သုံးရလွယ်ကူစေသည့် Link များ

ငွေကြေးတန်ဘိုးကျဆင်းမှု ပြသနာ ဗဟိုဘဏ် ကိုင်တွယ်နိုင်မလား


ရန်ကုန်မြို့လည်ကောင်က လမ်းဘေးဈေးဆိုင်များ

ခုဆိုရင် မြန်မာကျပ်ငွေ တန်ဘိုး အလျင်အမြန် ကျဆင်းနေတဲ့ အခြေအနေနဲ့ ကြုံနေရပါတယ်။ ဒီ ပြသနာပြေလည်ဖို့ ဗဟိုဘဏ်က ကြိုးစားဖြေရှင်းနေပေမယ့် အောင်မြင်မှု မရသေးပါဘူး။ ပြသနာကို ပိုဆိုးစေတာက တရားမ၀င် ငွေလဲလှယ်တဲ့ ဈေးကွက် ပို ကျယ်ပြန့်လာပြီး မသမာမှုတွေလည်း ဖြစ်ပွားလာတာပါ။ ဒါကြောင့်လဲ ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့က ပြည်သူ့လွှတ်တော်တွင်းမှာ တရားမ၀င် ငွေလဲလှယ်တဲ့ ဈေးကွက်ကြီး ဖြစ်ပေါ်နေတာကို သိပါသလား၊ ဒီ ပြသနာ ဘယ်လို ဖြေရှင်းနေသလဲ ဆိုပြီး အမတ်တစ်ဦးရဲ့ မေးမြန်းချက်တောင် ထွက်ပေါ်လာခဲ့ပါတယ်။ လက်ရှိ ဈေးကွက်ထဲမှာ မြန်မာကျပ်ငွေ တန်ဘိုး ဘယ်လောက် ကျဆင်းနေလဲ၊ ဘာကြောင့် မှောင်ခို ဈေးကွက် ဖြစ်ပေါ်နေရသလဲ၊ ဗဟိုဘဏ်က ဘာတွေ အရေးယူ ဆောင်ရွက်နေသလဲ၊ ဘာကြောင့် အောင်မြင်မှု မရသလဲ ဆိုတာ ဒီတစ်ပါတ် လေ့လာသုံးသပ်ကြည့်ကြရအောင်။

ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့မှာ အမေရိကန် တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၁၁၅၀ ၀န်းကျင် နှုန်းအထိ မြင့်တက်ခဲ့ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ သုံးနှစ်ကျော် ၂၀၁၂ ဧပြီလက တစ်ဒေါ်လာ ကျပ် ၈၂၀ နဲ့ နှိုင်းရင် မြန်မာကျပ်ငွေတန်ဘိုးဟာ ၄၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားတာ တွေ့နိုင်ပါတယ်။ အဲဒီ ဇွန်လ ၃ ရက်နေ့မှာပဲ ဗဟိုဘဏ်ရဲ့ သတ်မှတ်နှုန်းထားဟာ ကျပ် ၁၀၉၀ ပဲရှိပြီး ပုဂ္ဂလိက ငွေလဲကောင်တာတွေရဲ့ လဲလှယ်နှုန်းမှာလည်း တစ်ဒေါ်လာ ကျပ် ၁၁၀၀ မပြည့်ကြပါဘူး။ ငွေလဲကောင်တာတွေဟာ ဥပဒေ စည်းမျဉ်းသတ်မှတ်ချက်အရ အဲလို ငွေလဲနှုန်း သတ်မှတ်ထားပေမယ့် တကယ်တန်း ဒေါ်လာငွေလိုချင်လို့ သွားဝယ်ရင် ရောင်းမပေးပါဘူး။ သူတို့ရဲ့ အကြောင်းပြချက်ကတော့ ဗဟိုဘဏ်က သူတို့ကို ဒေါ်လာငွေ လုံလုံလောက်လောက် ရောင်းမပေးတာကြောင့် လို့ ဆိုကြပါတယ်။

ပြောရရင် လက်ရှိ အချိန်မှာ မြန်မာကျပ်ငွေ တန်ဘိုး ကျဆင်းနေသလို ဒေါ်လာငွေကြေးဈေးကွက်ကလည်း အစိုးရ အသိအမှတ်ပြု ပုဂ္ဂလိက ဘဏ်တွေနဲ့ ငွေလဲ ကောင်တာတွေမှာတစ်မျိုး၊ ပြင်ပ မှောင်ခို ဈေးကွက်မှာ တစ်မျိုး ဖြစ်ပျက်နေတာပါ။ မြန်မာကျပ်ငွေ တန်ဘိုး ကျဆင်းရတဲ့ အဓိက အကြောင်းအရင်းကတော့ အစိုးရ အသုံးစားရိတ် ဟာ ၀င်ငွေနဲ့ နှိုင်းစာရင် ပိုမိုများပြားနေပြီး ဘတ်ဂျက်လိုငွေ မြင့်မားနေလို့ ဖြစ်ပါတယ်။ အခြား အကြောင်းအရင်းတွေကတော့ ကုန်သွယ်ရေး လိုငွေပြတာ၊ ကျပ်ငွေ စက္ကူ ရိုက်ထုတ်မှုကို မထိန်းချုပ်နိုင်တာ၊ ဒေါ်လာငွေ အသုံးပြုမှုများတာ စတာတွေကြောင့် ဖြစ်ပါတယ်။

ဒေါ်လာငွေကြေး ဈေးကွက် နှစ်မျိုးဖြစ်နေရတဲ့ အကြောင်းအရင်းကတော့ အစိုးရဟာ တရားဝင် ငွေလဲကောင်တာတွေရဲ့ နိုင်ငံခြား ငွေလဲလှယ်နှုန်းကို ကန့်သတ် သတ်မှတ်ပေးထားပြီး၊ ကောင်တာတွေက အဲဒီ ဈေးနှုန်းအတိုင်း ဒေါ်လာငွေတွေကို ရောင်းချ မပေးနိုင်လို့ပဲ ဖြစ်ပါတယ်။ လက်ရှိ နိုင်ငံခြားငွေကြေး ဈေးကွက်ကို ကိုင်တွယ်ပုံကတော့ ဗဟိုဘဏ်ဟာ နေ့စဉ် ငွေလဲလှယ်နှုန်း သတ်မှတ်ပြီး ပုဂ္ဂလိက ဘဏ်တွေ၊ ငွေလဲ ကောင်တာတွေကို လေလံ ဈေးဖွင့်၊ ရောင်းဝယ်ပေးတဲ့ စနစ် ကျင့်သုံးပါတယ်။

ဗဟိုဘဏ်ဟာ နေ့စဉ် ငွေဈေးနှုန်း သတ်မှတ်၊ လေလံဈေး ဖွင့်ပေး ပေမယ့် အဲဒီ သတ်မှတ်ဈေးနှုန်းအတိုင်း ပုဂ္ဂလိက ဘဏ်တွေနဲ့ ငွေလဲကောင်တာတွေက ၀ယ်ယူလိုတဲ့ ဒေါ်လာနဲ့ နိုင်ငံခြားငွေ ပမာဏ ကိုတော့ ရောင်းချပေးနိုင်ခြင်း မရှိပါဘူး။ အကျိုးဆက်အဖြစ် ပုဂ္ဂလိက ဘဏ်တွေနဲ့ ငွေလဲကောင်တာတွေကလည်း ဗဟိုဘဏ်ရဲ့ သတ်မှတ်နှုန်းထား အတွင်းကသာ ရောင်းဝယ်ရတာမို့ အဲဒီဈေးအတိုင်း ပြည်သူတွေ ဒေါ်လာ လာဝယ်ရင် လိုသလောက် ရောင်းမပေးနိုင်ပြန်ပါဘူး။ ဗဟိုဘဏ်က သူတို့ကို လိုသလောက် ရောင်းမပေးလို့ သူတို့ကလည်း ပြန် ရောင်းမပေးနိုင်တာဖြစ်တယ် ဆိုပြီး အကြောင်းပြကြပါတယ်။ ဒီလိုနဲ့ ပုဂ္ဂလိက ဘဏ်တွေနဲ့ ငွေလဲကောင်တာတွေဟာ ဒေါ်လာငွေ ရောင်းချမှုကို နေ့စဉ် ပိတ်ထားသလို ဖြစ်နေပြီး ပြင်ပ မှောင်ခိုဈေးကွက်ကို အားပေးသလို ဖြစ်သွားစေပါတယ်။

ဒီလို အခြေအနေမှာ အကြီးအကျယ် အကျိုးအမြတ် ရှိနေသူတွေကတော့ ဗဟိုဘဏ်ကနေ သတ်မှတ် နှုန်းထား၊ ခွဲတမ်းစနစ်နဲ့ နေ့စဉ် ဒေါ်လာငွေ ၀ယ်ယူခွင့်ရနေတဲ့ ပုဂ္ဂလိက ဘဏ်တွေနဲ့ ငွေလဲ ကောင်တာတွေပါ။ လတ်တလော ဗဟိုဘဏ် သတ်မှတ်ဈေးနဲ့ ပြင်ပပေါက်ဈေး တစ်ဒေါ်လာ ကျပ် ၅၀ အထက် ကွာဟ နေတာမို့ ဗဟိုဘဏ်ကနေ ဒေါ်လာ တစ်သိန်းဝယ်ခွင့်ရသူဟာ အဲဒီနေ့ ကျပ်ငွေ သိန်း ၅၀ အသားတင်မြတ်တယ်လို့ မှတ်ယူနိုင်ပါတယ်။ ဗဟိုဘဏ်ကတော့ ဒေါ်လာ အပါအ၀င် နိုင်ငံခြား ငွေဈေး ကျဆင်းအောင်၊ ကျပ်ငွေတန်ဘိုး ပြန်ပြီး မြင့်တက်လာအောင် နည်းပေါင်းစုံနဲ့ ကြိုးစားပါတယ်။ လတ်တလော ဆောင်ရွက်နေတဲ့ နည်းလမ်းတွေကတော့ အစိုးရ အဖွဲ့အစည်း အချင်းချင်း ငွေပေးချေရာမှာ ဒေါ်လာအစား ကျပ်ငွေကိုပဲ အသုံးပြုကြဖို့၊ ပြည်တွင်းက ကုမ္ပဏီတွေကလည်း ၀န်ဆောင်မှုနဲ့ ကုန်ပစ္စည်း ဈေးနှုန်းတွေ သတ်မှတ် ပေးချေရာမှာ မြန်မာကျပ်ငွေနဲ့ပဲ တန်ဘိုး သတ်မှတ် ပေးချေတာတွေ လုပ်ကြဖို့ နှိုးဆော်ထားသလို၊ ဗဟိုဘဏ်ကနေ ဒေါ်လာကို ငွေသားနဲ့ ပြန်လည် ထုတ်ယူရာမှာ ပမာဏ ကန့်သတ်တာတွေ အထိ လုပ်ပါတယ်။ ဒါပေမယ့် လက်တွေ့ အခြေအနေ အဲဒီနည်းတွေနဲ့ အလုပ်ဖြစ်ပုံ မရပါဘူး။

တကယ့်တကယ် လုပ်သင့်တဲ့၊ ပြသနာရဲ့ အရင်းအမြစ်ဖြစ်တဲ့ အစိုးရ ဘတ်ဂျက်လိုငွေပြမှု လျော့နည်းအောင် အသုံးစားရိတ်တွေ ဖြတ်တောက်တာ၊ အရှုံးပေါ်နေတဲ့ အစိုးရပိုင် လုပ်ငန်းတွေကို ရပ်ဆိုင်းတာမျိုး မလုပ်နိုင်ခဲ့ပါဘူး။ အဲဒီလို အစိုးရအဖွဲ့က အကောင်အထည် မဖော်နိုင်တဲ့အတွက် ဗဟိုဘဏ်က လုပ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းကတော့ ကျပ်ငွေ စက္ကူကို လျော့နည်း ရိုက်ထုတ်တာ၊ ဈေးကွက်ထဲမှာ ဒေါ်လာငွေ တန်ဘိုး ကျဆင်းအောင် နိုင်ငံခြား အရံငွေကြေးထဲက ဒေါ်လာတွေ ထုတ်ရောင်းတာမျိုး လုပ်ရတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဈေးကွက်ထဲကို ဒေါ်လာငွေကြေး ထည့်ဝင်ပြီး အရောင်းအ၀ယ် လုပ်ဖို့အတွက် နိုင်ငံပိုင် သီးသန့် နိုင်ငံခြား ငွေသား အချိုးအစား ဘယ်လောက်ကို သုံးခွင့်ပြုတယ် ဆိုပြီး အစိုးရအဖွဲ့က သတ်မှတ် ခွင့်ပြုထားတာ မရှိသေးပါဘူး။ ဒါကြောင့် ကျပ်ငွေ တန်ဘိုး ကျဆင်းမှု ပြသနာကို ဗဟိုဘဏ်က ဖြေရှင်းခြင်း မပြုနိုင်သေးသလို၊ နိုင်ငံခြားငွေ အရောင်းအ၀ယ် မှောင်ခို ဈေးကွက် ထွန်းကား နေတာကိုလည်း ဘယ်လိုမှ ထိထိရောက်ရောက် ကိုင်တွယ် တားဆီးနိုင်ခြင်း မရှိပါဘူး။

တကယ်လို့သာ အစိုးရဟာ ဘတ်ဂျက်လိုငွေပြမှုကို မလျော့ချနိုင်ခဲ့ရင်၊ နိုင်ငံပိုင် သီးသန့် အရံငွေကြေးတွေ စိုက်ထုတ်ပြီး ဒေါ်လာငွေဈေးကျအောင် ၀င်ရောက် ရောင်းဝယ်တာ မလုပ်ခဲ့ရင် ခုထက် ကျပ်ငွေ တန်ဘိုး ပိုမိုကျဆင်းပြီး ဒီဒါဏ်ကို တိုင်းသူပြည်သားတွေပဲ ခံရဖွယ် ရှိနေပါတယ်။ အထူးသဖြင့် မနေ့တစ်နေ့ကမှ လစာတိုးတဲ့ ၀န်ထမ်းတွေလည်း သူတို့ တိုးမြှင့်ပြီးရတဲ့ငွေနဲ့ ဘာမှ ပိုပြီး ၀ယ်ယူစားသုံးလို့ မရနိုင်တဲ့ အခြေအနေကိုလည်း ရင်ဆိုင် ကြုံတွေ့နေရပြီဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG