အခုဆိုရင် ရွေးကောက်ပွဲကြီးပြီးသွားလို့ အနိုင်ရပါတီဆိုတာ ပေါ်ပေါက်လာပါပြီ။ နောင် ဖွဲ့စည်းမယ့် လွှတ်တော်နဲ့ အစိုးရအဖွဲ့ ဘယ်လို ပုံပန်းသဏ္ဍာန်ရှိမလဲ မှန်းဆ နိုင်ပါပြီ။ လွယ်လွယ်ပြောရရင် အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လွှမ်းမိုးမယ့် လွှတ်တော်နဲ့ အင်န်အယ်လ်ဒီ က ဖွဲ့စည်းမယ့် အစိုးရအဖွဲ့ပါ။ ဒီ လွှတ်တော်နဲ့ အစိုးရအဖွဲ့ဟာ လက်ရှိ လွှတ်တော်နဲ့ အစိုးရအဖွဲ့ဆီကနေ တိုင်းပြည်ရဲ့ လုပ်ငန်းဆောင်တာ ကိစ္စ အ၀၀ကို လွဲှပြောင်းရယူ၊ ဆက်ခံပါလိမ့်မယ်။ အဲဒီအထဲမှာ လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရေး ကိစ္စလည်း ပါဝင်ပါတယ်။ ငြိမ်းချမ်းရေး အကောင်အထည် ဖော်မှုနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် အကောင်အထည် ဖော်နေတာ ဘယ်အထိ ခရီးရောက်နေပြီလဲ၊ လက်ရှိ ဘာမှားနေသလဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေး တင်ပြသွားပါ့မယ်။
တကယ်တော့ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းတွေကို လွယ်လွယ်ကူကူ အကောင်အထည် ဖော်နိုင်ခဲ့တာမျိုးတော့ မဟုတ်ပါဘူး။ တပ်မတော်က ကျောထောက်နောက်ခံပြုထားတဲ့ အစိုးရအဖွဲ့ဖြစ်ပေမယ့် လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းတဲ့အခါ ကိုယ့်စိတ်တိုင်းကျ ဆုံးဖြတ် အကောင်အထည် ဖော်လို့ ရခဲ့တာမျိုးလည်း မဟုတ်ပါဘူး။ များသောအားဖြင့် တပ်မတော်ရဲ့ သဘောထားကို ရယူပြီးမှ အကောင်အထည် ဖော်လို့ ရခဲ့တာပါ။ အစိုးရဟာ လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ အပေးအယူလုပ် ဆွေးနွေးညှိနှိုင်းတယ် ဆိုတာထက် တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအကြား သဘောတူညီချက်တွေရအောင် ကြားခံ ညှိနှိုင်းပေးရတဲ့ အဖွဲ့ သဘောမျိုး ပိုဆောင်တာ တွေ့ကြရပါတယ်။
အားလုံးသိကြပြီဖြစ်တဲ့အတိုင်း အစိုးရဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ပထမ အဆင့် အပစ်ရပ် သဘောတူညီမှုရရေး၊ ဒုတိယ အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပဖို့ မူဘောင် ရေးဆွဲရေး၊ တတိယ အဆင့် နိုင်ငံရေးဆွေးနွေးပွဲကြီး ကျင်းပပြီး ညှိနှိုင်းအဖြေရှာရေး၊ စတုတ္တ အဆင့် နိုင်ငံရေးဆွေးနွေးပွဲကြီးကနေ ပေါ်ပေါက်လာတဲ့ သဘောတူညီချက်ကို လွှတ်တော်မှာ အတည်ပြုချက်ရယူ၊ ဖွဲ့စည်းပုံ ပြင်ရေး ဆိုတဲ့ မူကို ကိုင်စွဲ အကောင်အထည် ဖော်ခဲ့ပါတယ်။ ဒီ လုပ်ငန်းစဉ်တွေကို တိုင်းရင်းသားတွေ ဘက်ကလည်း သဘောတူပါတယ်။
ပထမ အဆင့် တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် NCA တစ်ခု ရဖို့ ညှိနှိုင်းကြပါတယ်။ ပထမ အစိုးရဘက်က တင်ပြတဲ့ မူကြမ်း၊ တိုင်းရင်းသားတွေဘက်က တင်ပြတဲ့ မူကြမ်း နှစ်ခုရှိခဲ့ပါတယ်။ နောက်ဆုံး တိုင်းရင်းသားတွေ တင်ပြတဲ့ မူကြမ်းကို အခြေတည်ပြီး အဆင့်ဆင့် ညှိနှိုင်းဆွေးနွေးပြီးမှ လက်ရှိ NCA စာချုပ်ကို ရလာတာပါ။ ဒါနဲ့ ပတ်သက်ပြီး အစိုးရ ငြိမ်းချမ်းရေး အကောင်အထည် ဖော်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဝန်ကြီး ဦးအောင်မင်း ပြောတာ မှန်ပါတယ်။ အားလုံးသဘောတူတဲ့ သမိုင်းမှာ မရှိခဲ့ဖူးသေးတဲ့ ဒီ NCA စာချုပ်ကို သူတို့တွေ လွယ်လွယ် ကူကူ ရခဲ့တာ မဟုတ်ဘူး ဆိုတာပါ။ ပြသနာက NCA ကို သဘောတူပြီး လက်မှတ်ရေးထိုးတော့မယ် ဆိုတော့မှ စ တာပါ။
အားလုံးသိကြပြီဖြစ်တဲ့အတိုင်း အစိုးရနဲ့ တပ်မတော်ဟာ NCA စာချုပ်မှာ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေ အားလုံး ရေးထိုးဖို့ သဘောမတူပါဘူး။ ကိုးကန့်၊ တအာန်းပလောင်နဲ့ ရခိုင် AA တပ်ဖွဲ့တွေကို ချန်လှပ်ထားလိုပြီး အထူးသဖြင့် ကိုးကန့်တပ်ဖွဲ့ကို လက်မှတ်ရေးထိုးမှုမှာ မပါဝင်စေလိုပါဘူး။ ဒါကို ကေအိုင်အေ နဲ့ လက်နက်ကိုင် အဖွဲ့တစ်ချို့က သဘောမတူပါဘူး။ ကေအဲန်ယူ၊ RCSS/SSA တောင်ပိုင်းရှမ်းပြည် တပ်မတော်အပါအဝင် (၈) ဖွဲ့က သဘောတူပါတယ်။ ဒီလိုနည်းနဲ့ အစိုးရဟာ NCA ကို လက်နက်ကိုင် (၈) ဖွဲ့နဲ့ပဲ လက်မှတ်ထိုးလိုက်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆက်အကောင်အထည် ဖော်ပါတယ်။ ဒီလို ငြိမ်းချမ်းရေး လုပ်ငန်း အကောင်အထည် ဖော်နေတဲ့ အချိန်မှာပဲ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်မှာ တိုက်ပွဲကြီးတွေ ဆက် ဖြစ်နေတာကတော့ အားလုံး အသိပါ။
NCA လက်မှတ်ထိုးပြီး အကောင်အထည် ဖော်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကတော့ နှစ်ပိုင်း ကွဲသွားပါတယ်။ ပထမ တစ်ပိုင်းကတော့ စစ်ရပ်စဲရေးဆိုင်ရာ ကိစ္စတွေဖြစ်ပြီး အစိုးရ၊ တပ်မတော်နဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေ နှစ်ဖက်ပဲ ညှိပြီး လုပ်ရတဲ့ ကိစ္စပါ။ အဲဒီ အပိုင်းမှာ NCA စာချုပ်အရ “နှစ်ဖက် လေးစားလိုက်နာရမယ့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနဲ့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ” ဆိုတာမျိုးကို ညှိနှိုင်းနိုင်ခဲ့ပါတယ်။ ပြောရရင် နှစ်ဖက် လက်နက်ကိုင် တပ်ဖွဲ့တွေအကြား နောက်ထပ် ပစ်ခတ်တိုက်ခိုက်မှုတွေ မဖြစ်ပွားအောင် လုပ်နေကြတဲ့ အပိုင်းမှာ အောင်မြင်မှုတွေရနေပြီး ထိတွေ့တိုက်ခိုက်မှုတွေလည်း မကြားရသလောက် ဖြစ်နေတဲ့ အခြေအနေပါ။
ပြသနာ တက်တာကတော့ နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ အပိုင်းမှာပါ။ NCA စာချုပ်မှာ အပစ်အခတ် ရပ်တဲ့ ကိစ္စတွေတင်မက ရှေ့ ဆက်လုပ်ရမယ့် နိုင်ငံရေးဆိုင်ရာ လုပ်ငန်းစဉ်တွေကို အချိန်နဲ့ တကွ တိတိကျကျ ဖော်ပြထားပါတယ်။ ဘယ်လောက် အကြာမှာ မူဘောင် ရေးဆွဲပြီးရမယ်၊ ဘယ်လောက်အကြာမှာ နိုင်ငံရေး ဆွေးနွေးပွဲကြီး စ ရမယ် ဆိုတာမျိုးဖြစ်ပါတယ်။ ဒီလိုနဲ့ NCA မှာပါတဲ့အတိုင်း နိုင်ငံရေးဆွေးနွေးပွဲကြီး ကျင်းပနိုင်ရေးအတွက် မူဘောင် ချမှတ်တဲ့ ဆွေးနွေးပွဲကြီး လုပ်ဖို့ ဖြစ်လာပါတယ်။ အဲဒီ မူဘောင် ဆွေးနွေးပွဲကို အစိုးရနဲ့တပ်၊ လက်နက်ကိုင် တိုင်းရင်းသား၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ ဆိုပြီး အစုအဖွဲ့ သုံးဖွဲ့က တူညီတဲ့ ကိုယ်စားလှယ်တွေ တက်ရောက် ဆွေးနွေး ဆုံးဖြတ်ရမှာပါ။ အစိုးရနဲ့ တိုင်းရင်းသားဘက် ပြသနာ မရှိပေမယ့် နိုင်ငံရေးပါတီများ ဆိုတဲ့ အစုအဖွဲ့ ကိုယ်စားလှယ် ရွေးချယ်ရေး မှာတော့ ပြသနာ ရှိလာပါတယ်။ တကယ်ဖြစ်သင့်တာကတော့ ရွေးကောက်ပွဲ အပြီးကာလ ပြည်သူလူထု ထောက်ခံမှု ရလာဒ်လည်း ထွက်ပေါ်လာပြီဖြစ်လို့ ဒီ ကိုယ်စားလှယ်ရွေးချယ်ရေး အင်န်အယ်လ်ဒီ ပါတီကို တာဝန်ပေးသင့်ပါတယ်။ ပြည်သူရွေးလို့ အရွေးချယ်ခံရတဲ့ ပါတီတွေက ကိုယ်စားလှယ်တွေနဲ့ ဒီ အစုအဖွဲ့ကို ဖွဲ့စည်းသင့်ပါတယ်။ ဒါပေမယ့် ဝန်ကြီးဦးအောင်မင်းနဲ့ အစိုးရအဖွဲ့ဘက်က အဲလို မလုပ်ခဲ့ပါဘူး။ မြန်မာနိုင်ငံမှာ ပါတီပေါင်း ၉၀ ကျော်ရှိတယ် ဆိုပြီး ပြည်သူ ထောက်ခံမှု မရလို့ အမတ်တစ်ယောက်မှ အရွေးမခံရတဲ့ ပါတီက လူတွေကိုပါ ကိုယ်စားလှယ် စာရင်း ထည့်သွင်းတာမျိုး လုပ်ခဲ့ပါတယ်။ ဒါကို ရွေးကောက်ပွဲ အနိုင်ရ အင်န်အယ်လ်ဒီ ပါတီက လက်မခံပါဘူး။ အဲလို အခြေအနေမျိုးမှာ အစိုးရနဲ့ တိုင်းရင်းသားတွေဘက်က ဆွေးနွေးပွဲတွေကို ဆက်သွားနေမယ် ဆိုရင် နောက်ဆက်တွဲ အခက်အခဲတွေ ကြုံတွေ့ရတော့မှာ အသေအခြာပဲ ဖြစ်ပါတယ်။
လက်ရှိ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲတွေရဲ့ အစ မှာကိုပဲ အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ကိုယ်စားလှယ်တွေကလည်း မပါ၊ ပြည်သူလူထု တစ်ရပ်လုံး ထောက်ခံတဲ့ အင်န်အယ်လ်ဒီ ပါတီ ကလည်း ကိုယ်စားလှယ် အနေနဲ့ မတက်ပဲ လေ့လာသူ အနေနဲ့ပဲ တက်ပါတယ်။ ဒီလို ဆွေးနွေးပွဲတွေကနေ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့မယ် ဆိုရင် နောင် အားလုံးသဘောတူတဲ့၊ တကယ့် စစ်မှန်တဲ့ ငြိမ်းချမ်းရေး အတွက် အသုံးဝင်မယ့် ဆုံးဖြတ်ချက်တွေ၊ လုပ်ငန်းစဉ်တွေ ဖြစ်လာတော့မှာ မဟုတ်ပါဘူး။ ဒီအတွက် အခု ချိန်ကစ ဝန်ကြီးဦးအောင်မင်းနဲ့ အစိုးရအဖွဲ့ဘက်ကနေ မူဘောင်ဆွေးနွေးပွဲ ကျင်းပပုံ ကျင်းပနည်းကို အသေအခြာ ပြန် သုံးသပ်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။