သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အချိန်နှောင်းပြီးမှ ချတဲ့ ၈၈ ရဲ့ ဆုံးဖြတ်ချက်


၈၈မျိုးဆက်ခေါင်းဆောင်များနဲ့ ဒေါ်အောင်ဆန်းစုကြည်
၈၈မျိုးဆက်ခေါင်းဆောင်များနဲ့ ဒေါ်အောင်ဆန်းစုကြည်

ပြည်သူတွေ မျှော်ပေမယ့် မောတာပဲ အဖတ်တင်ပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဟာ ပါတီထောင် နိုင်ငံရေး မလုပ်ကြသလို၊ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အင်န်အယ်လ်ဒီ ပါတီထဲ ဝင်၊ ပါတီရဲ့ ဦးဆောင်မှု ခံယူပြီး နိုင်ငံရေး ဘ၀ ဖြတ်သန်းတာမျိုးလည်း မလုပ်ကြပါဘူး။

ရေဘေး သတင်းတွေနဲ့ အတူ အခုတလော ဂယက်ရိုက်သွားတဲ့ ပြသနာ တစ်ခုကတော့ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အမတ်လောင်း ရွေးချယ်မှု ပြသနာပါ။ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက် ပွင့်လင်း အဖွဲ့အစည်းက ခေါင်းဆောင်နဲ့ အဖွဲ့ဝင် အယောက် ၂၀ လောက် အင်န်အယ်လ်ဒီ အလံအောက်ကနေ ရွေးကောက်ပွဲ ဝင်ဖို့ စာရင်းပေးခဲ့ကြပါတယ်။ အဲဒီလို စာရင်းပေးထားရာကနေ ကိုမြအေး စောစောစီးစီး နှုတ်ထွက်ခဲ့ပါတယ်။ နောက်ပိုင်း အင်န်အယ်လ်ဒီက ကြေငြာတဲ့ အမတ်လောင်း ခွင့်ပြုစာရင်းမှာ ကိုပြုံးချို တစ်ယောက်ပဲ ပါလာပြီး ၈၈ အဖွဲ့ ထိပ်တန်းခေါင်းဆောင် ကိုကိုကြီး နဲ့ အခြား အဖွဲ့ဝင်တွေ အားလုံး လိုလိုလောက် ပယ်ချခံခဲ့ရပါတယ်။ အင်န်အယ်လ်ဒီရဲ့ ဒီ ဆုံးဖြတ်ချက် ဝေဖန်သံတွေ ဆူညံသွားခဲ့ပြီး ၈၈ ပွင့်လင်း အဖွဲ့အစည်းအတွင်းမှာလည်း မကျေနပ်မှု များစွာ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ ခုဆို ၈၈ ပွင့်လင်း အဖွဲ့အစည်း ကွန်ယက်များ စုံညီတွေ့ဆုံပွဲ တစ်ခု ပြုလုပ်ပြီးသွားပါပြီ။ အဲဒီ အစည်းအဝေးမှာ သူတို့ ဘာတွေ ဆုံးဖြတ်ချက် ချခဲ့ကြသလဲ၊ သူတို့ ဆုံးဖြတ်ချက် အချိန်နှောင်းသွားလေသလား ဆိုတာ ဒီတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

၁၉၈၈ ပြည်သူတွေရဲ့ ဒီမိုကရေစီ တောင်းဆို ဆန္ဒပြပွဲအပြီး အာဏာသိမ်း တက်လာတဲ့ စစ်အစိုးရကို တောက်လျောက် အံတု ဆန့်ကျင်လာတဲ့ အစုအဖွဲ့တွေထဲမှာ အင်အယ်လ်ဒီ နဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ အဖွဲ့ဟာ အထင်ရှားဆုံး ဖြစ်ပါတယ်။ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဂျင်မီ တို့လို ကျောင်းသားခေါင်းဆောင်တွေရဲ့ အလံမလဲှတဲ့ စိတ်ဓာတ်တွေကြောင့် စစ်အာဏာရှင်တွေဟာ နှစ်ရှည် ထောင်ဒါဏ် အကြိမ်ကြိမ် ချမှတ်ခဲ့ပါတယ်။ စစ်အစိုးရရဲ့ ဆိုးရွားလှတဲ့ ဖိနှိပ်အုပ်ချုပ်မှု ကာလ တလျောက်လုံး ပြည်သူတွေရဲ့ မျှော်လင့်ချက်ဟာ ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်လ်ဒီ နဲ့ ၈၈ မျိုးဆက် ခေါင်းဆောင်တွေ ဖြစ်ခဲ့ပါတယ်။ တစ်ခါတစ်ရံ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်ကျ၊ အင်န်အယ်လ်ဒီ ပါတီ ထက်မြက်မှု မရှိတဲ့ ခေါင်းဆောင်မှုအောက် ကျရောက်နေစဉ် ကာလ တွေမှာတော့ ပြည်သူလူထုဟာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ အပေါ် ပိုပြီး မျှော်လင့်ချက် ထားခဲ့တဲ့ ကာလ တွေလည်း ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

၂၀၁၁ မြန်မာနိုင်ငံမှာ အစိုးရ အပြောင်းအလဲ ဖြစ်ပါတယ်။ အသစ်တက်လာတဲ့ သမ္မတ ဦးသိန်းစိန် အစိုးရဟာ ၂၀၀၈ ဖွဲ့စည်းပုံကို အခြေခံတဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ပါတယ်။ အဲဒီ အထဲမှာ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးပြီး လွတ်လွတ်လပ်လပ် နိုင်ငံရေး လုပ်ကိုင်ခွင့် ပေးတာလည်း ပါဝင်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်ဝန်းကျင် ရောက်တဲ့အခါ အကျဉ်းထောင်ထဲမှာ နှစ်ရှည် အကျဉ်းချ ခံထားရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် အားလုံး နီးပါး လွတ်မြောက်လာကြပြီး နိုင်ငံရေးဖြစ်စေ၊ လူမှုရေးဖြစ်စေ လွတ်လပ်စွာ လှုပ်ရှားခွင့် ရလာကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီး နောက်ပိုင်း အင်န်အယ်လ်ဒီ ကတော့ ပါတီကို ခိုင်မာအောင် တည်ဆောက်ပါတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲဝင်၊ အမတ်နေရာ ၄၀ ကျော် အနိုင်ရတဲ့အခါ လွှတ်တော်ထဲ ဝင်ရောက်ပြီး လွှတ်တော်နိုင်ငံရေး လုပ်ကိုင်ဆောင်ရွက်ကြပါတယ်။ ပြည်သူတွေ စိတ်ဝင်စားနေကြတာကတော့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေရဲ့ အစုအဖွဲ့ပါ။ သူတို့တွေ နိုင်ငံရေး ပါတီ ထောင်ကြမလား၊ အင်န်အယ်လ်ဒီ ပါတီထဲ ဝင်ပြီး နိုင်ငံရေး လုပ်ကြမလား၊ ဒါမှမဟုတ်ရင် အခြား ဘာတွေ လုပ်ကြဦးမလဲ ဆိုတာပါ။

ပြည်သူတွေ မျှော်ပေမယ့် မောတာပဲ အဖတ်တင်ပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဟာ ပါတီထောင် နိုင်ငံရေး မလုပ်ကြသလို၊ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အင်န်အယ်လ်ဒီ ပါတီထဲ ဝင်၊ ပါတီရဲ့ ဦးဆောင်မှု ခံယူပြီး နိုင်ငံရေး ဘ၀ ဖြတ်သန်းတာမျိုးလည်း မလုပ်ကြပါဘူး။ ဒီလိုနဲ့ ၈၈ မျိုးဆက် ပွင့်လင်း အဖွဲ့အစည်း ဆိုတာ တည်ထောင်ပြီး လွှတ်တော်ပြင်ပ နိုင်ငံရေးနဲ့ လူမှုရေး ကိစ္စတွေကို ဆောင်ရွက်ရင်း အချိန်တွေကို တရွေ့ရွေ့ ကုန်ဆုံးစေပါတယ်။ ဒါပေမယ့် ၈၈ မျိုးဆက် ခေါင်းဆောင်တွေ အဲလို လုပ်တာကို ပြည်သူ အများစုကတော့ သိပ်ပြီး နားမလည်ကြပါဘူး။ ဒါကြောင့်လည်း သူတို့အနေနဲ့ နိုင်ငံရေးကို တိတိကျကျ ဇောက်ချပြီး မလုပ်ကြတော့ဘူးလား ဆိုတဲ့ မေးခွန်းမျိုး အမြဲတန်း မေးလေ့ရှိတာ တွေ့ကြရပါတယ်။

ဒီလိုနဲ့ ၂၀၁၅ ရွေးကောက်ပွဲ အကြိုကာလ ရောက်လာပါတယ်။ ဒီကြားထဲ ၈၈ မျိုးဆက် ပွင့်လင်းအဖွဲ့အစည်းက ခေါင်းဆောင်နဲ့ အဖွဲ့ဝင်တွေ အင်န်အယ်လ်ဒီ ပါတီ အလံတော်အောက်ကနေ ရွေးကောက်ပွဲ ဝင်နိုင်ဖို့ ၈၈ အဖွဲ့နဲ့ အင်န်အယ်လ်ဒီ ပါတီ ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီတွေ့ဆုံညှိနှိုင်းမှု ရလာဒ်တွေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးက တရားဝင် ဘာမှ ထုတ်ပြန်တာတော့ မရှိခဲ့ပါဘူး။ ဒီ နည်းနဲ့ ၈၈ ပွင့်လင်း အဖွဲ့အစည်းက ဦးကိုကိုကြီး အပါအဝင် ခေါင်းဆောင်နဲ့ အဖွဲ့ဝင် ၂၀ လောက် အင်န်အယ်လ်ဒီ ပါတီ အလံအောက်ကနေ အမတ်လောင်း ဝင်အရွေးခံဖို့ စာရင်းတင်လိုက်ပြီ ဆိုတဲ့ သတင်း ထွက်ပေါ်လာပါတော့တယ်။ တကယ်တော့ ၈၈ ပွင့်လင်း အဖွဲ့ခေါင်းဆောင်တွေ၊ အဖွဲ့ဝင်တွေအနေနဲ့ အင်န်အယ်လ်ဒီ ပါတီ အလံအောက်က ရွေးကောက်ပွဲ ဝင်မယ် ဆိုတာဟာ အင်န်အယ်လ်ဒီ ပါတီထဲကို ဝင်တာ၊ အင်န်အယ်လ်ဒီ ပါတီရဲ့ ဦးဆောင်မှု ခံယူလိုက်တာပဲ ဖြစ်ပါတယ်။ အဲဒီလိုသာ ရည်မှန်းချက် ရှိရိုးမှန်ရင် နဂို ကာလ အတော်ကြာကြာကတည်းက အင်န်အယ်လ်ဒီ ပါတီထဲ ဝင်ရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ပါတီရဲ့ ဦးဆောင်မှုကို ခံယူ၊ ပါတီက ပေးတဲ့ ကျရာတာဝန်တွေကို ထမ်းဆောင်ထားဖို့ သင့်ပါတယ်။

အခု အဲလို မရွေးချယ်ခဲ့တာကြောင့် ၈၈ မျိုးဆက်တွေရဲ့ ဆုံးဖြတ်ချက်တွေဟာ ပါတီထဲဝင်၊ ပါတီ ဦးဆောင်မှု ခံယူမယ် ဆိုတာမျိုးထက်၊ အမတ်ဖြစ်ချင်တဲ့ ဆန္ဒကြောင့် စာရင်းလာတင်ရတယ် ဆိုပြီး အဓိပ္ပါယ်ကောက်ယူနိုင်တဲ့ အနေအထား ရောက်သွားစေပါတယ်။ အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း ကိုပြုံးချို တစ်ယောက်ကလွဲရင် ကိုကိုကြီး နဲ့ အခြား ၈၈ အဖွဲ့ဝင်အားလုံးဟာ အင်န်အယ်လ်ဒီ ပါတီရဲ့ အမတ်လောင်းတွေ အဖြစ် အရွေးချယ် မခံခဲ့ရပါဘူး။ ဒီမှာလည်း မေးစရာ မေးခွန်း တစ်ခုရှိလာပါတယ်။ အမတ်လောင်း အဖြစ် အရွေးမခံရတဲ့ ၈၈ အဖွဲ့ဝင်တွေ ဘာလုပ်ကြမှာလဲ ဆိုတာပါ။ တစ်ဖက်မှာလည်း အင်န်အယ်လ်ဒီ ပါတီဝင်အဖြစ် လျောက်လွှာ တင်ထားပြီးပါပြီ။ အမတ်လောင်း အဖြစ် အရွေးချယ် မခံရတာနဲ့ အင်န်အယ်လ်ဒီ ပါတီဝင် အဖြစ် မခံယူတော့ပဲ ကိုယ့်အဖွဲ့အစည်း ကိုယ်ပြန်သွားမယ် ဆိုရင် အင်န်အယ်လ်ဒီ ခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်တွေရဲ့ အမြင်လည်း ကောင်းနိုင်မှာ မဟုတ်ပါဘူး။

ဒါနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က “ကိုယ်စားလှယ်လောင်းအဖြစ် သတ်မှတ်မခံရတဲ့ ပုဂ္ဂိုလ်တွေရဲ့ စိတ်နေစိတ်ထားတွေက မကြာမီ ပေါ်လာပါတော့မယ်။ ကိုယ့်အတွက် ပထမလား၊ အဖွဲ့ချုပ်အတွက် ပထမ လားဆိုတာ အတိအလင်း တွေ့မြင်နိုင်တော့မှာပါ။” ဆိုပြီး ကြိုတင် မေးခွန်းထုတ်ထားပြီးသားလည်း ဖြစ်နေပါတယ်။ တကယ်လည်း အမတ်လောင်းအဖြစ် ရွေးချယ်မခံရတဲ့ ၈၈ အဖွဲ့ဝင်တွေဟာ သူ့မိခင်အဖွဲ့အစည်းကို ပြန်သွားကြပြီး နောင် ရွေးကောက်ပွဲ အပြီးကာလ လောက်မှာ နိုင်ငံရေးပါတီသစ် တစ်ခု တည်ထောင်ဖို့ ဆွေးနွေးနေကြပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ၈၈ အဖွဲ့ရဲ့ ပါတီထောင်မယ့် ဆုံးဖြတ်ချက်ဟာ ခုလို သူတို့နဲ့ အင်န်အယ်လ်ဒီ အဖုအထစ်တွေ ဖြစ်ပြီးမှ ချတဲ့ ဆုံးဖြတ်ချက်မို့ အများကြီး အချိန်နှောင်းခဲ့ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG