သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KAF နဲ့ မြန်မာ့ငြိမ်းချမ်းရေး အလားအလာ


KNU-DKBA
KNU-DKBA

ဒီတပတ် မြန်မာ့အရေးသုံးသပ်ချက် အစီအစဉ်မှာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးတဲ့အခါ တန်းတူရည်တူ ပခုံးချင်းယှဉ်ပြီး ဆွေးနွေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ကရင်လက်နက်ကိုင် အင်အားစုတွေ အားလုံးစုပေါင်းပြီး KAF (Kawthoolei Armed Forces) ခေါ် ကော်သူလေ လက်နက်ကိုင်တပ်ဖွဲ့ကို ဖွဲ့စည်းလိုက်ကြပါတယ်။ ဒီလို ဖွဲ့စည်းလိုက်တဲ့အတွက် ကရင်ပြည်သူတွေ ပြည်ထောင်စုသားတွေ လိုလားတောင့်တနေတဲ့ ငြိမ်းချမ်းရေးအလားအလာ ဘယ်လို ဖြစ်လာနိုင်သလဲဆိုတာ KAF ထိပ်တန်းခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်ချုပ် မဲ့အေစိန် နဲ့ ဦးကျော်ဇံသာ တို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဗိုလ်ချုပ် မဲ့အေစိန်တို့ ဖွဲ့စည်းတဲ့ KAF ထဲမှာ ကရင်လက်နက်ကိုင် အင်အားစုတွေအားလုံး ပါတယ်လို့ ဆိုနိုင်ပါသလား။

ဗိုလ်ချုပ် မဲ့အေစိန် ။ ။ အခုလက်ရှိ ရှိနေတဲ့ ကရင်လက်နက်ကိုင်က KNU ဦးဆောင်မှုအောက်မှာရှိတဲ့ KNLA ကရင့်အမျိုးသားလွတ်မြောက်ရေး တပ်မတော်၊ KNDO က ကရင်အမျိုးသား မစခင်က Karen Defense Organization လို့ ခေါ်ထားတယ်။ လက်နက်ကိုင်စတာနဲ့ KNU ထဲ ပါလာတယ်။ ပြီးတော့ ခွဲထွက်တဲ့ DKBA, KNLA-PC (Peace Council) တို့ အဲဒီ (၄) ဖွဲ့ပါတယ်။ ကျန်တဲ့ အဖွဲ့အစည်း အသေးအမွှားလေးတွေကတော့ တဖြည်းဖြည်းပပျောက်ကုန်ပါပြီ။ ငြိမ်းချမ်းရေးအဖွဲ့အနေနဲ့။ အခု ဒီအဖွဲ့ ဖွဲ့စည်းလိုက်တော့ (၄) ဖွဲ့။

ဦးကျော်ဇံသာ ။ ။ ကျနော် မေးရမှာက KNU ရဲ့ military wing က KNLA ပေါ့။ အဲဒီအဖွဲ့ပါတယ်ဆိုတော့ တကယ်တော့ KNU ရဲ့ ဥက္ကဋ္ဌကြီးက အခုလက်ရှိ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး ဖြစ်ပါတယ်။ သူတို့ကော သဘောတူပါသလား။

ဗိုလ်ချုပ် မဲ့အေစိန် ။ ။ သူတို့ သဘောတူတာ သဘောထားရှိပါတယ်။ ကျနော်တို့ ကေအန်ယူ (၁၅) ကြိမ်မြောက် ကွန်ဂရက်မှာ ချမှတ်ထားတာရှိတယ်။ ကျနော်တို့ ကရင်လက်နက်ကိုင်တွေအားလုံး ပြန်လည်စုစည်းဖို့။ ဆိုလိုတာက ဒီဘက်ထွက်တဲ့ ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေကြား အားလုံးပြန်စုစည်းဖို့ သဘောထားဆုံးဖြတ်ချက် ချထားတာရှိတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒါ ဘယ်တုန်းကလဲ ခင်များ။ (၁၅) ကြိမ်မြောက် ကွန်ဂရက်က ဘယ်တုန်းက လုပ်ခဲ့တာလဲ။

ဗိုလ်ချုပ် မဲ့အေစိန် ။ ။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခု ဖွဲ့တဲ့အခါကြတော့ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး ပါလား။

ဗိုလ်ချုပ် မဲ့အေစိန် ။ ။ အခုတော့ မပါဘူး။ ဟိုတုန်းက ဆုံးဖြတ်ချက် တာဝန်ပေးထားတယ်။ KNLA စစ်ဦးချုပ်တို့၊ အဲဒီ ကော်မတီတွေ ဖွဲ့လိုက်ပြီး အဲဒီအထဲမှာ တာဝန်ပေးလိုက်တဲ့အပေါ်မှာ လက်ရှိ အခြေအနေအရ နောက်ဆုံးပြောရရင် ဗိုလ်ချုပ်ကြီးဂျော်နီ ဦးစီးတယ်။ ဒု စစ်ဦးစီးချုပ် က ဒုတိယဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲ။ ပြီးတော့ တပ်မဟာမှူးတွေပါတယ်။ အဲဒီလို ကြိုးစားပြီး တဆင့်ပြီးတဆင့် နောက်ဆုံးကြတော့ လက်ရှိအခြေအနေအရတော့ လက်နက်ကိုင်တွေ ပြန်လည်ပေါင်းစည်းဖို့ ကရင်လူထုကလည်း ပြည်တွင်းပြည်ပ လက်ခံထားပြီး၊ တောင်းဆိုလာတဲ့၊ ပြောလာတဲ့အပေါ်မှာ နောက်ဆုံးတော့။ အခု ပြောရမယ်ဆိုရင် ရန်သူတွေ ငြိမ်းချမ်းရေးကြိုးပမ်းနေတဲ့ ကာလမှာ ထိုးစစ်တွေ ဖြစ်လာတယ်။ တိုက်ပွဲတွေ ဖြစ်လာတဲ့အပေါ်မှာ နောက်ဆုံးကြတော့ ပြန်လည်ပြီး ပေါင်းစည်းရတာပေါ့။

ဦးကျော်ဇံသာ ။ ။ ငြိမ်းချမ်းရေးကိစ္စကို မမေးခင်မှာ ကေအန်ယူ ထိပ်ပိုင်းခေါင်းဆောင်မှုနဲ့ ပတ်သက်ပြီးတော့ ဆက်ပြီး မေးချင်ပါတယ်။ ဗိုလ်ချုပ်ကြီးဂျော်နီတို့ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး တော့ မပါဘူးပေါ့။ ဆိုတော့ သူတို့နဲ့ ကေအန်ယူ ခေါင်းဆောင်ပိုင်းထဲမှာ သဘောထား ကွဲလွဲမှုတွေ ရှိလာသလားဆိုတာ မေးစရာ ဖြစ်လာပါတယ်။ လူတွေ အဲဒီမေးခွန်းကို စိတ်ဝင်စားပါတယ်။ ဖြေပါအုံး ခင်ဗျ။

ဗိုလ်ချုပ် မဲ့အေစိန် ။ ။ အဲဒီ မေးခွန်းကတော့ ရှင်းရှင်းပြောရမယ်ဆိုရင် သဘောထား ကွဲလွဲတာကတော့ မဟုတ်ဘူး။ ကျနော်တို့က ကွန်ဂရက် ဆုံးဖြတ်ထားတဲ့ မူပေါ်မှာ ရပ်တည်ပြီးတော့ လုပ်သွားတာဖြစ်တယ်။ ဒါပေမဲ့ တချို့ကတော့ ပြောရမယ်ဆိုရင် မူပေါ်ဆုံးဖြတ်ချက်ပေါ် မရပ်တည်ပြီးတော့ မလုပ်သွားတာတွေလည်း ရှိတာပေါ့။

ဦးကျော်ဇံသာ ။ ။ နောက် ဆက်မေးချင်တာက ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဖြစ်ပါတယ်။ အခု ကေအန်ယူ က မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေထဲမှာ ရှေ့အကျဆုံး၊ အင်အားအကောင်းဆုံး၊ နှစ်ပေါင်းများစွာ တော်လှန်လာပြီးတော့ ကြံ့ကြံ့ခံ နေခဲ့တဲ့ အဖွဲ့အစည်းပါ။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ ကေအန်ယူနဲ့ ငြိမ်းချမ်းရေးဟာ အင်မတန် အလားအလာကောင်းတယ် ဆိုပြီးတော့ တွေ့ရပါတယ်။ ဗိုလ်ချုပ်ကြီး မူးတူးဆေးဖိုး ဦးဆောင်တဲ့အဖွဲ့နဲ့ အတော်ကို ရင်းရင်းနှီးနှီး အလားအလာကောင်းတဲ့ဟာကို တွေ့ရပါတယ်။ ဒီအချိန်မှာ ဗိုလ်ချုပ်မဲ့အေးစိန် က ပြောတယ်။ ငြိမ်းချမ်းရေး လုပ်ရတာ ရန်သူတွေလိုတောင် သုံးတယ်။ လုပ်နေတဲ့ ငြိမ်းချမ်းရေးကလည်း သိပ်အားရစရာ မကောင်းဘူးဆိုတော့ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်မှာ အခု KAF လို ဖွဲ့စည်းလိုက်တဲ့ ပုဂ္ဂိုလ်တွေက သိပ်ပြီးတော့ အယုံအကြည် မရှိကြတော့ဘူးလား ခင်များ။

ဗိုလ်ချုပ် မဲ့အေစိန် ။ ။ အခုက ကျနော်တို့ KAF ခေါင်းဆောင်တွေအားလုံးက ငြိမ်းချမ်းရေးတော့ လိုချင်တယ်။ ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးရေးကို ဆက်လက်သွားဖို့လည်း ကြိုးပမ်းခဲ့တယ်။ ဒါပေမဲ့ (၃) နှစ်ကျော် ကာလမှာ အပစ်အခတ်ရပ်စဲရေးဟာ စစ်မှန်တဲ့ အခြေခံစနစ် မရသေးဘဲနဲ့ ဆွေးနွေးဆွေးနွေးရင်နဲ့ ဆွေးနွေးချက်တွေ၊ သူတို့လုပ်ရပ်တွေကို ကြည့်ရတဲ့အပေါ်မှာ အစိုးရတပ်မှူးတွေ၊ အပေါ်စီးက ယူထားလိုက်တဲ့သဘော ရှိတယ်။ အဲဒီ ယူထားပြီးတဲ့ကာလမှာ ဆွေးနွေးတဲ့ကာလမှာ တိုက်တယ်။ DKBA တို့နဲ့ တိုက်ပွဲတွေ ဖြစ်လာတယ်။ အဲဒီလုပ်ရပ်တွေအားလုံးကို ပြန်ခြုံကြည့်လိုက်တဲ့အခါ ပြောရမယ်ဆိုရင် ယုံကြည်မှု တည်ဆောက်မှုကို နည်းနည်းထိပါးလာတယ်။ ကျနော်တို့က တကယ် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို လိုချင်တယ်။ ကျနော်တို့ တပ်တွေလည်း ငြိမ်းချမ်းရေး လိုချင်တယ်။ ဒါပေမဲ့ တခုရှိတာကတော့ အပေါ်စီးကနေ သဘောထားက သိပ်မူမမှန်ဘူးလို့ ကျနော်တို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ မူ (၆) ရပ်ကို ကိုင်စွဲထားတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကိုလည်း ဆက်ပြီးကျင့်သုံးတယ်။ တည်ဆဲဥပဒေ ကိုင်စွဲထားတယ်ဆိုတော့ အဲဒါက တော်တော်လေး စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို တကယ့် တည်တန့်တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ကို ဘယ်လိုမှ စဉ်းစားလို့ မရတဲ့ သဘောရှိတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် ဆက်မေးပါရစေ။ ငြိမ်းချမ်းရေးဟာ အခု အခြေအနေ မကောင်းဘူး။ အလားအလာ မကောင်းဘူးဆိုတော့ လက်နက်ကိုင် တော်လှန်ရေးက နှစ်ပေါင်း (၆၀) ကျော် တိုက်လာခဲ့ပြီ။ ရည်မှန်းချက် မအောင်မြင်ခဲ့ဘူးလို့ ကျနော်တို့ ပြောရမှာပဲ။ နှစ်ဖက်စလုံးကလည်း သေကြကျေကြတာ သိပ်များလှပြီ။ ဆိုတော့ ဒီအချိန်မှာ အခုလုပ်နေတဲ့ ငြိမ်းချမ်းရေးကို အားမရလို့။ လက်နက်ကိုင်အင်အားကို ပြန်လည်ပြီး စုစည်းတယ်၊ ဖွဲ့စည်းတယ်ဆိုတော့ ငြိမ်းချမ်းရေးနဲ့ ပိုပြီး အလှမ်းဝေးသွားတယ်။ အခု စုစည်းလိုက်တဲ့ လက်နက်ကိုင်အင်အားစုတွေနဲ့ ဆက်လက်ပြီး ချီတက်လို့ အောင်မြင်မှု ရလာနိုင်မယ်လို့ ထင်ပါလား။ လိုချင်တဲ့ ပန်းတိုင် ရောက်မယ် ထင်ပါသလား။

ဗိုလ်ချုပ် မဲ့အေစိန် ။ ။ ကျနော်တို့က စစ်ရေးကို ဦးစားပေးပြီးတော့ စစ်ရေးသက်သက် မဟုတ်ဘူး။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ကျနော်တို့ ကွန်ဂရက်မှာ ဆုံးဖြတ်ထားတာ ရှိတယ်။ ကျနော်တို့ ဒီအတိုင်းပဲ ကိုင်စွဲတယ်။ ကျနော်တို့ ဒီအတိုင်းပဲ ယုံကြည်တယ်။ ဒါကြောင့်မို့ ကျနော်တို့ နိုင်ငံရေး ဆွေးနွေးတဲ့ကာလမှာ သဘောထားရိုးဖို့၊ သဘောထား မှန်ဖို့၊ တန်တူရည်တူ ရှိဖို့ လိုတယ်။ နောက်တခုက ငြိမ်းချမ်းရေးကို နိုင်ငံရေး ဆွေးနွေးနိုင်ဖို့ကို ကျနော်တို့တပ်တွေ စည်းစည်းလုံးလုံးနဲ့ ကျနော်တို့ရှိတဲ့ အင်အားတွေ ညီညွှတ်ဖို့နဲ့ ဆိုလိုတာက တကယ့် စစ်မှန်တဲ့ တိကျတဲ့ အပစ်အခတ်ရပ်စဲရေး လုပ်တဲ့နေရာမှာ code of conduct နှစ်ဖက်လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ တပ်တွေအကုန်လုံး ချုပ်ထိန်းနိုင်အောင် ပုံကျကျနဲ့ သွားနိုင်ဖို့ ဆန္ဒရှိတယ်။ စစ်ရေးနဲ့ နိုင်မယ်ဆိုတာကို ကျနော်တို့ မယုံကြည်ဘူး။ ကျနော်တို့လည်း လက်မခံဘူး။ ကျနော်တို့ တလျှောက်လုံး တော်လှန်ရေး နှစ်ပေါင်း (၆၀) ကျော် စစ်ရေးနဲ့ မရဘူး။ နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းမယ်။ ဒါပေမဲ့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတဲ့နေရာမှာ အသားလွတ် လက်နက်မဲ့နဲ့ အသားလွတ် ဥပဒေဘောင်အတွင်း ဝင်ခိုင်းပြီးတော့ လက်နက်စုခိုင်းတာမျိုး မပြောဘဲနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံကို ပြပြီးတော့ ငြိမ်းချမ်းရေး တည်ဆောက်မယ်ဆိုတော့ ဘယ်လိုမှ စဉ်းစားလို့မရဘူး။

ဦးကျော်ဇံသာ ။ ။ ဗိုလ်ချုပ်တို့ ပြောတဲ့သဘောကို ကျနော် နားလည်းသလောက် ပြန်ပြောရမယ်ဆိုရင် အခု စစ်အင်အားတွေကို ပြန်လည်စုစည်းခြင်းဟာ နိုင်ငံရေးအားဖြင့် ဆွေးနွေးတဲ့နေရာမှာ အလေးတင်းဖို့အတွက်ပေါ့။

ဗိုလ်ချုပ် မဲ့အေစိန် ။ ။ ဆိုလိုတာတော့ စစ်အင်အား ပြန်စုစည်းတဲ့နေရာမှာ နိုင်ငံရေး တိုးနိုင်ဖို့ကို တန်တူရည်တူ အခွင့်အရေးရှိဖို့။ ကျနော်တို့ နောက်ခံတွေလည်း ရှိဖို့။ ညီညွှတ်မှုရှိဖို့ အဲဒါတွေကို စဉ်းစားပြီးတော့ သဘောထားပြီးတော့ အဲဒီအတိုင်းလုပ်တယ်။ လူထု တညီတညွတ်တည်း အဲဒီအတိုင်း တောင်းဆိုတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် ဆက်မေးချင်တာတခုက တချို့ဝေဖန်သူတွေက ပြောကြတယ်။ အခု လက်နက်ကိုင်အင်အားစုတွေ စုပြီးတော့ KAF ဖွဲ့တယ်ဆိုတဲ့ဟာက အဲဒီအထဲမှာ ခေါင်းဆောင်တချို့ကို နံမည်နဲ့ကို ဖော်ပြောတယ်။ သူတို့က စီးပွားရေးအကျိုးအတွက် လုပ်နေကြတာ။ အဲဒီတော့ စီးပွားရေး အကျိုးအမြတ်အတွက် ပေါက်ကရတွေလုပ်တယ်။ အဲဒါကြောင့် ပဋိပက္ခတွေ ဖြစ်ရတယ်။ အဲဒီလူတွေ မကျေနပ်တဲ့လူတွေက စုစည်းပြီး ဖွဲ့နေတယ်ဆိုတဲ့ စွပ်စွဲချက်လည်း ရှိပါတယ်။ အဲဒါကို ဘယ်လို ပြန်ဖြေချင်ပါလဲ။

ဗိုလ်ချုပ် မဲ့အေစိန် ။ ။ အဲဒါကတော့ ပြောရမယ်ဆိုရင် အခုန ဦးကျော်ဇံသာ ပြောတဲ့ ဒီသတင်းတွေလည်း မှန်တဲ့အပိုင်းလည်း မှန်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ တပ်စုစည်းတာက ငြိမ်းချမ်းရေးကို ပျက်အောင်လုပ်တာ မဟုတ်ဘူး။ အဲဒါကို အားလုံး သိထားဖို့ နားလည်ဖို့။ ကျနော်တို့က သဘောထားရိုးရိုးနဲ့ ကျနော်တို့ရှိတဲ့ ကရင်တွေအားလုံး စည်းလုံးဖို့။ ကျနော်တို့ရှိတဲ့ လက်နက်ကိုင်တွေ အားလုံး စည်းလုံးဖို့။ (၁၅) ကြိမ်မြောက် ကေအန်ယူ ကွန်ဂရက်ရဲ့ ချမှတ်ထားတဲ့ မူကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့။ ကျနော်တို့ အင်အားတွေ ပြန်စုစည်းဖို့။ အခုန ကြားတဲ့ဟာတွေကတော့ တချို့အပိုင်း မှန်တာလဲ မှန်တယ်ဆိုတာကတော့ ကျနော်တို့ ရည်မှန်းထားတဲ့ (၁၅) ကြိမ်မြောက် ချမှတ်ထားတဲ့ ကွန်ဂရက်ရဲ့ ဆုံးဖြတ်ချက်သဘောထားကို တချို့က နည်းနည်းလေး ကျော်သွားတာတို့၊ ပေရှည် သွားတာတွေ ရှိတယ်။ အဲဒါတွေလည်း ရှိတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခု မေးချင်တာက အခု ငြိမ်းချမ်းရေးဖြစ်စဉ် မအောင်မြင်ရခြင်းဟာ တချို့က သုံးသပ်ကြတယ်။ အခုလောလောဆယ်မှာ လုပ်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်သွားရင် လက်ရှိ သမ္မတဦးသိန်းစိန်တို့ အုပ်စုက ၂၀၁၅ ရွေးကောက်ပွဲအတွက် နိုင်ငံရေးအားဖြင့် အလေးသာသွားမယ်။ အဲဒါကြောင့် အဲဒီ ရွေးကောက်ပွဲမတိုင်ခင် ဒီလူတွေကို အမှတ်မပေးချင်ဘူး။ ဒါကြောင့် ဒီဟာကို မလိုလားတဲ့ လူတချို့က ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပျက်အောင်ဖျက်နေတယ်ဆိုပြီး ဝေဖန်မှုတွေ ရှိနေပါတယ်။ တကယ်လို့ အဲဒီ စကားသာ မှန်ခဲ့ရင် ဗိုလ်ချုပ်တို့ အခု ဖွဲ့စည်းလိုက်တဲ့ KAF ဟာ ငြိမ်းချမ်းရေး မလိုလားသူတွေရဲ့ ကျော့ကွင်းထဲကို ဝင်နေတယ်လို့ သုံးသပ်စရာ မဖြစ်ဘူးလား။

ဗိုလ်ချုပ် မဲ့အေစိန် ။ ။ အဲဒါ မဖြစ်ဘူး။ ဘာဖြစ်လဲဆိုရင် သူတို့ဟာ သူတို့ အလိုအလျောက် ဦးသိန်းစိန်အစိုးရက ပြောရမယ်ဆိုရင်တော့ ၂၀၁၄-၁၅ မှာ ပြသွားမှာ သူတို့ဘာသူတို့ပဲ။ သူတို့ ပြင်ဆင်ပြီးသာပါ။ ၂၀၁၅ မှာ ဦးသိန်းစိန်အစိုးရ ဆက်ပြီးတော့ မရနိုင်ဘူးလို့ ကျနော်တို့ သိထားတယ်။ အတွင်းအခြေအနေမှာလည်း အဲဒီလို သိထားတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးတခုက အခု KAF ဖွဲ့စည်းတဲ့ ဗိုလ်ချုပ်တို့ကို ငြိမ်းချမ်းရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ သဘောထား တင်းမာသူလို့ သတ်မှတ်မယ်ဆိုရင် ဗိုလ်ချုပ်တို့ လက်ခံပါသလား။

ဗိုလ်ချုပ် မဲ့အေစိန် ။ ။ ကျနော်တို့က သဘောထား တင်းမာသူ။ ကျနော်တို့ မူပေါ်မှာ ရပ်တည်ပြီး ကျနော်တို့ ကရင်တမျိုးသားလုံး လိုချင်တဲ့ဆန္ဒ၊ ရည်မှန်းချက်ပန်းတိုင်ကို တန်တူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဒီမိုကရေစီနဲ့ ဖယ်ဒရယ်ကို သွားဖို့ ကျနော်တို့ ဒီလမ်းအတိုင်းကို ဦးတည်ပြီးတော့ သဘောထားသွားတာ။ အမှန်တရားကို ရပ်တည်တဲ့လူကိုတော့ ပထမပိုင်းမှာတော့ ဒီလူတွေ မမှန်ဘူး၊ မကောင်းဘူးလို့ ပြောစမြဲပဲ။ ဒါလဲ ကျနော်တို့ ဖြတ်သန်းမှု ဘဝက ဒီလိုဖြစ်တယ်။ ဟို့အရင် နေဝင်း အာဏာသိမ်းတဲ့ ၆၂ ခုနှစ်မှာ မူးဆိုးကော်ကစာ၊ စောဟန်တာသာမွှေး နဲ့ မန်းဘခိုင် ကွဲတဲ့အခါမှာ ရပ်တည်တဲ့လူဖက်က မှားတယ်ဘာညာဆိုပြီး နောက်ဆုံးတော့ … ကျနော်တို့ကတော့ အမှန်တရားကို ရပ်တည်ပြီး သွားကြတဲ့ လူတွေလို့ အဲဒီလို သိစေချင်တယ်။

XS
SM
MD
LG