သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးကို ဘယ်အချိန်မြင်ရမလဲ


ဂျပန်ဝန်ကြီးချုပ် Shinzo Abe နဲ့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းဦးဆောင်တဲ့ အဖွဲ့တွေ့ဆုံစဉ်။ သတင်းဓာတ်ပုံ-ဦးညိုအုန်းမြင့်
ဂျပန်ဝန်ကြီးချုပ် Shinzo Abe နဲ့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းဦးဆောင်တဲ့ အဖွဲ့တွေ့ဆုံစဉ်။ သတင်းဓာတ်ပုံ-ဦးညိုအုန်းမြင့်

ပြီးခဲ့တဲ့ ဧပြီ ၁၄ ရက်ကနေ ၁၇ ရက်နေ့အတွင်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့ဟာ ဂျပန်အစိုးရအဖွဲ့ရဲ့ ဖိတ်ကြားချက်အရ တိုကျိုမြို့ကို သွားရောက်ပြီး ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး အပါအဝင် အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံ၊ သူတို့ ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအကြောင်း ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ ဂျပန်အစိုးရအနေနဲ့ စစ်ဘေးစစ်ဒါဏ်ခံရတဲ့ တိုင်းရင်းသားဒေသတွေ ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်တွေမှာ အကူအညီပေးဖို့ ကတိကဝတ်ပြုထားပြီး ဖြစ်သလို ဆက်ပြီးတော့လည်း ထဲထဲဝင်ဝင် အကူအညီ ပေးသွားမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခ ချုပ်ငြိမ်းအောင် အကောင်အထည်ဖော်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဘယ်အထိ ခရီးရောက်နေပြီလဲ၊ ငြိမ်းချမ်းရေး အကောင်အထည် ဖော်မှုမှာ အကူအညီ ပေးနေကြတဲ့ နော်ဝေ၊ ဥရောပ သမဂ္ဂနဲ့ ဂျပန်လို နိုင်ငံတွေ မျှော်မှန်းတဲ့ အခြေအနေ ရောက်လာမှာလား ဆိုတာ ဒီတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

တိုက်ရိုက် လင့်ခ်

လောလောဆယ် ရောက်နေတာကတော့ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ် လက်မှတ် ရေးထိုးနိုင်ဖို့ ညှိနှိုင်းဆောင်ရွက်နေဆဲ ပထမ အဆင့်ပါ။ ဒီအဆင့်ရောက်လာဖို့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီဟာ အရင် စစ်အစိုးရ အဆက်ဆက် နဲ့ မတူပဲ လက်တွေ့ကျတဲ့ အနေအထားမျိုးတွေနဲ့ လက်နက်ကိုင် တိုင်းရင်းသား အင်အားစုတွေကို ကမ်းလှမ်းခဲ့ပါတယ်။ အဲဒါတွေကတော့ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲတွေကနေ သဘောတူညီမှု တစ်စုံတစ်ရာ မရမချင်း တိုင်းရင်းသားအဖွဲ့တွေ အနေနဲ့ ကိုယ့်လက်နက် ကိုယ် ကိုင်ထားနိုင်တယ်၊ ကိုယ့်နယ်မြေ ကိုယ် ထိန်းချုပ်ထားနိုင်တယ်၊ ဆိုတာမျိုးဖြစ်ပါတယ်။ အပစ်ရပ်ပြီးနောက် နောင် ကျင်းပမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပြည်ထောင်စုကြီးကနေ ခွဲမထွက်ဖို့၊ တို့တာဝန် အရေးသုံးပါးကို မထိခိုက်စေဖို့ အချက်နှစ်ချက်က လွဲရင် ကျန်တာ ဘာမဆို ဆွေးနွေးနိုင်တယ် ဆိုပြီး လမ်းဖွင့်ပေးတာ တွေ့ရပါတယ်။

ဒါတင်မက လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေအချင်းချင်း တွေ့ဆုံဆွေးနွေးမှု ပြုရာမှာ ကူညီဆောင်ရွက်ပေးတာ၊ မြေပေါ် နိုင်ငံရေးအင်အားစုတွေနဲ့ လွတ်လွတ်လပ်လပ် တွေ့ဆုံဆွေးနွေးခွင့်ပြုတာ၊ လက်နက်ကိုင် အဖွဲ့တာဝန်ရှိသူတွေ အစိုးရ ထိန်းချုပ်နယ်မြေထဲက ပြည်သူလူထုနဲ့ တွေ့ဆုံရာမှာ အကူအညီပေးတာမျိုး လုပ်ပြခဲ့ပါတယ်။ ဒါတင်မက လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေ၊ တာဝန်ရှိသူတွေ နိုင်ငံတကာ သွားရောက်နိုင်အောင် အစိုးရဘက်က နိုင်ငံကူးလက်မှတ် ထုတ်ပေးတာ အပါအဝင် အခြား အရင်စစ်အစိုးရ အဆက်ဆက် မလိုက်လျောတဲ့ အချက်ပေါင်းများစွာ လိုက်လျောခဲ့ပါတယ်။ ဒီလိုနည်းနဲ့ အပစ်ရပ်စာချုပ် မူကြမ်းကို အစိုးရ ညှိနှိုင်းရေး အဖွဲ့နဲ့ တိုင်းရင်းသား ညှိနှိုင်းရေး အဖွဲ့တွေ သဘောတူနိုင်သည် အထိ ခရီးပေါက်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ငြိမ်းချမ်းရေး အကောင်အထည်ဖော်မှု လုပ်ငန်းစဉ် ဆိုတာဟာ ဦးအောင်မင်း ဦးဆောင်တဲ့ လုပ်ငန်းကော်မတီ တစ်ခုတည်းက ဆောင်ရွက်လို့ ရတာမျိုးတော့ မဟုတ်ပါဘူး။ အဓိကကျတဲ့ တပ်မတော်၊ လွှတ်တော်နဲ့ အစိုးရ တာဝန်ရှိသူတွေဘက်ကပါ စိတ်ရင်း စေတနာမှန်နဲ့ ဟန်ချက်ညီညီ လိုက်ပါ အကောင်အထည် ဖော်ပါမှ ဖြစ်ထွန်းတိုးတက်နိုင်မယ့် ကိစ္စမျိုး ဖြစ်ပါတယ်။ အခြားတစ်ဖက် လက်နက်ကိုင် တိုင်းရင်းသားတွေ ဘက်ကလည်း တကယ့် ကိုယ့် တိုင်းရင်းသားပြည်သူ အကျိုးကို မျှော်ကိုးပြီး ငြိမ်းချမ်းရေးအတွက် လက်တွေ့ကျတဲ့ အပေးအယူ အလျော့အတင်းမျိုး လုပ်ဖို့ လိုအပ်ပါတယ်။

တကယ့်လက်တွေ့ အခြေအနေကတော့ အဲဒီလို ဖြစ်မလာပါဘူး။ ပြီးခဲ့တဲ့ မတ်လ ၂၇ တပ်မတော်နေ့မှာ ကာကွယ်ရေး ဦးစီးချုပ်က လက်နက်ကိုင် တိုင်းရင်းသားတွေ လက်မခံနိုင်ဘူးလို့ ငြင်းဆန်ထားတဲ့ ငြိမ်းချမ်းရေး ဆိုင်ရာ မူ(၆) ချက် ဆုတ်ကိုင်ထားတယ် ဆိုပြီး ပြောဆိုတာတွေ၊ disarmament, demobilization and reintegration, DDR လို့ခေါ်တဲ့ လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းရေး အကောင်အထည် ဖော်ရမယ် လို့ ဆိုတာတွေဟာ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကို အထောက်အကူ မပြုတာ တွေ့ရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ကာလက ကေအိုင်အေ တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားတာတွေ၊ လက်ရှိ ကိုးကန့်ဒေသကို အကြီးအကျယ် ထိုးစစ်ဆင်နေတာတွေကလည်း အပစ်ရပ်စာချုပ် လက်မှတ်ထိုးဖို့ကိုတောင် နှောင့်နှေးစေနိုင်တာ တွေ့မြင်နေရပါတယ်။

အလားတူ လွှတ်တော်ကို လွှမ်းမိုးထားတဲ့ ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်သား အမတ်တွေကလည်း ပြည်တွင်းငြိမ်းချမ်းရေးကို အထောက်အကူ ဖြစ်စေမယ့်၊ တိုင်းရင်းသား တန်းတူရေးကို အကြမ်းဖျဉ်းအားဖြင့် အာမ ခံနိုင်မယ့် အခြေအနေမျိုး ရောက်တဲ့အထိ ဖွဲ့စည်းပုံကို ပြင်မပေးနိုင်သေးပါဘူး။ အလားတူ ကာလကြာရှည် အပစ်ရပ်ထားပြီးသားလည်းဖြစ်၊ ဒေသ တည်ငြိမ်မှုလည်း ရစ ပြုနေတဲ့ ဒေသတွေမှာ မြေမြှုပ်မိုင်း ရှင်းလင်းရေး၊ စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး၊ စစ်ဘေးဒါဏ်ခံ ပြည်သူတွေ ဘ၀ ပြန်လည် ထူထောင်ရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် ပြန်လည် တည်ဆောက်ပေးရေး စတာတွေ လုပ်မပေးနိုင်သေးရုံမက အပစ်ရပ် ခိုင်မာအောင် ဆောင်ရွက်ရမယ့် ကိစ္စတွေကိုတောင် အကောင်အထည် ဖော်တာ မတွေ့ရသေးပါဘူး။

တကယ်တော့ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ရပ်စဲပြီး ငြိမ်းချမ်းရေး ရစေဖို့ ဆန္ဒအပြင်းပြဆုံးဟာ တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံးပဲ ဖြစ်ပါတယ်။ အထူးသဖြင့် စစ်ဘေးဒါဏ်ကို တိုက်ရိုက်ခံရတဲ့ နယ်စပ်နေ တိုင်းရင်းသားတွေပါ။ မြန်မာနိုင်ငံအပေါ် စေတနာထားတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း မြန်မာနိုင်ငံကို ငြိမ်းချမ်းစေချင်ကြပါတယ်။ ဒါပေမယ့် တကယ့် စစ်မှန်တဲ့ ငြိမ်းချမ်းရေး ပေါ်ပေါက်ဖို့ ဆိုတာဟာ ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင်တွေလောက်ပဲ အကောင်အထည်ဖော်နေရုံနဲ့ မဖြစ်နိုင်ပါဘူး။ တပ်မတော်၊ လွှတ်တော်ကို လွှမ်းမိုးထားတဲ့ ပြည်ခိုင်ဖြိုးပါတီနဲ့ တပ်မတော်သား အမတ်တွေ အပါအဝင် အစိုးရ တာဝန်ရှိသူ အဆင့်ဆင့်က စိတ်စေတနာ မှန်မှန်နဲ့ လိုလိုလားလား ပါဝင် အကောင်အထည်ဖော်မှ အောင်မြင်နိုင်မယ့် အရေးုဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG