သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမှောင်ခိုမှု နဲ့ လူကုန်ကူးမှု


ထိုင်းလူကုန်ကူးဂိုဏ်း သံသယရှိသူတွေ ဖမ်းဆီးရမိကြောင်း ထိုင်းရဲချုပ် Somyot Poompanmoung သတင်းစာရှင်းလင်း။ (မေ ၅-၂၀၁၅)
ထိုင်းလူကုန်ကူးဂိုဏ်း သံသယရှိသူတွေ ဖမ်းဆီးရမိကြောင်း ထိုင်းရဲချုပ် Somyot Poompanmoung သတင်းစာရှင်းလင်း။ (မေ ၅-၂၀၁၅)

ထိုင်းနိုင်ငံမှာ လူကုန်ကူးမှုနဲ့ ဖမ်းဆီးထားသူ (၁၀၀) ကျော်ရှိကြောင်း သြဂုတ်လ (၁၄) ရက်နေ့ထုတ် AFP သတင်းအရ သိရှိရပါတယ်။ လူကုန်ကူးခံရတဲ့ မြန်မာပြည်သား (၆၀) ကျော်ကို ဘန်ကောက်မြို့အနီး မဟာချိုင်အရပ်မှာ ဇူလိုင်လက ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ရန်ကုန်မှာလည်း လူကုန်ကူးဖို့ ကြိုးပမ်းနေတဲ့ တရုတ်ပြည်သား (၄) ဦးနဲ့ မြန်မာနိုင်ငံသူတဦးကို ကြည့်မြင်တိုင်မြို့နယ်မှာ မကြာမီက ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ လူကုန်ကူးမှု (၆၀) ရာခိုင်နှုန်းဟာ တရုတ်ပြည်ကို ဇနီးမယားအဖြစ် ရောင်းစားခံရတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်က လူကုန်ကူးခံရသူ (၁၆၀) ကျော်ကို ကယ်တင်နိုင်ခဲ့ပါတယ်။

လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ၊ The Anti Trafficking in Persons Law ကို စစ်အစိုးရက (၂၀၀၅) စက်တင်ဘာမှာ ပြဌာန်းထားပေမယ့် လူမှုစီးပွားရေး အခြေအနေ ဆိုးဝါးလာပြီး လူကုန်ကူးမှုတွေ တိုးပွားလာကြောင်း ဒီဥပဒေကို ပြန်လည်ရေးဆွဲသင့်တယ်လို့ ဝေဖန်နေကြပါတယ်။ ဒီအတောအတွင်း “အာရှဒေသ လူမှောင်ခိုမှု” Migrant Smuggling in Asia ဆိုတဲ့ (၃၄၁) မျက်နှာ အစီရင်ခံစာကို ကုလသမဂ္ဂ မူးယစ်ဆေးနဲ့ မှုခင်းရုံးက ဧပြီလမှာ ထုတ်ဝေလိုက်ပြီး အမေရိကန် နိုင်ငံခြားရေးဌာနက (၃၈၄) မျက်နှာ Trafficking in Persons “လူကုန်ကူးမှု အစီရင်ခံစာ” ကို ဇူလိုင်လက ထုတ်ဝေလိုက်ပါတယ်။

ကုလသမဂ္ဂ လူမှောင်ခိုမှု အစီရင်ခံစာနဲ့ အမေရိကန် လူကုန်ကူးမှု အစီရင်ခံစာဟာ သံတူကြောင်းကွဲ ဖြစ်သလို ကွဲပြားခြားနားတာလည်း ရှိပါတယ်။ နိုင်ငံခြားကို ဥပဒေမဲ့ ဝင်ရောက်တာဟာ လူမှောင်ခိုမှု ဖြစ်ပါတယ်။ နိုင်ငံခြားရောက်ပြီးမှ ပြည့်တန်ဆာ (သို့မဟုတ်) အိမ်ကျွန်အဖြစ် ရောင်းစားခံရတာဟာ လူကုန်ကူးမှု ဖြစ်ပါတယ်။ လူမှောင်ခိုနည်းနဲ့ ဝင်လာသူတိုင်း ရောင်းစားခံရတာ မဟုတ်ပါဘူး။ ဒါကြောင့် လူကုန်ကူးမှုထက် လူမှောင်ခိုမှုက အမြဲတမ်း ပိုများပါတယ်။ လူကုန်ကူးမှု တားဆီးကာကွယ်ရေးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ဝက်ဘ်ဆိုက်တ်မှာ ကဏ္ဍတခု ဖွင့် ထားပြီး အသိပညာပေးပွဲတွေ ကျင်းပတာကို ဖော်ပြပါတယ်။ ဒါပေမဲ့ ရဲတပ်ဖွဲ့ နားလည်တဲ့ လူကုန်ကူးမှုဟာ နိုင်ငံခြားကို ရောင်းစားခံရတာ ဖြစ်ပါ တယ်။ ပြည်တွင်းမှာ လူကုန်ကူးတာကို ရဲတပ်ဖွဲ့က သိဖို့လိုပါတယ်။

လူကုန်ကူးမှုဆိုတာကတော့ လိမ်လည်လှည့်ဖြားနည်း၊ အကျပ်ကိုင်နည်း နဲ့ အကြမ်းဖက်နည်းကိုသုံးပြီး လူကိုရောင်းစားတာ ဖြစ်ပါတယ်။ လူကို ပစ္စည်းလို ရောင်းဝယ်နေတာမို့ ခေတ်သစ်ကျွန်စနစ်လို့ ခေါ်ပါတယ်။ လူကုန်ကူးမှုဒဏ်ကို အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အများဆုံး ခံရပါတယ်။ ဒါကြောင့် လူကုန်ကူးမှုဟာ ပြည်တွင်းမှာလည်း ဖြစ်ပွားပါတယ်။ ဒီနည်းနဲ့ အိမ်ကျွန်ဖြစ်သွားသူတွေ၊ အခိုင်းအစေ ဖြစ်သူတွေနဲ့ ကလေးစစ်သား ဖြစ်သွားသူတွေ အများကြီး ရှိပါတယ်။ နိုင်ငံခြားကိုသွားမှ လူမှောင်ခိုမှု ဖြစ်ပွားပေမယ့် လူကုန်ကူးမှုကတော့ ပြည်တွင်းမှာရော နိုင်ငံခြားမှာရော ဖြစ်ပွားပါတယ်။ လွန်ခဲ့တဲ့ ခြောက်နှစ်အတွင်း မှောင်ခိုနည်းနဲ့ ထိုင်းနိုင်ငံကို ဝင်လာလို့ အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားဦးရေ တသိန်းကျော် ရှိပါတယ်။ နိုင်ငံခြားကို ဥပဒေမဲ့ ထွက်ခွါနိုင်အောင် စီစဉ်ပေးသူတွေဟာ လူမှောင်ခိုဂိုဏ်းတွေ ဖြစ်ပါတယ်။

ပြည်တွင်းမှာလည်း ဖြစ်ပွားတဲ့အတွက် လူကုန်ကူးမှုဟာ ပိုပြီးကျယ်ပြန့်ပါတယ်။ ကလေးစစ်သား (၄) ရာနီးပါး စစ်တပ်က ထွက်ခွင့်ပေးပြီး အဆင့်မြင့်အရာရှိ ပါဝင်လုပ်ကိုင်လာပေမယ့် ဗမာအစိုးရရဲ့ လူကုန်ကူးမှု ကြိုးပမ်းချက်ဟာ မနှစ်ကနဲ့ သိပ်မထူးဘူးလို့ ဆိုပါတယ်။ ပြည်တွင်းက လူကုန်ကူးမှုကို စုံစမ်းစစ်ဆေး အရေးယူအပြစ်ပေးရာမှာလည်း မြန်မာအစိုးရ အားနည်းတယ်လို့ ဆိုပါတယ်။ ၂၀၁၄ မှာ လူကုန်ကူးသူ (၁၄၃) ဦးကို အပြစ်ပေးပြီး၊ ၂၀၁၃ မှာ (၁၈၃) ဦးကို အပြစ်ပေးတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံသူကို ဇနီးအဖြစ် တရုတ်ကို ရောင်းစားတဲ့အမှုက များပါတယ်။ ကလေးစစ်သား စုဆောင်းသူကို အရေးယူတာမျိုး တခါမှ မတွေ့ရသေးဘူးလို့ ဖော်ပြပါတယ်။ မှောင်ခိုနည်းနဲ့ မြန်မာပြည်က ထွက်ခွါသူ (၈၀) ရာခိုင်နှုန်းကျော် ဝင်ရောက်တဲ့ ထိုင်းနိုင်ငံမှာ လူကုန်ကူးမှု အများဆုံး ဖြစ်ပွားပါတယ်။

ဆင်းရတဲ့ ကလေးသူငယ်နဲ့ မိဘမဲကလေးတွေကို အစိုးရတပ်ကရော တိုင်းရင်းသားတပ်ဖွဲ့ကရော အတင်းအဓမ္မ စစ်သားစုဆောင်းလေ့ ရှိတယ်လို့ ဆိုပါတယ်။ ပဋိပက္ခဖြစ်ရာ ဒေသတွေမှာ အစိုးရတပ်၊ တိုင်းရင်းသား လက်နက်ကိုင်နဲ့ အရပ်ဘက် အာဏာပိုင်တွေဟာ ဒေသခံတွေကို အတင်းအကြပ် ခိုင်းနေဆဲ ဖြစ်ပါတယ်။ လူကုန်ကူးမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်တဲ့ အစိုးရ လုပ်ဆောင်ချက်တွေဟာ ထိရောက်မှု မရှိဘူးလို့ ဆိုပါတယ်။ မြန်မာနိုင်ငံသူတွေကို ဇနီးမယားအဖြစ် တရုတ်ပြည်ကို ခေါ်ယူတဲ့ အမှုတွေကိုသာ အစိုးရက အာရုံစိုက်နေပုံ ရတယ်လို့ အမေရိကန်အစီရင်ခံစာမျာ ဖော်ပြပါတယ်။

အစိုးရရဲ့ ၂၀၁၄ လူကုန်ကူးမှု အစီရင်ခံစာမှာ လူကုန်ကူးမှု (၆၀) ရာခိုင်နှုန်းဟာ တရုတ်ပြည်ကို ခေါ်ဆောင်ပြီး ဇနီးမယားလုပ်ဖို့သာ ဖြစ်တယ်လို့ ဆိုတာကြောင့် ကလေးစစ်သား စုဆောင်းမှုနဲ့ အဓမ္မခိုင်းမှုကို လူကုန်ကူးမှုအဖြစ် သတ်မှတ်ပုံမရတဲ့သဘော ဖြစ်နေပါတယ်။ စစ်တပ်နဲ့ ပတ်သက်တဲ့ လူကုန်ကူးမှုတွေကို ရဲတပ်ဖွဲ့နဲ့ တရားရုံးက အရေးယူနိုင်ပုံ မရဘူးလို့ ဆိုပါတယ်။ အဂတိလိုက်စားမှုနဲ့ ပြစ်ဒဏ်ကင်းလွတ်မှုဟာ တပြည်လုံးမှာရှိနေတာမို့ လူကုန်ကူးမှုကို ထိရောက်စွာ အရေးမယူနိုင်တာ ဖြစ်ပါတယ်။ လူကုန်ကူးမှု ဟန့်တားရေးဆိုင်ရာ အစိုးရလုပ်ဆောင်ချက်တွေ အားနည်းနေတယ်လို့ ဖော်ပြထားပါတယ်။

XS
SM
MD
LG