သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ ပါတီ မဲဆွယ်စည်းရုံးရေး လုပ်နေသလား


သမ္မတဦးသိန်းစိန် မန္တလေး ဦးပိန်တံတားကို ကြည့်ရှုစစ်ဆေးနေစဉ်
သမ္မတဦးသိန်းစိန် မန္တလေး ဦးပိန်တံတားကို ကြည့်ရှုစစ်ဆေးနေစဉ်

ပါတီ မဲဆွယ် စည်းရုံးရေး လုပ်ငန်း လုပ်ရာမှာ အစိုးရတာဝန်နဲ့ ခွဲခွဲခြားခြား လုပ်ကြဖို့ပါပဲ။ ဒီလို ဥပဒေ စည်းမျဉ်းတွေ ရှိနေပါလျက်နဲ့ သမ္မတ ဦးသိန်းစိန်၊ အစိုးရအဖွဲ့နဲ့ ပြန်ကြားရေး ဝန်ကြီးဌာနဟာ ရွေးကောက်ပွဲအတွက် ချမှတ်ထားတဲ့ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖေါက်ပြီး ဆက်လုပ်ကိုင်နေကြတာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းက သမ္မတ ဦးသိန်းစိန်ရဲ့ ခရီးစဉ် သတင်းဓာတ်ပုံနဲ့ ပတ်သက်ပြီး အစိုးရပိုင် သတင်းစာတွေရဲ့ ဖော်ပြမှုဟာ ပြည်ခိုင်ဖြိုးပါတီ အတွက် မဲဆွယ်ပေးသလို ဖြစ်နေတယ် ဆိုတဲ့ ဝေဖန်ငြင်းခုံမှု တစ်ချို့ ပေါ်ပေါက်ခဲ့ပါတယ်။ ဦးသိန်းစိန်ရဲ့ သမ္မတ တာဝန်နဲ့ သွားတဲ့ ခရီးစဉ်မှာ ဒေသခံ ပြည်သူတစ်ချို့က ပြည်ခိုင်ဖြိုး အကျီ ၤတွေဝတ်၊ ပြည်ခိုင်ဖြိုးအလံတွေ ဝှေ့ရမ်းပြီး ကြိုဆိုတဲ့ ဓာတ်ပုံတွေကို အစိုးရပိုင် သတင်းစာက ဖော်ပြခဲ့သလို မျက်နှာဖုံးမှာ “မိတ္တီလာ မြို့နှင့် မိတ္တီလာ လွင်ပြင် တစ်ခုလုံး အစိမ်းရောင် လွင်ပြင် ဖြစ်ရမည်” ဆိုတဲ့ ခေါင်းစဉ်ရေးထိုး ဖော်ပြခဲ့လို့ပါ။ ဒီလို ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး ပြည်သူ့ ဘဏ္ဍာငွေနဲ့ လည်ပတ်နေတဲ့ ပြန်ကြားရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်စုံတစ်ယောက်ကမှ သူတို့ လုပ်ရပ် မှားပါတယ် ဆိုပြီး ဝန်မခံခဲ့သလို အစိုးရတာဝန်နဲ့ ခရီးသွားရာမှာ ပါတီ အကျီ ၤဝတ်၊ ပါတီ အလံကိုင်ပြီး ကြိုဆိုကြတာတွေကိုလည်း အစိုးရအဖွဲ့က ဘာတစ်ခွန်းမှ ဖြေရှင်းချက် မပေးခဲ့ပါဘူး။ အခုတော့ အများပြည်သူနဲ့ သတင်းမီဒီယာတွေရဲ့ ဝေဖန်မှုကို လုံး၀ ဂရုမစိုက်ဘူး ဆိုတဲ့ သဘောမျိုးများ ဖြစ်နေမလား၊ သမ္မတ ဦးသိန်းစိန် ရဲ့ အစိုးရ တာဝန် ခရီးစဉ်တွေကို ပြည်ခိုင်ဖြိုး ပါတီ စည်းရုံးရေး ခရီးစဉ် ဆန်ဆန် ဖော်ပြမှုတွေ ဆက်တိုက် လုပ်လာပြန်ပါပြီ။ ဒီလို လုပ်တာ သင့်တော်ပါရဲ့လား၊ ဘယ်လို အကျိုးဆက်တွေ ရှိလာနိုင်မလဲ ဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

အောက်တိုဘာ ၂၉ ရက်နေ့က သမ္မတ ဦးသိန်းစိန် ဧရာဝတီတိုင်း ပုသိမ်မြို့ကို သွားပါတယ်။ အဲဒီနေမှ တဆင့် သမ္မတ နဲ့ အဖွဲ့ဟာ ငပုတောမြို့ကို ဆက်ပြီးသွားပါတယ်။ သမ္မတ လမ်းကြောင်းမှာ ကြိုဆိုကြတဲ့ ပရိသတ်တွေရော၊ လူထု တွေ့ဆုံပွဲမှာပါ ပရိသတ် အများစုဟာ ပြည်ခိုင်ဖြိုးပါတီ တံဆိပ်ပါ တီရှပ်တွေ၊ အကျီ ၤတွေ ဝတ်ဆင်ထားတာ တွေ့ရပါတယ်။ တစ်ချို့ တီရှပ်တွေမှာဆို “ လူမှုဘ၀ မြင့်မားဖို့ ပြည်ခိုင်ဖြိုးကို မဲပေးစို့” ဆိုတဲ့ စာသားတွေကိုပါ ရိုက်နှိပ်ထားတာပါ။ ကြိုဆိုကြရာမှာလည်း အများစုဟာ ပြည်ခိုင်ဖြိုးအလံတွေကို ဝှေ့ရမ်းပြီး ကြိုဆိုကြပါတယ်။ တကယ်တော့ နိုင်ငံရေးပါတီတွေ အပြိုင်အဆိုင် မဲဆွယ် စည်းရုံးရေး ဆင်းနေကြတဲ့ ဒီကနေ့လို ကာလမျိုးမှာ ရွေးကောက်ပွဲ ဝင်မှာ မဟုတ်တဲ့ သမ္မတ တစ်ယောက်ရဲ့ တရားဝင် ခရီးစဉ်တွေဟာ ပါတီ နိုင်ငံရေး ကင်းဖို့ လိုပါတယ်။ ခရီးစဉ် စီစဉ်တဲ့သူတွေကလည်း ပါတီစည်းရုံးရေး အသွင်သဏ္ဍာန် မဆောင်အောင် စီစဉ်ဖို့ လိုအပ်ပါတယ်။ အခုတော့ သမ္မတ ခရီးစဉ်သာပြောတယ်၊ ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေး ခရီးစဉ်နဲ့ ဘာမှ မခြားနားပါဘူး။

တိုက်ရိုက် လင့်ခ်

နောက်ပြသနာ တစ်ခုက ပြည်သူ့ဘဏ္ဍာငွေနဲ့ လည်ပတ်နေတဲ့ အစိုးရပိုင် မြန်မာ့အလင်း၊ ကြေးမုံနဲ့ တပ်မတော်ပိုင် မြဝတီ စတဲ့ သတင်းစာတွေ၊ MRTV ရုပ်သံလိုင်းတွေကလည်း ဒီ မဲဆွယ် စည်းရုံးရေး ဆန်တဲ့ ဓာတ်ပုံတွေ၊ ဗီဒီယို ကလစ်တွေ ပါဝင်တဲ့ သတင်းတွေကို ဝေေ၀ဆာဆာ ဖော်ပြနေကြတာပါ။ တကယ်တေ ာ့ ပြည်ခိုင်ဖြိုးပါတီ မဲဆွယ် စည်းရုံးရေး ပုံသဏ္ဍာန် ဖြစ်နေတယ် ဆိုရင် ပါတီပိုင် ပြည်ထောင်စု နေ့စဉ် သတင်းစာမှာ စိတ်ကြိုက် ဖော်ပြလို့ ရပါတယ်။ ပြည်သူ့ဘဏ္ဍာနဲ့ လည်ပတ်နေတဲ့ အဲဒီ သတင်းစာနဲ့ ရုပ်သံမီဒီယာတွေကနေ ဒီလို ပုံစံ ဖော်ပြတာမျိုးကတော့ မသင့်တော်ပါဘူး။ အကြောင်းကတော့ ပြန်ကြားရေး ဝန်ကြီးဌာန ကိုယ်တိုင် ဘက်လိုက်မှုတွေ ရှိမှာစိုးလို့ ဆိုပြီး နိုင်ငံရေးပါတီ မဲဆွယ် စည်းရုံးတဲ့ သတင်းတွေနဲ့ ပတ်သက်ရင် ဘာသတင်းကိုမှ ထည့်သွင်း ဖော်ပြခွင့် မပြုခဲ့လို့ပါပဲ။

တဆက်တည်း သမ္မတ ဦးသိန်းစိန်နဲ့ ရွေးကောက်ပွဲ အကြောင်း ဆွေးနွေးကြည့်ရအောင်ပါ။ လက်ရှိ ဖွဲ့စည်းပုံ၂၀၀၈ ထဲမှာ သမ္မတ နဲ့ အစိုးရအဖွဲ့ ဝန်ကြီးတွေဟာ သူတို့ရဲ့ အစိုးရ တာဝန် သက်တမ်း အတွင်း ပါတီနိုင်ငံရေး မဆောင်ရွက်ရဘူးလို့ ပြဌာန်းထားပါတယ်။ အစိုးရ သက်တန်းလို့ ဆိုထားတဲ့ အတွက် တာဝန် စ ထမ်းဆောင်ချိန်က စ ပြီး တာဝန်ကနေ နှုတ်ထွက်၊ ဒါမှမဟုတ် အနားယူမယ့် အချိန်အထိ အကျုံးဝင်ပါတယ်။ ဒါပေမယ့် ပြည်ထောင်စု အစိုးရ အဖွဲ့ ဥပဒေ မှာတော့ ရွေးကောက်ပွဲ မဲဆွယ်ကာလ ရောက်ရင် ရွေးကောက်ပွဲ ဝင်မယ့် သမ္မတ နဲ့ အစိုးရ အဖွဲ့ဝင်တွေဟာ ပါတီ မဲဆွယ် စည်းရုံးရေး လုပ်ငန်းတွေ လုပ်နိုင်တယ် ဆိုပြီး ပြဌာန်းပေးထားပါတယ်။

အဲဒီ ပြဌာန်းချက်နဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ လွှတ်တော် အစည်းအဝေး ကာလ အတွင်း လွှတ်တော် နာယက သူရဦးရွှေမန်းက ပြင်ဆင်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ သူက ဥပဒေပါ ပါတီ စည်းရုံးရေး လုပ်နိုင်တယ် ဆိုတာကို ဖြုတ်ပစ်လိုက်ချင်တာပါ။ သူ အဲလို ပြင်ဆင်ချင်တဲ့ အကြောင်းရင်းကတော့ လာမယ့် မဲဆွယ် ရွေးကောက်ပွဲ ကာလ ပြီးသည်အထိ သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ ဘယ်သူ တစ်ဦးတစ်ယောက်မှ ပြည်ခိုင်ဖြိုးပါတီဆီ ပြန်မလာနိုင်အောင်၊ အခြား ဘယ်ပါတီ တစ်ခုခုဆီမှလည်း သွားမရအောင်၊ ပါတီ အသစ်တစ်ခုခုလည်း မထောင်နိုင်အောင် ကြံရွယ်ပြီး လုပ်တာပါ။ သမ္မတ နဲ့ အစိုးရအဖွဲ့ဝင်တွေ ရွေးကောက်ပွဲ ဝင်ချင်ရင် တစ်သီးပုဂ္ဂလ အနေနဲ့ ရွေးကောက်ပွဲ ဝင်ကြလို့ ဆိုလိုတာပါ။ ဒါပေမယ့်လည်း သူရဦးရွှေမန်းရဲ့ ကြိုးစားမှု မအောင်မြင်ခဲ့သလို ဂိုဏ်းဂဏ တိုက်ပွဲအတွင်း သူကိုယ်တိုင် ပါတီခေါင်းဆောင် အဖြစ်ကနေ ဖယ်ရှားခံခဲ့ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိ တည်ဆဲ ဥပဒေအရ သမ္မတ ဦးသိန်းစိန်သာ ရွေးကောက်ပွဲ ဝင်မယ် ဆိုရင် ပါတီစည်းရုံးရေး မဲဆွယ်ခွင့် ရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ မဝင်ဘူး ဆိုရင်တော့ မဲဆွယ် စည်းရုံးခွင့် လုံး၀ ရှိမှာ မဟုတ်ပါဘူး။ လက်ရှိ ရွေးကောက်ပွဲ ဝင်ကြမယ့် ဒုသမ္မတ တွေ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ အနေနဲ့ မဲဆွယ် စည်းရုံးခွင့် ရှိကြသလို၊ စည်းရုံးမှုတွေကိုလည်း လုပ်နေကြပါပြီ။ တစ်ခုပါပဲ၊ ပါတီ မဲဆွယ် စည်းရုံးရေး လုပ်ငန်း လုပ်ရာမှာ အစိုးရတာဝန်နဲ့ ခွဲခွဲခြားခြား လုပ်ကြဖို့ပါပဲ။ ဒီလို ဥပဒေ စည်းမျဉ်းတွေ ရှိနေပါလျက်နဲ့ သမ္မတ ဦးသိန်းစိန်၊ အစိုးရအဖွဲ့နဲ့ ပြန်ကြားရေး ဝန်ကြီးဌာနဟာ ရွေးကောက်ပွဲအတွက် ချမှတ်ထားတဲ့ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖေါက်ပြီး ဆက်လုပ်ကိုင်နေကြတာပါ။

သိပ်မကြာသေးခင်တုန်းကတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဟာ နိုင်ငံရေးပါတီ တစ်ခုကို စွတ်စွဲတဲ့ သဘော၊ ဘက်လိုက်တဲ့ သဘော ပါလို့ ဆိုပြီး ဘီဘီစီ သတင်းဌာနရဲ့ ရေဒီယို သတင်းထုတ်လွှင့်ချက်ကို ကြေငြာချက် ထုတ်ပြန် ကန့်ကွက်ခဲ့ပါတယ်။ အဲဒီ ရေဒီယို သတင်းပေးပို့ချက်ထဲမှာ ဆိုက်ကားသမား တစ်ယောက်က ပြည်ခိုင်ဖြိုးပါတီဘက်က ငွေပေးမဲဆွယ်တယ်လို့ စွတ်စွဲပြီး သူတို့ကတော့ အင်န်အယ်လ်ဒီ ကိုပဲ ထောက်ခံတယ် လို့ ပြောဆိုထားတာပါ။ အခု အစိုးရပိုင် သတင်းစာတွေရဲ့ ဖော်ပြချက်မှာတော့ ဆိုက်ကားသမားအကြောင်း မဟုတ်ပါဘူး။ အခြေခံ ဥပဒေကို စံပြအဖြစ် လိုက်နာဖို့ တာဝန်ရှိတဲ့ သမ္မတ ကိုယ်တိုင် ဖြစ်ပါတယ်။

သမ္မတ ရဲ့ ခရီးစဉ်ကို ပြည်ခိုင်ဖြိုးပါတီ မဲဆွယ် စည်းရုံးရေး ပုံစံ လုပ်ပြီး ဘက်မလိုက်ပါဘူး၊ မဲဆွယ်တာတွေ မထည့်ပါဘူးဆိုတဲ့ အစိုးရပိုင် မီဒီယာတွေက နေ့စဉ်ရက်ဆက် ဖော်ပြနေကြတာ ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်၊ အစိုးရအဖွဲ့နဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဘက်က ဒီလို လုပ်နေပေမယ့်လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဘာမှ အရေးယူ ဆောင်ရွက်မှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သမ္မတ၊ ပြည်ခိုင်ဖြိုးပါတီ၊ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ အစိုးရ သတင်းစာတွေကိုတော့ ပြည်သူလူထု ပိုပိုပြီး အယုံအကြည်နည်းစေတဲ့ အကျိုးဆက်ပဲ ရမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG