သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မီဒီယာ လွတ်လပ်ခွင့် မရှိသေးတဲ့ မြန်မာပြည်


ရန်ကုန်မြို့တွင် စာနယ်ဇင်းများ ရောင်းချနေသည့် မြင်ကွင်းတခု။ ဇွန် ၁၀၊ ၂၀၁၂
ရန်ကုန်မြို့တွင် စာနယ်ဇင်းများ ရောင်းချနေသည့် မြင်ကွင်းတခု။ ဇွန် ၁၀၊ ၂၀၁၂
ဒီတပတ် မျက်မှောက်ရေးရာ သတင်းသုံးသပ်ချက်အစီအစဉ်မှာ မြန်မာနိုင်ငံမှာ သတင်းမီဒီယာ ချုပ်ချယ်တားမြစ်မှု၊ လွတ်လပ်ခွင့် မရှိသေးမှုနဲ့ ပတ်သက်ပြီး The Voice အယ်ဒီတာ ဦးကျော်မင်းဆွေ နဲ့ ဦးကျော်ဇံသာ တို့ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံးကတော့ ဆရာတို့ရဲ့ ဂျာနယ်တွေအပါအဝင် ဂျာနယ်တချို့ကို ထုတ်ဝေခွင့် ရပ်ဆိုင်းတယ်လို့ သိရပါတယ်။ အချိန်အကန့်မရှိ။ ဘယ်လိုဖြစ်သလဲဆိုတာကို အကျဉ်းရုံးနည်းနည်း ပြောပါ။ ဘယ်သတင်းတွေကို ဖော်ပြမိလို့လဲ။ ဘယ်ဂျာနယ်တွေကို ရပ်ဆိုင်းတယ်ဆိုတာ။

ဦးကျော်မင်းဆွေ ။ ။ ကျနော် သိသလောက်ကတော့ ကျနော်တိုက်က နောက်ဆုံး ပြီးခဲ့တဲ့ စနေနေ့က ထွက်တာပဲ။ အဲဒီမှာ ပထမမျက်နှာဖုံးမှာ ပြည်ထောင်စုဝန်ကြီး (၅) ဦး ဌာနပြောင်းရွှေ့တဲ့သတင်း။ နောက်တခုက ကာတွန်းပြပွဲမှာ အပယ်ခံထားရတဲ့ နှစ်ပုံထဲက တစ်ပုံကို ပြန်ကြားရေးဝန်ကြီးဌာနက လာစစ်နေတဲ့အချိန် ရိုက်ထားတဲ့သတင်းထောက်ပုံ အဲဒီပုံကို ထည့်ထားတာ။ အဲဒီ နှစ်ခုကြောင့်လို့ ယူဆရတယ်။ စာပေစီစစ်ရေးကို မနက်ပိုင်းသွားတဲ့အခါမှာ အဲဒီ နှစ်ခုကြောင့်လို့ မဟုတ်ဘဲနဲ့ ဇွန်လလောက်ကတည်းက စာပေစီစစ်ရေးက ပြဌာန်းထားတဲ့ စည်းကမ်းချက်တွေ ချထားတဲ့ စည်းကမ်းချက်တွေနဲ့ မညီလို့၊ စည်းကမ်းချက်တွေ မလိုက်နာလို့ဆိုတဲ့ ခြုံငုံသုံးသပ်ချက်ပေးတယ်။ အဲဒီလိုပဲ ပြောတယ်။ ကျနော်တို့အပြင် တခြား ဂျာနယ်တွေကတော့ ကျနော်တို့ သိတာကတော့ Envoy ဂျာနယ်ဖြစ်တယ်။

ဦးကျော်ဇံသာ ။ ။ တခြားမှတ်ထားတဲ့ စည်းကမ်းဆိုတာ ဘာတွေလဲ။
ဦးကျော်မင်းဆွေ ။ ။ ပြောမယ်ဆိုရင်တော့ စည်းကမ်းချက်ဆိုတာ သူတို့ဖက်ကတော့ စည်းကမ်းချက်လို့ မြင်တယ်။ ကျနော်တို့ဖက်ကတော့ လွတ်လပ်ခွင့်အတွက် အဟန့်အတားဖြစ်စေတဲ့ အတားအဆီးတွေလို့ မြင်တယ်။ နှစ်ဖက်က ဟိုဖက်ဒီဖက် ဒီလိုအမြင်တော့ ရှိပါတယ်။ အဲဒီတော့ စည်းကမ်းချက်တွေ ချိုးဖောက်တယ်ဆိုတာ၊ စည်းကမ်းချက်တချို့တွေက ကျနော်တို့က ကြာသပတေးနေ့ ရတဲ့သတင်းဆိုရင် ကြာသပတေးညမှာ စနေနေ့ print ဖို့အတွက် final layout လုပ်ရတယ်။ Final layout လုပ်နေတဲ့အချိန်မှာ ရတဲ့သတင်းကို ချက်ချင်းတင်ပြီးတော့ Friday ကျမှ - ကို တင်ရတယ်။ အဲဒီတော့ ကျနော်တို့က ကြာသပတေးညမှာ လုပ်ပြီးတော့ final layout လုပ်ပြီး - ရိုက်နေတဲ့အချိန်မှာ စာပေစီစစ်ရေးကို သွားတင်တဲ့အခါကြတော့ ရိုက်တာကစောပြီး သွားတင်တာမှာ နောက်ကျတာမျိုး ရှိပါတယ်။ အဲဒါမျိုးလေးတွေက စည်းကမ်းချက်ထဲက သူတို့ပြောတဲ့ စည်းကမ်းချက်ထဲကတချက်။ ကောင်းတဲ့အချက်တွေလည်း ရှိပါတယ်။ ဒါပေမဲ အသေးစိတ်ကတော့ မပြောတော့ပါဘူး။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ စာနယ်ဇင်း လွတ်လပ်ခွင့် ဥပဒေ ရေးဆွဲနေပြီ။ မကြာခင်ထွက်တော့မယ်ဆိုတဲ့ သတင်းတွေကြောင့် တချို့ နိုင်ငံတကာအသိုင်းအဝိုင်းကိုယ်တိုင်က မြန်မာနိုင်ငံကို အတော်လေး credit ပေးနေကြတယ်။ အမှတ်ပေးနေကြတဲ့အချိန်မှာ အခုလို ပိတ်ပင်လိုက်တာနဲ့ ပတ်သက်ပြီးတော့ ဒါဟာ ဘယ်လောက်အထိ မြန်မာနိုင်ငံရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ပုံရိပ်ကို ထိခိုက်နိုင်မယ်လို့ ဆရာထင်ပါသလဲ။ အဲဒါကို သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်တွေက ထည့်သွင်းပြီးတော့ မစဉ်းစားကြဘူးလား။

ဦးကျော်မင်းဆွေ ။ ။ အဲဒီ မေးခွန်းဖြေဖို့အတွက် ကျနော် အချက်နှစ်ချက်နဲ့ ဖြေပါမယ်။ တချက်ကတော့ အစိုးရရဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ ပတ်သက်တာပေါ့။ နောက်တခုကတော့ အစိုးရရဲ့ ဂုဏ်သရေ၊ ဂုဏ်သိက္ခာနဲ့ ပတ်သက်တဲ့ကိစ္စပေါ့။ နံပတ်တစ်ကတော့ စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်တဲ့ မီဒီယာဥပဒေကို ကျနော်တို့က အခုအချိန်အထိ မယူဆပါဘူး။ ဘာဖြစ်လို့ မယူဆရလည်းဆိုတော့ စာနယ်ဇင်းဥပဒေနဲ့ ပတ်သက်ပြီး၊ မီဒီယာဥပဒေနဲ့ ပတ်သက်ပြီး အခုအချိန်အထိ စာနယ်ဇင်းလောကသားတွေအားလုံး ပွင့်ပွင့်လင်းလင်း ဘာမှမသိရပါဘူး။ ဒီအထဲမှာ ဘာတွေပါတယ်။ ဘယ်အချက်တွေ ထည့်ထားတယ်။ ဒါက ပြန်ကြားရေးဝန်ကြီးဌာနက သူဘာသာသူ လုပ်တဲ့ကိစ္စပါ။ စာနယ်ဇင်းဥပဒေလို့ ပြောရအောင် သူက ပုံနှိပ်မီဒီယာများနဲ့ ပတ်သက်တာ သက်သက်ပဲပါတဲ့အတွက် ဒါကလည်း စာနယ်ဇင်းအားလုံး။ တခြား electronic media တွေ မပါပါဘူး။ အဲဒီလို ပါတာမပါတာကတပိုင်း။

ဒါပေမဲ့ ကျနော်တို့ မီဒီယာလောကသားတွေအားလုံး ကျယ်ကျယ်ပြန့်ပြန့် တိုင်ပင်ညှိနှိုင်းတာမျိုး မရှိဘဲနဲ့ လုပ်ထားတဲ့ media law ဖြစ်တာလည်း အချက်တချက်ရှိတယ်။ ကျနော်တို့အတွက် လွတ်လပ်ခွင့်အတွက် ထုတ်တဲ့မီဒီယာလား။ ကန့်သတ်ခြင်းအတွက် လုပ်တာလားဆိုတာ မကွဲပြားပါဘူး။ အဲဒီလိုကြားထဲမှာ နောက်တခုက ဒီတကြိမ်နဲ့ဆိုရင် ကျနော်တို့က ခြောက်ကြိမ်မြောက် အပိတ်ခံရတာ။ ကုန်ခဲ့တဲ့ ငါးကြိမ်က အရင် အစိုးရဟောင်းဖြစ်တဲ့အတွက် စစ်အာဏာ၊ စစ်အစိုးရ အုပ်ချုုပ်တဲ့စနစ်မှာ အပိတ်ခံရတယ်ဆိုတာ ဘာမှ မထူးဆန်ဘူး။ ဒီဖက်မှာကြတော့ အသွင်ကူးပြောင်းကာလဖြစ်တယ်။ သမ္မတကြီးကိုယ်တိုင်က - ကမ္ဘာသိ၊ နိုင်ငံတကာသိ စေတနာပါပါ အကောင်အထည်ဖော်နေတယ်ဆိုတာ ကြေညာပြီးတော့ တကယ်ကို စိတ်ရင်စေတနာနဲ့ လုပ်နေတယ်လို့ ပြည်သူအားလုံးနဲ့ နိုင်ငံတကာက ယုံကြည်နေတယ်။ တဖက်မှာလည်း ဒါကို မယုံကြည်တဲ့ သံသယနဲ့ စောင့်ကြည့်တဲ့လူတွေကလည်း အခုအချိန်အထိ ရှိနေတယ်။ တဖက်ကလည်း အကောင်းမြင်တဲ့ လူတွေလည်းရှိတယ်။ ပြန်ကြားရေးဝန်ကြီးဌာနက ကျနော်တို့ကို အရေးယူလိုက်ခြင်းအားဖြင့် သံသယနဲ့ စောင့်ကြည့်တဲ့လူတွေ မှန်တယ်လို့ ဆက်ပြီးပြလိုက်တာပါ။

ဦးကျော်ဇံသာ ။ ။ ကျနော်သိချင်တာက နိုင်ငံတကာရဲ့ အမြင်မှာ မြန်မာနိုင်ငံရဲ့ ပုံရိပ်ဟာ ကျဆင်းသွားစေမယ့် သဘောဖြစ်တယ်။ လွှမ်းခြုံပြီးတော့ ပြောမယ်ဆိုရင် အခုလုပ်ရပ်က။ ကျဆင်းရင်လည်း ကျလိမ့်ပါစေ။ ငါတို့ ဂရုမစိုက်ဘူး။ ငါတို့ လိုချင်တာကိုပဲ လုပ်မယ်ဆိုတဲ့သဘောနဲ့ လုပ်တာလား။ တိုင်းပြည်အကျိုးကို ငဲ့ကွက်မှု မရှိဘူးလား။ ပိတ်ပင်တဲ့ဖက်က။ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာ၊ ပြုပြင်ပြောင်းလဲနေတဲ့ဆိုတဲ့ ဂုဏ်သိက္ခာကို မတတ်စေချင်လို့ တမင်လုပ်တာလား။ အဲဒီလို လုပ်လိုက်ရအောင် ဒီကိစ္စက ကြီးကျယ်ပါသလား။

ဦးကျော်မင်းဆွေ ။ ။ အဲဒီကိစ္စကိုလည်း ကျနော်တို့ မေးခွန်းထုတ်ချင်တဲ့ကိစ္စပေါ့နော်။ အခုအချိန်အထိ ကျနော်တို့က စာပေစီစစ်ရေးကို တင်ရတုန်းဖြစ်နေတဲ့အတွက် ကျနော်တို့ ထပ်ပြီးတော့ တချို့ဖြေလိုက်တဲ့ ပြုလိုက်တဲ့ဟာတွေကို - ဒါကတော့တပိုင်း။ ကျနော် ဘာတခု ပြောချင်သလဲဆိုတော့ အခုန ပြောသလိုပဲ သမ္မတကြီးအပါအဝင်၊ လွှတ်တော်အပါအဝင် တိုင်းပြည်က ကောင်းတဲ့ဖက်ကို ပြောင်းဖို့။ ဒီမိုကရေစီဖက်ကို ပြောင်းဖို့လုပ်နေချိန်မှာ ဒီလို ဝန်ကြီးဌာနတခုရဲ့ လုပ်ရပ်ဟာ မေးခွန်းထုတ်စရာ အင်မတန်ရှိပါတယ်။ အဲဒီတော့ ပြောနေကြတဲ့ စကားတွေ။ ကိုယ့်ကိုယ်ကျိုးစီးပွားအတွက်တော့လည်းကောင်း၊ ကိုယ့်အာဏာပါဝါအတွက်လည်းကောင်း၊ ကိုယ့်အရေးပါအရာရောက်ပါမှုအတွက်လည်းကောင်း မီဒီယာတခုခုကို ဒီလိုလုပ်ခြင်းအားဖြင့် အစိုးရတဖွဲ့လုံးနဲ့ ဂုဏ်သိက္ခာနဲ့ဆိုင်ပါတယ်။ ဝန်ကြီးဌာနတခု လုပ်ရပ်ကကောင်းရင် - ဝန်ကြီးဌာနတခုကဆိုးရင် အစိုးရတဖွဲ့လုံး သိက္ခာကျတယ်။ အဲဒီတော့ သမ္မတကြီးက သေသေချာချာ၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလမ်းစဉ်ကို အကောင်အထည်ဖော်နေတယ်။ စိတ်ရင်စေတနာနဲ့ လုပ်နေပါတယ်လို့ လက်နဲ့ရေးထားတဲ့အရာတခုကို ဝန်ကြီးဌာနတခုက ခြေထောက်နဲ့ နှင်ချေပြီး ဖျက်ဆီးသလိုဖြစ်မှာကို ကျနော်တို့ အင်မတန် စိုးရိမ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ သူတို့အကြောင်းပြတာကတမျိုးထားလိုက်တော့ပေါ့။ ဒီလောက် အဓိပ္ပါယ်မရှိတဲ့လုပ်ရပ်ကို လုပ်ရလောက်အောင် ဆရာတို့ဖက်က ဂျာနယ်မှာ ရေးလိုက်တာဟာ ဘယ်လောက်များ ကြီးကျယ်တဲ့ပြစ်မှုကြီးမို့လဲ။ ဘယ်ကိစ္စကို သူတို့အထိနာအောင် ဘာများလုပ်မိတယ် ထင်ပါသလဲ။
XS
SM
MD
LG