ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့က ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ဟာ အများပြည်သူ လေ့လာနိုင်အောင် ထုတ်ပြန်ထားပြီးဖြစ်သလို လွှတ်တော်ကိုလည်း တင်သွင်းပြီးသားဖြစ်တဲ့ အများပြည်သူ ဝန်ဆောင်မှု မီဒီယာ ဥပဒေကြမ်းကို ပြန်လည် ရုပ်သိမ်းသွားခဲ့ပါပြီ။ ဒါဟာ လွှတ်တော် သက်တန်းတစ်လျောက် ပထမ ဦးဆုံးအနေနဲ့ တင်သွင်းထားပြီးသား ဥပဒေကြမ်းတစ်ခုကို ပြန်လည် ရုပ်သိမ်းလိုက်ခြင်းပါ။ ဒီလို ပြန်ရုပ်သိမ်းတာကို လွှတ်တော် ဥပဒေကြမ်းကော်မတီက ထောက်ခံသလို လွှတ်တော်ဘက်ကလည်း အတည်ပြုပေးလိုက်ပါတယ်။ ဒီ ဥပဒေကြမ်း ဘယ်လို ဖြစ်တည်လာသလဲ၊ ဝန်ကြီး ဦးရဲထွဋ် ဘယ်လို အကြောင်းပြပြီး အဲဒီ ဥပဒေကို ပြန်လည် ရုပ်သိမ်းသွားသလဲ၊ မြန်မာနိုင်ငံ သတင်းမီဒီယာ လွတ်လပ်မှု ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။
အားလုံးသိကြပြီး ဖြစ်တဲ့အတိုင်း မြန်မာနိုင်ငံကို စစ်အာဏာရှင်တွေက နှစ်ပေါင်း ၅၀ နီးပါး အုပ်ချုပ်မင်းလုပ်ခဲ့ကြတာပါ။ သူတို့ လက်ထက်မှာ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ဖိနှိပ်ချုပ်ခြယ်ခဲ့သလို ပြန်ကြားရေးဝန်ကြီးဌာန တည်ထောင်ပြီး ဝါဒဖြန့် လုပ်ငန်းတွေ လုပ်ကိုင်ခဲ့ကြပါတယ်။ ၂၀၁၁ သမ္မတ ဦးသိန်းစိန် တက်လာကာစ အခြေအနေကို ကြည့်ရင် မြန်မာနိုင်ငံမှာ ပုံနှိပ် စာနယ်ဇင်း လုပ်ငန်း တစ်ခုပဲ ပုဂ္ဂလိကပိုင်းက လုပ်ခွင့် ရခဲ့ပါတယ်။ ဒါတောင် နေ့စဉ် သတင်းစာ ထုတ်ဝေခွင့် မရှိသေးပါဘူး။ ရုပ်သံနဲ့ ရေဒီယိုကိုတော့ စစ်အစိုးရနဲ့ နီးစပ်တဲ့ ခရိုနီ လုပ်ငန်းရှင် တစ်ချို့ကို အထူးအခွင့်အရေးပေး လုပ်ခွင့်ပြုထားပါတယ်။ အစိုးရလက်အောက်မှာတော့ ပြန်ကြားရေးဝန်ကြီးဌာန ဆိုတာကို ဖွဲ့စည်းထားပြီး သတင်းစာတိုက်၊ ပုံနှိပ်တိုက်၊ ကိုယ်ပွား သတင်းစာတိုက်၊ ရေဒီယိုနဲ့ ရုပ်သံလွှင့်ဌာနကြီးတွေ အစုံအလင် ရှိပါတယ်။
သမ္မတ ဦးသိန်းစိန် တက်လာပြီး ဒီမိုကရေစီ စနစ်ကို သွားမယ်လို့ ကြွေးကြော်ပြီးတဲ့အခါ အစိုးရဟာ မီဒီယာနဲ့ ပတ်သက်ပြီး လွတ်လပ်ခွင့် တစ်ချို့ပေးသလို ပြုပြင်ပြောင်းလဲမှု တစ်ချို့ လုပ်မယ် ဆိုပြီးကြေညာပါတယ်။ ပထမအဆင့် ၂၀၁၂ ခုနှစ် ဇွန်လမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ စာပေစိစစ်ရေးအဖွဲ့ကို ဖျက်သိမ်းပေးပြီး လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်ပေးပါတယ်။ ၂၀၁၃ ဧပြီမှာ ပုဂ္ဂလိကကို နေ့စဉ်သတင်းစာ ထုတ်ခွင့်ပေးပါတယ်။ တစ်ပြိုင်နက်တည်း ဒီမိုကရေစီ အစိုးရလက်အောက်မှာ ပြန်ကြားရေး ဝန်ကြီးဌာန ထားပြီး မီဒီယာပေါင်းစုံ ပိုင်ဆိုင်၊ ဝါဒဖြန့်တာ မဖြစ်သင့်ဘူးလို့ ပြည်တွင်း ပြည်ပ ဝေဖန်မှုတွေ ရှိလာတဲ့အတွက် အစိုးရပိုင် ရုပ်သံ၊ ရေဒီယို၊ သတင်းစာတွေကို အများပြည်သူ ဝန်ဆောင်မှု မီဒီယာ အဖြစ်ပြောင်းမယ် ဆိုပြီး အဲဒီ အတွက် ဥပဒေကြမ်း ရေးဆွဲတင်ပြတာ လုပ်ခဲ့ပါတယ်။ အလားတူ ရုပ်သံနဲ့ ရေဒီယို ပုဂ္ဂလိကပိုင်းကို လုပ်ကိုင်ခွင့် မပြုသေးတာဟာ ဥပဒေ မရှိသေးလို့ ဖြစ်တယ် ဆိုပြီး ရုပ်မြင်သံကြားနဲ့ အသံ ထုတ်လွှင့်ခြင်း ဆိုင်ရာ ဥပဒေကြမ်း ရေးတင်ပါတယ်။ ကြားထဲမှာ ယာယီ စာနယ်ဇင်းကောင်စီနဲ့ ပူးပေါင်းရေးဆွဲထားတဲ့ သတင်းမီဒီယာ ဥပဒေကို လွှတ်တော် တင် အတည်ပြုခဲ့ပါတယ်။
ပြောရရင် အစိုးရဟာ သူပိုင် မီဒီယာ လုပ်ငန်းတွေကို အများပြည်သူ ဝန်ဆောင်မှု မီဒီယာ ခေါင်းစဉ်အောက် ပြောင်းမယ် ဆိုတာဟာ လက်ရှိ စစ်ဗိုလ်ဟောင်းတွေကပဲ အပြည့်အ၀ ထိန်းချုပ် လုပ်ကိုင်နေတဲ့ ရေဒီယို၊ ရုပ်သံ၊ သတင်းစာ လုပ်ငန်းတွေကို ခေါင်းစဉ်ပြောင်းပြီး ဆက်ချုပ်ကိုင်ဖို့ လုပ်တာပဲ ဆိုတဲ့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ဒါတင်မက အနောက်နိုင်ငံတွေနဲ့ နိုင်ငံတကာမှာ အများပြည်သူ ဝန်ဆောင်မှု ရုပ်သံလုပ်ငန်း PSB ဆိုတာမျိုးပဲ ရှိပြီး အဲဒီ အထဲမှာ သတင်းစာ ဆိုတာ မရှိတဲ့အကြောင်း၊ ဒါကြောင့် အစိုးရအနေနဲ့ မီဒီယာတွေကို အများပြည်သူ ဝန်ဆောင်မှု ပြောင်းလဲတဲ့အခါ သတင်းစာကို ချန်လှပ်ထားသင့်ကြောင်း ဝေဖန်ထောက်ပြမှုတွေလည်း ရှိခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြန်ကြားရေးဝန်ကြီးဌာနဟာ ယူနက်စကို အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးပွဲတွေ အကြိမ်ကြိမ်လုပ်၊ နိုင်ငံခြားက ထောက်ပံ့တဲ့ ငွေ အများကြီး အကုန်ခံပြီးမှ PSM လို့ခေါ်တဲ့ အများပြည်သူ ဝန်ဆောင်မှု မီဒီယာ ဥပဒေကြမ်း တစ်ခုကို ရေးဆွဲ၊ လွှတ်တော်ထဲ တင်လိုက်နိုင်တာပါ။
ဒါပေမယ့် ထူးခြားတာ တစ်ခုကတော့ အဲဒီ ဥပဒေကြမ်းကို ပြန်ကြားရေးက ပြည်သူ့ လွှတ်တော်ထဲတင်တာ ၂၀၁၃ ခုနှစ် မေလ ကတည်းကပါ။ နှစ်နှစ် နီးပါးကြာ ခုချိန်အထိ လုံး၀ ဆွေးနွေးရခြင်း မရှိသေးပဲ ဝန်ကြီးဦးရဲထွဋ်က ပြန်ရုပ်သိမ်းသွားတာပါ။ ဦးရဲထွဋ်ကတော့ ဒီဥပဒေကြမ်းနဲ့ ပါတ်သက်ပြီး ပြည်သူတွေရဲ့ အကြံပြုချက်တွေရှိနေတယ်၊ နောက် ရေဒီယိုနဲ့ ရုပ်သံ ဥပဒေ လည်းမပေါ်သေးဘူး၊ မီဒီယာ ပတ်ဝန်းကျင်ကလည်း ပြောင်းလဲလာဦးမယ်၊ ဒါကြောင့် ဥပဒေကြမ်းကို ပြန်ဆွဲဖို့ လိုတာကြောင့် ခုလို ရုပ်သိမ်းရတာ ဆိုပြီး ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့် ဘယ်နေ့ဘယ်အချိန် ဥပဒေကြမ်းကို ပြန်ဆွဲပြီး လွှတ်တော်ကို ပြန်တင်မယ် ဆိုတာတော့ ဝန်ကြီးဦးရဲထွဋ်က ပြောမသွားပါဘူး။ ပြောရရင် နိုင်ငံပိုင် မီဒီယာတွေဟာ အရင် အခြေအနေဟောင်းအတိုင်း အစိုးရလက်ထဲ အပြည့်အ၀ ပြန်ရောက်သွားတာမျိုးပဲ ဖြစ်ပါတယ်။ နောက်တင်မယ့်၊ ဘယ်အချိန် တင်မယ် မမှန်းနိုင်တဲ့ ဥပဒေဟာ ဘယ်လို ဥပဒေမျိုး ဖြစ်မယ် ဆိုတာ မပြောနိုင်သေးပါဘူး။ ခုလို ဝန်ကြီးဦးရဲထွဋ်က ဥပဒေကြမ်း ပြန်ရုပ်သိမ်းတာကို လွှတ်တော် ဥပဒေကြမ်းကော်မတီကလည်း ရုပ်သံဥပဒေ မထွက်သေးတာကြောင့် ဆိုပြီး ထောက်ခံလိုက်ပါတယ်။ လွှတ်တော်ကလည်း ဥပဒေကြမ်း ရုပ်သိမ်းတာကို ကန့်ကွက်သူ မရှိ အတည်ပြုပေးလိုက်ပါတယ်။ ကြည့်ရတာ လွှတ်တော်ထဲက အတိုက်အခံ အမတ်တွေ အငိုက်မိသွားကြပုံ ပေါ်ပါတယ်။
တကယ်ဆို ဒီ ဥပဒေကြမ်းဟာ အရင် ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည် လက်ထက် ယူနက်စကိုလို အဖွဲ့ကြီးအပါအဝင် နိုင်ငံတကာ မီဒီယာ အဖွဲ့တစ်ချို့နဲ့ ပူးပေါင်းရေးဆွဲထားတာကြောင့် အားနည်းချက်တွေ ရှိတဲ့တိုင် ဒီမိုကရေစီ ကူးပြောင်းစ နိုင်ငံတစ်နိုင်ငံအနေနဲ့ အသုံးပြုလို့ရပါတယ်။ ဥပဒေမှာ အားနည်းချက် ရှိရင်၊ ဖြည့်စွက်လိုတာရှိရင် ပြန်ကြားရေး ဝန်ကြီးဌာနအနေနဲ့ ဥပဒေကြမ်းကော်မတီက တဆင့် ပြင်ဆင် ဖြည့်စွက်ခိုင်းလို့ ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီ ဥပဒေကြမ်း လွှတ်တော်တွင်း ဆွေးနွေးတဲ့ ဖြစ်စဉ် ဖြတ်သန်းရဦးမှာပါ။ ခုတော့ အစဉ်အလာ မရှိခဲ့ပဲ ဥပဒေကြမ်းကို ပြန်ရုပ်သိမ်းသွားပါတယ်။
လက်ရှိ မြန်မာနိုင်ငံ အခြေအနေကို ပြန်ကြည့်ရင် သိပ်မကြာခင် ရွေးကောက်ပွဲကြီး ကျင်းပပါတော့မယ်။ ပြန်ကြားရေး ဝန်ကြီးဌာနကနေ ၂၀၁၄ ဖေဖေါ်ဝါရီ ကတည်းက လွှတ်တော်ထဲ တင်ထားပြီးဖြစ်တဲ့ ရုပ်သံနဲ့ ရေဒီယို ထုတ်လွှင့်ခွင့် ဆိုင်ရာ ဥပဒေကြမ်းဟာလည်း အမျိုးသား လွှတ်တော်ဘက်ကပဲ ဆွေးနွေးပြီးပါသေးတယ်။ ပြည်သူ့လွှတ်တော်ဘက်က လုံး၀ မဆွေးနွေးရသေးပါဘူး။ ဒီအတွက် လာမယ့် ရွေးကောက်ပွဲကာလမှာ တကယ့် အစွမ်းထက်တဲ့ ရုပ်သံ နဲ့ ရေဒီယို မီဒီယာတွေဟာ အစိုးရနဲ့ ခရိုနီတစ်စု လက်ထဲမှာပဲ ရှိနေပါဦးမယ်။ ပြည်သူတွေကတော့ ပုံနှိပ်မီဒီယာ လုပ်ငန်းက လွဲရင် ရုပ်သံနဲ့ ရေဒီယို လုပ်ငန်း လုပ်ခွင့်ရဖို့ လုံး၀ မမျှော်လင့်နိုင်သေးတဲ့အပြင် အစိုးရလက်ထဲ ရှိနေတဲ့ မီဒီယာတွေကို အများပြည်သူ ဝန်ဆောင်မှု အဖြစ် ပြောင်းဖို့ မသေခြာ မရေရာ ဖြစ်သွားတာကလည်း ဒီမိုကရေစီ ကူးပြောင်းရေးအတွက် အလားအလာ မကောင်းပါဘူး။
တကယ်တော့ ဝန်ကြီး ဦးရဲထွဋ်ဟာ အရင် ဝန်ကြီး ဦးအောင်ကြည်လက်ထက် စာနယ်ဇင်းကို ပုံစံ တစ်မျိုးနဲ့ ထိန်းချုပ်ဖို့ ရေးဆွဲတင်ပြလိုက်တဲ့ ပုံနှိပ်-ထုတ်ေ၀ ဥပဒေ လွှတ်တော်ထဲ ရောက်ပြီးကာမှ မီဒီယာသမားတွေရဲ့ ဝေဖန်မှု၊ လွှတ်တော်အမတ်တွေရဲ့ ပြုပြင်မှုတွေကြောင့် မူလ ရည်ရွယ်ထားတာတွေ ဥပဒေမှာ ပါမလာတော့တဲ့ အဖြစ်ကိုလည်း သင်ခန်းစာယူပုံရပါတယ်။ ဒါကြောင့် ခုလို အများပြည်သူ ဝန်ဆောင်မှု မီဒီယာ ဥပဒေကြမ်း ပြန်ရုပ်သိမ်းသွားတာဟာ မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီ ပြောင်းလဲမှုကနေ နောက်ပြန်ဆုတ်သွားမှု တစ်ခုအဖြစ် မှတ်ယူနိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။