဲမှာလည်း လုပ်ပိုင်ခွင့်အာဏာတွေ အတိုင်းအတာတခုထိ ရှိဖို့လိုအပ်ပါတယ်။ အခုအခါမှာ သူတို့လက်ထဲမှာ လုပ်ပိုင်ခွင့်အာဏာ ဘယ်လောက်ရှိသလဲ။ အင်မတန် နည်းပါးတယ်။ မစို့မပို့မျှသာ ရှိပါတယ်။ အနာဂတ်မှာတော့ သူတို့လုပ်ပိုင်ခွင့်နဲ့ အာဏာ ပိုမိုကျယ်ပြန့်လာနိုင်ပါစေလို့ ကျနော် မျှော်လင့်ပါတယ်။ ဒါမှသာ ဒေသပြဿနာကို သူတို့ကိုင်တွယ် ဖြေရှင်းနိုင်ကြမှ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စကို ကြည့်ကြရအောင်ပါ။ ဒီ ဖွဲ့စည်းပုံကို မပြင်ချင်တဲ့လူတွေက ပြင်ဆင်မယ်၊ ပြန်ရေးမယ်ဆိုရင် ဒါဟာ ပြည်သူလူထုရဲ့ ဆန္ဒနဲ့ မကိုက်ညီဘူး။ ပြင်ချင်တဲ့ လူတွေအထဲမှာလည်း တခါ လုံးဝအသစ် ပြန်ရေးချင်တဲ့လူနဲ့ တချို့တဝက်ကို ပြင်ချင်တဲ့လူဆိုပြီး အမျိုးမျိုး ကွဲနေကြပါတယ်။ ပထမဦးဆုံး ပြင်ဆင်ရေးကို ဆန့်ကျင်တဲ့လူတွေအပေါ် ဆရာကြီး ဘယ်လိုမြင်ပါသလဲ။ ပြင်ဆင်ခြင်းဟာ လူထုဆန္ဒနဲ့ မကိုက်ညီဘူးလို့ ပြောတဲ့လူတွေအပေါ် ဘယ်လို ယူဆပါသလဲ။

David Steinberg။ ။ ဖွဲ့စည်းပုံ အခြေခံဥပဒေတိုင်းဟာ တစုံတခုသော အချိန်ကာလမှာ သူ့နိုင်ငံနဲ့သူ အခြေအနေအရ ရေးဆွဲခဲ့ကြတာ ဖြစ်ပါတယ်။ အခြေအနေက ပြောင်းလဲနေတာပါ။ အဲဒီအခါမှာ တရားဥပဒေတွေရဲ့ ပင်မ၊ အခြေခံဥပဒေကိုပါ လိုက်ပါ ပြောင်းလဲနိုင်အောင် နိုင်ငံတိုင်းမှာ လုပ်ထုံလုပ်နည်းတွေ ရှိသင့်ပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံဆိုတာ ပြောင်းလဲနိုင်ပါတယ်။ မကြာခဏ ပြောင်းလဲနေလို့တော့ မဖြစ်ပါဘူး။ ဘာမှ အဓိပ္ပါယ်မရှိ ဖြစ်သွားပါလိမ့်မယ်။ အခြေအနေဆိုတာကို လူတိုင်းက လိုသလိုအသုံးချတော့မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ဖွဲ့စည်းပုံပြင်သင့်၊ မပြင်သင့်ကို လူထုဆန္ဒခံယူပွဲနဲ့ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာကြီးအနေနဲ့ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ ပြင်သင့်တယ်လို့ မြင်ပါသလား။ ပြင်သင့်တယ်လို့ ယူဆတဲ့သဘော ပြောတာလား။

David Steinberg။ ။ မပြောပါဘူး။ ကျနော် အဲဒီလို မပြောပါဘူး။ မြန်မာပြည်သူတွေ ပြောင်းချင်ရင် ပြောင်းနိုင်တယ်လို့ ပြောတာပါ။ နိုင်ငံခြားသားနဲ့ မဆိုင်ပါဘူး။ မြန်မာပြည်သူတွေကပဲ ဆုံးဖြတ်ရမှာပါ။ သူတို့မှာ ဒီကိစ္စကို ဆုံးဖြတ်ဖို့ လွှတ်တော်မှာ ကော်မတီတရပ်လည်း ရှိနေပါပြီ။ ကော်မတီက ဆုံးဖြတ်ရင် မဲခွဲရမယ်။ ပြီးတော့ လူထုဆန္ဒခံယူပွဲ လုပ်ရမယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်ပြင်မယ်၊ ဒါမှမဟုတ် ပြောင်းလဲမယ် ဆိုတာမျိုး တစုံတခု လုပ်လာရင် နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိခိုက်နိုင်စရာ ရှိတယ်လို့ ဆရာကြီး ထင်ပါသလား။ ဒါဟာ အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေး အကြီးအကဲတယောက်က ပြောကြားတဲ့ သတိပေးစကားကို ကျနော် ကိုးကားပြီးပြန်ပြောကြားတာပါ။ ဖွဲ့စည်းပုံကိုပြင်လို့ တိုင်းပြည်အန္တရာယ် ကျရောက်နိုင်တယ်။ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ထိပါးနိုင်တယ်လို့ မြင်ပါသလား။

David Steinberg။ ။ မြင်ပါတယ်။ တကယ်လို့ ဖွဲ့စည်းပုံ ပြင်တဲ့ကိစ္စဟာ တိုင်းတပါးရဲ့ အလိုအရ၊ တိုင်းတပါးက ညွှန်းကြားထားတဲ့အတိုင်း လုပ်တယ်ပြင်တယ်ဆိုရင်တော့ အချုပ်အခြာအာဏာကို ထိခိုက်စေနိုင်ပါတယ်။ ဒါပေမဲ့ ပြည်တွင်းသဘောထားနဲ့ ပြင်ဆင်မယ်ဆိုရင်တော့ အချုပ်အခြာအာဏာကို ထိခိုက်စရာအကြောင်း မဖြစ်ပါဘူး။ တကယ်တော့ မြန်မာနိုင်ငံ ဖွဲ့စည်းပုံဟာ အချုပ်အခြာအာဏာကို ကာကွယ်ဖို့အတွက် အထူးသတိထား ရေးဆွဲထားတာကို ကျနော် တွေ့ရပါတယ်။ တပ်မတော်ကလည်း ဒီအချုပ်အခြာ ကာကွယ်ရေးကိုပဲ နှစ်ပေါင်း (၅၀) ပြောလာခဲ့တာပါ။ ဒါကြောင့် အခုပြောနေကြတဲ့ကိစ္စဟာ အချုပ်အခြာအာဏာနဲ့ ဘာမှမဆိုင်ဘူးလို့ပဲ ထင်ပါတယ်။ ဖွဲ့စည်းပုံမှာလည်း နိုင်ငံခြားတပ်တွေ၊ မြန်မာနိုင်ငံမှာ မြန်မာ့နယ်မြေမှာ တပ်စွဲခွင့် မပြုဘူးလို့ အတိအကျ ရေးဆွဲထားတာ တွေ့ပါတယ်။ မြန်မာပြည်သူတွေ ပြင်ချင်တယ်ဆိုရင် အချုပ်အခြာအာဏာကို မထိခိုက်စေဘဲ ပြည်တွင်းမှာ သူတို့ဆန္ဒနဲ့အညီ ဖြစ်နိုင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒီ ဖွဲ့စည်းပုံကို ပြင်ဆင်လို့ အချုပ်အခြာအာဏာကို ထိခိုက်မယ်လို့ ပြောခြင်းဟာ တိုင်းပြည်အကျိုးအတွက် သူတို့ပါတီရဲ့ အကျိုးကို ကာကွယ်တယ်လို့ ပြောခြင်း။ တနည်းအားဖြင့် သူတို့ပါတီ အပြောင်းအလဲကို လက်မခံဘဲ အာဏာရပါတီအဖြစ် ဆက်လက်နေမြဲနေလိုလို့ ဒီလိုပြောခြင်း၊ ခြိမ်းခြောက်ခြင်းဖြစ်တယ်လို့ဆိုရင် မှန်ပါသလား။

David Steinberg။ ။ ကမ္ဘာ့နိုင်ငံ အများစုမှာက နိုင်ငံရေးပါတီအတော်များများဟာ သူတို့ရဲ့ ပါတီအတွက် အကျိုးအရှိဆုံးကိစ္စကို ရွေးပြီးတော့ လုပ်ကြတယ်လို့ ပြောပါရစေ။ ဒါဟာ အဆန်းမဟုတ်ပါဘူး။ ဒါဟာ မြန်မာပြည်တနိုင်ငံတည်းရဲ့ ပြဿနာ မဟုတ်ပါဘူး။ တကမ္ဘာလုံးမှာ ဖြစ်နေတယ့် ပြဿနာလို့ပဲ မြင်ပါတယ်။ ခင်များက ပါတီအကျိုးထက် နိုင်ငံအကျိုးကို ဦးစားပေးရမယ်ဆိုတဲ့ သဘောပြောတယ်။ ပြည်သူလူထုအနေနဲ့ကတော့ ဒီလိုပဲ ယူဆကြပါတယ်။ မျှော်လင့်ကြပါတယ်။ နိုင်ငံရေးသမားတွေဟာ လွှတ်တော်မှာဖြစ်စေ၊ အစိုးရအဖွဲ့အတွင်းမှာဖြစ်စေ နိုင်ငံတော်ကို သစ္စာခံရပါတယ်။ ဖွဲ့စည်းပုံဥပဒေကို ကာကွယ်ဖို့ ကျမ်းသစ္စာဆိုရပါတယ်။ ပါတီကို သစ္စာခံဖို့၊ ကာကွယ်ဖို့ မဟုတ်ပါဘူး။ ဒီအချက်ဟာ သိပ်ကိုအရေးကြီးတဲ့အချက်လို့ ကျနော် ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျန်တချို့ကတော့ ဖွဲ့စည်းပုံကို ပြင်သင့်တယ်လို့တော့ မြင်ကြတယ်။ ဒါပေမဲ့ အဲဒီလို ပြင်လိုက်ရင် တင်းမာမှုတွေ ဖြစ်လာမှာကို စိုးရိမ်တယ်လို့ ဆိုကြပါတယ်။ ဆိုတော့ ဖွဲ့စည်းပုံပြင်တဲ့ ဖြစ်စဉ်မှာ တင်းမာမှုဖြစ်ပေါ်လာရင် ဒါက စိုးရိမ်စရာလား။

David Steinberg။ ။ တင်းမာမှုကတော့ အထိုက်အလျောက်တော့ ရှိမှာပေါ့။ ဖွဲ့စည်းပုံ ဥပဒေကို ပြင်ဖို့လိုလားသူရှိမယ်။ မလိုလားသူတွေရှိမယ်။ ဒါဟာ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အရေးပါတဲ့ အဆင့်တရပ်ပါ။ ဒါဟာ pluralism ခေါ်တဲ့ဗဟုဝါဒပါ။ နိုင်ငံတခုဟာ အာဏာဗဟိုဟာ တခုမက ရှိရပါတယ်။ ဗဟိုလည်းရှိမယ်။ ဒေသန္တရအလိုက်လည်း ရှိမယ်။ တနိုင်ငံလုံး လွှမ်းခြုံပြီးတော့ ရှိမယ်။ ဒါကြောင့်လဲ ဒီ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးကဏ္ဍတို့အကြား၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးတို့အကြား သဘောမတူနိုင်တဲ့အချက်တွေ မကြာခဏ ရှိနေကြတာပါ။ ဒါဟာ ဖြစ်ရိုးဖြစ်စဉ်ပါ။ အရေးကြီးတာက ဒီ တင်းမာမှုတွေဟာ ဘယ်လိုတင်းမာမှုမျိုးလဲ။ နိုင်ငံအတွက် အပျက်သဘောလား၊ အပြုသဘောလားဆိုတာပါ။ တင်းမာမှုဟာ ဘယ်ပုံစံနဲ့ ဖြစ်နေသလဲ။ ဘယ်လောက် ပြင်းထန်သလဲ။ ဘယ်လို အဖြေရှာကြမလဲဆိုတာ မူတည်ပြီးတော့ အပြုသဘောလဲ ဖြစ်နိုင်၊ အပျက်သဘောလဲ ဖြစ်နိုင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံးမေးချင်တာကတော့ မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံကို ပြင်မယ်ဆိုရင် အနည်းဆုံး လွှတ်တော်ကိုယ်စားလှယ် ၇၅% မဲရမှ ပြင်နိုင်မယ်လို့ သတ်မှတ်ထားပါတယ်။ ဆိုတော့ ၇၅% ရဖို့ဆိုတာ အင်မတန်မှ ခက်ခဲတဲ့ကိစ္စ ဖြစ်နေပါတယ်။ ဒီ ကိစ္စကို ဆရာကြီး ဘယ်လိုမြင်ပါသလဲ။ လက်တွေ့ကျပါသလား။

David Steinberg။ ။ ဖွဲ့စည်းပုံကို ဘယ်လိုပြင်ဆင်ရမယ်ဆိုတဲ့ကိစ္စက ရှုပ်ထွေးနေပါတယ်။ အလွယ်တကူ မဟုတ်ပါဘူး။ ဒါကို လုံးဝမကြိုက်လို့ ဖျက်သိမ်းပြီးတော့ အစက ပြန်ပြင်မယ်ဆိုရင်လည်း ဒါက အလွန့်အလွန် ခက်ခဲတဲ့ကိစ္စ ဖြစ်နေပါတယ်။ အကြောင်းကတော့ ခင်များတို့ တိုင်းပြည်မှာက အဓိပ္ပါယ်မရှိတဲ့ ဖွဲ့စည်းပုံတွေ အများကြီး ရှိခဲ့ပြီးတော့ ယိုးယွင်းချုပ်ငြိမ်သွားခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာလည်း ဒီလိုပဲ ဖြစ်ပါတယ်။ အများစုဟာ အာဏာပိုင်တွေက ချမှတ်ပေးခဲ့တဲ့ ဖွဲ့စည်းပုံတွေပါ။ ဒါဟာ ထိရောက်မှု မရှိနိုင်ပါဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ်ဆိုတာဟာ အဓွန်ရှည်တဲ့ တန်းဖိုးတွေ ရှိရပါလိမ့်မယ်။ လူတိုင်းက လိုလားတန်းဖိုးထားတဲ့ တန်းဖိုးထားမှုတွေ ဖြစ်ရပါမယ်။ တန်းဖိုးထားမှုဆိုတာကလည်း အဖွဲ့အစည်းတွေ မဟုတ်ပါဘူး။ ငါတို့ဟာ လွတ်လပ်မှုကို လိုချင်တယ်၊ ငါတို့ဟာ တရားမျှတမှုကို လိုချင်တယ်။ ထိရောက်ထက်မြက်တဲ့ အစိုးရမျိုးကို လိုချင်တယ်။ ပြည်သူလူထုဘဝ သာယာငြိမ်းချမ်းမှုကို လိုချင်တယ် စသဖြင့် ဒါတွေဟာ သိပ်ကိုကျယ်ဝန်းပါတယ်။ ဖွဲ့စည်းပုံဆိုတာဟာ အဲဒီလို တန်းဖိုးထားမှုတွေကို ဖော်ဆောင်ပေးတဲ့ နည်းလမ်းဖြစ်စေရပါမယ်။ ပြည်သူလူထု သဘောကျလည်းဖြစ်စေ ရပါလိမ့်မယ်။
XS
SM
MD
LG