သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကားတင်သွင်းခွင့် မူဝါဒ တစ်ခုလုံး ပြု ပြင်ဖို့ လိုနေပြီ


ရန်ကုန် သီလဝါဆိပ်ကမ်းမှာ အကောက်ခွန်ဌာနခွင့်ပြုချက်စောင့်နေတဲ့ ပြည်ပကသွင်းလာသော တပတ်ရစ်ကားများ (စက်တင်ဘာလ ၂၀၁၃ ခုနှစ်)
ရန်ကုန် သီလဝါဆိပ်ကမ်းမှာ အကောက်ခွန်ဌာနခွင့်ပြုချက်စောင့်နေတဲ့ ပြည်ပကသွင်းလာသော တပတ်ရစ်ကားများ (စက်တင်ဘာလ ၂၀၁၃ ခုနှစ်)

တကယ့်တကယ် ဖြစ်သင့်တာက အစိုးရအနေနဲ့ တိုင်းပြည်ရဲ့ စီးပွားရေး၊ အခွန်ရလိုတဲ့ ပမာဏ၊ ပြည်သူတွေရဲ့ လိုအပ်ချက်၊ မြန်မာပြည်ရဲ့ လမ်းအနေအထား စတာတွေ တွက်ချက်ပြီး တိုင်းပြည်က လိုအပ်တဲ့ ကားအမျိုးအစား၊ အရည်အတွက်တွေကို လျာထားပြီး အခွန်နှုန်းထား ခွဲခြား သတ်မှတ်ရပါမယ်။

အခုရက်ပိုင်း မြို့နေလူတန်းစားတွေ၊ ကားတင်သွင်း၊ အရောင်းအဝယ် လုပ်နေကြတဲ့ ကုမ္ပဏီနဲ့ လူတွေအကြား ဂယက်အရိုက်ဆုံး သတင်း ကတော့ အစိုးရကနေ ကားတင်သွင်းခွင့် မူဝါဒ အသစ်ချမှတ်လိုက်တဲ့ ကိစ္စပါ။ လာမယ့် ၂၀၁၆ ဇန်နဝါရီ (၁) ရက်နေ့ကစ အကျုံးဝင်မယ့် အဲဒီ ကားတင်သွင်းခွင့် ပေါ်လစီသစ်အရ Free Permit လို့ခေါ်တဲ့ တစ်ဦးချင်း ကားတင်သွင်းတဲ့သူတွေကို ၂၀၁၄ ကနေ ၂၀၁၆ ခုနှစ်အထိ ဘယ်ဂိုင်းကား တစ်မျိုးတည်း တင်သွင်းခွင့်ပြုတော့မယ် ဆိုတဲ့ ကိစ္စပါ။ ဒီ စည်းမျဉ်းအတိုင်းသာဆိုရင် လက်ရှိ ဂျပန် တစ်ပါတ်ရစ် ကားဈေးကွက်က ညာဂိုင်း ကားတွေ တင်သွင်းခွင့်ရတော့မှာ မဟုတ်ပဲ အခြား မြန်မာနိုင်ငံနဲ့ လက်ျာကပ်မောင်း လမ်းစနစ်ချင်း တူပြီး ဘယ်ဂိုင်းကားတွေပဲ အသုံးပြုတဲ့ တရုတ်၊ ကိုရီးယား နဲ့ ဥရောပ က ကားတွေကိုပဲ တင်သွင်းရတော့မှာမို့ဖြစ်ပါတယ်။ ဒါကြောင့် လတ်တလော ကားဈေးကွက်မှာကို ကျပ် သိန်း ၁၀၀ ဝန်းကျင်ရှိတဲ့ ဂျပန်တစ်ပါတ်ရစ် အိမ်စီးကားတွေ တစ်စီး ကျပ် ၁၀ သိန်းကနေ သိန်း ၂၀ အကြား မြင့်တက်လာနေပါပြီ။ အစိုးရဟာ ကားတင်သွင်းခွင့်နဲ့ ပတ်သက်ပြီး ဘယ်လို မူဝါဒ ချမှတ်ကျင့်သုံးနေသလဲ၊ ဘာတွေ လွဲချော်နေသလဲ၊ မြန်မာနိုင်ငံနဲ့ လိုက်လျောညီထွေရှိတဲ့ ကားတင်သွင်းခွင့် မူဝါဒ ဘယ်လို ဖြစ်သင့်သလဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

လက်ရှိ အစိုးရဟာ စနစ်နှစ်မျိုးနဲ့ ကားတင်သွင်းဖို့ ခွင့်ပြုထားပါတယ်။ တစ်မျိုးကတော့ ကိုယ့်မှာ အနှစ် ၂၀ ကျော် သက်တမ်းရှိတဲ့ ကားဟောင်းတစ်စီးရှိရင် အစိုးရဆီ သွားအပ်၊ အစိုးရဆီကနေ နိုင်ငံခြားကနေ တစ်ပါတ်ရစ် ကားတစ်စီး တင်သွင်းခွင့် ပါမစ် တစ်စောင် ထုတ်ယူပြီး အဲဒီ ခွင့်ပြုချက်နဲ့ ကားတင်သွင်းတာပါ။ ဒါမျိုးကို စလစ်ကပ် ကားလို့ ခေါ်ပါတယ်။ နောက်တစ်မျိုးကတော့ မြန်မာနိုင်ငံသားတွေကို တစ်ဦးချင်း ကားတင်သွင်းခွင့် လျောက်ထားစေပြီး တင်သွင်းခွင့်ပေးတာမျိုးပါ။ အဲဒီအမျိုးအစားမှာလည်း သင်္ဘောသား၊ ကုမ္ပဏီ၊ နိုင်ငံခြားရောက် မြန်မာ စသဖြင့် အမျိုးအစားတွေ ခွဲထားပေမယ့် အားလုံးကို ခြုံငုံပြီး Free Permit နဲ့ တင်သွင်းတယ်လို့ ခေါ်ပါတယ်။

တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံမှာ လက်ရှိ ခွင့်ပြုပေးနေတဲ့ ကားတင်သွင်းခွင့် ပေါ်လစီ အသစ်ကို ၂၀၁၁ နှစ်ကုန်ပိုင်းမှာ စ ကျင့်သုံးခဲ့ပါတယ်။ ဒီ့မတိုင်ခင်ကဆို စစ်အာဏာရှင်တွေက သူတို့ အကျိုးစီးပွားအတွက် ကားတင်သွင်းခွင့်ကို တင်းတင်းကြပ်ကြပ် ပိတ်ပင်ထားလို့ ပြည်တွင်းမှာ ကားတွေ ရှားပါးပြီး ဈေးနှုန်းကလည်း ကမ္ဘာမှာ အမြင့်ဆုံးလို့ ဆိုရလောက်အောင် ခေါင်ခိုက်နေတာပါ။ သုံးနေတဲ့ ကားအများစုကလည်း အိုမင်းဟောင်းနွမ်းနေတာချည်းပါ။ အဲဒီအချိန် သံရည်ကြိုစက်ရုံကို ပို့သင့်တဲ့ ကားအိုကားဟောင်းတွေဟာ ကျပ် သိန်း ၄၀၀- ၅၀၀ လောက် တန်ကြေးရှိပြီး တစ်ပါတ်ရစ် မော်ဒယ်နည်းနည်းမြင့်တဲ့ မစ်ဆူဘီရှီ ပါဂျဲရိုး၊ တိုယိုတာ ဆာ့ဖ် လိုကားမျိုးဆို ကျပ် သိန်း ၂၀၀၀- ၃၀၀၀ အထိ ဈေးပေါက်ခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန် အစိုးရ သစ်တက်တဲ့အခါ ကားတင်သွင်းခွင့်ပေါ်လစီကို လုံး၀ အပြောင်းအလဲ လုပ်လိုက်တာမျိုး မဟုတ်ပဲ ပထမ တဆင့်မှာ စောစောက ပြောတဲ့ ကားဟောင်းအပ် တစ်ပါတ်ရစ် ကားပြန်သွင်း ဆိုပြီး ခွင့်ပြုပေးလိုက်တာမျိုး ဖြစ်ပါတယ်။ အဲဒီနည်းနဲ့ ကားတင်သွင်းခဲ့တာ အခု ၂၀၁၅ နှစ်ကုန်ခါနီးအထိ ကားအစီးရေ နှစ်သိန်းနီးပါး ရှိခဲ့ပါပြီ။

ကားဟောင်းအပ်နိုင်မှ တစ်ပါတ်ရစ် ကားတင်သွင်းခွင့် စလစ် ရမှာမို့ နောက်ပိုင်း အဲဒီ စလစ်တွေဟာ ဈေးကွက်တစ်ခုလို ဖြစ်လာပြီး အခုနောက်ဆုံး စလစ်တစ်စောင် ကျပ် သိန်း ၇၀ လောက်ဈေးပေါက်နေပါတယ်။ လက်ရှိ မူဝါဒ အရ လူတစ်ယောက်ဟာ ၂၀၀၆ ကနေ ၂၀၁၃ အကြားမော်ဒယ် ဂျပန် တစ်ပါတ်ရစ်ကားတစ်စီး သွင်းချင်တယ် ဆိုရင် ကားဖိုး၊ အခွန်အခ လုံး၀ မပါသေးပဲ စလစ်ဖိုး ကျပ် သိန်း ၇၀ လောက် အရင်ကုန်ကျခံရမယ့် သဘောပါ။ ဒါမျိုး ဘယ်နိုင်ငံမှာမှ မရှိပါဘူး။ နိုင်ငံတကာမှာ ရှိတာကတော့ ကားတစ်စီး ကိုယ့်ဖာသာကိုယ် ဘယ်နှစ်နှစ်စီးစီး၊ လမ်းပေါ်တက် မောင်းနိုင်တဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ ကိုက်ညီရင် စီးခွင့်ရှိပါတယ်။ သိပ်ပြီး ဆိုးဆိုးရွားရွား ချို့ယွင်းလို့ မသုံးချင်ဘူး ဆိုရင်လည်း အစိတ်အပိုင်းအဖြစ် ရတဲ့ဈေးနဲ့ ရောင်းချင်ရောင်း၊ စွန့်ပစ်ချင်ပစ် ကြိုက်သလို လုပ်ဖို့ပါပဲ။ အဲဒီကား သွားအပ်မှ တစ်ပါတ်ရစ်ကား သွင်းဖို့ ပါမစ် ထုတ်ပေးတဲ့ စနစ်မျိုး မတီထွင် မကျင့်သုံးကြပါဘူး။

အလားတူ Free Permit နဲ့ ကားတင်သွင်းခွင့် ဆိုတာဟာလည်း လက်တွေ့ မကျပါဘူး။ လူတစ်ယောက်ချင်းဟာ ကားတစ်စီး တင်သွင်းဖို့အတွက် ကိုယ်တိုင် အဆင့်ဆင့် လျောက်ထား၊ လုပ်ကိုင်ရတဲ့ စနစ် ဖြစ်ပါတယ်။ အဆင့်တွေများ လုပ်ရကိုင်ရတာတွေ များလွန်းလို့ ဘယ်သူမှ ကိုယ်တိုင် လျောက်ပြီး နိုင်ငံခြားဈေးကွက်မှာ ကားလှမ်းဝယ်၊ ကိုယ့်ဖာသာကိုယ် ပြည်တွင်းကို ပြန်သွင်း မလုပ်နိုင်ကြပါဘူး။ အားလုံးလိုလိုဟာ ပွဲစားကုမ္ပဏီတွေ ပွဲစားတွေကိုပဲ အားကိုးကြရပါတယ်။ စနစ်က မမှန်တဲ့အတွက် အဂတိလိုက်စားမှုကလည်း ထွန်းကားနေပါသေးတယ်။ အခုဆို အဲလို Free Permit နဲ့ တင်သွင်းတဲ့ ကား အစီးရေ ၃ သိန်း ၃ သောင်းကျော်လောက် ရှိနေပါပြီ။ လက်ရှိ ပြည်တွင်းမှာ ဖွင့်လှစ်ခွင့်ပြုထားတဲ့ car showroom တွေဆိုတာက လည်း နိုင်ငံတကာနဲ့ ပုံစံချင်း မတူပါဘူး။ တစ်မျိုးကတော့ ကားအသစ်တွေ တင်သွင်းရောင်းချတဲ့ ကုမ္ပဏီ ဖြစ်ပြီး နောက်တစ်မျိုးကတော့ ကားဟောင်းအပ်ထားတဲ့ စလစ် ပြပြီးမှ ဝယ်ယူခွင့်ရှိတဲ့ Showroom အမျိုးအစားတွေပါ။ Free Permit အတွက် showroom ဆိုတာ မရှိပါဘူး။ ပြောရရင် ပြည်သူတွေအတွက် မခက်ခက်အောင်၊ ဈေးကွက်ကို မရှုတ်ရှုတ်အောင် ဖန်တီးထားတာတွေပါ။

တကယ့်တကယ် ဖြစ်သင့်တာက အစိုးရအနေနဲ့ တိုင်းပြည်ရဲ့ စီးပွားရေး၊ အခွန်ရလိုတဲ့ ပမာဏ၊ ပြည်သူတွေရဲ့ လိုအပ်ချက်၊ မြန်မာပြည်ရဲ့ လမ်းအနေအထား စတာတွေ တွက်ချက်ပြီး တိုင်းပြည်က လိုအပ်တဲ့ ကားအမျိုးအစား၊ အရည်အတွက်တွေကို လျာထားပြီး အခွန်နှုန်းထား ခွဲခြား သတ်မှတ်ရပါမယ်။ လိုအပ်ချက်ရှိတဲ့၊ သွင်းစေချင်တဲ့ အမျိုးအစားကို အခွန်လျော့ပေးပြီး မလိုတာတွေကို အခွန်မြှင့်ထားဖို့ပါ။ ပြီးရင် ပြည်တွင်းမှာ ကားထုတ်လုပ်မယ့် ကုမ္ပဏီတွေ ဝင်လာအောင် ဆွဲဆောင်တာ၊ အဲဒါတွေ မရှိသေးခင် စပ်ကြား ကုမ္ပဏီတွေကို ကားတင်သွင်းခွင့်ပေးပြီး ပြည်သူတွေကို လွတ်လွတ်လပ်လပ် လွယ်လွယ်ကူကူ ဝယ်ယူနိုင်အောင် လုပ်ပေးရပါလိမ့်မယ်။ လက်ရှိ ၄ နှစ်တာကာလ တင်သွင်းခဲ့တဲ့ ကားအစီးရေ ၅ သိန်း ၃ သောင်းဝန်းကျင်ရှိတာမို့ တစ်နှစ် ကားစီးရေ တစ်သိန်းလေးသောင်းကျော် သွင်းခဲ့တဲ့ သဘောပါ။ ကားတစ်စီး ဒေါ်လာ တစ်သောင်းလောက်နဲ့ တွက်ရင်တောင် တစ်နှစ် တစ်နှစ် ဒေါ်လာ တစ်ဘီလျံခွဲကျော် ပမာဏ ရှိတဲ့ စီးပွားရေး ဈေးကွက်ကြီးမို့ အစိုးရအနေနဲ့ စနစ်တကျ ထိန်းကျောင်း အကောင်အထည် ဖော်ရင် ဖြစ်နိုင်ပါတယ်။

ဒါကြောင့် အစိုးရအနေနဲ့ လက်ရှိ ကျင့်သုံးနေတဲ့ စလစ်ကပ် စနစ်၊ Free Permit စနစ်တွေကို ဖျက်သိမ်းပြီး နိုင်ငံတကာ နည်းတူ အစိုးရလည်း အခွန်ရ၊ ပြည်သူတွေလည်း သင့်တော်တဲ့ ဈေးနှုန်းနဲ့ လွယ်လင့်တကူ ဝယ်ယူနိုင်တဲ့ ကားတင်သွင်းခွင့် ပေါ်လစီ အသစ်တစ်ခု ချမှတ် ကျင့်သုံးသင့်နေပြီ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG