အခုဆိုရင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဟာ ရွေးကောက်ပွဲ ကျင်းပမယ့် နေ့ရက် အတိအကျ ကြေငြာပြီးဖြစ်သလို NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကလည်း ဝင်ရောက်ယှဉ်ပြိုင်မယ်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာခဲ့ပြီးပါပြီ။ NLD ရဲ့ သဘောထားကတော့ တစ်နိုင်ငံလုံးအနှံ့ မဲဆန္ဒနယ်မြေ အားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်၊ နေရာ အများစုမှာ အပြတ်အသတ် အနိုင်ရအောင် ကြိုးစားမယ် ဆိုတာပါပဲ။ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရာမှာ အခြား ဘယ်ပါတီနဲ့မှ မဟာမိတ်အဖြစ် ညှိနှိုင်းတိုင်ပင်မှာ မဟုတ်ပဲ နှစ်ပေါင်း ၂၀ ကျော် အစိုးရကို အတိုက်အခံလုပ်၊ သေအတူ ရှင်မကွာ လုပ်ကိုင်ခဲ့တဲ့ CRPP အဖွဲ့ဝင် တိုင်းရင်းသား ခေါင်းဆောင်တွေ ဝင်ပြိုင်မယ့် နေရာတွေကိုတော့ ရှောင်ပေးမယ်လို့ ဆိုထားပါတယ်။ CRPP ဆိုတာ ၁၉၉၀ ခုနှစ်တုန်းက ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီကို ဆိုလိုတာပါ။ ဒီလောက်ဆိုရင်ပဲ NLD ရဲ့ ရွေးကောက်ပွဲအတွက် မဟာမိတ် နည်းဗျူဟာ ပြည့်စုံပါပြီလား၊ အခြား တိုင်းရင်းသားပါတီတွေကရော ဘယ်လို မဟာမိတ် နည်းဗျူဟာ ကျင့်သုံးဖို့ ရည်ရွယ်ချက် ရှိကြသလဲ၊ NLDရဲ့ မဟာမိတ် နည်းဗျူဟာ ဘယ်လို ဖြစ်သင့်သလဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။
လာမယ့် ရွေးကောက်ပွဲဟာ လွှတ်တော် သုံးရပ်အတွက် အမတ်တွေကို ရွေးချယ်ပေးမယ့် ရွေးကောက်ပွဲ ဖြစ်ပါတယ်။ လွှတ်တော် နှစ်ခုဟာ ပြည်ထောင်စု အဆင့်ဖြစ်ပြီး လွှတ်တော် တစ်ခုကတော့ ပြည်နယ်နဲ့ တိုင်း အဆင့်အတွက် ဖြစ်ပါတယ်။ တည်ဆဲ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံရဲ့ အထွဋ်အထိပ် ရာထူးဖြစ်တဲ့ သမ္မတ ကို ပြည်ထောင်စုအဆင့် လွှတ်တော်အမတ်တွေက ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ သမ္မတ ဟာ ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကို ခန့်အပ်မှာ ဖြစ်သလို ပြည်နယ်နဲ့ တိုင်း ဝန်ကြီးချုပ်တွေကိုလည်း အဲဒီ သမ္မတ ကပဲ ရွေးချယ်ခန့်အပ်မှာ ဖြစ်ပါတယ်။ တစ်ခုရှိတာက သမ္မတကို ရွေးကောက်ခံ အမတ်ထဲကဖြစ်စေ၊ ရွေးကောက်ခံ မဟုတ်သူထဲကဖြစ်စေ ခန့်အပ်နိုင်ပေမယ့် ပြည်နယ် နဲ့ တိုင်း ဝန်ကြီးချုပ်ကိုတော့ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်း လွှတ်တော် အမတ်တွေထဲကပဲ ရွေးချယ် ခန့်အပ်ဖို့ ပြဌာန်းထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်နေ့ စာရင်းအရ လက်ရှိ ကော်မရှင်မှာ မှတ်ပုံတင်ထားပြီးတဲ့ နိုင်ငံရေးပါတီ (၉၇) ပါတီ ရှိနေပါပြီ။ ဒီ ပါတီတွေကို ခွဲခြားကြည့်ရင် တစ်တိုင်းပြည်လုံးကို ကိုယ်စားပြုမယ့် ပါတီကြီး တစ်ချို့နဲ့ ပြည်နယ်တွေကို ကိုယ်စားပြုလိုတဲ့ တိုင်းရင်းသားပါတီတွေရယ်လို့ နှစ်မျိုး ခွဲခြားနိုင်ပါတယ်။ ဒီအတွက် တကယ့် အဓိက အကျိုးစီးပွားခြင်းလည်း မတူညီကြတော့ပါဘူး။ NLD လို၊ ပြည်ခိုင်ဖြိုး လို ပါတီကြီးမျိုးဟာ တစ်တိုင်းပြည်လုံးကို စီမံခန့်ခွဲနိုင်ဖို့ အတွက် အစိုးရအာဏာ ရယူလိုကြပါတယ်။ တနည်းပြောရရင် သမ္မတ တစ်ယောက်ယောက်ကို ရွေးချယ်တင်မြှောက်ချင်၊ အစိုးရဖွဲ့ချင်ကြပါတယ်။ ဒုတိယ ရည်မှန်းချက်ကတော့ တစ်တိုင်းပြည်လုံးဆိုင်ရာ ဥပဒေပြုရေးကို စိတ်ဝင်စားပါတယ်။ တိုင်းရင်းသားပါတီတွေရဲ့ အကျိုးစီးပွားကတော့ အဲလို မဟုတ်ပါဘူး။ အဓိက မျှော်လင့်ချက်တော့ ကိုယ့်ပါတီက တစ်ယောက်ယောက် ပြည်နယ် ဝန်ကြီးချုပ် တင်မြှောက်လိုပါတယ်။ ပြည်နယ်အခွင့်အရေး ပိုရလိုပြီး ပြည်နယ်နဲ့ ဆိုင်တဲ့ ဥပဒေပြုရေး လုပ်ကိုင်ဆောင်ရွက်ချင်တာပါ။
ပြောရရင် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ ဆိုတာဟာ အရင်စစ်အစိုးရလက်ထက်က ကျင်းပခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲနဲ့ လုံး၀ မတူပါဘူး။ ၁၉၉၀ တုန်းက ပြည်သူ့လွှတ်တော် တစ်ခုထဲအတွက် ကျင်းပခဲ့တာ ဖြစ်လေတော့ နေရာ အများစု ရွေးကောက်ပွဲဝင်၊ အပြတ်အသတ် အနိုင်ရထားမှသာ အစိုးရအာဏာ ရမှာ ဖြစ်ပါတယ်။ အခု ၂၀၁၅ ရွေးကောက်ပွဲမှာတော့ NLD ပါတီ သာ ဆိုရင် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ခုပေါင်းအတွက် ၆၇ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့ရင်၊ NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းပြောသလို အပြတ်အသတ် အနိုင်ရခဲ့ရင် သမ္မတ တင်မြှောက်နိုင်၊ အစိုးရဖွဲ့နိုင်ရုံတင်မက ပြည်နယ်နဲ့ တိုင်း ဝန်ကြီးချုပ်တွေကိုပါ ခန့်အပ်နိုင်ပါတယ်။ အဓိပ္ပါယ်ကတော့ ပြည်နယ်နဲ့ တိုင်းလွှတ်တော် အတွက် အမတ်နေရာ နည်းနည်းပဲ ပြိုင်ပြိုင်၊ များများပဲ ပြိုင်ပြိုင် သိပ်ပြီး မထူးခြားပါဘူး။ နည်းနည်းပဲ အနိုင်ရရ များများပဲ အနိုင်ရရ ပိုပြီး ထူးမသွားပါဘူး။ အဓိက ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ အပြတ်အသတ် အနိုင်ရဖို့ပဲ လိုတာပါ။
တိုင်းရင်းသားပါတီတွေအတွက်ကတော့ အဲလို မဟုတ်ပါဘူး။ သက်ဆိုင်ရာ ပြည်နယ်တွေမှာ အမတ်အများစု ရွေးချယ်ခံရလိုပါတယ်။ ဖွဲ့စည်းပုံအရ အမတ်အများစု ရွေးချယ်မခံရသည့်တိုင် သမ္မတ တင်မယ့် ပါတီနဲ့ အပေးအယူလုပ်ပြီး ဝန်ကြီးချုပ်နေရာ တောင်းယူတာ၊ ပြည်နယ်အတွက် ဥပဒေ ပြုတာ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်တွေအဖြစ် တာဝန်ယူတာမျိုး လုပ်နိုင်မှာမို့ဖြစ်ပါတယ်။ တကယ်တော့ ပါတီကြီးတွေနဲ့ တိုင်းရင်းသားပါတီတွေ ပြည်နယ်တွေမှာ ခုလို အဓိက အကျိုးစီးပွားခြင်း မတူတဲ့ အခြေအနေအောက်မှာ မဟာမိတ်ဖွဲ့ပြီးမှ ရွေးကောက်ပွဲဝင်တာ အသင့်တော်ဆုံးပါပဲ။
နမူနာအားဖြင့် NLD ဟာ ပြည်နယ်တွေမှာ တိုင်းရင်းသားပါတီတွေနဲ့ မဟာမိတ်ဖွဲ့ပြီး ရွေးကောက်ပွဲ ဝင်ဖို့ ညှိနှိုင်းနိုင်ပါတယ်။ ပြည်နယ် အမတ်နေရာ အများစု တိုင်းရင်းသားပါတီတွေကို ဦးစားပေး ယှဉ်ပြိုင်စေပြီး ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အတွက် နေရာအများစုကိုတော့ အင်န်အယ်လ်ဒီ က အဓိက ဝင်ပြိုင်ဖို့ ဖြစ်ပါတယ်။ တစ်ဖွဲ့ကဝင်မယ့် မဲဆန္ဒနယ်မြေကို တစ်ဖွဲ့က ရှောင်ရှားပြီး ပြည်နယ် တစ်ခုလုံးမှာ နှစ်ဖွဲ့ စုပေါင်း မဲဆွယ်စည်းရုံးတာမျိုး လုပ်နိုင်ပါတယ်။ ဒီလို လုပ်ခြင်းအားဖြင့် အင်န်အယ်လ်ဒီ ထောက်ခံသူနဲ့ မဟာမိတ် တိုင်းရင်းသားပါတီ ထောက်ခံသူတွေ မဲမကွဲပြားပဲ အနိုင်ရဖို့ သေခြာသလောက် အခြေအနေ ဖန်တီးနိုင်ပါတယ်။
ခုဆိုရင် ဦးခွန်ထွန်းဦး ခေါင်းဆောင်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ဟာ ရွေးကောက်ပွဲ ဝင်ရာမှာ NLD အပါအဝင် မိတ်ဖက်ပါတီတွေနဲ့ ထိပ်တိုက်မတွေ့ပဲ ရှောင်ရှားနိုင်ဖို့ ညှိနှိုင်းကြမယ် လို့ ဆုံးဖြတ်ထားပြီးပါပြီ။ အမျှော်အမြင်ရှိတဲ့ ဆုံးဖြတ်ချက်ပါ။ တကယ်လည်း အဲလို ညှိနှိုင်းဖို့လိုတယ်ဆိုတာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတုန်းက သက်သေ တစ်ခု ရှိခဲ့ပါပြီ။ အဲဒီ ကြားဖြတ်ရွေးကောက်ပွဲကာလက ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေ (၃) အတွက် NLD ပါတီက စိုင်းမြင့်မောင်၊ ပြည်ခိုင်ဖြိုးက ဒေါက်တာနန်းကိန်ဖေါင်းတစ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက စိုင်းစံမင်းနဲ့ ကိုးကန့်ဒီမိုကရေစီနဲ့ ညီညွတ်ရေးပါတီက ဦးလော်ဆင်ကွမ်း တို့ လေးယောက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ဦးလော်ဆင်ကွမ်းက မဲ မဆိုသလောက်ပဲ ရပြီး ကျန် ပြည်ခိုင်ဖြိုး၊ NLD နဲ့ ကျားဖြူပါတီ အမတ်တွေက မဲ ၃၀ ရာခိုင်နှုန်းကျော်စီ မတိမ်းမယိမ်း ရခဲ့ကြပါတယ်။ အဲဒီအထဲကမှ မဆိုစလောက် မဲအသာနဲ့ ကျားဖြတ်အမတ် စိုင်းစံမင်း နိုင်သွားတာပါ။ NLD ရှုံးခဲ့တဲ့ တစ်ခုတည်းသော မဲဆန္ဒနယ်မြေပါ။
တကယ်တော့ နိုင်ငံရေးပါတီ အချင်းချင်း မဟာမိတ်ဖွဲ့ပြီး ရွေးကောက်ပွဲ ဝင်တယ်ဆိုတာ နိုင်ငံတကာမှာ လုပ်နေကြပါ။ မြန်မာနိုင်ငံမှာလည်း လုပ်ကြပါတယ်။ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအရ လွှတ်တော်သုံးရပ် ထားရှိပုံ၊ တစ်ပြည်လုံး လွှမ်းခြုံ ပါတီကြီးတွေနဲ့ တိုင်းရင်းသားပါတီတွေရဲ့ အဓိက လိုလားချက် မတူပုံတွေကြောင့် မဟာမိတ်ဖွဲ့ရတာ ပိုပြီး လွယ်ကူစေပါတယ်။ စနစ်တကျ မဟာမိတ်ဖွဲ့၊ အတူတကွ မဲဆွယ်စည်းရုံး ယှဉ်ပြိုင်သူတွေကသာ အနိုင်ရဖို့ ပိုပြီး အလားအလာ ရှိပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။