ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့က ပြန်ကြားရေးဝန်ကြီးဌာနဟာ လာမယ့် ရွေးကောက်ပွဲမှာ အသုံးပြုမယ့် မဲလက်မှတ်တွေ ရိုက်နှိပ်မှုနဲ့ ပတ်သက်ပြီး ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲ တစ်ခု လုပ်ခဲ့ပါတယ်။ သတင်းစာရှင်းပွဲမှာ ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ မှာကြားချက်အရ သူတို့ ပုံနှိပ် ရိုက်ထုတ်နေတဲ့ မဲလက်မှတ်တွေအကြောင်း၊ မဲလက်မှတ် အရည်အတွက် စတာတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် မဲလက်မှတ်တွေ ပြင်ပကို ရောက်မသွားရလေအောင် ပုံနှိပ်ထုတ်လုပ်မှု လုပ်ငန်းကို လုံခြုံရေးအပြည့်ယူပြီး လုပ်ကိုင်ဆောင်ရွက်နေတယ်လို့ ပြောဆိုပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ မဲလက်မှတ် ပုံနှိပ်မှု သတင်းစာရှင်းပွဲမှာ ဘယ်အချက်တွေကို ထုတ်ပြန်ခဲ့သလဲ၊ မဲလက်မှတ် ပုံနှိပ်မှု လုပ်ငန်းဟာ လျှို့ဝှက်ပြီး လုပ်ရတဲ့ လုပ်ငန်းလား၊ နိုင်ငံတကာမှာ ဘယ်လို လုပ်ကိုင်နေကြသလဲ၊ ဘယ်လို ဖြစ်သင့်သလဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေး တင်ပြသွားပါ့မယ်။
ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေရဲ့ ရှင်းပြချက်အရ ကြိုတင် ဆန္ဒမဲလက်မှတ် စာအိတ် သိန်း ၁၀၀၊ ပုံနှိပ် ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအထဲမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒါမှမဟုတ် ပြည်နယ် လွှတ်တော်တွေအတွက် ၃၁ သိန်းစီ ပါတယ်လို့ ဆိုပါတယ်။ ဒါဟာ လူ ၃ သန်းကျော် အတွက် ရည်ရွယ်ပြီး ကြိုတင်မဲ လက်မှတ်တွေ ပြင်ဆင်ထားတာလို့ ဆိုနိုင်ပါတယ်။ သိပ်မကြာသေးခင်တုန်းကပဲ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး က နိုင်ငံတကာရောက် မြန်မာတွေ ပြည်ပကနေ မဲပေးဖို့ လျောက်ထားသူ ၂ သောင်းတောင် မပြည့်သေးဘူးလို့ ပြောထားပါသေးတယ်။ ခုနေချိန်ဆို ၂ သောင်းကျော်ကောင်း ကျော်သွားနိုင်ပါတယ်။ ဒါဟာ လျောက်ထားတာသာ ဖြစ်ပြီး သူတို့နာမည်တွေ မဲစာရင်းထဲ ပါမပါ၊ မဲပေးခွင့်ရမရ မသိနိုင်သေးတဲ့ အရည်အတွက်ဖြစ်ပါတယ်။ ဒါဆိုရင် ကြိုတင်မဲပေးဖို့ စာအိတ်တွေ လူ ၃ သန်းကျော်စာ ရိုက်နှိပ်တာဟာ ပြည်တွင်းအတွက်ပဲ ဖြစ်ဖို့များတာမို့၊ ပြည်တွင်းမှာ ၂၀၁၀ တုန်းကလိုပဲ ကြိုတင်မဲပေးသူ များစရာ အကြောင်းရှိနေပြီလား၊ အလွန် သတိထားစရာ စိုးရိမ်စရာ ကောင်းပါတယ်။
အလားတူပါပဲ။ ကော်မရှင်ရဲ့ အမှာစာအရ ပြည်သူ့လွှတ်တော် အတွက် မဲလက်မှတ်ပေါင်း သန်း ၄၀ ကျော်၊ အမျိုးသားလွှတ်တော် အတွက် ၃၈ သန်းကျော်၊ တိုင်းဒါမှမဟုတ် ပြည်နယ် လွှတ်တော် အတွက် သန်း ၄၀ နီးပါး ရိုက်နှိပ်ပေးရမယ် လို့ ဆိုပါတယ်။ အဓိပ္ပါယ်ကတော့ မဲပေးမယ့်သူ သန်း ၄၀ နီးပါး အတွက် မဲလက်မှတ်တွေ ရိုက်ပေးနေတယ် ဆိုတဲ့ သဘောပါ။
လက်ရှိစာရင်းဇယားတွေအရ တစ်နိုင်ငံလုံးမှာ မဲပေးပိုင်ခွင့် ရှိသူ စုစုပေါင်း ၃၁ သန်းကျော်လောက် စာရင်းပေါက်ပါတယ်။ နောက်တိုးတွေနဲ့ ပေါင်းရင် အလွန်ဆုံး ၃၂ သန်းပါ။ ဒါဟာ စာရင်းအရ ပြောဆိုတာဖြစ်ပြီး မဲဆန္ဒနယ်တိုင်းမှာ လူတိုင်း မဲလာပေးမယ် ဆိုတာမျိုး မဖြစ်နိုင်ပါဘူး။ မဲပေးခွင့်မရတဲ့ ပြည်ပရောက် မြန်မာတွေကလည်း ၂ သန်း ၃ သန်းလောက် ရှိနေပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကော်မရှင်ဟာ မဲလက်မှတ်တွေကို မဲပေးပိုင်ခွင့် ရှိသူစာရင်းထက် နည်းနည်းပါပါး ပိုပြီး ရိုက်ထားရမှာကတော့ သေခြာပါတယ်။ ဒါပေမယ့် လက်ရှိ မဲလက်မှတ် ရိုက်နှိပ်ထားတာဟာ လူဦးရေ သန်း ၄၀ နီးပါးစာလောက် ဖြစ်နေတာမို့ အပိုတွေ အလွန်များနေတာ တွေ့နိုင်ပါတယ်။ မဲပေးသူ ၃၂ သန်းလောက် ရှိတာမှာ မဲလက်မှတ် လူ ၈ သန်းစာလောက် ပိုရိုက်ထုတ်ထားဖို့ လိုသလား ဆိုပြီး မေးခွန်း ထုတ်စရာပါ။
သတင်းစာရှင်းလင်းပွဲမှာ တာဝန်ရှိသူတွေ ရှင်းပြတာ စိတ်ဝင်စားဖို့ ကောင်းတဲ့ အချက်တစ်ခု ပါပါသေးတယ်။ သူတို့တွေဟာ မဲလက်မှတ်ရိုက်မယ့် စက္ကူတွေ မှာယူစဉ်ကတည်းက စက္ကူတွေ ပြင်ပကို ရောက်မသွားရလေအောင်၊ တစ်နည်းပြောရရင် မဲလက်မှတ် အတုတွေ မပေါ်ပေါက်ရလေအောင် ဂိုဒေါင်ထဲမှာ Lot နံပတ်နဲ့ စနစ်တကျ ထားတဲ့အကြောင်း၊ ရိုက်ရင် ရိုက်တဲ့ အရည်အတွက်၊ ပျက်ရင် ပျက်တဲ့ အရည်အတွက် စနစ်တကျ စာရင်းပြုစုထားပြီး အပျက်တွေကို ဘယ်လို ဖျက်ဆီးမလဲ ဆိုတဲ့ လုံခြုံရေး အစီအမံတွေ ချထားတယ် ဆိုပြီး ပြောဆိုခဲ့တာပါ။
အဲဒီ ပြောဆိုချက် အလွန်မှန်ပါတယ်။ မဲလက်မှတ် ရိုက်နှိပ်ဖို့ စက္ကူကိစ္စ ဒီလောက်တောင် လုံလုံခြုံခြုံ လုပ်ရတယ် ဆိုရင် ရိုက်နှိပ်ပြီးသား မဲလက်မှတ်တွေကို ဒီံထက် အများကြီးလုံလုံခြုံခြုံ တိတိကျကျ လုပ်ရပါလိမ့်မယ်။ အရေးကြီးတာက ဘယ်လွှတ်တော်၊ ဘယ်မဲဆန္ဒနယ်အတွက် မဲလက်မှတ် ဘယ်လောက် ရိုက်နှိပ်တယ်၊ ပုံနှိပ်တိုက်ကနေ ကော်မရှင်ဆီ ဘယ်လောက် ပို့လိုက်တယ်၊ အဲဒီ မဲလက်မှတ်တွေ ဘယ်တိုင်း၊ ဘယ်ပြည်နယ်၊ ဘယ်မြို့နယ်၊ ဘယ်မဲရုံတွေဆီ ဘယ်လောက် ပို့လိုက်တယ်၊ ဘယ်လောက် အသုံးပြုလိုက်တယ်၊ နောက်ဆုံး ဘယ်လောက် အပိုတွေ ကျန်ရစ်တယ် ဆိုတာကို အဲဒီ မဲဆန္ဒနယ်မြေမှာ ဝင်ပြိုင်မယ့် အမတ်လောင်း သိကို သိနေရပါမယ်။
နိုင်ငံတကာမှာတော့ ရွေးကောက်ပွဲ ဖြစ်စဉ် ဆိုတာဟာ အစကနေ အဆုံး ပွင့်လင်းမြင်သာမှု ရှိရှိ လုပ်ကြရတာမျိုးပါ။ အထူးသဖြင့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘာတွေ လုပ်ထားတယ်၊ ဘယ်လို ဖြစ်နေတယ် ဆိုတာမျိုးကို ဝင်ပြိုင်မယ့် အမတ်လောင်း အနေနဲ့ အဆင့်တိုင်း အဆင့်တိုင်းကို သိရှိနေအောင် ကော်မရှင်က ဆောင်ရွက်ပေးရပါတယ်။ မဲဆန္ဒနယ်မြေ သတ်မှတ်တာ၊ မဲဆန္ဒရှင် စာရင်း ပြုစု ထုတ်ပြန်တာ၊ အမတ်လောင်း စိစစ်တာ၊ မဲစာရွက်တွေ ပုံနှိပ် ထုတ်ဝေတာ၊ ဖြန့်ဖြူးတာ၊ ပြန်လည် သိမ်းဆည်းတာ၊ မဲပေးခွင့်အတွက် မဲပေးမယ့်သူတွေကို စစ်ဆေးတာ၊ မဲရေတွက်တာ ကိစ္စ အားလုံးမှာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ မဲစာရွက် ရိုက်နှိပ်တဲ့ ကိစ္စကလည်း တစ်ခု အပါအဝင်ဖြစ်ပြီး အမတ်လောင်း အနေနဲ့ သူ့နာမည်ပါတဲ့ မဲလက်မှတ် ဘယ်လောက်ရိုက်တယ်၊ ဘယ်လို ဖြန့်ဖြူးတယ်၊ နောက်ဆုံး ဘယ်လောက် ပြန်ရောက်လာတယ် အစကနေ အဆုံး စာရင်းကိုက် တိတိကျကျ သိနေရပါမယ်၊ လိုအပ်ရင် အချိန်မရွေး စစ်ဆေးခွင့် ရရပါမယ်။ ကော်မရှင်ကပဲ ကိုယ့်ဖာသာကိုယ် ကြိုက်သလောက်ရိုက်၊ ကြိုက်သလိုဖြန့်၊ ကြိုက်သလို စုစည်း ဆိုတာမျိုး လုပ်လို့ မရပါဘူး။ အမတ်လောင်းတွေကို မဲရုံမှာ မဲပေးတုန်းခဏ၊ မဲရေတုန်းခဏပဲ စစ်ဆေးပိုင်ခွင့် ပေးလို့မရပါဘူး။ ကြိုတင်မဲတွေ ဘယ်ကို ဘယ်လောက် ရောက်သွားတာက အစ၊ ဘယ်လောက် ဘယ်လို ပြန်လာတာက အလယ်၊ မဲပေးပွဲပြီးရင် ထုတ်ထားသမျှ မဲလက်မှတ် အရည်အတွက်အတိုင်း အသုံးပြုပြီးနဲ့ အပိုတွေ စာရင်းကိုက် မကိုက် ပြန်စစ်တာ အဆုံး အားလုံး သိခွင့်ရှိတာ ဖြစ်ပါတယ်။
ဒီ အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ ပြန်ကြားရေးကနေ မဲလက်မှတ်တွေ လက်ခံရတဲ့အခါ ဘယ် လွှတ်တော်၊ ဘယ်မဲဆန္ဒနယ်မြေ အတွက် မဲလက်မှတ် ဘယ်လောက် ရိုက်နှိပ်ထားပါကြောင်း၊ ကာယကံရှင် အမတ်လောင်းတွေကို အသိပေး၊ မဲပေးပွဲ ပြီးတဲ့နောက်မှာလည်း အဲဒီ မဲအားလုံး ဘယ်လို သုံးပြီး ဘယ်လောက် ပိုတယ် ဆိုတာကို စာရင်းကိုက် စစ်ဆေးခွင့် ပေးသင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။