သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျေးလက်ပညာရေး ဘယ်လောက်အရေးကြီး


ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ မဲဆန္ဒနယ်မြေ ကော့မှူးမြို့နယ်အတွင်းက စာသင်ကျောင်းတွေကို သွားရောက်လေ့လာစဉ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ မဲဆန္ဒနယ်မြေ ကော့မှူးမြို့နယ်အတွင်းက စာသင်ကျောင်းတွေကို သွားရောက်လေ့လာစဉ်။
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ မြန်မာနိုင်ငံ ရွှေဘိုနယ်အတွင်း ကျေးလက်ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းလုပ်ကိုင်ဆောင်ရွက်နေသူ ဆရာဦးသိန်းထွန်း ကို သူ့ပညာရေးလုပ်ငန်း၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး နဲ့ ခေတ်သစ် ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးအတွက် ကျေးလက်ပညာရေး ဘယ်လောက်အရေးကြီး၊ အရေးပါပုံကို ဦးကျော်ဇံသာ က တွေ့ဆုံမေးမြန်း၊ ဆွေးနွေးတင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျေးလက်ပညာရေး၊ ခလေးတွေရဲ့ ပညာရေးအတွက် ပံ့ပိုးဆောင်ရွက်နေတာ (၁၀) နှစ်ကျော် ရှိခဲ့ပြီပေါ့။

ဦးသိန်းထွန်း ။ ။ ဟုတ်ကဲ့ အားလုံး (၁၃) နှစ်ထဲ ရောက်သွားပါပြီ။

ဦးကျော်ဇံသာ ။ ။ ဘယ်လို လုပ်ငန်းမျိုးကို ဆောင်ရွက်သလဲဆိုတာကို အကျဉ်းရုံးနည်းနည်းပါးပါး။

ဦးသိန်းထွန်း ။ ။ အခု အစိုးရပြဌာန်း အထက်တန်းပညာရေး။ အဲဒါနဲ့ ပတ်သက်တဲ့ သင်ရိုးညွှန်းတမ်းတွေကို ဘက်တဖတ်ကနေ ကျနော် တာဝန်ယူ သင်ပေးပါတယ်။ နောက်တဖက်ကနေပြီး အစိုးရအထက်တန်းကျောင်းကို မတက်နိုင်သူတွေ။ ဒါမှမဟုတ် ဘွဲ့ရပြီးတော့ အရည်အချင်း အပြည့်အဝမရှိတဲ့ ကျေးလက်နေ လူငယ်တွေ။ နောက်တခုက ဘာလဲဆိုတော့ ဆယ်တန်းအောင်ပြီး တက္ကသိုလ်ကို ဆက်မတက်နိုင်တဲ့ လူငယ်တွေ။ အဲဒီလို လူငယ်တွေကို တဖတ်မှာ အင်္ဂလိပ်စာ အခြေခံတွေသင်တယ်။ အသက်မွေးဝမ်းကျောင်း ပညာတွေသင်တယ်။ ရှေ့ဆက်လုပ်ဖို့ ရည်ရွယ်ထားတာကတော့ IT course တွေ။ သဘောကတော့ ကွန်ပြူတာ၊ အင်တာနက် course တွေလုပ်ဖို့ ရည်ရွယ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အသက်မွေးဝမ်းကြောင်း ပညာဆိုတော့ ဘယ်လို ပညာမျိုးကို သင်ပေးပါသလဲ။

ဦးသိန်းထွန်း ။ ။ Vocational training ပေါ့။ Vocational training ဆိုတာကို ကျနော် မြင်ထားတာကတော့ သူတို့တွေနဲ့ ပတ်သက်ပြီး အိမ်တွင်းမှုသိပ္ပံလိုဟာမျိုးတွေ သင်ရမယ်။ သူတို့ဆီက ထွက်ကုန်သီးနံှ။ အဲဒီ သီနံှတွေရဲ့ ကုန်ကြမ်းတွေကို ကုန်ချောလုပ်တဲ့ နည်းပညာတွေ သင်ရမယ်။ တဖတ်ကနေပြီး သူတို့တွေဟာ သူတို့နေထိုင်တဲ့ ပတ်ဝန်းကျင်တွေနားမှာ environmental control လို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု နည်းပညာ၊ အတတ်ပညာတွေ သင်ပေးရမယ်။ တဖတ်ကနေ သူတို့ကို ဘာသာစကား၊ ပတ်ဝန်းကျင်နဲ့ ထိတွေ့ဆက်ဆံမှုတွေမှာ ကျယ်ဝန်းပြီး အသက်မွေးဝမ်းကြောင်းကို အထောက်အကူ ပြုလာနိုင်တဲ့ ဘာသာစကားတွေကို ကျနော်တို့ သင်ပေးရမယ်။ အဲဒါတွေကို သင်နေပါတယ်။ တချို့လဲ ပြီးဆုံးအောင်လို့ မသင်နိုင်သေးဘူး။ ပြီးဆုံးအောင် သင်နိုင်ဖို့ ကြိုးစားနေပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီအတွက် resources တွေ၊ အကူအညီ အထောက်အပံ့ပစ္စည်းတွေ အများကြီး လိုမယ်လို့ထင်ပါတယ်။ ဦးသိန်းထွန်း အဲဒါတွေကို ဘယ်လို ရရှိနိုင်ပါသလဲ။

ဦးသိန်းထွန်း ။ ။ အဲဒါက အမှန်ပါပဲ။ ကျနော်တို့မှာ သင်ကြားမှု ထောက်ကူပစ္စည်းလို့ပဲ ပြောပြစို့။ အဲဒီလို ထောက်ကူပစ္စည်း အားနည်းမှုကြောင့်လို့ (၁၀) နှစ် (၁၃) နှစ်ကာလမှာ ရောက်သင့်သလောက် ခရီးကို မရောက်ပါဘူး။ ဒီအတွက်ကြောင့်မို့ အခု ဒီအမေရိကခရီးစဉ်ကို ထွက်လာတဲ့အခါမှာ ကျနော်ရဲ့ community ကျနော့်ရဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကို ဝိုင်းဝန်ကူညီကြဖို့ နယ်လှယ်မေတ္တာရပ်ခံနေပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံ အာဏာပိုင်တွေ၊ မြန်မာနိုင်ငံ နိုင်ငံရေးသမားတွေ ဒီပုဂ္ဂိုလ်တွေက ဦးသိန်းထွန်းတို့လို လုပ်ငန်းမျိုးကို သူတို့ရဲ့ မူဝါဒထဲမှာ အမှန်တကယ် ချမှတ်ပြီး ဆောင်ရွက်နေတာ ရှိပါသလား။ အဲဒီ သူတို့ ဆောင်ရွက်ချက်တွေက အားကိုးလောက်ပါရဲ့လား။
ဦးသိန်းထွန်း ။ ။ အဲဒီနေရာမှာတော့ ကျနော်အနေနဲ့ တဖတ်သား လုပ်နေတယ်၊ မလုပ်ဘူးဆိုတာကိုလည်း သိပ်မပြောချင်တဲ့အတွက် ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ကျနော့် မျက်စိထဲမှာ၊ ကျနော် အမြင်မှုန်တာ ဖြစ်ကောင်းလည်းဖြစ်မယ်၊ ဒါပေမဲ့ မြင်သာအောင် မကြည့်သေးပါဘူး။ ပြီးရင် နောက်တခုက ကျနော်တို့ မြန်မာ့နိုင်ငံရေး အဝန်းအဝိုင်းထဲမှာ အခု ကျနော်တို့ လုပ်သလို အလုပ်မျိုးကို နိုင်ငံရေးလို့ မယူဆတဲ့၊ နိုင်ငံရေးလို့ လက်မခံတဲ့ အယူအဆ။ အဲဒီ အယူအဆတွေကိုလည်း တချို့တွေ့နေရပါတယ်။ နေရာတိုင်းလို့တော့ မဆိုလိုပါဘူး။

ဦးကျော်ဇံသာ ။ ။ အဲဒါကို ပိုပြီးတော့ တိုင်းပြည်အတွက် လိုအပ်တဲ့ကိစ္စပေါ့။ နိုင်ငံရေးသမားတွေက ဒီဟာကို မြင်ရမှာလေ။ နိုင်ငံရေးလုပ်တယ်ဆိုတာ သူတို့ဒေသ ကိုယ်စားပြုတဲ့လူထု ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အစစအရာရာ တိုးတက်အောင် လုပ်ပေးတာ နိုင်ငံရေး။ ဆိုတော့ ဦးသိန်းထွန်း လုပ်နေတာ ရွှေဘိုနယ်ဖက်မှာလို့ကြားတယ် ဟုတ်ပါသလား။ အဲဒီနယ်ဖက်က နိုင်ငံရေးသမားတွေ အဲဒီနယ်ဖက်က ပြည်သူတွေရဲ့ မဲကိုယူပြီးတော့ လွှတ်တော်တက်နေတဲ့ လွှတ်တော်အမတ်တွေက ဘာလုပ်နေကြသလဲ။ ဒီကိစ္စကို သူတို့ဘာမှ မလုပ်ဘူးလား။

ဦးသိန်းထွန်း ။ ။ ဟုတ်ကဲ့။ သူတို့ လွှတ်တော်တက်နေကြပါတယ်။

ဦးကျော်ဇံသာ ။ ။ လွှတ်တော်တက်နေရုံပဲလား။ သူတို့ ဘာကို အဓိကထားကြပါသလဲ။ ကျေးလက်ပြည်သူတွေနဲ့ တွေ့တဲ့အခါ သူတို့က လူထုအခက်အခဲ၊ လူထု လိုအပ်ချက်တွေကို တဆင့်ယူပြီးတော့ လွှတ်တော်ကနေ အထက်ကို တင်ပြပေးတာတွေ၊ ဘာတွေ မကြားဘူးလား။

ဦးသိန်းထွန်း ။ ။ အခုထိတော့ ကျေးလက်ပညာ ပံ့ပိုးရေးခေါင်းစဉ်ကို ကျနော် လွှတ်တော်ထဲမှာ မကြားမိသေးပါဘူး။ တခြားပညာရေးတွေတော့ ပြောဆိုနေတာတွေ ရှိတာပေါ့လေ။ ရှိပေမယ့် ကျေးလက်ဟာ မြန်မာနိုင်ငံ လူ့အဖွဲ့အစည်း ၇၅% အထက် နေထိုင်တဲ့ ဧရီယာဖြစ်တယ်။ အဲဒီ နယ်ပယ်အတွင်းက မျိုးဆက်သစ်လူငယ်တွေဟာ အတွေးအခေါ် တပ်ဆင်ခြင်း၊ နည်းပညာ တပ်ဆင်ခြင်းကို မခံစားရတဲ့အတွက် ရှေ့ဘိုးဘွားဘီဘင်တွေရဲ့ အတွေးအခေါ်အောက်မှာပဲ ရှင်သန်နေဆဲ ဖြစ်ပါတယ်။ ဒါတွေကို အမှန်မှာ လွှတ်တော်။ ဒါမှမဟုတ်ရင် တကယ့် နိုင်ငံရေးသမား၊ လုပ်ရည်ကိုင်ရည် မြင့်မားသူတွေ။ အဲဒီလူတွေက ဒီလူငယ်တွေကို မှန်ကန်တဲ့ ဦးဆောင်မှုတွေ ပေးပြီးတော့ ကိုယ်သန်ရာသန်ရာနည်းနဲ့ ဝိုင်းဝန်းပံ့ပိုးပေးမယ်ဆိုရင် မြန်မာနိုင်ငံ အနာဂတ်ဟာ လူသားအရင်းအမြစ်တန်းဖိုးကို ထိထိရောက်ရောက် သုံးနိုင်တဲ့ တန်းဖိုးတွေ ရရှိလာပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ ဒေါ်အောင်ဆန်းစုကြည်က ပြည်ပထွက်လာတုန်းကလည်း ကြားရတယ်။ မြန်မာနိုင်ငံမှာ tertiary education မဟုတ်ဘူးပေါ့။ အလယ်တန်းပညာလောက် သင်ပြီးတော့ လူငယ်တွေက အလုပ်လက်မဲ့ ဘာလုပ်ရမှန် မသိဖြစ်နေတယ်။ သူတို့ကို အသက်မွေးဝမ်းကြောင်း ပညာရေးသင်ပေးဖို့က အရေးကြီးတယ်။ ဒါကို ဦးစားပေးလုပ်ရမယ်ဆိုပြီးတော့ နိုင်ငံတကာက အကူအညီတောင်းတယ်။ သူကိုယ်တိုင်လည်း ဒါကို စိုက်လိုက်မတ်တပ် ပြောနေတာကိုလည်း တွေ့ပါတယ်။ ဆိုတော့ သူတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒါကို ဘယ်လောက်လုပ်နေတာကို တွေ့ရပါသလဲ။

ဦးသိန်းထွန်း ။ ။ အခုထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကနေ လုပ်နေတဲ့ ပညာရေးနဲ့ ပတ်သက်လို့ လုပ်နေကြတာတော့ ကြားရပါတယ်။ သူတို့တွေ နှီးနှောဖလှယ်ပွဲတွေလုပ်တယ်။ ပြီးတော့ ပညာရေးနဲ့ ပတ်သက်တဲ့ သင်ရိုးညွှန်းတမ်း ပြင်ဆင်ရေးတွေ ကြိုးစားတယ်။ နောက် အခုန ပြောနေတဲ့ ပညာရေးခံစားခွင့်၊ ပညာရေးနဲ့ ပတ်သက်တဲ့ အကျိုးခံစားခွင့်နည်းပါးတဲ့ သူတွေကို ကူညီတဲ့ အစီအစဉ်တွေလည်း သူတို့မှာ ရှိပါတယ်။ အဲဒါတွေကတော့ ကျနော် အခုသိသလောက်တော့ အင်အားစုက မြို့တော်နဲ့ မြို့ပြ နှုတ်ခမ်းစပ်ဒေသတွေ။ အဲဒီလောက်အထိတော့ သူတို့ရောက်ပါတယ်။ ဟိုကျေးလက်ဒေသအတွင်းကိုတော့ ထိထိရောက်ရောက် ခြေမချနိုင်သေးဘူးလို့ ကျနော် ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးသိန်းထွန်း အခုလှုပ်ရှားဆောင်ရွက်နေတဲ့ နယ်ဆိုတာ မြန်မာနိုင်ငံ ကျေးလက်တွေကို ကြည့်မယ်ဆိုရင် ဝေးလံခေါင်းပါးတဲ့ ကျေးလက်တွေကတော့ ပိုဆင်းရဲတာပေါ့။ ပြည်မအနေနဲ့ ကြည့်မယ်ဆိုရင်တော့ ရွှေဘိုဟာ စိုက်ပျိုးရေးထွက်ကုန်တွေ ပေါပေါများများထွက်တဲ့ ကျေးလက်မှာလည်း ဘယ်အဆင့်လောက်မှာရှိတဲ့ ကျေးလက်လို့ ဆိုရမလဲ။ ဆင်းရဲနွမ်းပါးတဲ့ ကျေးလက်လား။ သို့တည်းမဟုတ် အဆင့်မြင့်တဲ့ ကျေးလက်လို့ ဆိုနိုင်မလား။

ဦးသိန်းထွန်း ။ ။ ကျနော်တို့က မြန်မာနိုင်ငံတခုလုံးနဲ့ ကြည့်မယ်ဆိုရင်တော့ တကယ်ကို ကျနော်တို့ထက် ပိုပြီးတော့ တကယ်ကို သနားစရာကောင်းလောက်အောင် ခြွတ်ခြုံကျနေတဲ့ နယ်ပယ်တွေ ရှိပါတယ်။ အဲဒါတွေကတော့ တိုင်းရင်းသားနယ်ပယ်တွေ၊ တောင်တန်းနေပြည်သူတွေပေါ့။ ဒါပေမဲ့ ကျနော်တို့ အခုလက်ရှိ လုပ်နေတဲ့ ရွှေဘိုဆိုလည်း ကျနော် လက်ရှိလုပ်တဲ့ မအူပင်ဆိုတဲ့ရွာဟာ ရွှေဘိုမြို့ကနေ (၁၇) မိုင်ဝေးတယ်။ မူးမြစ်ကမ်းဘေးမှာ ရွှေဘိုမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်စပ်။ အဲဒီနယ်စပ်မှာ ဖြစ်တဲ့အတွက် လမ်းပန်းဆက်သွယ်ရေးကြောင့် တကယ်တော့ မြို့ပြဧရီယာအတွင်းမှာနေပြီး လမ်းပန်းဆက်သွယ်ရေး ညံ့ဖျင်းလွန်တဲ့အတွက် ဒီနေရာတွေဟာ တကယ့်ကို အခုနပြောတဲ့ တောင်တန်းနေဘဝလိုပဲ ခေါင်နေပါတယ်။ ပြီးတော့ အခြေအနေ ဘက်ပေါင်းစုံဟာ ညံ့ဖျင်းနေပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ကျနော် သိချင်တာက ရွှေဘိုနယ်ဘက်မှာ ခလေးတွေ မူလတန်းပညာကို ဆုံးခန်းတိုင်အောင် သင်နိုင်တဲ့ ခလေးတွေ။ ခလေးအားလုံး သင်နိုင်ပါသလား။ သို့မဟုတ် drop out မူလတန်းပညာတောင် ဆုံးအောင်မသင်နိုင်ဘဲနဲ့ မိဘတွေရဲ့ ရိုးရာလယ်ယာလုပ်ငန်းတွေအတွက် ကျောင်းကထွက်သွားရတာတွေ ဘယ်လောက်များရှိတယ် ထင်ပါသလဲ။ အဲဒါကို အကြမ်းမျဉ်း သိချင်ပါတယ်။

ဦးသိန်းထွန်း ။ ။ အကြမ်းမျဉ်း ပြောရမယ်ဆိုရင်တော့ ကျနော် တာဝန်ယူနေတဲ့ဒေသ။ အဲဒီဒေသမှာ ရှိနေတဲ့ မူလတန်းကျောင်းတွေ ရွာတွေမှာ ရှိပါတယ်။ ရှိပေမယ့် အဲဒီ မူလတန်းကျောင်းမှာ ရှိနေတဲ့ ကျောင်းသားရဲ့ (၆၅%) ဝန်းကျင်လောက်သာ ရှေ့ဆက် အလယ်တန်းကျောင်းကို တက်နိုင်တယ်။ အလယ်တန်းကျောင်းမှာတခါ အထက်တန်းကျောင်းကို တက်ဖို့လို့ (၅၀%) လောက်က ပြုတ်ကျသွားတယ်။ ဆိုလိုတာက ဒီ ပညာသင်ရမယ့်အရွယ် အဲဒီခလေးတွေဟာ အခုနပြောတဲ့ ၆၀% ဝန်းကျင်လောက်ဟာ ကျောင်းစာသင်ခန်းတွေရဲ့ဘေး။ ကျောင်းပရိဝုဏ်ဘေးကို ရောက်သွားပါတယ်။ ရောက်ပြီးတော့ သူတို့တွေက မိဘတွေနဲ့ ဒိုးတူဘောင်ဖက် လယ်ယာကိုင်ကျွန်း တဖက်ကလုပ်သလို၊ ကျန်အချိန်ပိုတွေမှာ သူတို့ဟာ အခုနပြောတဲ့ ထင်ရာစိုင်း ဒီလိုဖြစ်နေတဲ့အတွက် ကျနော့် ကျေးလက်ပံ့ပိုးပညာကျောင်းမှာ အဲဒီလို လူငယ်တွေကိုခေါ်ပြီး ဘာသာစကားသင်တယ်။ ပြီးရင် အခုန တတ်သင့်တတ်အပ်တဲ့ နည်းပညာတွေသင်တယ်။ ပြီးရင် ရန်ကုန်တို့၊ ပတ်ဝန်းကျင်က ဟောပြောပို့ချနိုင်သူတွေကိုခေါ်ပြီး သူတို့တွေနဲ့ ဟောပြောပို့ချတဲ့သင်တန်းတွေ လုပ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက ဦးသိန်းထွန်းတို့ သင်ပေးနေတဲ့ သင်ရိုးညွှန်းတမ်းတွေဟာ အစောက ဦးသိန်းထွန်းပြောတဲ့ ရိုးရာအစဉ်အလာရဲ့ လွှမ်းမိုးမှုအောက်မှာပဲ သူတို့ဘဝဟာ နစ်မွန်းသွားခဲ့တယ်။ အဲဒီတော့ ၂၁ ရာစု တော်တော်လေး ဝင်လာခဲ့ပြီးဖြစ်တယ်။ ခေတ်သစ် ဒီမိုကရေစီနိုင်ငံ ထူထောင်ရမယ့်အချိန် အဲဒီလို အတွေးသစ်၊ အမြင်သစ်တွေနဲ့ အံ့ဝင်ခွင်ကျတဲ့ ပညာရေး။ ရိုးရာမှာ ကောင်းတာလည်း ရှိမှာပေါ့၊ ပယ်သင့်တာလည်း ရှိမှာပေါ့။ အဲဒါတွေကို ပြုပြင်ပြီးတော့ စနစ်တကျရေးဆွဲထားတဲ့ သင်ရိုးညွှန်းတမ်းတွေကော ရှိပြီလား။

ဦးသိန်းထွန်း ။ ။ အဲဒီအဆင့်အထိ လက်ရှိအခြေအနေမှာ မရှိသေးပါဘူး။ မရှိသေးတဲ့အတွက် အခုသွားလာနေတဲ့ ခရီးမှာ ကျနော်တို့ လုပ်ဖော်ကိုင်ဖက်၊ စိတ်တူကိုယ်တူ ရှိသူတွေနဲ့ တိုင်ပင်နေပါတယ်။ တိုင်ပင်ပြီး ပြည်တွင်းမှာရှိတဲ့ ကျနော်တို့နဲ့ ဝါသနာတူ လုပ်ဖော်ကိုင်ဖက်တွေ။ ဒီပြည်ပမှာ ရှိနေတဲ့ ပညာရှင်အဆင့်စကာစ ကျနော်တို့ မိတ်ဆွေတွေနဲ့ တိုင်ပင်ပြီး ကျနော်ရဲ့ ကျေးလက်ပညာ ပံ့ပိုးရေးနဲ့ ပတ်သက်တဲ့ ကျနော်မှာရှိတဲ့ ပြဿနာတွေ၊ အခက်အခဲတွေ။ အဲဒီ အခက်အခဲတွေထဲမှာ အခုနပြောတဲ့ သင်ရိုးညွှန်းတမ်းလိုဟာမျိုးကအစ ကျနော်တို့ လက်ရှိ လိုအပ်နေတဲ့ လိုအပ်ချက်တွေကို တင်ပြတယ်။ ဝိုင်းဝန်ကြံစည်းလုပ်ကိုင်ကြဖို့။ ဒီဥစ္စာကတော့ နေ့ချင်းညချင်း ဖြစ်မှာမဟုတ်သေးပါဘူး။ ကျနော်တို့ နည်းနည်းအချိန်ယူပြီး ကြိုးစားယူရပါမယ်။

ဦးကျော်ဇံသာ ။ ။ ဒီလိုမျိုး သင်ရိုးညွှန်းတမ်းဆွဲတယ်ဆိုတာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှာလည်း ကြားတယ်။ တခါ မြန်မာအစိုးရ ပညာရေးဝန်ကြီးဌာနကလည်း လုပ်တယ်ကြားပါတယ်။ အဲဒီလုပ်ငန်းတွေနဲ့ကော ဦးသိန်းထွန်းတို့ ပူးပေါင်းဆောင်ရွက်မှု ရှိပါသလား။

ဦးသိန်းထွန်း ။ ။ ကျနော့်အနေနဲ့ ပြောကြစို့ဆို NLD ဒါမှမဟုတ် အစိုးရ အဲဒီလို ပညာရေးအဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆောင်ရွက်တာ တိတိကျကျကြီးတော့ မရှိပါဘူး။ ဒါပေမဲ့ ဒေါက်တာသိန်းလွင်ရဲ့ ပညာရေးအစီအစဉ်နဲ့တော့ ကျနော့်နဲ့ အဆက်မပြတ် ထိတွေ့နေပါတယ်။ ကျနော့်ကျောင်းက ဆရာမလေးတွေဆိုရင် ဒေါက်တာသိန်းလွင်ရဲ့ မဲ့ဆော့မှာရှိတဲ့ သင်တန်းအထိ ရွှေဘိုကနေ ရောက်အောင်ပို့ပြီး သင်တန်းကိုခံယူပါတယ်။

ဦးကျော်ဇံသာ ။ ။ အစိုးရနဲ့ကော ။

ဦးသိန်းထွန်း ။ ။ အစိုးရနဲ့ကြတော့ ပွင့်ပွင့်လင်းလင်းပြောရင် ကျနော်က ၉၈ ခုနှစ်အထိ ထောင်ကျနေတဲ့လူဖြစ်တယ်။ ၉၈ မှာ ထောင်ကလွတ်ပြီး ၉၉ မှာစပြီး လုပ်ခဲ့တဲ့ ကျနော့်ကျောင်းဟာ အဲဒီအချိန်အထိ နိုင်ငံရေး ပွင့်လင်းမှု မရှိသေးပါဘူး။ နိုင်ငံရေးပွင့်လင်းမှု မရှိတဲ့အတွက် ကျနော် လုပ်တဲ့အလုပ်ကို ကျနော့်ရဲ့ လက်ရှိနံမည် သိန်းထွန်းဆိုတာနဲ့ မလုပ်ဘဲ။ သက်အောင်ဆိုတဲ့ နံမည်နဲ့ ဒီကျောင်းကို ဖွင့်ခဲ့ရတာဖြစ်ပါတယ်။ ကျနော် ကြိုးစားခဲ့ရတယ်။ ဒီအတွက်ကြောင့်မို့ အစိုးရနဲ့ ပတ်သက်တဲ့ ပံ့ပိုးကူညီမှုကို လာမယ့် အစိုးရသစ်ခေတ်မှာတော့ ဘယ်နှစ်ဘယ်ကာလတော့ မသိဘူး။ တချိန်ချိန်တော့ ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ ထင်ပါတယ်။
XS
SM
MD
LG