သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံဟာ အိမ်နီးချင်း နိုင်ငံတွေကို မူးယစ်ဆေးဝါး ဖြန့်ဖြူးရာ ဗဟိုချက်မ ဖြစ်လာနေပြီလား


အမေရိကန် ဒေါ်လာ ၁၃၃ သန်းခွဲ၊ မြန်မာကျပ်ငွေ ၁၃၃ ဒဿမ ၅ ဘီလီယံ တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား အလုံးရေ ၂၆ သန်းခွဲကျော်ကို ရန်ကုန်တိုင်း မင်္ဂလာတောင် ညွန့်မြို့နယ် မင်္ဂလာဒုံစက်မှုဇုန် အိုးအိမ် ၆ လမ်းသွား လမ်းမပေါ်မှာ ရပ်ထားတဲ့ ကုန်တင်ကားပေါ်မှာ ဖမ်းဆီးရမိ။ (ဓာတ်ပုံ - MOI)
အမေရိကန် ဒေါ်လာ ၁၃၃ သန်းခွဲ၊ မြန်မာကျပ်ငွေ ၁၃၃ ဒဿမ ၅ ဘီလီယံ တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား အလုံးရေ ၂၆ သန်းခွဲကျော်ကို ရန်ကုန်တိုင်း မင်္ဂလာတောင် ညွန့်မြို့နယ် မင်္ဂလာဒုံစက်မှုဇုန် အိုးအိမ် ၆ လမ်းသွား လမ်းမပေါ်မှာ ရပ်ထားတဲ့ ကုန်တင်ကားပေါ်မှာ ဖမ်းဆီးရမိ။ (ဓာတ်ပုံ - MOI)
တိုက်ရိုက် လင့်ခ်

ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့က ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝင်း၊ အိုးအိမ်(၆)လမ်းမှာ မူးယစ်ဆေးဝါး အပြည့် တင်ထားတဲ့ အလုံပိတ် ကားတစ်စင်း ထဲကနေ အင်ဖက်တမင်းလို့ခေါ်တဲ့ စိတ်ကြွဆေးပြား အလုံးရေ ၂၇ သန်းနီးပါး ဖမ်းဆီးရမိခဲ့တာ တစ်နှစ် ပြည့်ခဲ့ပါပြီ။ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု သမိုင်းမှာ တစ်ကြိမ်တည်းနဲ့ အများဆုံးဖမ်းဆီးရမိတဲ့ အဲဒီ မှုခင်း ဖြစ်ပွားပြီး နောက်ပိုင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု သတင်းတွေ ရပ်တန့်လျော့နည်းသွားတာ မတွေ့ရပါဘူး။ ပိုလို့တောင် များပြားလာပြီး နောက်ပိုင်း ဖမ်းဆီးရမိမှု သတင်းတွေမှာဆိုရင် အိမ်နီးချင်း နိုင်ငံတွေကို ဖြန့်ဖြူးဖို့ ရည်ရွယ်တဲ့ သတင်းတွေလည်း ဆက်တိုက်ဆိုသလို ပါဝင်လာတာ တွေ့ကြရ ပါတယ်။ မြန်မာနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေကို မူးယစ်ဆေးဝါး ဖြန့်ဖြူးရာ ဗဟိုချက်မ ဖြစ်လာနေပြီလား ဆိုတာ ဒီတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

လတ်တလော ပူပူနွေးနွေး သတင်းတစ်ပုဒ်ကတော့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ မလေးရှားသွားမယ့် မြန်မာနိုင်ငံသား အမျိုးသမီးတစ်ယောက်ဆီကနေ စိတ်ကြွဆေးပြား ၃၄၀၀၀ ဖမ်းဆီးရမိလိုက်တဲ့ သတင်းပါ။ အရင်တုန်းကတော့ မလေးရှားနဲ့ မြန်မာနိုင်ငံ တောင်ပိုင်း က နိုင်ငံတွေကို ဖြန့်ဖြူးရောင်းချဖို့ ရည်ရွယ်ပုံရတဲ့ စက်လှေတွေပေါ်ကနေ စိတ်ကြွဆေးပြားနဲ့ ဘိန်းဖြူ သယ်ယူမှုတွေကို မြန်မာ့ရေပိုင်နက်မှာ ဖမ်းဆီးရမိတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် လေဆိပ်လို နေရာမျိုးမှာ ဖမ်းဆီးရမိတဲ့ သတင်းကတော့ ဖြစ်တောင့်ဖြစ်ခဲပါ။ ဒီ့အရင် မူးယစ်ဆေးဝါး ဘယ်လောက် ဒီလေဆိပ်ကနေ ထွက်သွားခဲ့ပြီလဲ ဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး။ နောက်ထပ် သတင်းကတော့ ရခိုင်ပြည်နယ် မောင်တောမြို့နယ် အမှတ်(၂) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ လက်အောက်ခံ ကျောက်ပန္တုရဲကင်းစခန်းထဲမှာ ဖွက်ထားတဲ့ WY မူးယစ်ဆေးပြားအရေအတွက် ၃ သိန်းနီးပါးကို ဖမ်းဆီးရမိခဲ့ခြင်းပါ။ အမှတ် (၂)နယ်ခြားစောင့် ရဲတပ်ခွဲမှူး ဒုတိယရဲမှူးကြီး တင့်ဇော်ဦးနဲ့ တပ်ဖွဲ့ဝင်တွေက ဝင်ရောက်ရှာဖွေခဲ့ရာမှာ အဲ့ဒီမူးယစ်ဆေးဝါးတွေကို ရဲကင်းစခန်းထဲက စားဖိုဆောင်ခန်း မြေကြီးထဲမှာသိုဝှက်မြုှပ်နှံထားတာကို တွေ့ရှိ ခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သက်တယ်ဆိုတာ ဘယ်လိုမှ မငြင်းနိုင်တဲ့ ဒီ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုဟာ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ခိုးသွင်းဖို့ ရည်ရွယ်တာလို့ မှန်းဆနိုင်ပါတယ်။

အလားတူ သတင်းတစ်ပုဒ်ကတော့ ဇူလိုင်လ ၂၆ ရက်နေ့ ညနေပိုင်း မြန်မာနိုင်ငံဘက်ခြမ်းကနေ မူးယစ်ဆေးဝါးတွေ သယ်ယူလာတဲ့ မြန်မာနိုင်ငံသားနှစ်ယောက်ဆီကနေ စိတ်ကြွမူးယစ်ဆေးပြား ၂ သိန်းကျော်နဲ့အတူ ထိုင်းမြန်မာနယ်စပ် တာချီလိတ် တစ်ဖက်ကမ်း မယ်ဆိုင်မြို့မှာ ထိုင်း မူးယစ်ဆေးဝါး တားဆီးကာကွယ် နှိမ်နင်းရေး ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့ သတင်းပါ။ ဒီ ဖမ်းဆီးရမိမှုဟာ ထောင်ချောက်ဆင် ဖမ်းဆီးရမိခဲ့တဲ့ မှုခင်း အမျိုးအစားပါ။ ထိုင်းဘက်က ရဲတပ်ဖွဲ့ဝင်တွေဟာ မြန်မာဘက်အခြမ်းက မူးယစ်ဆေးဝါး ဖြန့်ဖြူးသူတွေနဲ့ ဆက်သွယ်ပြီး ထိုင်းဘတ်ငွေ ၅ သန်းခွဲကျော်ဖိုး ဝယ်မယ်၊ ထိုင်းဘက် အခြမ်းကို လာပို့ပါလို့ အယုံသွင်းပြီး၊ မူးယစ်ဆေးတွေ သယ်လာတဲ့အခါ ဖမ်းဆီးလိုက်တာမျိုးပါ။ ပြောရရင် ထိုင်းနိုင်ငံဘက်အခြမ်း မှာ မြန်မာနိုင်ငံဘက်ကလာတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတာ ဒီတစ်ကြိမ်တည်းတော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အကြိမ်ကြိမ် ဖမ်းဆီး ရမိခဲ့တာ ဖြစ်ပါတယ်။

သတင်းတွေ အားလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် မြန်မာနိုင်ငံတွင်းမှာ မူးယစ်ဆေးဝါးတွေကို အကြိမ်ရေ ခပ်စိပ်စိပ် ပမာဏ အများကြီး ဖမ်းဆီးရမိလာနေတာ၊ အဲဒီအထဲက မူးယစ်ဆေး အများအပြားဟာ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှားနဲ့ အခြားနိုင်ငံတွေကို တင်ပို့ဖို့ ရည်ရွယ်လုပ်ကိုင်ဆောင်ရွက်နေကြတာ ထင်ထင်ရှားရှား တွေ့နိုင်ကြပါတယ်။ ဒီပြသနာ ဘယ်လို ကိုင်တွယ်ရင် အောင်မြင်နိုင်မလဲ ဆက်ပြီး ဆွေးနွေးကြည့်ကြရအောင်ပါ။

တကယ်တော့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ဆိုတာဟာ မူရင်း ထုတ်လုပ်တဲ့နေရာကို ဖမ်းဆီးနှိမ်နင်းမှ အမြစ်ပြတ်နိုင်မှာပါ။ မြန်မာနိုင်ငံမှာတော့ အင်ဖက်တမင်းခေါ် စိတ်ကြွဆေး နဲ့ ဘိန်းဖြူတွေကို အဓိကအားဖြင့် တိုင်းရင်းသား လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ တရုတ်နဲ့ ထိုင်း နယ်စပ်ဒေသတွေကနေ ထုတ်လုပ်ဖြန့်ဖြူးနေကြတယ်လို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး တာဝန်ရှိသူတွေက ခန့်မှန်းထားကြပါတယ်။ အခုနောက်ပိုင်း အင်ဖက်တမင်းထက် ပို အဆင့်မြင့်တဲ့ အိုက်စ် ခေါ်တဲ့ မူးယစ်ဆေးဝါးမျိုးကိုလည်း ထုတ်လုပ်လာနိုင်ကြပြီလို့ ဆိုပါတယ်။ အဲဒီ လက်နက်ကိုင် အဖွဲ့အစည်းတွေထဲမှာ အစိုးရနဲ့ အပစ်ရပ်ထားတဲ့ အဖွဲ့တွေ၊ အပစ်ရပ်မထားတဲ့ အဖွဲ့တွေနဲ့ အစိုးရက ထောက်ပံ့ထားတဲ့ ပြည်သူ့စစ် အဖွဲ့က ထိန်းချုပ်ထားတဲ့ ဧရိယာတွေ ပါဝင်နေတယ် လို့ ဆိုပါတယ်။ အကြောင်းကြောင်းကြောင့် အဲဒီ နေရာတွေက မူးယစ်ဆေးဝါး ထုတ်လုပ်နေမှုတွေကို နှိမ်နင်းဖို့ မလွယ်ကူပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီ ကိစ္စကို တာဝန်ယူထားရတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ပြည်ထဲရေး ဝန်ကြီးဌာန အပါအဝင် တပ်မတော်ဘက်ကပါ အလေးထား ဆောင်ရွက်ပေးဖို့ လိုအပ်နေပါတယ်။

မူးယစ်ဆေးဝါး ထုတ်လုပ်တာကို နှိမ်နင်းရ ခက်ခဲသလို၊ ဖြန့်ဖြူးသူတွေကို ဖမ်းဆီးနှိမ်နင်းရတာလဲ ခက်ခဲပါတယ်။ အကြောင်းကတော့ မူးယစ်ဆေးဝါး ဖြန့်ဖြူးတဲ့ လုပ်ငန်းဟာ အမြတ်အစွန်း အလွန်ကြီးမားတဲ့ လုပ်ငန်းတစ်ခု ဖြစ်လို့ ဖြစ်ပါတယ်။ မကြာသေးခင်က ရန်ကုန်မှာ အင်ဖက်တမင်း စိတ်ကြွဆေးပြားတွေ ဖမ်းမိတဲ့ မှုခင်း တစ်ခုကို စစ်ဆေးလိုက်တဲ့အခါ ရှမ်းပြည်နယ်ဘက်က ဖြန့်ဖြူးသူ တစ်ယောက်က ရန်ကုန်အရောက် လက်ကားဈေး မူးယစ်ဆေး တစ်ပြား ကျပ် ၃၅၀ နှုန်းနဲ့ အိမ်အရောက် ပို့ပေးတာမျိုးပါ။ လက်ရှိ အဲဒီ စိတ်ကြွဆေးတစ်ပြား ရန်ကုန်လက်လီဈေးမှာ ကျပ် ၅၀၀၀ လောက် ဈေးပေါက်ပါတယ်။ ရန်ကုန်က မူးယစ်ဆေး လက်ခံသူဟာ ရန်ကုန်လက်လီဈေးကွက်အတွက် တစ်ဆင့်ခံဈေး တစ်ပြား ကျပ် ၂၀၀၀ နှုန်းနဲ့ ဖြန့်ဖြူးတယ် ဆိုရင်ပဲ အမြတ်ငွေ ၅-၆ ဆ လောက် ရနိုင်တာမို့ အလွန့်အလွန် အကျိုးအမြတ် များတဲ့ စီးပွားရေး လုပ်ငန်းကြီး ဖြစ်နေတာ တွေ့နိုင်ပါတယ်။ ဒီလို အမြတ်အစွန်း အလွန်များလွန်းတာကြောင့်လဲ တစ်ယောက်ကို ဖမ်းလိုက်ရင် နောက်ထပ် တစ်ယောက်က ဝင်ရောက်လုပ်ကိုင်မှာ သေခြာသလောက် ဖြစ်နေတယ်လို့ ခန့်မှန်းနိုင်ပါတယ်။

နောက်ပြသနာ တစ်ခုကတော့ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချပုံပါ။ အခုနောက်ပိုင်း မူးယစ်ဆေး ဖြန့်ဖြူးသူတွေဟာ မူးယစ်ဆေး ထုတ်လုပ်ရာ ရှမ်းပြည်နယ် ဘက်ကနေ မန္တလေး၊ ရန်ကုန်၊ ရန်ကုန်က တဆင့် ရခိုင်ပြည်နယ်နဲ့ အခြားဒေသ အသီးသီး သယ်ဆောင်ရာမှာ ခရီးစဉ် တစ်ဖြတ်နဲ့ တစ်ဖြတ်အကြား သီးခြားစီဖြစ်အောင် စီမံဆောင်ရွက်ထားတာမို့ တစ်နေရာမှာ မိလိုက်ရင်တောင် ပင်ရင်းကို ဆက်လိုက်ဖို့ ခက်ခဲနေတတ်တယ်လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး စိန်လွင် က သတင်းမီဒီယာတွေကို ရှင်းပြဖူးပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေးတွေ ပြန်လည်စတင်တဲ့နေ့မှာပဲ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝမ်းလှိုင်းခမ်း က ရှမ်းပြည်နယ်မြောက်ပိုင်းက ကျေးရွာတွေမှာ မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှုနေတာတွေ အုပ်စုလိုက် မူးယစ်ဆေးဝါးသုံးစွဲတာတွေကို ထိထိရောက်ရောက် ဖမ်းဆီးအရေးယူပေးဖို့ တိုက်တွန်း ကြောင်း အဆိုတစ်ခု အမျိုးသားလွှတ်တော်မှာ တင်သွင်းခဲ့ပါသေးတယ်။

အားလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် မြန်မာနိုင်ငံက မူးယစ်ဆေးဝါး ပြသနာဟာ တိုင်းရင်းသား ပြည်သူတွေကို ဆိုးကျိုးပေးရုံမက အိမ်နီးချင်းနိုင်ငံတွေကိုပါ ဒုက္ခပေးတဲ့ အခြေအနေမျိုး ရောက်နေပါပြီ။ ဒီအတွက် လက်ရှိ လွှတ်တော်၊ အစိုးရ၊ ပြည်ထဲရေး၊ တပ်မတော် သက်ဆိုင်ရာ အစုအဖွဲ့အားလုံးပူးပေါင်းပြီး မူးယစ်ဆေးဝါး ပြသနာကို အစီအစဉ်ရှိရှိ စနစ်တကျ မဆိုင်းမတွ ကိုင်တွယ်ဖြေရှင်းဖို့ အချိန်တန်နေပြီ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG