သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ အကြမ်းဖက်မှု ကျူးလွန်သူတွေကို ဖော်ထုတ် အရေးယူပေးပါ


အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ်အလံ
အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ်အလံ

အခုရက်ပိုင်း ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ထိတ်လန့်စရာကောင်းတဲ့ သတင်းတစ်ပုဒ် ထွက်ပေါ်လာပါတယ်။ အဲဒါကတော့ ကချင်ပြည်နယ် ချီဖွေမြို့နယ် ဧရိယာမှာ မဲဆွယ် စည်းရုံးရေးသွားနေတဲ့ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ၃ ယောက်နဲ့ ပါတီဝင် ၄ ယောက် စုစုပေါင်း ၇ ယောက်ကို တရုတ်-မြန်မာနယ်စပ် အနားက ကမ်ဖန် ကျေးရွာမှာ လက်နက်ကိုင်လူတစ်စုက ဝိုင်းဝန်း အကြမ်းဖက် ရိုက်နှက်ပြီး ပါသွားတဲ့ မဲဆွယ် စည်းရုံးရေးဆိုင်ရာ ပစ္စည်းကရိယာ အားလုံးကို ဖျက်ဆီးပစ်လိုက်တယ် ဆိုတဲ့ သတင်းပါ။ သိပ်မကြာသေးခင်တုန်းကလည်း ကချင် အထူးဒေသ(၁) ပန်ဝါနယ်မြေကို မဲဆွယ် စည်းရုံးရေးသွားခဲ့တဲ့ လော်ဝေါ်အမျိုးသား စည်းလုံးညီညွတ်ရေး ပါတီနဲ့ အင်န်အယ်လ်ဒီ ပါတီဝင်တွေကို အဲဒီဒေသထဲ လာပြီး မဲဆွယ်စည်းရုံးမှုတွေ မလုပ်ဖို့ ခြိမ်းခြောက် ပြောဆိုမှုတွေ ရှိခဲ့ပါသေးတယ်။ ဒါနဲ့ ပတ်သက်ပြီး တရားဝင် စာထုတ် တားမြစ်ခဲ့တဲ့ ဦးဆခုန်တိန့်ယိန်းကို ကချင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်က ခေါ်ယူ သတိပေးခဲ့ပါသေးတယ်။ ဒီကြားထဲမှာ အခုလို အကြမ်းဖက်မှု ဘာကြောင့် ဖြစ်ပွားခဲ့ရတာပါလဲ၊ ဘယ်သူ့မှာတာဝန်ရှိပါသလဲ၊ ခုလို ရွေးကောက်ပွဲဆိုင်ရာ အကြမ်းဖက်မှုတွေကို ဖြေရှင်းမပေးဘူး ဆိုရင် နောင် ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

တကယ်တော့ ကချင်အထူးဒေသ(၁) နယ်မြေဆိုတာ တပ်မတော် လက်အောက်ခံ နယ်ခြားစောင့် အမှတ် ၁၀၀၁၊ ၁၀၀၂၊ ၁၀၀၃ တပ်ရင်း (၃) ရင်း အခြေပြုထားတဲ့ နယ်မြေပါ။ ဒီ တပ်ရင်း (၃) ခုဟာ အရင်က ဦးဆခုံတိန့်ယိန်း တပ်မှူးအဖြစ် တာဝန်ယူခဲ့တဲ့ NDA (Kachin) တပ်ဖွဲ့ကနေ အသွင် ကူးပြောင်းထားတာပါ။ အဲဒီ နယ်မြေတွေမှာ တိုက်ပွဲတွေလည်း မဖြစ်၊ တည်တည်ငြိမ်ငြိမ် ရှိနေလို့ပဲ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ ကျင်းပမယ့် နယ်မြေအဖြစ် စာရင်းသွင်းထားတာ ဖြစ်ပါတယ်။ နယ်မြေ တည်ငြိမ်တယ်၊ မဲစာရင်းပြုစုနိုင်တယ်၊ ရွေးကောက်ပွဲလည်း လုပ်မယ် ဆိုရင်တော့ သဘာ၀ ကျစွာပဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီတွေ အနေနဲ့ မဲဆွယ်စည်းရုံးမှုတွေ လုပ်ခွင့် ရရပါမယ်။ ဒါ့အပြင် မဲပေးတဲ့နေ့မှာလည်း ပါတီအသီးသီးဟာ မဲရုံတွေမှာ ကိုယ်စားလှယ်ထားခွင့်၊ စောင့်ကြည့်ခွင့် ရရပါမယ်။

ဒါပေမယ့် ထူးဆန်းတယ်လို့ပဲ ပြောရမလား၊ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က အမတ်လောင်းတွေကို ကချင်ပြည်နယ် ဝိုင်းမော်၊ ချီဖွေ နဲ့ ဆော့လော် မြို့နယ်တွေမှာ မဲဆွယ် စည်းရုံးရေးတွေ မလုပ်ဖို့ ကချင်အထူးဒေသ (၁) ခေါင်းဆောင် ဦးဆခုံတိန့်ယိန်းက တရားဝင် လက်မှတ်ရေးထိုး၊ စာထုတ်၊ တားမြစ်ခဲ့ပါတယ်။ တကယ်တော့ ဒီလို တားမြစ်ပိတ်ပင်မှုမျိုး ဘယ်အဖွဲ့အစည်း ဘယ်လူပုဂ္ဂိုလ်ကမှ ထုတ်ခွင့်ရှိတာမျိုး မဟုတ်ပါဘူး။ ပိုပြီး ဆိုးတာက ဦးဆခုံတိန့်ယိန်းဟာ လက်ရှိ အဲဒီ နယ်မြေက အမျိုးသားလွှတ်တော် အမတ် ဖြစ်နေပြီး၊ လာမယ့် ရွေးကောက်ပွဲ အတွက်လည်း အဲဒီနယ်မြေကနေပဲ ဝင်ရောက် ယှဉ်ပြိုင်ပါဦးမယ်။ အလားတူ သူ့ရဲ့ သားတစ်ယောက်ဖြစ်တဲ့ ဆခုံယိန်းဆောင် ကလည်း ပြည်နယ် အဆင့် အမတ်တစ်ယောက် ဖြစ်ပြီး နိုဝင်ဘာ ရွေးကောက်ပွဲမှာ သူ့လိုပဲ အဲဒီ ဒေသကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စာရင်းတင်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

ကချင်ပြည်နယ် အထူးဒေသ (၁) နယ်မြေကို ပြန်ကြည့်လိုက်ရင် ဦးဆခုံတိန့်ယိန်းရော၊ သူ့ရဲ့ သားဖြစ်သူပါ နယ်ခြားစောင့် တပ်ရင်း (၃) ရင်းစလုံးမှာ ဘာတာဝန်မှ မရှိပါဘူး။ ဒါပေမယ့် လက်နက်ကိုင် ခါးပိုက်ဆောင် တပ် သီးသန့်ဖွဲ့ထားပြီး အရင်ခေတ်တုန်းကလိုပဲ နယ်မြေအတွင်း စိုးမိုးအုပ်ချုပ်နေဆဲ ဖြစ်တာ တွေ့ရပါတယ်။ အခုလို လက်နက်ကိုင်တပ်ကို ချုပ်ကိုင်ထားသူတွေ အနေနဲ့ သူတို့ဝင်ပြိုင်မဲ့ မဲဆန္ဒနယ်မြေမှာ ပြည်ခိုင်ဖြိုးကလွဲပြီး အခြား ပါတီတွေ ဝင်မလာနဲ့၊ မဲဆွယ် စည်းရုံးတာတွေ လာမလုပ်နဲ့၊ မဲရုံတွေကို လာမကြီးကြပ်နဲ့ ဆိုတာမျိုးကတော့ လူဆိုးဂိုဏ်းတွေရဲ့ လုပ်ပုံ ကိုင်ပုံမျိုးနဲ့ ဆင်တူပါတယ်။

တကယ်တော့ အဲဒီနယ်မြေထဲမှာ ခုလို အကြမ်းဖက်မှုတွေ ဖြစ်လာတာ မျှော်လင့်မထားတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ အကြောင်းကတော့ ပြီးခဲ့တဲ့ ရက်ပိုင်း မဲဆွယ် စည်းရုံးမှုတွေနဲ့ ပတ်သက်ပြီး တရားဝင် လက်မှတ်ထိုး၊ စာထုတ် တားမြစ်ခဲ့တဲ့ ဦးဆခုံတိန့်ယိန်းကို ကချင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူတွေက ခေါ်ယူ သတိပေးတဲ့အချိန်တုန်းက ဦးဆခုံတိန့်ယိန်းအနေနဲ့ နောင် အဲလို တားမြစ်ပိတ်ပင်တာတွေ မလုပ်တော့ပါဘူး ဆိုတဲ့ ကတိစကားမျိုး တစ်ခွန်းတစ်လေမှ ပေးမသွားလို့ပါပဲ။ အခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဘယ်သူတွေက စေခိုင်းတယ် ဆိုတာ တိတိကျကျ မပြောနိုင်ပေမယ့် လက်နက်ကိုင်ဆောင်ထားသူတွေ ကျူးလွန်တာ ဖြစ်တဲ့အတွက် ဦးဆခုံတိန့်ယိန်းမှာပဲ အဓိက တာဝန်ရှိပါတယ်။ အကြမ်းဖက်မှု ကျူးလွန်ခံရတဲ့ အင်န်အယ်လ်ဒီ အမတ်တွေကတော့ ဒီအကြမ်းဖက်မှုကို ဦးတိန့်ယိန်းရဲ့သား ဆခုံယိန်းဆောင်က စံမံကွပ်ကဲနေတယ် ဆိုတာကို ကြားသိရတဲ့အကြောင်း သတင်းစာရှင်းလင်းပွဲမှာ စွတ်စွဲပြောဆိုထားပြီးပါပြီ။

ဘယ်လိုပဲဖြစ်ဖြစ် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေအနေနဲ့ ခုလို အကြမ်းဖက်မှု ကျူးလွန်သူတွေကို ထိထိရောက်ရောက် ဖော်ထုတ် အရေးယူဖို့ လိုပါတယ်။ အကြမ်းဖက်မှု ကျူးလွန်သူတွေဟာ လက်နက်ကိုင် အုပ်စု ဖြစ်တဲ့အတွက် ရဲစခန်းလောက်ကနေ ကိုင်တွယ်လို့ မရနိုင်ပါဘူး။ တပ်မတော်က တိုက်ရိုက် ကွပ်ကဲတဲ့ နယ်ခြားစောင့်တပ် တပ်စွဲထားရာ နယ်မြေဖြစ်လို့ တပ်မတော်ကပဲ တာဝန်ယူ ကိုင်တွယ်ပေးရပါလိမ့်မယ်။ လက်ရှိ ဖြစ်နေသလို ကော်မရှင်ကို သွားတိုင်ရင် ရဲစခန်းကို လွဲှချ၊ ရဲစခန်းသွားတိုင်ပြန်တော့လည်း ကော်မရှင်ကို လွဲှချ လုပ်နေလို့ မရပါဘူး။ ဒီ လုပ်ရပ်ဟာ ရွေးကောက်ပွဲကို အလွန် အကျည်းတန် အရုပ်ဆိုးစေတဲ့ လုပ်ရပ်အဖြစ် ရှုမြင်ပြီး ကောင်းကောင်းမွန်မွန် ကိုင်တွယ် ဖြေရှင်းပေးဖို့ လိုပါတယ်။

နိုင်ငံတကာ ရွေးကောက်ပွဲ ဖြစ်စဉ်တွေကိုကြည့်ရင် တိုးတက်ဖွံ့ဖြိုးတဲ့ နိုင်ငံတွေက ရွေးကောက်ပွဲတွေဟာ တည်ငြိမ်ပါတယ်။ ဆင်းရဲပြီး မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေ၊ ဥပမာ အာဖရိကတိုက်က နိုင်ငံတွေ၊ မြန်မာ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်လို နိုင်ငံမျိုးက ရွေးကောက်ပွဲတွေမှာတော့ အကြမ်းဖက်မှုတွေ ဖြစ်ပွားလေ့ရှိပြီး လူတွေ သေကြေဒါဏ်ရာရသည်အထိ ဖြစ်လေ့ ရှိပါတယ်။ အပြိုင်အဆိုင်ရှိတဲ့ ရွေးကောက်ပွဲမျိုးဟာ မြန်မာနိုင်ငံမှာ အခုမှ ပြန် စတင်ကာစပဲ ရှိပါသေးတယ်။ ဒီလို အခြေအနေမှာ အကြမ်းဖက်မှု ဆိုတာမျိုး အစဉ်အလာ ဖြစ်မသွားဖို့ လိုပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံလို နယ်ခြားစောင့်တပ်နဲ့ လက်နက်ကိုင် ပြည်သူ့စစ်အဖွဲ့အစည်း ထောင်နဲ့ချီရှိတဲ့ နိုင်ငံ တစ်နိုင်ငံ အဖို့ အခု ကချင်ဒေသကလို အကြမ်းဖက်မှု အစဉ်အလာ ပျံ့နှံ့သွားရင် ရွေးကောက်ပွဲတွေ တည်ငြိမ်ဖို့နဲ့ တရားမျှတဖို့ ဆိုတာဟာ တွေးတောင် မတွေးရဲစရာပါ။ ဒီအတွက် အစိုးရနဲ့ တပ်မတော်ဟာ အခု အင်န်အယ်လ်ဒီ အမတ်တွေနဲ့ ပါတီဝင်တွေကို အကြမ်းဖက်တိုက်ခိုက်၊ ပစ္စည်းတွေကို ဖျက်ဆီးပစ်တဲ့ လုပ်ရပ်ကို နမူနာ စံပြအဖြစ် အမြန်ဆုံး ဖော်ထုတ် အရေးယူပြီး ရွေးကောက်ပွဲ ပုံရိပ်ကောင်းအောင် ပြသ သင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG