သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်ရေး ဘယ်သူက နိုင်ပြီး၊ ဘယ်သူက ရှုံးသွားတာလဲ


Sri Lankan children bathe as an elephant walks by in a lake at Kataragama.
Sri Lankan children bathe as an elephant walks by in a lake at Kataragama.

ခုဆိုရင် မြန်မာနိုင်ငံသားအားလုံး၊ မြန်မာ့ နိုင်ငံရေးကို စိတ်ဝင်စားသူ အားလုံး စောင့်ကြည့်နေကြတဲ့ လွှတ်တော်ထဲက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး အဖြေ တစ်ခု ထွက်လာပါပြီ။ ဖွဲ့စည်းပုံထဲက ပြင်ဆင်ဖို့ အခက်ဆုံး ပုဒ်မ တွေထဲက အပိုဒ် (၆) ခုကို ပြင်ဆင်ဖို့ တင်ထားတာမှာ တစ်ခုကလွဲရင် ကျန်တာအားလုံး အဆို ရှုံးနိမ့်ခဲ့ပါတယ်။ ဘယ်သူက အနိုင်ရပြီး ဘယ်သူက ရှုံးနိမ့်တာပါလဲ၊ လက်ရှိ လွှတ်တော်ထဲ ဖြစ်ပွားခဲ့တဲ့ ဖွဲ့စည်းပုံပြင်ရေး လှုပ်ရှားမှုရဲ့ တကယ့် အဓိပ္ပါယ်က ဘာပါလဲ၊ ဒီ အဖြစ်အပျက်ကနေ ဘာတွေ သင်ခန်းစာ ယူသင့်သလဲ ဆိုတာ ခုတစ်ပါတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

ပြောရရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဒီမိုကရေစီ နည်းမကျဘူး၊ အများကြီး ပြင်ဆင်ဖို့ လိုတယ်ဆိုပြီး ပြောလည်းပြော၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ပါတီ လုပ်ငန်းစဉ် တစ်ရပ်အဖြစ် ကြွေးလည်း ကြွေးကြော်ခဲ့သူကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်း ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်တွေက ဖွဲ့စည်းပုံ ပြင်ရေးကို သူတို့လည်း လက်ခံတယ်လို့ ပြောဆိုလာပြီး လွှတ်တော်တွင်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို လက်ဦးမှု ရယူ၊ ၂၀၁၃ နှစ်လည် မှာ စ အကောင်အထည်ဖော် ဆောင်ရွက်ပါတော့တယ်။ အဆိုတင်တာ၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီဖွဲ့တာ၊ ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေး အကောင်အထည် ဖော်မှု ကော်မတီ ဖွဲ့စည်းရာမှာလည်း ဦးဆောင်မှု နေရာ ရယူပါတယ်။ အဲဒီ ကော်မတီတွေ ဖွဲ့စည်းရာမှာ NLD နဲ့ အခြားပါတီက အမတ်တွေ၊ တိုင်းရင်းသား အမတ်တွေ ပါဝင်ပြီး အကြိမ်ပေါင်း ၄၀ ကျော် ဆွေးနွေး ငြင်းခုံခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကတော့ ဖွဲ့စည်းပုံ ပြင်ရေးအတွက် အဲဒီထက် အများကြီး ပိုပြီး အားစိုက်ခဲ့တာ တွေ့ရပါတယ်။ ၈၈ ပွင့်လင်း အဖွဲ့အစည်းနဲ့ ပေါင်းပြီး စည်းရုံးဟောပြောပွဲတွေ လုပ်တာအပြင် ပြည်သူ၅ သန်းကျော်ရဲ့ ထောက်ခံ လက်မှတ်တွေရအောင် စည်းရုံး ကောက်ခံနိုင်ခဲ့ပါတယ်။ ဒါပေမယ့် တကယ့်တကယ် ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေကြမ်း လွှတ်တော်ထဲ တင်တဲ့အခါ ပြည်သူတွေ လိုလားတဲ့၊ အင်န်အယ်လ်ဒီက ပြင်ဆင်ချင်တဲ့ ပုဒ်မတွေ မပါသလို၊ ပြင်ဆင်ဖို့ တင်ပြထားတာတွေကလည်း မူလ အခြေခံဥပဒေနဲ့ သိပ်ပြီး မခြားနားတာ တွေ့ကြရပါတယ်။ တိတိကျကျ ပြောရရင် ဖွဲ့စည်းပုံ ပြင်ရေးနဲ့ ပတ်သက်ပြီး အင်န်အယ်လ်ဒီဟာ ပြိုင်ပွဲကိုတောင် ဝင်ခွင့်မရတဲ့ အားကစားသမား တစ်ယောက်လို ဖြစ်သွားတာပါ။

တိုက်ရိုက် လင့်ခ်

ပြည်ခိုင်ဖြိုးပါတီ ကိုယ်စား ဦးသိန်းဇော် တင်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ပုဒ်မ ၄၃၆(က) ဆိုင်ရာ အပိုင်းမှာ အချက် (၆) ချက် ပါပါတယ်။ အဲဒီ အချက်(၆) ချက်ထဲမှာ (၅) ချက်ဟာ မူလ ဥပဒေပါ အချက်တွေနဲ့ ထူးမခြားနားတွေ ဖြစ်ပြီး ပြည်ခိုင်ဖြိုးဘက်က တကယ်ပြင်ဖို့ ဆန္ဒရှိတာကတော့ ပုဒ်မ ၆၀ (ဂ) ဖြစ်ပါတယ်။ နဂိုမူလ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဒုသမ္မတ၊ သမ္မတ အဖြစ် လွှတ်တော်အမတ်ထဲက ဖြစ်စေ၊ အမတ် မဟုတ်သူထဲကပဲ ဖြစ်စေ တင်မြှောက်နိုင်တယ်လို့ ဆိုထားပြီး ပြင်ဆင်ချက်ထဲမှာတော့ ရွေးကောက်ခံ အမတ် ဖြစ်ရမယ် လို့ ဆိုထားပါတယ်။ တကယ်တော့ ဒီ အချက်ကို ပြင်ချင်တယ်၊ ပြင်ရမယ့် အချက်ထဲ ထည့်ပါ ဆိုပြီး လွှတ်တော်နာယက သူရဦးရွှေမန်းက ဖွဲ့စည်းပုံပြင်ရေး ကော်မတီဆီကို ၂၀၁၄ ဖေဖေါ်ဝါရီလ ကတည်းက စာနဲ့ တရားဝင် ညွှန်ကြားခဲ့တဲ့ တစ်ခုတည်းသော အချက်လည်း ဖြစ်ပါတယ်။

အဲဒီအချက်ကို ပြင်လိုက်နိုင်ရင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဖြစ်ဖြစ် အခြား ဘယ်သူဖြစ်ဖြစ် ဒုသမ္မတ၊ သမ္မတ ဖြစ်ချင်ရင် ရွေးကောက်ပွဲ ဝင်ကို ဝင်ရမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ နိုင်ပြီး အမတ် ဖြစ်မှ ရမှာ ဖြစ်ပါတယ်။ ဒီအတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဖြစ်ဖြစ်၊ အခြား စစ်ဗိုလ်ချုပ် တစ်ယောက်ဖြစ်ဖြစ် လွှတ်တော် အမတ်အဖြစ် အရွေးခံဖို့ ပြည်ခိုင်ဖြိုးပါတီထဲ ဝင်ရောက်ရမှာဖြစ်သလို၊ သူရဦးရွှေမန်းရဲ့ ဦးဆောင်၊ လမ်းညွှန်၊ ကြီးကြပ်မှုအောက်ကနေ ရွေးကောက်ပွဲ ဝင်ပြိုင်ရမယ့် သဘောဖြစ်ပါတယ်။ လွှတ်တော်ထဲ ရောက်နေတဲ့ တပ်မတော်သားအမတ် ၂၅ ရာခိုင်နှုန်းဟာလည်း သူတို့ ကြိုက်ရာ လူ တစ်ယောက်ကို ဒုသမ္မတ အဖြစ် ရွေးချယ်တင်မြှောက်လို့လည်း မရတော့ပါဘူး။ အဓိပ္ပါယ်ကတော့ တပ်မတော်ဟာ ပြည်ခိုင်ဖြိုးပါတီကို နာခံရတော့မယ် ဆိုတဲ့ သူရဦးရွှေမန်းရဲ့ အစီအစဉ် ဖြစ်ပါတယ်။

ဒါကိုကြည့်ရင် ပြီးဆုံးသွားပြီဖြစ်တဲ့ ဖွဲ့စည်းပုံ ပြင်ရေး လွှတ်တော်တွင်း မဲခွဲမှု ဆိုတာဟာ ပြည်သူတွေ လိုလားတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးက တစ်ဖက်၊ ဖွဲ့စည်းပုံ မပြင်ချင်သူတွေက တစ်ဖက် မဲခွဲကြတာမျိုး မဟုတ်ပဲ၊ သူရဦးရွှေမန်းဦးဆောင်တဲ့ ပြည်ခိုင်ဖြိုး အုပ်စုကို ထောက်ခံသူတွေက တစ်ဖက်၊ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့ အုပ်စုနဲ့ ကာကွယ်ရေး ဦးစီးချုပ်ကို ထောက်ခံတဲ့ အုပ်စုက တစ်ဖက် မဲခွဲကြတဲ့ သဘောပဲ ဖြစ်ပါတယ်။ ဘယ်ဘက်ကပဲ အနိုင်ရရ၊ အင်န်အယ်လ်ဒီ နဲ့ တိုင်းရင်းသားပါတီတွေ အတွက် အကျိုးမထူးသလို၊ ပြည်သူတွေ လိုလားချက်လည်း ရလာမှာ မဟုတ်ပါဘူး။

အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း မဲခွဲမှု ရလာဒ်မှာ သူရဦးရွှေမန်း အုပ်စု အရှုံးပေါ်ခဲ့ပါတယ်။ နှစ်နဲ့ချီ စီစဉ်ခဲ့တဲ့ သူရဦးရွှေမန်းရဲ့ အစီအစဉ် ပျက်ပြယ်ခဲ့ရပါတယ်။ ပုဒ်မ ၆၀ (ဂ) နဂိုအတိုင်း အတည်ဖြစ်နေမှာ ဖြစ်ပြီး ဒုသမ္မတ၊ သမ္မတ လုပ်မယ့်သူဟာ ရွေးကောက်ခံ ဖြစ်စရာ မလိုပါဘူး။ ဒုသမ္မတ လုပ်မယ့် ဘယ်ဗိုလ်ချုပ်မှ ပြည်ခိုင်ဖြိုးထဲဝင် ရွေးကောက်ပွဲ ဝင်စရာမလို၊ သူရဦးရွှေမန်းရဲ့ ဦးဆောင်မှု ခံယူစရာ မလိုပါဘူး။ တပ်မတော်သား အစုအဖွဲ့က တိုက်ရိုက် ရွေးချယ်တင်မြှောက်လိုက်ရုံပါပဲ။ တစ်နည်းပြောရရင် သူရဦးရွှေမန်းရဲ့ တပ်မတော်ကို ပြည်ခိုင်ဖြိုးပါတီအောက် သွတ်သွင်းရေး စီမံကိန်း ပြိုကျသွားခဲ့ရတာ ဖြစ်ပါတယ်။

NLD ဘက်ကကြည့်ရင်တော့ နှစ်နဲ့ချီ ကြိုးစားခဲ့ရတဲ့ ဖွဲ့စည်းပုံပြင်ရေးဟာ ပြိုင်ပွဲကိုတောင် ဝင်ခွင့် မရလိုက်ပဲ ပွဲမဝင်ခင် အပြင်ကတည်းက ရှုံး ဆိုတဲ့ အခြေအနေမျိုး ရင်ဆိုင်လိုက်ရတာပါ။ ဒီအတွက် ဒီလောက် နှစ်နဲ့ချီ ကြိုးစားခဲ့ပါလျက်နဲ့၊ အင်တိုက်အားတိုက် အားစိုက်ခဲ့ပါလျက်နဲ့ ဘာကြောင့် ပြည်သူ့လိုလားချက်တွေ ဥပဒေကြမ်းထဲတောင် မပါခဲ့တာလဲ၊ ဘာကြောင့် အဲဒီ အချက်တွေကို အခြေအတင် ဆွေးနွေးခွင့် မရခဲ့တာလဲ၊ ဘာကြောင့် မဲခွဲတဲ့ အဆင့်တောင် မရောက်ခဲ့တာလဲ ဆိုတာ NLD အနေနဲ့ ပြန်ပြီး ဆန်းစစ်သင့်ပါတယ်။ တကယ်ဆိုတော့ လွှတ်တော်တွင်း ဆွေးနွေးမှုတွေဟာ
သူရဦးရွှေမန်းဦးဆောင်တဲ့ ပြည်ခိုင်ဖြိုး အုပ်စုကို ထောက်ခံသူတွေက
တစ်ဖက်၊ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့ အုပ်စုနဲ့ ကာကွယ်ရေး
ဦးစီးချုပ်ကို ထောက်ခံတဲ့ အုပ်စုက တစ်ဖက် ဘက်နှစ်ဖက်၊ အုပ်စု နှစ်စု ရဲ့
အကျိုးစီးပွား ပြသနာအဖြစ် ပေါ်လွင်ရမှာပါ။ ဒါပေမယ့် NLD
အမတ်တွေရဲ့ အရင် စစ်အုပ်ချုပ်ရေးခေတ်က ဖိနှိပ်မှုတွေအကြောင်း၊
ဖွဲ့စည်းပုံအတွင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ စစ်တပ်ရဲ့
အခွင့်ထူးရယူမှုတွေအကြောင်း စတာတွေကို ဝေဖန်တာ များပြားလွန်းလို့
NLD အမတ်တွေနဲ့ တပ်မတော်သား အမတ်တွေ ရန်ဘက်သဖွယ်
ဖြစ်ပျက်သွားခဲ့တာကိုလည်း အသေအခြာ ပြန်လည် သုံးသပ်သင့်ပါကြောင်း
တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG