သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိတ်လန့် တုန်လှုပ်ဖွယ်ရာ ကလေးသူငယ် ရာဇဝတ်မှု


လူသတ်မှုအတွက် စွပ်စွဲခံထားရတဲ့ကလေးငယ်
ဓါတ်ပုံ- ကျော်စွာမြင့် ဖေ့စ်ဘွတ်ခ်
လူသတ်မှုအတွက် စွပ်စွဲခံထားရတဲ့ကလေးငယ် ဓါတ်ပုံ- ကျော်စွာမြင့် ဖေ့စ်ဘွတ်ခ်

မြန်မာနိုင်ငံအတွက် အရေးကြီးတယ်လို့ သတ်မှတ်ထားကြတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေကြချိန်၊ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ငြိမ်းချမ်းရေး အတွက် အရေးကြီးခြေလှမ်းဖြစ်တဲ့ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ် လက်မှတ်ထိုးကြဖို့ နီးကပ်ချိန်မှာ ထွက်ပေါ်လာတဲ့ ထိတ်လန့် တုန်လှုပ်ဖို့ ကောင်းတဲ့ မှုခင်းသတင်း တစ်ပုဒ်ကတော့ အသက် ၁၂ နှစ်နဲ့ ၈ နှစ် အရွယ်ပဲ ရှိသေးတဲ့ ကလေးနှစ်ယောက်က ၄ နှစ်အရွယ် မိန်းကလေးငယ်ကို သတ်ပြီး ရွှေနားကွင်း လုယက်ခဲ့တယ်ဆိုတဲ့ သတင်းပါ။ တိုင်းရေးပြည်ရေး ပြသနာတွေ အရေးကြီးနေချိန် ဒီ သတင်းကလည်း အတော်လေးကို စိတ်မချမ်းမြေ့စရာ ကောင်းပါတယ်။ အသက်အရွယ် ငယ်သေးတဲ့ အဲဒီ ကလေးငယ်တွေ ဘာကြောင့် ခုလို အလွန်ရက်စက်တဲ့ ရာဇဝတ်မှု ကျူးလွန်ရတာလဲ၊ ဒါဟာ မြန်မာ့ လူ့အဖွဲ့အစည်းအတွက် ဘယ်လို အဓိပ္ပါယ် ကောက်ယူနိုင်သလဲ၊ ဒီလို မှုခင်းမျိုးတွေ မဖြစ်ပေါ်အောင် ကြိုတင်ကာကွယ် တားဆီးတာမျိုး မလုပ်သင့်ဘူးလား ဆိုတာ ဒီတစ်ပါတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

မှုခင်းဖြစ်စဉ်ကတော့ အတော်လေးကို စိတ်မချမ်းမြေ့စရာပါ။ ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်၊ ချောင်းကြီးနယ်မြေ၊ တကွေ့ကျေးရွာ ကျောင်းလမ်းမှာ နေထိုင်ပြီး မူလတန်းကြိုကျောင်း တက်နေတဲ့ အသက်(၄) နှစ်အရွယ် ကလေးမလေးဟာ သူ့နေအိမ်နားက ကိုးနဝင်းဘုရားဝင်းမှာ ဆော့ကစားနေတယ် လို့ ဆိုပါတယ်။ အဲဒီအချိန် တစ်ရွာတည်းနေ သုံးတန်းကျောင်းသား မောင်တက်တိုးအောင်နဲ့ တစ်တန်းကျောင်းသား မောင်ဂျိုးဂျိုးတို့ နှစ်ယောက်က ကလေးမလေးကို ကြာပန်းတွေ ခူးပေးမယ် ဆိုပြီး ဘုရားအနောက်ဘက် တောစပ်ကို လိမ်လည် ခေါ်သွားတယ်လို့ ရဲစခန်း အစစ်ခံချက်အရ သိရပါတယ်။ တောစပ်ကို အရောက်မှာ ကလေးမလေး ဝတ်ထားတဲ့ နားကပ်ကို ချွတ်ယူတာ မပေးဘူး အော်နေတဲ့အတွက် ကလေးမလေးကို ဝိုင်းရိုက်နှက်ပြီး တောစပ်ရေအိုင်ထဲ ရေနှစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

နောက်ပိုင်း နားကပ်လု၊ ရေနှစ်သတ်ခဲ့တဲ့ ကလေးနှစ်ယောက်က ကလေးမလေး ကို ရေနှစ်သတ်ခဲ့တဲ့ နေရာ ပြန်သွားကြည့်ခဲ့ပြီး မသေဆုံးသေးတာကို တွေ့လို့ အနားက ဝါးချွန်နဲ့ ဘယ်ဘက်မျက်လုံးကို ထပ် ထိုးဖေါက်၊ ထပ်ပြီး ရေနှစ်သတ်ခဲ့တယ်လို့ စစ်ဆေးရရှိချက်တွေက ဆိုပါတယ်။ သတင်းကို ကြားရရုံနဲ့ အလွန်စိတ်မချမ်းသာစရာ အဖြစ်အပျက်လို့ နားလည်နိုင်ပါတယ်။ ကလေးမလေးကို သတ်ဖြတ်ခဲ့တယ်လို့ စွတ်စွဲခံရတဲ့ အသက် ၁၂ နှစ် နဲ့ ၈ နှစ်အရွယ် ကလေးငယ်နှစ်ယောက်ကို တရားရုံးစွဲတင်၊ အပြစ်ရှိကြောင်း စစ်ဆေး ဆုံးဖြတ်မှု မလုပ်ရသေးပေမယ့် သူတို့ အားလုံးရဲ့ ရုပ်ပုံတွေ အင်တာနက် လူမှု ကွန်ယက်စာမျက်နှာတွေမှာ ပျံ့နှံ့လို့နေပါပြီ။ သတင်းက ဟိုးလေးတကြော် ဖြစ်နေပါပြီ။
ပြသနာက ဒီလို အရွယ်မရောက်သေးတဲ့ ၈ နှစ်နဲ့ ၁၂ နှစ်အရွယ် ကလေးနှစ်ယောက်က ဒီလောက် ဆိုးရွားရက်စက်လှတဲ့ ပြစ်မှုမျိုး ဘာကြောင့် ကျူးလွန်ရသလဲ ဆိုတာပါ။ သက်ဆိုင်ရာ မှုခင်းစစ်ဆေးသူ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက အမှုဖြစ်စဉ်လောက်ကိုပဲ စစ်ဆေးကြမှာ ဖြစ်ပေမယ့် အစိုးရ အာဏာပိုင်တွေ၊ တာဝန်ရှိ အဖွဲ့အစည်းတွေကတော့ ဒီထက် ပိုပြီးအရင်းခံကျတဲ့ အချက်အလက်တွေကို ရှာဖွေ စူးစမ်း အဖြေရှာဖို့ လိုအပ်ပါတယ်။

အရွယ်မရောက်သေးတဲ့ ကလေးငယ်နှစ်ယောက်က အဲဒီ ကလေးမလေးဆီက နားကပ်ကို ဘာကြောင့် လိုချင်ရတာလဲ၊ အဲဒါကိုရရင် သူတို့ ဘာလုပ်ကြမှာလဲ၊ နားကပ်ကို လုယူရာမှာ ကလေးမလေးကို သတ်ဖို့အထိ ဘယ်လို စဉ်းစားချက်မျိုးက တွန်းအားပေးသလဲ၊ ကလေးမလေးကို အဲဒီပုံစံ ရက်ရက်စက်စက် သတ်ဖြတ်ဖို့ ဘယ်က နည်းလမ်းတွေ စဉ်းစားရသလဲ၊ ရက်ရက်စက်စက် သတ်ဖြတ်နေချိန်မှာ သူတို့ စိတ်ခံစားချက် ဘယ်လို ရှိသလဲ စတဲ့ အချက်တွေကို စနစ်တကျ မေးမြန်း လေ့လာဖို့ လိုပါတယ်။

ဒါတင်မက ဒီကလေးနှစ်ယောက် ဘယ်လို မိဘမျိုးက ပေါက်ဖွားလာသလဲ၊ သူတို့မိဘတွေ ဘယ်လို အဆင့်အတန်းနဲ့ နေထိုင်ရသလဲ၊ ချမ်းသာသလား ဆင်းရဲသလား၊ မိဘတွေ ပညာတတ်သလား၊ မိဘတွေက သားသမီးတွေကို ဘယ်လို သွန်သင် ဆုံးမ မှုတွေ လုပ်သလဲ၊ အိမ်မှာ ကလေးတွေ ဘယ်လို စာအုပ်မျိုးတွေ ဖတ်သလဲ၊ ဗီဒီယို ဇာတ်ကားတွေရော ကြည့်လေ့ရှိသလား၊ ကြည့်ရင် ဘယ်လို ဇာတ်ကားမျိုးတွေလဲ၊ သူတို့တွေ ကျောင်းတက်နေတာမို့ အဲဒီကျောင်း ဘယ်လို ကျောင်းမျိုးလဲ၊ သူတို့ဆရာတွေက ဘယ်သူတွေလဲ၊ ကျောင်းမှာ သူတို့ အပြုအမူ ဘယ်လိုရှိသလဲ၊ ကျောင်းက သူတို့ကို ဘာတွေ သင်ကြားပေးသလဲ၊ သူတို့နဲ့ ပေါင်းသင်းနေတဲ့ ကလေးတွေကရော ဘယ်သူတွေလဲ အစရှိသဖြင့် စနစ်တကျ လေ့လာစူးစမ်းကြည့်ပြီး မှုခင်းကျူးလွန်ခဲ့ရခြင်းရဲ့ တကယ့်မူလ အကြောင်းရင်းခံကို ရှာဖွေဖို့ လိုပါတယ်။

တိုင်းပြည်တစ်ပြည်ရဲ့ အနာဂတ်ဟာ ကလေးနဲ့ လူငယ်တွေရဲ့ လက်ထဲမှာ ရှိတယ် ဆိုတာ လူတိုင်းက တဖွဖွ ရွတ်ဆိုနေကြတဲ့ ကြားလို့ကောင်းတဲ့ စကားလုံးတွေပါ။ ဒါပေမယ့် တိုင်းပြည် အနာဂတ်ကောင်းဖို့အတွက် ကလေး လူငယ်တွေကို ကောင်းကောင်း ပြုစုပျိုးထောင်ဖို့ လိုပါတယ်။ အခုလို မျှော်လင့် မထားရလောက်အောင် ကြီးမားတဲ့ ရာဇဝတ်မှုမျိုး ကျူးလွန်သူတွေဟာ အသက်မပြည့်သေးတဲ့ ကလေးသူငယ်လေးတွေ ဖြစ်နေတာမျိုးကတော့ အတော်လေး ဝမ်းနည်းတုန်လှုပ်ဖို့ ကောင်းပါတယ်။ အလားတူ မြန်မာနိုင်ငံမှာ သူတို့လိုပဲ ပြစ်မှုကျူးလွန်တဲ့ ကလေးသူငယ်တွေ ဘယ်လောက် များနေပြီလဲ၊ အဲဒီ ကလေးတွေ ဘာကြောင့် ပြစ်မှု ကျူးလွန်ကြတာလဲ၊ နောက် အဲလို မဖြစ်အောင် အစိုးရနဲ့ တာဝန်ရှိသူတွေဘက်က ဘာတွေ ဆောင်ရွက်ထားပြီးပြီလဲ ဆိုတာ မေးခွန်းထုတ်စရာပါ။

တကယ့်တကယ် လက်တွေ့မှာတော့ အခုနှစ်ပိုင်းတွေအတွင်း အရွယ်မရောက်သေးသူတွေ အပေါ် ကျူးလွန်တဲ့ မုဒိန်းမှုတွေ များပြားလာတဲ့ ပြသနာကိုလည်း ဖြေရှင်းနိုင်ခြင်း မရှိသေးပါဘူး။ မုဒိန်းမှု ဖြစ်ပွားတာရဲ့ ထက်ဝက်နီးပါး အရွယ်မရောက်သေးသူတွေ ကျူးလွန်ခံနေရတာကလည်း လျော့နည်းသွားခြင်း မရှိသေးပါဘူး။ ဒီအတွက် အစိုးရ တာဝန်ရှိသူတွေအနေနဲ့ အခုလို အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေက အလွန်ဆိုးရွား ရက်စက်တဲ့ ပြစ်မှု ကျူးလွန်တဲ့ကိစ္စ ပေါ့ပေါ့ဆဆ နေလို့ မသင့်ပါဘူး။ အဲဒီကလေးသူငယ်တွေကို စောင့်ရှောက်ရေး ဂေဟာ နာမည်ခံထားတဲ့ ထိန်းသိမ်းရေး စခန်းဆီပို့လိုက်ရုံနဲ့လည်း ပြသနာတွေ ပြီးမသွားပါဘူး။ သူတို့တွေ ခုလို ပြစ်မှုမျိုး ကျူးလွန်ခဲ့သည်အထိ ဘယ်လို အခြေအနေမျိုးက တွန်းပို့သလဲ၊ ဘယ်လို အခြေအနေမျိုးက ဖန်တီးပေးသလဲ ဆိုတာတွေကို စနစ်တကျ လေ့လာဆန်းစစ်ပြီး၊ အဲလို မဖြစ်အောင် ကာကွယ်နိုင်မှသာ နောင် အလားတူ ဝမ်းနည်းကြေကွဲဖွယ် ပြသနာမျိုး လျော့နည်းကျဆင်းသွားမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG