သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အတိမ်အနက်


အင်းစိန်ထောင်၊ ရန်ကုန်
အင်းစိန်ထောင်၊ ရန်ကုန်

ဒီတပတ် မြန်မာ့အရေး သုံးသပ်ချက်အစီအစဉ်မှာ နိုင်ငံတော်သမ္မတ က သတင်းကျွတ်ခါတော်မီ စာနာစိတ်နဲ့ လွှတ်ပေးလိုက်ပါတယ်ဆိုတဲ့ အကျဉ်းသားပေါင်း (၃၀၀၀) ကျော်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ မပါသလောက် ဖြစ်နေပါတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကိုလည်း ဦးတည်ပါတယ်ဆိုတဲ့ ဒီလွတ်ငြိမ်းချမ်းသာခွင့်ရဲ့ အတိမ်အနက် ကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး (AAPP) အဖွဲ့ဝင် ကိုတတ်နိုင် နဲ့ မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်း တို့ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် ဒီနေ့အစီအစဉ်မှာ အဓိက ဆွေးနွေးချင်တာက မြန်မာနိုင်ငံမှာ အကျဉ်းသား သုံးထောင်ကျော်ကို လွှတ်ပေးတယ်လို့ သိရပါတယ်။ အဲဒီအထဲမှာ နိုင်ငံရေးအကျဉ်းသားဆိုလို့ (၁) ယောက်ပဲ ပါလာတယ်လို့ ကြားရပါတယ်။ ဘယ်လိုပဲလွှတ်လွှတ် အကျဉ်းခံနေရသူတွေ လွတ်မြောက်လာတယ်ဆိုတာ ကြိုဆိုရမယ့်သတင်း ဖြစ်ပါတယ်။ ဒါပေမဲ့ တွေ့ရတာကတော့ မကြာခင်မှာ အာဆီယံထိပ်သီးဆွေးနွေးပွဲ ကျင်းပမယ်။ အမေရိကန်သမ္မတ ဘာရက် အိုဘားမားကိုယ်တိုင် လာတတ်မယ့်အခမ်းအနားတွေ ရှိနေတော့ ဒီဟာနဲ့ အချိန်ကိုက်ပြီးလွှတ်တယ်လို့တော့ လူတိုင်းက သုံးသပ်ကြမှာပါ။ သမ္မတရုံးက အရာရှိကြီးတဦး ရေးထားတဲ့အထဲမှာတော့ ထိုက်သင့်သော ပြစ်ဒဏ်များ ကျခံပြီးဖြစ်သည်အပြင်။ လွှတ်ရတဲ့ ရည်ရွယ်ချက်ထဲမှာလည်း တခုက ဘာရေးထားသလဲဆိုရင် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးအတွက်သော်လည်းကောင်း အဲဒါကို ဦးတည်ပြီး လွှတ်တယ်ဆိုတော့ နိုင်ငံရေး အကျဉ်းသား (၁) ယောက်သာ ပါဝင်ပြီးတော့ အကျဉ်းသားတွေ လွှတ်ပေးတဲ့ဟာက တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးကို ဘယ်လောက် အထောက်အပံ့ ဖြစ်သလဲဆိုတာတွေကို သုံးသပ်စေချင်လို့ ဖြစ်ပါတယ်။ ပထမဦးဆုံးကတော့ ကိုတိတ်နိုင်ရဲ့ သဘောထား သိချင်ပါတယ်။

ဦးတိတ်နိုင် ။ ။ နိုင်ငံရေးအကျဉ်းသားတွေ ပါမလာတာကိုတော့ ကျနော်အနေနဲ့ စိတ်မကောင်း ဖြစ်မိပါတယ်။ နိုင်ငံရေးယုံကြည်ချက်၊ တိုင်းပြည်ရဲ့အကျိုး ဆောင်ရွက်နေတဲ့ လူတွေကို ဘာလို့ လွှတ်မပေးတာလဲဆိုတဲ့ သံသယ ကျနော်မှာ ရှိတယ်လို့ ပြောလို့ရပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒေါက်တာရန်မျိုးသိမ်းရဲ့ သဘောထားကိုလည်း သိပါရစေ။

ဦးရန်မျိုးသိမ်း ။ ။ သမ္မတရဲ့ လွတ်ငြိမ့်ခွင့်နဲ့ လွှတ်ပေးတဲ့ အခြေအနေက ကျနော်တို့ ပြည်တွင်း နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှု၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ထိရောက်တဲ့ ခြေလှမ်းတခုလို့တော့ ကျနော်က မမြင်ဘူး။ နောက်ပြီးတော့ လက်ရှိ အခြေအနေ ကြည့်လို့ရှိရင် ဥပမာ အကျဉ်းထောင်ထဲတွေမှာ၊ တရားရင်ဆိုင်နေရတဲ့ တောင်သူလယ်သမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ။ အဓိကအားဖြင့် နိုင်ငံသားအခွင့်အရေး ရပိုင်ခွင့်တွေကို တောင်းဆိုရင်နဲ့ အမှုရင်ဆိုင်နေရတဲ့လူတွေ၊ ပြစ်ဒဏ်ကျခံနေရတဲ့ လူတွေကို အဓိကထားပြီး လွှတ်ပေးသင့်တဲ့ အခြေအနေမျိုးမှာ လွတ်ငြိမ်းခွင့်ထဲမှာ နိုင်ငံရေးအကျဉ်းသား (၁) ယောက်ပဲ ပါတယ်ဆိုတာ အင်မတန်မှ စိတ်ပျက်စရာကောင်းတဲ့ အနေအထားတခုလို့ ကျနော် မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုတိတ်နိုင်ဖက်က ဒီကိစ္စနဲ့ ပတ်သက်လို့ အားရမှု ရှိပါသလား။

ဦးတိတ်နိုင် ။ ။ ကျနော်တို့ဆီမှာ ရှိနေတဲ့ သတ်မှတ်ထားတဲ့ နိုင်ငံရေးအကျဉ်းသား အယောက် (၈၀) ကျော် ရှိပါတယ်။ အခု (၁) ယောက် လွတ်လာတာပေါ့။ ကျနော်တို့ မျှော်လင့်ထားတာကတော့ အနည်းဆုံး အယောက် (၃၀) (၄၀) တော့ လွတ်လာလိမ့်မယ်လို့ အဲဒီလို မြင်ပါတယ်။ သို့ပေမဲ့ အခုလို (၁) ယောက်ပဲ လွတ်လာတဲ့အခါကြတော့ ဒါက တော်တော်ကို အခုန ကိုရန်မျိုးသိမ်း ပြောသလိုပဲ တော်တော်ကို အခြေအနေဆိုးတဲ့ အနေအထားမျိုး ရောက်နေပြီလားလို့ မေးရလိမ့်မယ် ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ အယောက် (၈၀) လောက် ရှိတယ်ဆိုတာကတော့ အာဏာပိုင်တွေဖက်နဲ့ ကိုတိတ်တို့ နှစ်ဖက်စလုံး ညှိနှိုင်းပြီး လက်ခံထားတဲ့ နိုင်ငံရေးအကျဉ်းသားပေါ့။

ဦးတိတ်နိုင် ။ ။ မဟုတ်ပါဘူး။ ကျနော်တို့ ပထမပိုင်းမှာ နိုင်ငံရေးအကျဉ်းသား စီစစ်ရေးကော်မတီမှာ (၆၉) ယောက်ရှိတယ်ဆိုတဲ့ ကိစ္စကိုတော့ လက်ခံထားပါတယ်။ နောက်ပိုင်းမှာ ပြီးခဲ့တဲ့ အပတ်အတွင်းမှာပဲ အစိုးရဖက်က အင်တာဗျူးတွေမှာတော့ နိုင်ငံရေးအကျဉ်းသား မရှိတော့ဘူး။ ကျန်နေခဲ့တဲ့လူတွေက ရာဇဝတ်မှုတခုခု ကျူးလွန်ခဲ့လို့ တရားဥပဒေတခုခုကို ချိုးဖောက်ခဲ့လို့ ဖမ်းခံရတာဆိုပြီးတော့ ပြောသွားတဲ့ကိစ္စတွေ ရှိပါတယ်။ အဲဒီလိုမျိုး ဖြစ်နေတဲ့အခါကြတော့ တဖက်နဲ့တဖက်က ကျနော်တို့က ပူးပေါင်းလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေပါ။ သို့ပေမဲ့ အစိုးရဖက်နဲ့ ကျနော်တို့က နိုင်ငံရေးအကျဉ်းသားဆိုတဲ့ သတ်မှတ်ချက်က တဖက်နဲ့တဖက် နည်းနည်းလေး အမြင်ချင်းလွဲနေတယ်။ ဆုံးဖြတ်ချက်ချင်း လွနေတယ်လို့ ကျနော်တို့ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒေါက်တာရန်မျိုးသိမ်းအနေနဲ့ နိုင်ငံရေးအကျဉ်းသား သတ်မှတ်ပုံ သတ်မှတ်နည်းနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံမှာ အခြေအတင် ဖြစ်နေတဲ့ကိစ္စကို ဘယ်လို မြင်ပါသလဲ။ ကိုတိတ်တို့ကတော့ သူတို့ အဆိုပြုတဲ့ဖက်က သူတို့မှန်တယ်လို့ ပြောမှာပေါ့။ သူတို့ ယှဉ်ပြိုင်ပြီး ဆွေးနွေးနေရတာ။ ဒေါက်တာရန်မျိုးသိမ်း သုံးသပ်သူတဦးအနေနဲ့ နိုင်ငံရေးအကျဉ်းသားလို့ သတ်မှတ်ကြတာ၊ နိုင်ငံရေးအကျဉ်းသားလို့ AAPP ဖက်က သတ်မှတ်တာ မှန်သလား။ သို့တည်းမဟုတ် အာဏာပိုင်တွေဖက်က သတ်မှတ်တာ မှန်တယ်လို့ ပြောနိုင်လား။ ဘယ်လို မြင်ပါသလဲ။

ဦးရန်မျိုးသိမ်း ။ ။ လက်ရှိ အာဏာပိုင်တွေ နှိုင်းတာ နိုင်ငံရေးအကျဉ်းသား သတ်မှတ်တဲ့ဘောင်ဟာ အင်မတန် ကျဉ်းမြောင်းတာကို တွေ့ရတယ်။ ကျနော့် အယူအဆကတော့ နိုင်ငံရေးအခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးအတွက်ကို ပါဝင်ဆောင်ရွက်ပြီးတော့ ဖမ်းဆီးခံရတယ်။ အရေးယူခံရတယ်။ ပြစ်ဒဏ်ခံရတယ် ဆိုလို့ရှိရင် ဒီလူတွေအားလုံးဟာ ကျနော့်အမြင်အားဖြင့် နိုင်ငံရေးအကျဉ်းသားပဲ။ အဲဒါကို အခုန ပြောသလို အစိုးရဖက်ကနေ ပုဒ်မတွေပေါ် အခြေခံပြီးတော့ နိုင်ငံရေးအကျဉ်းသား ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာကို ပြောနေတဲ့ အယူအဆက ကျနော့်အမြင်အားဖြင့် ဟိုအရင် အစိုးရလက်ထက်ကတည်းက လမ်းရိုးလမ်းဟောင်းကြီးပဲလို့ ကျနော်က မြင်တယ်။ အခု အစိုးရအပြောင်းအလဲ ဖြစ်လာပြီးနောက်ပိုင်းမှာ နိုင်ငံရေးအကျဉ်းသား သတ်မှတ်တဲ့ ပုံစံကိုလည်း ပြောင်းလဲပြစ်ဖို့ လိုနေတာ (၃) နှစ်ကျော်ပါပြီ။ ဒါပေမဲ့ ဒီနေ့ဒီအချိန်အထိ ကျနော့်အမြင် အစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုတဲ့နေရာမှာ အခြားအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်တဲ့အပိုင်းမှာ အရမ်းအားနည်းတယ်လို့ အဲဒီလို မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက သူတို့က နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး စသဖြင့် ဒီဟာတွေကို မျှော်မှန်းပြီးတော့ လွှတ်တယ်ဆိုတော့ အခု ကိုတိတ်နိုင်တို့ဖက်က အဆိုပြုထားတဲ့ နိုင်ငံရေးအကျဉ်းသားလို့ သတ်မှတ်ထားတဲ့လူတွေဟာ အဲဒီလူတွေကို လွှတ်ပေးလိုက်ရင် နိုင်ငံတော်တည်ငြိမ်ရေး နဲ့ တရားဥပဒေ စိုးမိုးရေး ပျက်ယွင်းသွားမယ် ထင်သလား။ သို့တည်းမဟုတ် တိုင်းရင်းသား စည်းလုံးညီညွှတ်မှု ပျက်စီးသွားမယ်လို့ အာဏာပိုင်တွေ စိုးရိမ်နေသလား။ အဲဒီလူတွေက ဒီလောက်အထိ အန္တရာယ်ကြီးမားတဲ့ လူတွေလို့ ထင်ပါသလား။

ဦးတိတ်နိုင် ။ ။ သမ္မတဦးသိန်းစိန် လက်ထက်မှာ ကြေညာတဲ့ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်အကုန်လုံးက အတူတူပါပဲ။ အရင်တုန်းကလဲ ဒီအတိုင်းပဲ ကြေညာပါတယ်။ သို့ပေမဲ့ ကျနော် ပြောချင်တာက နိုင်ငံရေးအရ ထောင်ကျနေတဲ့ လူတွေက တိုင်းပြည်ရဲ့ ပျက်စီးရာပျက်စီးကြောင်းကို လုပ်မှာမဟုတ်ဘူးဆိုတာကတော့ ဒါက အသေအချာပါပဲ။ ဘယ်သူပဲ လွတ်လာလွတ်လာ အကျဉ်းသားတွေ လွတ်လာရင် ကျနော်တို့ ကြိုဆိုမှာပါ။ သို့ပေမဲ့ ရာဇဝတ်အကျဉ်းသားတွေကြောင့် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးအတွက် အထောက်အကူဖြစ်တဲ့လူတွေ ဖြစ်တယ်။ နိုင်ငံရေးအကျဉ်းသားတွေကတော့ အထောက်အကူ မဖြစ်ဘူးဆိုတဲ့ကိစ္စက ကိုယ့်ပေတန်နဲ့တိုင်းတယ်လို့ ကျနော်တော့ အဲဒီလို မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒီနေရာမှာ တခုမေးချင်တာက ဒေါက်တာရန်မျိုးသိမ်း ဘယ်လို မြင်ပါသလဲ။ အခု မလွှတ်ပေးဘဲ ထောင်ထဲမှာပဲ ဆက်လက်ပြီး အကျဉ်းကျခံနေရတဲ့ လူတွေ။ တရားရင်ဆိုင်နေရတဲ့ ပုဂ္ဂိုလ်တွေ။ ဒီလူတွေ လွှတ်ပေးလိုက်တာမှ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး သင့်မြတ်လာနိုင်တယ် အလားအလာရှိတယ်။ တိုင်းပြည်အတွက် ပိုပြီးကောင်းမွန်တဲ့ အလားအလာ ရှိရဲ့သားနဲ့ အာဏာပိုင်တွေက သူတို့ကို မလွှတ်ချင်တာ ဘာကြောင့်လို့ ထင်ပါသလဲ။ ဒီလူတွေက အာဏာပိုင်တွေရဲ့ အကျိုးစီးပွားကို ဘယ်ပုံဘယ်နည်း စိန်ခေါ်နေကြလို့လဲ။

ဦးရန်မျိုးသိမ်း ။ ။ ကျနော့်အမြင်အားဖြင့်တော့ လက်ရှိ အခြေအနေမှာ နိုင်ငံရေးအကျဉ်းသားတွေကို တယောက်မှမကျန် လွှတ်ပေးဖို့ လိုအပ်တယ်လို့မြင်တယ်။ အဲဒီအချက်က သမ္မတအိုဘားမားနဲ့ တွေ့တဲ့အချိန်တုန်းက သမ္မတဦးသိန်းစိန် ပြုထားတဲ့ ကတိကဝတ်တွေထဲမှာ တချက်အပါအဝင် ဖြစ်ပါတယ်။ ဒါနဲ့ လက်ရှိ အခြေအနေမှာ သူတို့က အနောက်နိုင်ငံတွေကို နိုင်ငံရေးအကျဉ်းသား မရှိတော့ဘူးလို့ ပြောနေပြီးတော့ တကယ်တမ်း ထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ တော်တော်လေး ကျန်နေတာ တွေ့ရတယ်။ အဲဒီအခါကြတော့ အဓိက ပြဿနာကတော့ ပွင့်လင်းမြင်သာမှုနဲ့ ရိုးသားမှုအပိုင်းမှာ အားနည်းချက်တွေ ရှိနေတယ်လို့ မြင်တယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် စဉ်းစားမိတာက ဒီလူတွေကို မလွှတ်ပေးတာဟာ ဘာများ စိုးရိမ်လို့လဲ။ ဒီလူတွေဟာ အာဏာပိုင်တွေရဲ့ အကျိုးစီးပွားကို ဘယ်လို စိန်ခေါ်နေသလဲ။ ဥပမာအားဖြင့် မဖြူနှင်းထွေး အဲဒီ အမျိုးသမီးလေးဆိုရင် အစိုးရစစ်တပ်နဲ့ ပူးပေါင်းပြီး လုပ်နေတဲ့ စီးပွားရေးလုပ်ငန်းကို သူက အဖျက်အမှောက်လုပ်တဲ့သဘော စိန်ခေါ်တာကို သူတို့ မကျေနပ်သလား။ ကျန်တဲ့လူတွေ လွှမ်းခြုံပြီး စဉ်းစားရင် ကိုတိတ်နိုင် ဘယ်လို မြင်ပါသလဲ။

ဦးတိတ်နိုင် ။ ။ ဒီနှစ်ပိုင်းမှာ ဆိုရင်တော့ Unity က လူတွေကို ဖမ်းတာရှိတယ်။ BI မွန်းတည်နေ့က လူတွေကို ဖမ်းတာရှိတယ်။ မဖြူနှင်းထွေးတို့လို့ လူမျိုးတွေကို ဖမ်းတာရှိတယ်။ ကိုထင်ကျော်တို့လို့ လူမျိုးကို ဖမ်းတာရှိတယ်။ ဆိုတော့ တော်တော်များများက နိုင်ငံရေးနဲ့ ဆက်စပ်ပြီးတော့ လုပ်နေတဲ့လူတွေ။ ဥပမာ မဖြူနှင်းထွေးကိုကြည့်ပါ။ အသက်အရွယ်၊ အတန်းပညာအရ၊ မိန်းခလေးဖြစ်နေတဲ့ကိစ္စ။ တကယ်တမ်း ပြန်ပေးစွဲတယ်ဆိုတဲ့ကိစ္စက ဖြစ်ကိုမဖြစ်နိုင်ဘူးဆိုတာ လူတိုင်းသိတယ်။ နောက်တခုက တရုတ်ကုမ္မဏီက ဒီလို ကျောင်းသားလေးတွေနဲ့ သေချာတယ် ပြဿနာမဖြစ်ချင်ဘူးဆိုတာ ကျနော် ပြောရဲတယ်။ အဲဒီတော့ ပြဿနာ မဖြစ်ချင်တဲ့လူတွေ။ တဖက်မှာလဲ မဖြူနှင်းထွေးတို့ဖက်ကလည်း ပြဿနာဖြစ်ချင်တာ မဟုတ်ဘူး။ သူက ကျောင်းသားသမဂ္ဂအရေး လုပ်တယ်။ နိုင်ငံ့အရေးလုပ်တဲ့လူ။ အဲဒီလိုလူ နှစ်ယောက်ကြားထဲမှာ တဖက်နဲ့တဖက် ဖြစ်တာမဟုတ်ဘဲနဲ့ ကြားထဲကဝင်ပြီးတော့ တရားစွဲတာ။ စွဲလိုက်တဲ့အမှုတွေကလည်း ဆယ်နှစ်ကျော် ချမှတ်လို့ရတယ်။ တသက်တကျွန် ချမှတ်လို့ရတယ်ဆိုတဲ့ ကိစ္စမျိုး ပုဒ်မတွေ စွဲတယ်ဆိုတော့ ဒါက အများပြည်သူမြင်နိုင်တဲ့ ကိစ္စမျိုး ဖြစ်တဲ့အတွက် ရှင်းပါတယ် - ဒါက တရားလား၊ မတရားဘူးလားဆိုတာ ကျနော်တို့ ဖွင့်ပြောဖို့ မလိုတော့ဘူး ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခု ကျနော် စဉ်းစားမိတာက သမ္မတဦးသိန်းစိန်ကို လူတော်တော်များများက အမှတ်ပေးကြတယ်။ ဒီပုဂ္ဂိုလ်ဟာ တကယ် ပြုပြင်ပြောင်းလဲရေး လိုလားတယ်ဆိုတော့။ သူ ညှိနှိုင်းဆွေးနွေးရတဲ့ ကာလုံဆိုတဲ့ အဖွဲ့ထဲမှာကော ဒီနိုင်ငံရေးအကျဉ်းသားတွေကို တကယ် လွှတ်ပေးဖို့ကိစ္စကို မလိုလားတဲ့လူတွေ ရှိနေမလားဆိုတာကို စဉ်းစားမိပါတယ်။ ဒေါက်တာရန်မျိုးသိမ်း ဘယ်လို မြင်ပါသလဲ။

ဦးရန်မျိုးသိမ်း ။ ။ ကျနော်ကတော့ ကာလုံနဲ့ ညှိနှိုင်းပြီး ပေးတယ်လို့တော့ သိပ်ပြီးမယူဆဘူး။ တကယ်တမ်း ပေးသင့်တာက နိုင်ငံရေးအရ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် သဘောမျိုးကို ပေးသင့်တယ်။ အဲဒီအတွက်ဆိုရင် သမ္မတက ကာလုံနဲ့ ညှိနှိုင်းရမယ်ပေါ့။ လက်ရှိ ဆရာပြောတဲ့အချက်မှာ ဥပဒေအရပြောရင်တော့ ကာလုံနဲ့ မညှိနှိုင်းလဲ သမ္မတက လွတ်ငြိမ်းခွင့်ကို ပေးလို့ရတယ်။ ဒါပေမဲ့ အစိုးရပိုင်းမှာ အမြင်အယူအဆ မတူတဲ့လူတွေ ရှိကောင်းရှိနိုင်တယ်။ သို့သော်လဲ အားလုံးက တသဘောတည်း၊ ဆန္ဒတခုတည်း၊ ဆုံးဖြတ်ချက်တခုတည်း။ အဲဒီအပေါ်မှာ ရပ်တည်ပြီး အလုပ်လုပ်နေတယ်လို့ ကျနော်က မြင်တယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ သမ္မတဦးသိန်းစိန်က ပိုမိုပြီး သဘောထား ပျော့ပျောင်းတဲ့ သဘောထားရှိတယ်ဆိုတဲ့ ကိစ္စကို သံသယရှိသင့်တယ်လို့ ထင်ပါသလား။

ဦးရန်မျိုးသိမ်း ။ ။ ကျနော်ကတော့ အဲဒါလဲ သံသယရှိစရာလို့တော့ ထင်တယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ အစိုးရရဲ့ အကောင်အထည်ဖော်မှုပိုင်းတွေကို အသေအချာ စမ်းစစ်လေ့လာကြည့်မယ်ဆိုရင် ကျနော့်အမြင်အားဖြင့်တော့ Consensus နဲ့ အလုပ်လုပ်နေတဲ့သဘောလို့ ကျနော်က ထင်တယ်။ အားလုံးစုပေါင်းပြီး လုပ်နေတဲ့သဘောလို့ ထင်တယ်။ ဥပမာ တဦးတည်းသဘောနဲ့ တဦးတည်းဆန္ဒနဲ့ အကောင်အထည်ဖော်နေတဲ့ သဘောမဟုတ်ဘူးလို့ မြင်တယ်။ အဲဒီအခါကြတော့ ဥပမာ နောက်ဆုံး နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ဖို့ကိစ္စ။ နိုင်ငံရေးအကျဉ်းသားတွေ သတ်မှတ်တဲ့ကိစ္စ။ အဲဒါတွေအားလုံးကလဲ အစိုးရတဖွဲ့လုံးရဲ့ သဘောထားလို့ ကျနော်က မြင်တယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံးမေးချင်တာကတော့ ကိုတိတ်နိုင် ဖြစ်ပါတယ်။ ဒေါက်တာရန်မျိုးသိမ်း စောစောက ပြောသွားတဲ့အထဲမှာ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား မရှိတော့ဘူးဆိုပြီးတော့ သမ္မတဦးသိန်းစိန်က နိုင်ငံတကာကို ပြောထားတယ်။ ဆိုတော့ နိုင်ငံတကာကို သူတို့ပြောတဲ့စကားက ပိုပေါက်သလား။ နိုင်ငံရေးအကျဉ်းသားများအကျိုးကို ဆောင်ရွက်နေတဲ့ ကိုတိတ်နိုင်တို့ အနေနဲ့ နိုင်ငံရေးအကျဉ်းသားရှိပါတယ်ဆိုတာ နိုင်ငံတကာနားထဲကို ပေါက်အောင် ဘယ်လောက် ဆောင်ရွက်နိုင်ပါသလဲ။

ဦးတိတ်နိုင် ။ ။ ကျနော်တို့ကတော့ နည်းမျိုးစုံနဲ့ ဆောင်ရွက်နေတယ်လို့ ပြောလို့ရပါတယ်။ ကျနော်တို့က ဆက်လက်ပြီး တင်ပြသွားမယ်။ တခြားသော ရက်ကြီးနေ့ကြီးမှာ လွတ်လာမလား။ စောင့်ကြည့်စောင့်မျှော်ရမယ် ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒေါက်တာရန်မျိုးသိမ်း မျှော်လင့်ပါသလား။ မကြာခင် ကျန်နိုင်ငံရေးအကျဉ်းသားတွေ လွတ်လာမယ်လို့။

ဦးရန်မျိုးသိမ်း ။ ။ သမ္မတအိုဘားမားရဲ့ နိုဝင်ဘာ ခရီးစဉ်မတိုင်ခင်မှာတော့ နိုင်ငံရေးအကျဉ်းသား အတော်များများ လွတ်လာမယ်လို့ မျှော်လင့်တယ်။ အဲဒီလို မလွတ်လာခဲ့ရင်လဲ အမေရိကန်အစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကိစ္စကို အထူးအလေးထားပြီးတော့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးမှာ ထည့်သွင်းစဉ်းစားသင့်တယ်လို့ ကျနော်အနေနဲ့ မြင်ပါတယ်။

XS
SM
MD
LG