အဂတိလိုက်စားမှုဟာ ကင်ဆာရောဂါလို အမြစ်တွယ်နေပြီး နိုင်ငံတကာ အလည်မှာလည်း နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၄ နှစ်ဆန်းကတည်းက “အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်” ဆိုတာ ဖွဲ့စည်းထားခဲ့ပြီးဖြစ်ပါတယ်။ ကော်မရှင် ဖွဲ့စည်းပြီးခဲ့တာ ၂ နှစ်ကျော် ကြာလာတဲ့ ဒီကနေ့ အချိန်မှာတော့ အရင် အစိုးရလက်ထက်က စ ပြီးဆောင်ရွက်ခဲ့တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်း အောင်မြင်မှု မရတာ တွေ့ကြရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၉ရက်နဲ့ ၁၀ ရက်နေ့တွေမှာတော့ ပြည်သူ့လွှတ်တော်မှာ ဒီ ကိစ္စ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ပြီး အစိုးရအနေနဲ့ အဂတိလိုက်စားမှုကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ဖို့ အဆိုတစ်ခု ဆုံးဖြတ်ခဲ့ကြပါတယ်။ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး မအောင်မြင်တာတွေနဲ့ ပတ်သက်ပြီး ကော်မရှင်က ဘယ်လို ဖြေရှင်းချက်ပေးသလဲ၊ အမတ်တွေက ဘယ်လို အကြံပေးကြသလဲ၊ မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှု လျော့နည်း သွားစေရေးအတွက် ဘာတွေ ဆောင်ရွက်ဖို့ လိုမလဲ ဆိုတာ ဒီတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။
ပြည်သူ့လွှတ်တော် အစည်းအဝေး နှစ်ရက်တာကာလ အတွင်းမှာ တပ်မတော်သားတွေ အပါအဝင် အမတ် စုစုပေါင်း ၃၂ ယောက်က မြန်မာနိုင်ငံရဲ့ အဂတိလိုက်စားမှု ပြသနာတွေကို ဘက်စုံ ဒေါင့်စုံကနေ ဆွေးနွေး တင်ပြသွားခဲ့ပါတယ်။ ဒီဆွေးနွေး တင်ပြချက်တွေနဲ့ ပတ်သက်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဌ ဦးမြဝင်းက လွှတ်တော်တွင်း ပြန်ပြီး ရှင်းလင်းတင်ပြပါတယ်။ သူ ရှင်းလင်းတင်ပြတာတွေကို အနှစ်ချုပ်လိုက်ရင် မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှု ဖြစ်ပေါ်နေတာ နှစ်တွေ အများကြီး ကြာနေပြီ ဖြစ်တဲ့အကြောင်း၊ ၂၀၁၄ ခုနှစ် ဖေဖေါ်ဝါရီမှာ အစိုးရက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဆိုတာ ဖွဲ့စည်းပေးခဲ့ပြီး သူ့ကို ဦးဆောင်စေခဲ့ကြောင်း၊ သူတို့အနေနဲ့ တည်ဆဲ ဥပဒေ၊ နည်းဥပဒေတွေနဲ့ အညီ လုပ်ကိုင်ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ Transparency International က ထုတ်ပြန်တဲ့ အညွှန်းကိန်းတွေအရ ၂၀၁၂ ခုနှစ်မှာ နိုင်ငံပေါင်း ၁၇၆ နိုင်ငံအနက် မြန်မာနိုင်ငံရဲ့ အဂတိလိုက်စားမှုဟာ အဆင့် ၁၇၂ ဖြစ်ပြီး၊ ၂၀၁၄ ရောက်တော့ ၁၆၈ နိုင်ငံမှာ အဆင့် ၁၄၇ ကို ရောက်လာတဲ့အတွက် အရင် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှာ အဂတိလိုက်စားမှု အခြေအနေ အထိုက်အလျောက် လျော့ကျလာတယ်လို့ ပြောပါတယ်။
သူတို့ ကော်မရှင် အနေနဲ့ အဂတိလိုက်စားမှုနဲ့ ပတ်သက်တဲ့ တိုင်ကြားစာ အများကြီး လက်ခံရပေမယ့် အမှန်တကယ် အရေးယူနိုင်တဲ့ တိုင်ကြားစာ နည်းနည်းလေးပဲ ရှိတဲ့အကြောင်း၊ တိုင်ကြားစာ အများစုကြီးဟာ သက်သေအထောက်အထား မပါတာ၊ ယေဘူယျ ဆန်တာ၊ တိုင်ကြားသူကို စုံစမ်းတော့ အမှန်တကယ် မရှိတာ၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ အာဏာမတည်ခင်က ဖြစ်ပျက်ခဲ့တာ၊ ဥပဒေနဲ့ မသက်ဆိုင်တာ၊ တရားရုံးမှာ စစ်ဆေးဆဲနဲ့ စစ်ဆေးပြီးဖြစ်တာ၊ အဆင့်မြင့် အကြီးအကဲတွေဆီ လိပ်မူ တိုင်ကြားတာ၊ မှန်ကန်မှု မရှိတာ စတဲ့ အချက်တွေကြောင့် ကိုင်တွယ် အရေးယူလို့ မရကြောင်း ရှင်းပြပါတယ်။ တကယ်လည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဖွဲ့စည်းပြီးတဲ့ ၂ နှစ်ကျော် ကာလ အတွင်း တိုင်ကြားစာ ၂၂၀၀ ကျော် လက်ခံရခဲ့ပေမယ့် တကယ် စုံစမ်းစစ်ဆေးနိုင်တာကတော့ ၁၉ မှုလောက်ပဲ ရှိခဲ့တာပါ။
ကော်မရှင် ဥက္ကဌ ဦးမြဝင်းက အဂတိလိုက်စားမှု ပြသနာကို အခုထက် ပိုပြီး ဖြေရှင်းလိုတယ် ဆိုရင် ဥပဒေ ပြဌာန်းချက် တစ်ချို့ကို ပြင်ဆင်ဖို့ လိုမယ့် အကြောင်း၊ ကော်မရှင်မှာပါတဲ့ စစ်ဆေးရေးမှူးတွေရဲ့ အရည်အချင်း မြှင့်တင်ဖို့လည်း လိုမယ့်အကြောင်း၊ နောက်အရေးကြီး တစ်ချက်က ဥပဒေပါ ပြဌာန်းချက်အရ နိုင်ငံရေး ရာထူးလက်ရှိ ရှိသူတွေကို လွှတ်တော်ပိုင်းကနေ အရေးယူနိုင်တဲ့အကြောင်း ရှင်းပြသွားခဲ့ပါတယ်။
ဦးမြဝင်း ရှင်းပြချက်တွေကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် အရင်အစိုးရလက်ထက်မှာ နိုင်ငံရေးရာထူး လက်ရှိ ရှိကြတဲ့ ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ၊ ပြည်နယ်နဲ့ တိုင်း ဝန်ကြီးချုပ်တွေနဲ့ ဝန်ကြီးတွေ စတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပတ်သက်ပြီး အဂတိလိုက်စားမှုတွေ ရှိတယ်လို့ ဝေဖန်မှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ပေမယ့် အရင် လွှတ်တော်တွေဘက်က တစ်စုံတစ်ယောက်ကိုမှ အရေးယူဖို့ လုပ်ကိုင်ဆောင်ရွက်ခဲ့ခြင်း မရှိတာ သတိပြုမိနိုင်ပါတယ်။ နောက်တစ်ချက်က အဂတိလိုက်စားမှု ကော်မရှင်ဟာ နည်းဥပဒေအရ တိုင်ကြားသူ ရှိမှ၊ တစ်နည်းအားဖြင့် သက်သေ အထောက်အထားနဲ့ တကွ၊ တိတိကျကျ ခိုင်ခိုင်လုံလုံ တိုင်ကြားနိုင်မှ အရေးယူပေးရမယ်လို့ ပြဌာန်းထားတဲ့အတွက် လာဘ်ပေးသူနဲ့ လာဘ်ယူသူ နှစ်ဦးသဘောတူ ကိစ္စတွေအတွက် ဘာမှ လုပ်ကိုင်ဆောင်ရွက်လို့ မရနိုင်တဲ့ သဘောလည်း သက်ရောက်နေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးဖို့ အစိုးရကို တိုက်တွန်းကြောင်း အဆို အတည်ပြုလိုက်ပြီ ဖြစ်တဲ့အတွက် အင်န်အယ်လ်ဒီ အစိုးရ အနေနဲ့ ဒီကိစ္စ ကိုင်တွယ်ရပါတော့မယ်။