သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ဗိုလ်ချုပ်ဟောင်းတွေ မဲဆွယ်စည်းရုံးတာ ပြည်သူလူထု ထောက်ခံမှု ရနိုင်မလား


ကြံခိုင်ဖွံဖြိုးရေးပါတီရဲ့ မဲဆွယ်စည်းရုံးလှုပ်ရှားမှု
ကြံခိုင်ဖွံဖြိုးရေးပါတီရဲ့ မဲဆွယ်စည်းရုံးလှုပ်ရှားမှု

ပြောရရင် ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင် အမတ်လောင်း စစ်ဗိုလ်ချုပ်ဟောင်းတွေဟာ မဲဆွယ် စည်းရုံးမှုနဲ့ ပတ်သက်ပြီး ကျွမ်းကျင်မှု ရှိကြပုံ မပေါ်ပါဘူး။

ခုဆိုရင် ရွေးကောက်ပွဲကျင်းပဖို့ ရက်ပေါင်း ၃၀ တောင် မလိုတော့ပါဘူး။ ပြောရရင် အခုရွေးကောက်ပွဲဟာ ကျင်းပပြီးသွားတဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ လုံး၀ မတူပါဘူး။ ၂၀၁၀ တုန်းက အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ မဟာမိတ် တိုင်းရင်းသားပါတီတွေ ရွေးကောက်ပွဲ မဝင် သပိတ်မှောက်ထားတာမို့ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ခိုင်ဖြိုးပါတီ ဆိုတာဟာ ရွေးကောက်ပွဲ မ စခင်ကတည်းက အနိုင်ရပါတီ ဖြစ်မယ် ဆိုတာ အားလုံးက သိနေကြပြီးသား အဖြေပါ။ ဒါကြောင့် ၂၀၁၀ ရွေးကောက်ပွဲ အကြိုကာလတုန်းက ပြည်ခိုင်ဖြိုးပါတီက စစ်ဗိုလ်ချုပ်ဟောင်းတွေဟာ မဲဆွယ် စည်းရုံးမှု ဆိုတာမျိုးကိုတောင် သိပ် မလုပ်လိုက်ရပါဘူး။ မဲဆွယ် စည်းရုံးတယ် ဆိုတာ ဘာလဲ ဆိုတဲ့ အတွေ့အကြုံလည်း ရလိုက်ဟန် မတူပါဘူး။ အခု ၂၀၁၅ ခုနှစ်မှာတော့ ပြည်သူလူထု ထောက်ခံမှု အလွန်အားကောင်းတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဝင်ပြိုင်မှာမို့လို့ မဲဆွယ် စည်းရုံးရေး လုပ်ငန်းတွေ လုပ်နေကြပါပြီ။ မဲဆွယ် စည်းရုံးရေး လုပ်ငန်းတွေနဲ့ နဖူးတွေ ဒူးတွေ့ ကြုံနေရပါပြီ။ စစ်ဗိုလ်ချုပ်ဟောင်းတွေ ဘယ်လို မဲဆွယ်နေကြသလဲ၊ ပြည်သူလူထု ထောက်ခံမှု ရနိုင်ပါ့မလား ဆိုတာ ဒီတစ်ပါတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

ပြည်ခိုင်ဖြိုး အမတ်လောင်း ဗိုလ်ချုပ်ဟောင်းတွေရဲ့ မဲဆွယ် စည်းရုံးမှုတွေထဲကမှ ပြည်သူလူထု အဝေဖန်ခံရဆုံးသူကတော့ လက်ရှိ ပြည်ထောင်စု ဝန်ကြီး ဦးမြင့်လှိုင်ဖြစ်ပါတယ်။ သူက နေပြည်တော် မဲဆွယ်ပွဲ တစ်ခုမှာ “ ကုလားကြီးကို ယူပြီးမှ၊ ဟိန္ဒူကြီးကိုယူပြီးမှ၊ မွတ်ဆလင်ကြီးကိုယူပြီးမှ၊ နီဂရိုးကြီးကို ယူပြီးမှ အင်္ဂလိပ်ကြီးကိုယူပြီးမှ ကျမအမျိုးကို ချစ်ပါတယ်၊ တိုင်းပြည်ကိုချစ်ပါတယ်လို့ပြောရင် နားမထောင်ပါနဲ့။ ကျွန်တော် တိုင်းပြည်ကို သိပ်ချစ်ပါတယ် သာသနာကို လုပ်ပါမယ် ပြောပြီး ဘာသာခြားကို ယူထားရင် ယုံမလား။" ဆိုပြီး ပြောပါတယ်။ ပြည်သူကို ကောင်းကောင်း စည်းရုံးစရာ မရှိတော့ အင်န်အယ်လ်ဒီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ် တိုက်ခိုက်မိရက်သား ဖြစ်သွားတာပါ။

တိုက်ရိုက် လင့်ခ်

လက်ရှိ ပြည်ခိုင်ဖြိုးပါတီရဲ့ ပူးတွဲ ဥက္ကဌ ဆိုလည်းဟုတ်၊ ဒုဥက္ကဌ ဆိုလည်း ဟုတ်တဲ့ ဗိုလ်ချုပ်ဟောင်း ဦးဌေးဦးရဲ့ မဲဆွယ်ပုံကလည်း ဦးမြင့်လှိုင်နဲ့ မတိမ်းမယိမ်းပါပဲ။ ဧရာဝတီတိုင်းမှာ မဲဆွယ် စည်းရုံးရေး ဆင်းတော့ ဦးဌေးဦးက “ ဟိုးအရင်တုန်းက ကျွန်တော်တို့ကို ကုလသမဂ္ဂ နယ်ပယ်မှာ အပြစ်တွေ တင်နေတယ်။ အရေးယူဖို့ လုပ်နေတယ်ဆိုတဲ့ နိုင်ငံကြီးတွေ ကျွန်တော်တို့ မြန်မာနိုင်ငံကို လာလည်ကြတယ်။ မစ္စတာ အိုဘားမား။ သူလာတယ်။ နှစ်ကြိမ်တောင် လာတယ်။ နှစ်ကြိမ်လာတော့ ဘာဖြစ်လဲ။ နှစ်ကြိမ် အနမ်းခံရတာပေါ့" ဆိုပြီးဖြစ်ပါတယ်။ သူကလည်း ဒေါ်အောင်ဆန်းစုကြည်ကို စောင်းသလို မြောင်းသလို ပုတ်ခတ်လိုက်တာပါ။

လက်ရှိ ဧရာဝတီတိုင်း ဝန်ကြီးချုပ်လည်းဖြစ်၊ စစ်ဗိုလ်ချုပ်ဟောင်းလည်းဖြစ်၊ လာမယ့် ရွေးကောက်ပွဲမှာ ထပ်ဝင်ပြိုင်ဦးမယ့် ဦးသိန်းအောင် ကလည်း ရီစရာ စကားတွေ ပြောပြီး မဲဆွယ်ပါတယ်။ လက်ရှိ သူ အလုပ်လုပ်ရတာ မလွတ်လပ်တဲ့အကြောင်း၊ ဗဟို ချုပ်ကိုင်မှု အလွန်များကြောင်း၊ ဗဟိုချုပ်ကိုင်မှုသာ နည်းရင် ပုသိမ်ကို စင်ကာပူလို ဖြစ်အောင် သူလုပ်ပေးနိုင်တဲ့အကြောင်း အောက်တိုဘာ ၃ ရက်နေ့က ပြောပါတယ်။ နောင်ဆို ပုသိမ်တင်မက ဟင်္သာတ၊ ဖျာပုံ၊ ဘိုကလေး ကိုလည်း စင်ကာပူလို ဖြစ်အောင် လုပ်ပေးနိုင်တယ် ဆိုပြီး ထပ်ကွန့်လိုက်ပါသေးတယ်။ ဦးသိန်းအောင်ဟာ စင်ကာပူဆိုတာ ဘယ်လိုနိုင်ငံ အဆင့်အတန်းမျိုး မသိလို့ ပြောတာလား၊ ဒါမှမဟုတ် ဧရာဝတီတိုင်းသား တောသားတွေ စင်ကာပူဆိုတာ ရောက်ဖူးကြမှာ မဟုတ်ဘူးလို့ တစ်ထစ်ချ ယုံကြည်ပြီး ပြောသလား သူပဲ သိနိုင်မှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် သူက ရီစရာတော့ ပြောတတ်ပါတယ်။

အလားတူပါပဲ။ တောင်ဥက္ကလာပ မြို့နယ်ကနေ ရွေးကောက်ပွဲ ပြန်ဝင်မယ့် အရင် ရန်ကုန်မြို့တော်ဝန်ဟောင်းလည်းဖြစ်၊ လက်ရှိ လွှတ်တော် အမတ်လည်းဖြစ်တဲ့ ဗိုလ်ချုပ်ဟောင်း ဦးအောင်သိန်းလင်း ကလည်း ပြည်သူတွေ ပြုံးတုံးတုံး ဖြစ်စေမယ့် စကားလုံးတွေ သုံးပြီး မဲဆွယ်ပါတယ်။ သူ လွှတ်တော်ထဲ ရောက်သွားတော့ တိုင်းပြည်အတွက် အလွန်အလုပ်လုပ်တဲ့ အကြောင်း၊ ဒါကြောင့် ပြည်ခိုင်ဖြိုးပါတီကနေ သူ့ကို ဗဟိုအလုပ်အမှုဆောင် အဖွဲ့ CEC ကနေတောင် ဖယ်ရှားလိုက်သည် အထိ ဖြစ်ခဲ့ကြောင်း ပြောပါတယ်။ သူက ပြည်သူ့အကျိုးကို လိုလားပြီး သူ့ရဲ့ မိခင်ပါတီ ပြည်ခိုင်ဖြိုးကတော့ လူဆိုးပါတီ ဖြစ်သယောင် ပြောပြီး မဲဆွယ်တာပါ။

ပြည်ခိုင်ဖြိုးပါတီရဲ့ မဲဆွယ် စည်းရုံးပွဲတွေထဲမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့ နေပြည်တော်မှာ လုပ်တဲ့ မဲဆွယ် စည်းရုံးပွဲဟာ အကြီးဆုံး ဖြစ်ဖွယ်ရှိပါတယ်။ ၂၀၁၀ တုန်းက စစ်အစိုးရ ထိပ်သီးခေါင်းဆောင်တွေ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ယူခဲ့တဲ့ နေပြည်တော် မဲဆန္ဒနယ်မြေတွေဟာ ၂၀၁၂ မှာတော့ အင်န်အယ်လ်ဒီ အမတ်တွေကို ရာခိုင်နှုန်းပြည့် အရှုံးပေးခဲ့ရတဲ့ နယ်မြေ ဖြစ်ပါတယ်။ အခု အဲဒီ နယ်မြေမှာပဲ ပြည်ခိုင်ဖြိုး ထိပ်သီးခေါင်းဆောင် ဗိုလ်ချုပ်ဟောင်းတွေ အင်နဲ့ အားနဲ့ ယှဉ်ပြိုင်ကြမှာမို့ နေပြည်တော် မဲဆန္ဒနယ်မြေဟာ သူတို့ အတွက် အလွန်အရေးကြီးပါတယ်။ ဒါကြောင့် အဲဒီ မဲဆွယ်စည်းရုံးရေး နေ့က ပါတီထိပ်တန်းခေါင်းဆောင်တွေ၊ ပူပူနွေးနွေး အငြိမ်းစားယူ၊ ပြည်ခိုင်ဖြိုးထဲဝင်ပြီး အမတ်လောင်း ဝင်ပြိုင်မယ့် စစ်ဗိုလ်ချုပ်ဟောင်းတွေ စုံစုံညီညီ တက်ရောက် စကားပြောခဲ့ကြတာ ဖြစ်ပါတယ်။ ဖြစ်ချင်တော့ ခေါ်ယူထားတဲ့ ပရိတ်သတ်တွေဟာ ပွဲကို ဆုံးတဲ့အထိတောင် နားမထောင်နိုင်ပဲ ဒန်ပေါက်ထုတ်တွေ ဆွဲပြီး ထ ပြန်ကြလို့ မပြန်ကြပါနဲ့ဦး ဆိုပြီး အသံချဲ့စက်ကနေ တားယူရသည် အထိ ဖြစ်ပျက်ခဲ့ပါတယ်။ အဲဒီ ရုပ်သံဖိုင် အင်တာနက် လူမှုကွန်ယက် စာမျက်နှာတွေမှာ ပျံ့နှံ့ခဲ့တာမို့ ပြည်ခိုင်ဖြိုးခေါင်းဆောင် စစ်ဗိုလ်ချုပ်ဟောင်းတွေ စိတ်မသက်သာ ဖြစ်ခဲ့မှာကတော့ အသေအခြာပါပဲ။

ပြောရရင် ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင် အမတ်လောင်း စစ်ဗိုလ်ချုပ်ဟောင်းတွေဟာ မဲဆွယ် စည်းရုံးမှုနဲ့ ပတ်သက်ပြီး ကျွမ်းကျင်မှု ရှိကြပုံ မပေါ်ပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ ဗိုလ်ချုပ်ဟောင်းတွေကလည်း အတွေ့အကြုံ ကောင်းကောင်း မရှိကြသလို အခုမှ ပါတီထဲဝင်လာတဲ့ ဗိုလ်ချုပ်ကြီး လှဌေးဝင်းလို လူမျိုးဆိုရင်လည်း ခုချက်ခြင်း ပြည်သူကို မဲဆွယ်စည်းရုံးရေး လုပ်ရတာပါ။ တကယ်ဆို သမ္မတ ဦးသိန်းစိန် ရဲ့ ငါးနှစ်နီးပါးကာလ အစိုးရ သက်တန်းမှာ ပြည်သူတွေအတွက် ကောင်းရာ မွန်ရာ လုပ်ပေးခဲ့တာတွေ အတော်အတန် ရှိပါတယ်။ ဒါပေမယ့်လည်း နိုင်ငံရေးသမားတွေလည်း မဟုတ်၊ နိုင်ငံရေးမှာလည်း မကျွမ်းကျင်ကြတဲ့ အတွက် ခုလို ရီစရာလိုလို၊ ဟာသ လိုလို၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုလိုလို၊ ဘာသာရေးလိုလို စကားလုံးတွေနဲ့ပဲ မဲဆွယ်စည်းရုံးနေကြရတာပါ။ ဒီလို မဲဆွယ် စည်းရုံးမှုမျိုးနဲ့ကတော့ ပြည်သူလူထုကြီးရဲ့ အားပေး ထောက်ခံမှု ရနိုင်ဖွယ် မမြင်မိပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG